Friday, March 7, 2008

ရုပ်ရှင်ဆိပ်


ငယ်ငယ်က ရုပ်ရှင်အရမ်းကြိုက်တဲ့ ကျွန်မအတွက် ရုပ်ရှင်တကားကြည့်ဖို့ အတော် စွန့်စားခဲ့ရသည်။ကျွန်မအဖေနဲ့အမေက ရုပ်ရှင်တွေ၊ ဝတ္ထုတွေဖတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကူးယဉ် ရီးစားထားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ အလွန်စိုးရိမ်သည်။ ဒါကြောင့် အချစ်ကား တော်တော်များများကို ပေးမကြည့်ခဲ့။ ကျွန်မတို့ ဆယ်ကျော်သက် အရွယ်က ကျော်သူ၊ မို့မို့မြင့်အောင် အလွန်ခေတ်စားခဲ့တဲ့အချိန်။ ဒီတော့ ကျွန်မက မိဘစကားကို တိတ်တိတ်ကလေးဆန့်ကျင်လို့ ရုပ်ရှင်ခိုးကြည့်သည်။ တကယ်တော့ Media များသည် ငယ်ရွယ်နုနယ်သော နှလုံးသားလေးများကို အတော်လွှမ်းမိုးသည်။ အနည်းဆုံး ဝတ်စားဆင်ယင်မှူမှ အများဆုံး အကျင့်သိက္ခာထိ။ ကံကောင်းစွာ အဲဒီခေတ်က ရုပ်ရှင်ကား အတော်များများက အဆိပ်အတောက်ကင်းသည့် သာမာန် အချစ်ကားချိုချိုလေးများ၊ ဒါမှမဟုတ် ပညာခပ်ပါးပါးလေးပေးထားသည့် လူငယ်ဇာတ်လမ်းလေးများ ဖြစ်နေခဲ့သည်။ အဲဒီခေတ်က ဖက်ရှင်ကလဲ လုံလုံခြုံခြုံ ဖြစ်နေခဲ့သည်။ကျွန်မကိုယ်တိုင် မိဘဖြစ်လာသောအခါမှ ကျွန်မမိဘတွေရဲ့ စိုးရိမ်မှူကို နားလည်လာသည်။ ကျွန်မကတော့ ကျွန်မသားလေးကို မကြည့်ရဟု တားမြစ်ဖို့ထက် ရုပ်ရှင်ကြည့်တတ်ဖို့ သင်ပေးဖြစ်လိမ့်မည်။ အခွင့်အရေးရရင်တော့ သားနဲ့အတူ ရုပ်ရှင်ကြည့်မည်။ ပြီးတော့ အဲဒီဇာတ်ကား အကြောင်း အတူဆွေးနွေးမည်။ ဒီလိုစိတ်ကူးတွေ ပေါ်လာခဲ့ရတာ အခုတလော ကျွန်မကြည့်ဖြစ်သည့် မြန်မာဗွီဒီယို၊ ရုပ်ရှင်ကားများက မြစ်ဖျားခံခဲ့သည်။မြန်မာကား အလွန်ကြိုက်တဲ့ အတူနေ ဝမ်းကွဲညီမလေးကို ပြရင်း ကျွန်မလဲ ခုနောက်ပိုင်း မြန်မာကားတွေ အတော်ကြည့်ဖြစ်သည်။ တချို့ဇာတ်ကားတွေ တကယ်ကို အဆိပ်အတောက်ဖြစ်နေတာ တွေ့ရတော့ အတော်လေး ရင်လေးမိသည်။ ကျွန်မတို့ ခေတ်က ရုပ်ရှင်တွေမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုရင် သုံးယောက်လုံးက လူပျို၊ အပျို လွတ်လပ်သူ။ အလွန်ဆုံး စေ့စပ်ထားတာလောက်သာ။ ဒီခေတ်ကားတွေကတော အိမ်ထောင်ရှိသူတွေကြားက သုံးပွင့်ဆိုင်။ ဒီထက်ဆိုးတာက တတိယလူတွေက Hero ဖြစ်နေတတ်သည်။ အိမ်ထောင်တွေ ဘာတွေ မစဉ်းစားပဲ အချစ်ကို ကိုးကွယ်။ အိမ်ထောင်ရှိသူကလည်း အရင်က မြတ်နိုးလို့ ယူထားသူက ပြုန်းကနဲ အသစ်တွေ့တာနဲ့ အချစ်စစ်မဟုတ်တော့ဘူးဖြစ်။ ကြားထဲက အပြစ်မရှိသူက ဗြီလိန်ကြီးလုံးလုံးဖြစ်။ ကျွန်မ ဘုရားတမိပါသည်။ ဘယ်လိုတွေများ ဘာသာတရား၊ ယဉ်ကျေးမှူတွေနဲ့ ပြောင်းပြန်ဖြစ်ကုန်ပါလိမ့်။ ခုချိန် ကျွန်မမှာ ဆယ်ကျော်သက်ရွယ် သမီးလေး တယောက်များ ရှိခဲ့ရင် စိတ်ပူရလွန်းလို့ နှလုံးရောဂါပင် ရသွားနိုင်သည်။ လက်လှမ်းမှီရာ အတူရုပ်ရှင်ကြည့်နေသည့် ညီမလေးကိုပဲ အဆိပ်အတောက်တွေ အကြောင်းရှင်းပြနေမိသည်။ အဲဒီ အဆိပ်အတောက် ဇာတ်လမ်းတွေကြောင့် အမျိုးကောင်း သားသမီး ဘယ်နှစ်ယောက်များ ရေတိမ်နစ်ခဲ့ပြီလဲ။ သာယာနေတဲ့ အိမ်ထောင်ရေး ဘယ်နှစ်ခုများပြိုကွဲခဲ့ပြီးပြီလဲ။ဇာတ်လမ်းထဲမှ ပြောသည့်စကားများကလဲ ပေါ့ပျက်ပျက်။ ဟိုတလောက အသိတယောက်သမီး ဒီကိုရောက်ကာစမို့ ကူညီပေးရင်း သူ့ပြောဟန်၊ နေပုံထိုင်ပုံနဲ့၊ ဝတ်စားပုံက အဲဒီရုပ်ရှင်ထဲတွေကအတိုင်း။ ဆိုးတာက တွေးပုံခေါ်ပုံတွေပါ အဆိပ်မိထားသည်။ အဲဒီမိန်းခလေးအတွက် ကျွန်မအတော် ရင်လေးလို့ နဲနဲဆုံးမမိတော့ ကျွန်မကို dateအောက်နေတဲ့ အဖွားကြီးတယောက်လို ခပ်ရိုင်းရိုင်း တုန့်ပြန်သည်။တလောက ကြည့်မိတဲ့ ဘိန်းဖြူပညာပေးကားကတော့ နိုင်ငံခြားကားတွေကို အတုခိုးရင်း ရည်ရွယ်ချက်တွေ ပျောက်ကုန်သည်။ ဘိန်းဖြူတားမြစ်ရေးကို အင်တိုက်အားတိုက် လုပ်နေသူက အခန်းတိုင်းမှာ နိုင်ငံခြားအရက်ကို ပုလင်းလိုက် မော့ပြသည်။ အရက်သောက်တာ အန္တရာယ်မရှိသလို။ သက်ပြင်းတွေ အခါခါချရင်း နောက်ဆုံးတော့ စိတ်ပျက်စွာ ဆုံးတဲ့အထိ မကြည့်ပဲ ပိတ်ပစ်မိသည်။ နောက်ပိုင်းတော့ ကျွန်မညီမလေးကြည့်ဖို့ ကျွန်မကအရင် စီစစ်ရသည်။ အဆိပ်အတောက် မဖြစ်လောက်သည့်ကားများသာ ရွေးချယ်ကြည့်စေသည်။တကယ်လို့သာ စာရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူများက မိမိဖန်တီးသည့် အနုပညာ၏ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးတွေကို စေတနာထား စဉ်းစားပေးခဲ့လျှင် အဆိပ်အတောက်ရုပ်ရှင်၊ ဗွီဒီယိုများ ပေါ်ထွန်းလာစရာ အကြောင်းမရှိပေ။

တန်ခူး
07-Mar-2008

10 comments:

ကောင်းကင်ကို said...

အဆိပ်အတောက် တွေ အကြောင်း ဖတ်သွားတယ်ဗျာ

နှင်းပန်း said...

အဆိပ်ပြင်းသည်......

pandora said...

အနုပညာတွေက ခေတ်ရဲ့ထင်ဟပ်ချက် ဆိုရင်ရော..
အပြင်မှာလည်း ဘာတွေဖြစ်ပျက် နေကြတယ် ဆိုတာ..
ခက်တယ်နော်..။

myatnoe said...

အမရေ.. မြတ်နိုး ဘလော့ပီးသွားပါပီ အမကိုလင့်ထားပါတယ်။ လာဖတ်ပီး အားပေးပါနော် အမ

myatnoe said...

အမ.. ဘလော့လိပ်စာ မေ့သွားလို့ပါ

www.yuyamyatnoe.blogspot.com

Ko Paw said...

တန်ခူးရေ…..လူ့ဘ၀မှာ ဖြစ်တတ်ပျက်တတ်တာတွေကို အနုပညာမြောက်အောင် ရိုက်ကူးပြရင်တော့ မဆိုးလှပါဘူး။ ဟောလီးဝုဒ်က ရုပ်ရှင်တွေမှာလည်း “Bridges of Madison County “ တို့။ “English Patient” တို့မှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ပါပေမယ့် ကြည့်လို့ ကောင်းနေပြန်ရော။ သို့သော် အနုပညာမြောက်ပေမယ့်လည်း အိမ်ထောင်ရေး ဖောက်ပြန်တာ ကောင်း၏ ဆိုတဲ့ မက်ဆေ့ခ်ျပေးနေတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်။ နောက်တခုက ယဉ်ကျေးမှုလည်း ကွာမယ်ထင်တယ်။ အနောက်နိုင်ငံတွေမှာက အခုဆိုရင် Single Mother တွေတို့၊ Living Together ဆိုတာတွေက အဆန်းမဟုတ်တော့ဘူး။ လက်ထပ်ပြီး အိမ်ထောင်တခု ထူထောင်ခြင်းဟာ လွတ်လပ်မှုကို ကန့်သတ်တယ်လို့ ထင်မြင်ယူဆလာသူတွေလည်း အများကြီးဘဲ။ အဲဒါတွေက ပုဂ္ဂလ လွတ်လပ်မှု၊ ရွေးချယ်ပိုင်ခွင့် ဖြစ်လို့ အပြစ်ပြောလို့ မရဘူး။ မြန်မာယဉ်ကျေးမှုမှာကတော့ အဲဒီအယူအဆတွေနဲ့ မရင်းနှီးဘူး။

သို့ပေမယ့် အိမ်ထောင်ရေးဖောက်ပြန်တာမျိုးကိုတော့ ယဉ်ကျေးမှုတိုင်းမှာ အများအားဖြင့် လက်မခံကြပါဘူး။ ဒါကလည်း သူတပါးရဲ့ လွတ်လပ်ခွင့်၊ရွေးချယ်ပိုင်ခွင့်ကို ၀င်ရောက်စွက်ဖက်ချင်လို့ မကြိုက်ကြတာမျိုးမဟုတ်ပါဘူး။ လူသားနှစ်ယောက်အကြားမှာ အပြန်အလှန်ထားရှိတဲ့ ကတိသစ္စာကို မစောင့်ထိန်းတဲ့ အနေအထားမျိုးကြောင့် လူတွေရဲ့ ပင်ကိုယ်စရိုက်သဘာဝအရကို မကြိုက်နှစ်သက်နိုင်၊ လက်မခံနိုင်ကြတာလို့ ထင်ပါတယ်။ လူအများစုရဲ့ ပင်ကိုယ်သဘာဝမှာ “လှည့်ဖြားခြင်း၊ သစ္စမတည်ခြင်း၊ အညှာအတာကင်းခြင်း တွေကို မနှစ်သက်တတ်တဲ့” ပင်ကိုယ်သဘောဗီဇ ပါလာဟန်တူပါတယ်။ လူသားဆန်တဲ့ ဗီဇလို့ဘဲ ခေါ်ကြပါစို့။

အကြောင်းကြောင်းကြောင့် ကွာရှင်းပြီးမှ သူ့လမ်းသူ သွားကြတာမျိုးကျတော့ အနောက်မှာရော (အခု အရှေ့တိုင်းမှာပါ) သိပ်မဆန်းကြတော့ပါဘူး။ နောက်ပြီးတော့လည်း တချို့တချို့သော ဖြစ်ရပ်တွေမှာတော့ အိမ်ထောင်ရေးဖောက်ပြန်မှုပေမယ့်လည်း ခွင့်လွှတ်လို့ ရနိုင်တဲ့ ကေ့စ်တွေ ရှိနိုင်ပါသေးတယ်။ ဥပမာ မချစ်မနှစ်သက်ဘဲ အတင်းတစုံတခုသော ဖိအားကြောင့် လက်ထပ်လိုက်ရတဲ့ အခြေအနေမျိုးမှာဆိုရင်ပေါ့။

အခု တန်ခူးရဲ့ ပို့စ်က မြန်မာဗီဒီယိုကားတွေကို အခြေခံရေးတာဖြစ်လို့ မြန်မာလူမှုအသိုင်းအ၀ိုင်းနဲ့ အံဝင်ဂွင်ကျရှိပါတယ်။

ထနောင်း said...

တန်ခူးရေ...အဆိပ်ကအပြင်းစားဘဲနော်။
မြန်မာအမျိုးသမီးတယောက်အနေနဲ့ ပြောရရင်တော့အိမ်ထောင်ရေးဖောက်ပြန်မှူဟာ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ကောင်းမွန်ဖြစ်သင့် တဲ့အရာ တခုမဟုတ်တာတော့အသေအချာပါဘဲ။ မတော်တဆတစုံတရာစိတ်နဲ့မှားယွင်းမှူဖြစ်သွားခဲ့ရင်တောင် အသိတရားနဲ့ပြန်ထိမ်းသင့်တယ်။ကိုယ့်စိတ်သာယာမှူလေးတခုအတွက်တဖက်မိသားစုရဲ့မျက်ရည်နဲ့တော့မလဲသင့်ဘူးပေါ့။(ယောက်ကျားဘဲဖြစ်ဖြစ်၊မိန်းမဘဲဖြစ်ဖြစ်ပါ )
မြန်မာရုပ်ရှင်တွေ၊ဝတ္တုတွေ ကလည်းလူတွေက ဘဲရေးကြတာဆိုတော့အဲဒီ ရေးတဲ့သူကိုယ်တိုင်က သူဘာကိုတန်ဖိုးထားသလဲ ဆိုတဲ့အပေါ်မူတည်မှာပေါ့လေ။ အဲဒီလိုဘဲကြည့်တဲ့၊ယူတဲ့သူဘက်ကလည်းသူဟာဘယ်လိုလူစားမျိုးလဲဆိုတဲ့အပေါ်လဲမူတည်အုန်းမှာပါ။
ဒါပေမယ့်တန်ခူးရေ..ဖောက်ပြန်ချင်စိတ်ရှိနေသူမှာတော့ ဝတ္တု ရယ် ၊ရုပ်ရှင်ရယ်ကြောင့်မှမဟုတ်ပါဘူး..အခုလိုတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ 'ကာ' စရာ တခြားထန်းလက်တွေ အပုံကြီးရှိနေမှာပါဘဲ။ အဓိက ကတော့ကိုယ့်ရဲ့စိတ်ပါ။
နောက်ပို့စ်များကိုစောင့်မျှော်အားပေးလျက်....


ထနောင်း

တန်ခူး said...

ကောင်းကင်ကိုရေ...ကျေးဇူးပါ။

နှင်းပန်းရေ...ပထမ ဒီpost ခေါင်းစဉ်ကို 'အဆိပ်ပြင်းသည်' လို့ပေးဖို့ စဉ်းစားသေးတယ်။ ဗွီဒီယိုကား နာမည်နဲ့တူမှာမိုလို့ မပေးဖြစ်လိုက်ဖူး။

ပန်ရေ...အပြန်အလှန်ရှိနေမလားပဲနော်။ အနုပညာတွေက ခေတ်ရဲ့ထင်ဟပ်ချက် ဖြစ်နိုင်သလို အနုပညာရဲ့ရောင်ပြန်ဟပ်မှူကလဲ ခေတ်ကိုထိခိုက်စေနိုင်တာပဲနော်။

မြတ်နိုးBlogလေးက ချစ်စရာကောင်းတယ်။ အမြဲရောက်ဖြစ်မှာ။

ကိုပေါရေ...ဒီpostကို ဗုဒ္ဓဘာသာမြန်မာမိဘတယောက်နေရာက ခံစားပြီးရေးခဲ့တာပါ။ ဘာသာရေးအရရော၊ မြန်မာ့ယဉ်ကျေးမှူအရရော၊ မိဘတယောက်အနေနဲ့ပါ ဘယ်လိုမှ လက်ခံလို့မရပါ။ မိဘတိုင်းက သားသမီးတိုင်းကို အကောင်းဆုံးတွေ ဖြစ်စေချင်ကြပါတယ်။ အပြင်မှာ မြင်ရ၊ ကြားရ တာတွေ ကြည့်ပြီး ငါသာ သူတို့မိဘတွေ နေရာမှာဆိုတဲ့ အတွေးက ဒီpostရဲ့ အခြေခံပါ။ ဖြစ်ပြီးသွားတာတွေ ဆင်ခြင်နိုင်အောင်၊ မဖြစ်သေးတာတွေ ကြိုတင်ကာကွယ်နိုင်အောင် ရည်ရွယ်ရေးခဲ့ခြင်းပါ။

ထနောင်းရေ...ဟုတ်ပါတယ်။ အဲဒီ စိတ်ကြောင့်ပဲ မမှားသင့်တာတွေ မှားတတ်သလို၊ အဲဒီ စိတ်ကပဲ ဆင်ခြင်တုံတရားတွေနဲ့ ထိန်းချူပ်နိုင်စွမ်းရှိပါတယ်။

Htet Aung said...

အမ တန်ခူးရေ

ကျွန်တော် ဒီပို့စ်လေးကို ဖိုရမ်တစ်ခုမှာ တင်ပေးလိုက်ချင်လို့ယူသွားပါတယ်။ အမတန်ခူးဆိုတဲ့ နာမည်ရော အားလုံးထည့်ပေးပါတယ်။

အမခွင့်ပြုနိုင်တယ်ဆိုမှ ထည့်မှာပါ။ အခုတော့ ကူးယုံပဲ ကူးထားပါတယ်။

တန်ခူး said...

ကိုထက်အောင်ရေ… ကျွန်မ ဒီကော်မန့် လေးကို အခုမှ မြင်လို့ ပြန်တာ နောက်ကျသွားတာ ခွင့်လွတ်ပါ… ယူသုံးလို့ ရပါတယ်… ကျေးဇူးပါ…