Monday, February 25, 2008

သဟဇာတ

သူရှင်းပြသည့်အခါတိုင်း ခြေထောက်ဖြင့် ညွှန်ပြသည်။ သူတို့နိုင်ငံ ယဉ်ကျေးမှူအရ ဒါကိုရိုင်းပြသည့် အမူအရာဟုတ်ပုံမရ။ ရည်ရွယ်ချက်နဲ့ ရိုင်းတာမဟုတ်ပေမယ့် ကိုယ့်မျက်စိထဲမှာတော့ ကန့်လန့်။ ကိုယ်က သူထက်ငယ်လို့ သိပ်ကြည့်ရ မဆိုးပေမယ့် သူထက်ကြီးသူတွေကို ခြေထောက်ဖြင့် ညွှန်ပြတာတော့ ဘယ်လိုမှ အမြင်မတော်။ ပြီးတော့ ဒါက ကိုယ့်နိုင်ငံမှာ။ ရောမ ရောက်လျုင် ရောမ လိုတော့ ကျင့်သင့်သည်။ ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့အဆုံး "ကျေးဇူးပြုပြီး မင်းလက်တွေကိုသုံးပြီး ညွှန်ပြပေးပါ၊ ခြေထောက်ဖြင့် ညွှန်ပြတဲ့ အမူအရာက ဒီနိုင်ငံမှာ ရိုင်းတယ်" ။ သူ့မျက်နှာနီရဲသွားတော့မှ အားနာသွားမိသည်။ သူက ကိုယ်တို့ရဲ့အင်ဂျင်နီယာချုပ်ဆိုတော့ ရှက်သွားပုံရသည်။ ထိုနေ့မှစ၍ လက်ဖြင့်သာ ညွှန်ပြတော့သော သူ့ကို အခုထိ မှတ်မိကျေးဇူးတင်နေမိသည်။

++++++++++
ကွန်ပြူတာမှာ အာရုံစိုက်နေရင်း ကိုယ့်ဂုတ်ကို တစုံတယောက်က တို့လိုက်တော့ လန့်ပြီးနောက်လှည့်ကြည့်မိသည်။ နာမည်ခေါ်လျှင်ရပါလျှက် ဒီလိုလက်ပါတတ်သူတွေကို နဲနဲမှ သည်းမခံနိုင်။ ဒေါသတကြီးပြန်ကြည့်မိသူက ဒီဌာနရဲ့ အကြီးဆုံး။ ဘာကိစ္စလဲလို့မေးလိုက်ပေမယ့် မျက်နှာက ဘယ်လိုမှ ဟန်ဆောင်မရ။ ထုံးစံအတိုင်း ရင်ထဲက စကားလုံးတွေ ထွက်ကျကုန်သည်။ "ကျွန်မကိုနောက်တခါ စကားပြောရင် လက်မပါပါနဲ့"။ အလုပ်ပြုတ်လဲ ပြုတ်စေတော့။ တခါတလေ အစည်းအဝေးခန်းမှာ နံဘေးက မိန်းခလေးပခုံးကို ဖက်ပြီးဆွေးနွေးတတ်သည့် သူ့အကျင့်ကြောင့် ဘယ်လိုမှ လေးစားလို့မရ။ ပွင့်လင်းဖော်ရွေမှူနှင့် လက်ရဲဇက်ရဲရှိမှူက ရောချလို့မရအောင် အဓိပ္ပါယ် အတော်ကွာပါသည်။ အဲဒီကစလို့ ကိုယ့်ကို လက်မပါရဲတော့။ ဒါပေမယ့်လာဘ်စားမှူဖြင့် သူပြုတ်သွားသောအခါမှ ကြောလုံစွာ အလုပ်လုပ်လို့ရခဲ့သည်။

++++++++++
ဆံပင်ပုံအသစ်နဲ့ အထက်အရာရှိကိုတွေ့တော့ ဘာပြောရမှန်းမသိ။ တွန့်လိမ်ဆံပင်တွေကို တယုတယကိုင်ရင်း ကိုယ့်ဆီက စကားတခွန်း မျှော်လင့်နေပုံရသည်။ မတတ်သာသည့်အဆုံး "ဆံပင်တွေကောက်လိုက်တယ်နော်"ဟု အသိအမှတ်ပြု သဘောမေးလိုက်သည်။ "နုသွားတယ်" (သို့) "ပိုလှလာတယ်" စသဖြင့် နောက်ဆက်တွဲလေး ပါသင့်သော်လည်း အရင်က ဆံပင်စင်းစင်းလေးကသာ သူနဲ့လိုက်ဘက်တာမို့ ကိုယ့်နှူတ်တွေခပ်လေးလေး။ မျှော်လင့်ထားသည့် စကားတခွန်း မဟုတ်တော့ သူ့မျက်နှာ အီလည်လည်နှင့် "ဟုတ်တယ်၊ ဒေါ်လာ၂၀၀ တောင်ပေးရတယ်" လို့ဖြေသည်။ နဲတဲ့ပိုက်ဆံမဟုတ်။ တခုခုတော့ ဆက်ပြောသင့်တယ်လို့ စဉ်းစားတုန်း ကယ်တင်ရှင်တွေ ရောက်လာကြသည်။ "ဟယ်...လှလိုက်တာ" "အဲဒီအကောက်လေးတွေ ခုခေတ်စားနေတာ" "အရောင်လေးကမင်းနဲ့လိုက်မှလိုက်"။ အရာရှိမျက်နှာ လမင်းကြီးလို ဝင်းပသွားသည်။ လိုချင်မှန်းသိလျက်နဲ့ မပေးမိတာ အစစ်အမှန် မဟုတ်လို့ပါလို့ တယောက်ထဲ ကြိတ်ပြောမိ သည်။ သွေးအေးသွားမှ ဒေါ်လာ၂၀၀ ကုန်စရာမလိုပဲ နဂိုအဆင်ပြေနေသည့် အကြောင်းပြောမယ်လေ။ ခင်ပွန်းသိရင်တော့ စကားလေးတခွန်းတောင် ဆိုဖို့ ခေါင်းမာသူက ဘယ်လိုလုပ် အရာရှိအချစ်တော် ဖြစ်မလဲဟု ဝေဖန်လိမ့်မည်။
++++++++++
တခါတလေကျတော့ ခံစားမှူတွေ ပြင်းထန်လာတဲ့အခါ အားစိုက်စရာမလို စကားလုံးတွေ ပြိုဆင်းလာတတ်သည်။
တခါတလေကျတော့ ပြောသင့်တဲ့စကားလုံးတွေက လက်တွေ့နဲ့ကွဲလွဲနေတဲ့အခါ ကိုယ့်နှုတ်တွေ ဆွံ့အသွားတတ်ပြန်သည်။



တန်ခူး
5:46pm 25 Jan 2008


9 comments:

သက်ဝေ said...

ခံစားမှူတွေ ပြင်းထန်လာတဲ့အခါ အားစိုက်စရာမလို စကားလုံးတွေ သူ့ အလိုလို ပြိုဆင်းလာတတ်ပေမယ့် တခါတလေကျတော့ ပြောသင့်တဲ့စကားလုံးတွေက လက်တွေ့နဲ့ကွဲလွဲနေတဲ့အခါ ကိုယ့်နှုတ်တွေ ဆွံ့အသွားတတ်ပြန်သည်။
ဒီတစ်သက်တော့ ဒီနိုင်ငံမှာ အရာရှိအချစ်တော် ဘယ်တော့မှ မဖြစ်နိုင်ပြီ...။

Ko Paw said...

သြော်....ငါ့ခမြာ ဘာဘဲ ၀တ်ထားထား ကြည့်ကောင်းတယ်လို့ သူတခါမှ မပြောဘူးတာ ဒါကြောင့်ကိုး.......ခုတော့သိပြီ....အဟင့်...ရွှတ်......

ထနောင်း said...

အဟိ..ခွိ..တူများဂျပင်ချောင့်လိုက်တုန်းကတော့လှတွားတယ်လို့ပြောဝူး
တယ်..အဲဒါ..အဂယ်ပေါ့နော်..ဟိ:-)
'စ' တာနော်...ဒီပို့စ်လေးလဲကြိုက်တာဘဲ။အမှန်အတိုင်းတွေပြောမိလို့ဂျောက်ကျခဲ့တာတွေ..နောက်ပြီးရင်ထဲကအရှိအတိုင်းဟန်မဆောင်နိုင်ဘဲ အာမေဋိတ်မှားသုံးမိလို့ဒုက္ခရောက်ခဲ့ဖူးတဲ့သူငယ်ချင်းတယောက်ကိုပါပြေးသတိရမိတယ်။

သက်ဝေ said...

တန်ခူးရေ...
C Box ကလေး လုပ်ပါလားဟင်...
လာလည်တဲ့အခါတိုင်း... လာလည်တဲ့သူတိုင်း... အလွယ်တကူ နှုတ်ဆက်လို့ ရတာပေါ့။

ကလိုစေးထူး said...

အဲဒီလို ခြေထောက်နဲ့ ညွှန်တာကို ကျနော်လဲ အလုပ်ဝင်ခါစက ကြုံဖူးတယ်။ တန်ခူးလိုပါပဲ။ ညွှန်တာက ကိုယ့်အလုပ်ရှင်လဲဖြစ်၊ ပြီးတော့ သူတို့ဆီမှာ ဒါက မထူးဆန်းသလိုလဲဖြစ်နေတယ်။ ဒါပေမယ့် ခက်တာက သူ အဲဒီလို ညွှန်လိုက်တိုင်း ကိုယ်က ကသိကအောင့် ဖြစ်ဖြစ်သွားတာပဲ။ ကျနော် ဖြေရှင်းခဲ့တာကတော့ တန်ခူးထက်စာရင် နည်းနည်း ပိုရင့်သီးသွားမလား မသိဘူး။ ကျနော်က သူ တခုခုကို ခြေထောက်နဲ့ ညွှန်တဲ့အခါ ကျနော်ကလည်း ခြေထောက်နဲ့ ပြန်ညွှန်ပြီးတော့ `ခင်ဗျား ပြတာ အဲဒါလား´ လို့ ပြန်ပြန်မေးတယ်။ နောက်ပိုင်းကျတော့ အလုပ်ရှင်က သတိထားမိဟန် တူပါတယ်။ ခြေထောက်နဲ့ မပြတော့ဘူး။ ဒါပေမယ့် ကျနော့်လုပ်ရပ်ကတော့ သိပ်မကောင်းလှပါဘူး။ အမှန်ဆိုရင် တန်ခူးပြောသလိုပဲ ပြောသင့်တာ။

pandora said...

သူများကို လမ်းမှာတွေ့ရင်လည်း လှမလှ၊ ၀တ်စားထားတာ ကြည့်ကောင်းမကောင်း အမှန်အတိုင်း ပြောနော်.. ဟဲ

ကောင်းကင်ကို said...

အက်ဆေးလေးကောင်းတယ်

တန်ခူး said...

ဟုတ်တယ်သက်ဝေရေ...ဒီတစ်သက်တော့ အရာရှိအချစ်တော်ဖြစ်ဖို့ မျှော်လင့်ချက်မရှိ ...။

ကိုပေါရေ...ခုပြောမယ်နော်။ စိတ်ကောင်းရှိတဲ့ကိုပေါက ဘာဝတ်ဝတ် ခင်ဖို့ကောင်းပြီးသားပါ။

ဆံပင်စင်းစင်းလေးနဲ့ ထနောင်းက တမျိုးချစ်ဖို့ကောင်းတာ အမှန်ပါ။

သက်ဝေရေ...ဧည့်သည်တွေကို တာဝန်မကျေမှာစိုးလို့ cboxမထားတာပါ။

ကိုစေးထူးရေ...ယဉ်ကျေးမှူကွာဟချက်ရဲ့ အခက်အခဲတွေပေါ့နော်။

စိတ်ချပါ ပန်ရယ်။ စာလှလှလေးတွေရေးတတ်တဲ့ ပန်ကလှမှာပါ။ လမ်းမှာတွေ့ရင် သိရအောင် ဓာတ်ပုံလေးပြပါလားဟင်။

အားပေးတာ ကျေးဇူးပါ ကောင်းကင်ကို။

ဆုမြတ်မိုး said...

မတန်ခူးကိုလွမ်းလို့ပိုစ့်အဟောင်းလေးတွေလာဖတ်ပါတယ်နော်...

သတိရနေတဲ့
ဆုမြတ်