Monday, March 23, 2009

ပန်းပျိုးလက်

ညှောင်နာနာ စံပယ်ပင်လေးကို ကြည့်ပြီး တအိမ်လုံးမေမေ့ကို ၀ိုင်းပြောကြတယ်။ ရှင်မှာ မဟုတ်ပါဘူး၊ မေမေ့အပင်လေးက မနက်ဖြန်တောင်ခံပါ့မလား၊ အရွက်တွေ အတော်တောင် ခြောက်နေပြီ… စုံနေအောင် ၀ိုင်းပြောတော့ မေမေက ကြည့်နေ ရှင်အောင်စိုက်ပြမယ်လို့  ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။ ပထမတော့ မေမေ့စံပယ်ပင်လေး အသက်ငွေ့ ငွေ့ နဲ့ ။ မကျန်းမာ။ ကျွန်မတို့  တအိမ်လုံးကလဲ စိတ်ဝင်တစားစောင့်ကြည့်လို့ ။ မေမေကတော့ ရေလောင်းမပျက်၊ ပေါင်းသင်မပျက်၊ မြေဆွမပျက်။ ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲဆို အဲဒီနှစ် စံပယ်ပွင့်ချိန်မှာ အဲဒီညှောင်နာနာကနေ ကျန်းမာသန်စွမ်းသွားတဲ့ စံပယ်ပင်လေးက စံပယ်တွေ လှိုင်နေအောင် ပွင့်ခဲ့တာ။ ခုဆို ကျွန်မတို့  ခြံထောင့်မှာ စံပယ်ရုံကြီး အကြီးကြီး ဖြစ်နေပေါ့။ စံပယ်ပွင့်ချိန်ဆို ဘုရားကို အများကြီးကပ်လို့  ရတဲ့အပြင် တအိမ်လုံးက မိန်းခလေးတွေခေါင်းမှာ ဝေနေအောင်ပန်… အိမ်နီးနားချင်း ၄ ၅အိမ်အထိ ဝေလို့  ရပါသေးတယ်။ ကျောင်းတက်တုန်းက စံပယ်နံ့ သင်းတဲ့ စံပယ်ရုံအောက်က တန်းလျားလေးပေါ်ထိုင်ပြီး စာကျက်ရတာ စိတ်တွေကြည်ပြီး ပိုရလွယ်သလိုပဲ။ အဲဒီက စလို့  မေမေရဲ့ ပန်းပျိုးလက်ကို အံ့သြမိခဲ့ပါတယ်။

***********

ကျွန်မ မေမေရှိတဲ့ကျောင်းကို စပြောင်းတဲ့ နှစ်မှာ နောက်ထပ် ပန်းလေးတအိုး မေမေပျိုးခဲ့တယ်။ အဲဒီပန်းလေးနာမည်က စန်းစန်းဦးတဲ့။ သူ့ မျက်လုံးတွေက သူ့ ကျောင်းစိမ်းလုံချည်လေးလို အရောင်ခပ်ဖျော့ဖျော့။ သနပ်ခါးမရှိတဲ့ သူ့ မျက်နှာလေးက အမြဲပင်ပန်းနွမ်းရိလို့ ။ သူငယ်ချင်း မရှိတဲ့ သူ့ ကို အစက ကျွန်မလို ကျောင်းသူအသစ်လို့  ထင်ခဲ့သေးတာ။ ကျွန်မပြုံးပြရင် တခါတခါမှ ပြန်ပြုံးပြတတ်တဲ့သူက မေမေ့စာသင်ချိန်တွေဆို အမြဲပြုံးပြီး နားထောင်တတ်တယ်တဲ့။ ပထမတော့ မေမေက တခြားစိတ်ရောက်လို့  ပြုံးနေတယ် ထင်ခဲ့တာ။ နောက်ပိုင်း သူ့ ပုံစံလေးကို စိတ်ဝင်စားပြီး မေမေက ပန်းအိုးလေးလို ပျိုးထောင်ခဲ့တယ်။ ကျွန်မတို့  ကျောင်းရှေ့ မှာ ရာသီပေါ်သီးနှံတွေ အထမ်းနဲ့ ရောင်းတဲ့ ဦးလေးကြီး သမီးဟာ စန်းစန်းဦးဖြစ်နေခဲ့တယ်ဆိုတာ မေမေပြောမှ သိခဲ့ရတယ်။ သူ့ မေမေက အိမ်ကထွက်သွားကတည်းက သူ့ ဖေဖေက သားသမီး ၃ ယောက်ကို ပင်ပင်ပန်းပန်း လုပ်ကျွေးရှာရတယ်တဲ့။ ဘ၀ဟာ ငွေပါပဲလို့  အထင်ရောက် အားငယ်နေတဲ့ စန်းစန်းဦးရဲ့ မှုန်ဝါးနေတဲ့လမ်းကို ကျွန်မမေမေက အလင်းရောင်ပေးခဲ့တယ်။ ယုံကြည်ချက်တွေ ပါးလျနေတဲ့ စန်းစန်းဦးမျက်လုံးတွေ နှစ်ဝက်လောက်မှာ အရောင်ပြောင်းလာတယ်။ လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံပြီး သွက်လက်တဲ့ အပြုံးတွေ ပြုံးတတ်လာတယ်။ အဲဒီနှစ်က ကျွန်မတို့ အတန်းထဲမှာ ပထ၀ီအမှတ်အများဆုံးက ဘယ်သူလို့ ထင်သလဲ။ ကျွန်မမေမေရဲ့ ပန်းကလေး စန်းစန်းဦးပါပဲ။ အဲဒီကစလို့  နှလုံးသားရှိတဲ့ ပန်းပွင့်လေးတွေကို ပျိုးထောင်တတ်တဲ့ မေမေ့ပန်းပျိုးလက်ကို နှစ်သက်အားကျမိခဲ့ပါတယ်။

***********

အဖေမကြိုက်တဲ့ ယောင်္ကျားလေးပေါတဲ့ RITမှာ တက်ရတဲ့ ပထမနှစ်တနှစ်လုံးက အတော်စိတ်လေခဲ့တယ်။ အဖေက ဦးလူပေါဂိတ်ကနေ ကျောင်းထဲကို ကားဝင်ကွေ့ လိုက်တာနဲ့  ဆူတာ နေ့ တိုင်းနီးပါး။ ဒီကျောင်းကြီးမြင်တိုင်း အဖေက ဒေါသထွက်။ ကြာလာတော့ ကျောင်းတောင် ဆက်မတက်ချင်တော့တဲ့ အထိ။ ခဏခဏငိုခဲ့ရတဲ့ နေ့ တွေပေါ့။ ပထမနှစ်မှာ စိတ်တွေလေတော့ အမှတ်မကောင်း။ အဖေက တိုးလို့ ဆူ။ အဖေနဲ့ ကျွန်မကြား ပဋိပက္ခတွေ အတော်များခဲ့တဲ့ အချိန်ပေါ့။ ဘာမေဂျာရရ အကြောင်းမထူးပါဘူးဆို စိတ်တွေ အောက်ဆုံးထိ လျော့ချထားတာ။ စိတ်ရော လူရောကို ဆွဲတင်ခဲ့တာကတော့ ကျွန်မရဲ့ မွေးသမိခင်၊ ကျွန်မရဲ့ဆရာမ ကျွန်မမေမေပါ။ သူပြောခဲ့တဲ့ ရိုးလွန်းတဲ့ စကားလေးတခွန်းကို ယနေ့ ထက်ထိ မမေ့မလျော့ လိုက်နာနေဆဲပါ။ ဘယ်နေရာရောက်ရောက် ထူးချွန်အောင် ကြိုးစားရင် ကိုယ့်ကြိုးစားမှုက ကိုယ့်ကို ပြန်အကျိုးပြုမှာပဲတဲ့။ မယုံရင် ဒုတိယနှစ်မှာ ကြိုးစားပြလိုက် အနားမှာရှိနေတဲ့ ဖေဖေ ဘယ်လိုပြောင်းလဲသွားမလဲ စမ်းကြည့်ရအောင်တဲ့။ လေနေတဲ့စိတ်တွေကို စာထဲနှစ်ပြီး ကြိုးစားခဲ့တာ အမှတ်အကောင်းဆုံး မေဂျာကို ရခဲ့ပါတယ်။ ကျွန်မဘာလိုင်းရရ ၆နှစ်လုံးလုံး ဆူနေမယ်လို့  ကျွန်မထင်ခဲ့တဲ့ ဖေဖေက ကျွန်မအောင်မြင်မှုအတွက် ကျေနပ်နေခဲ့ပါတယ်။ အဲဒီကစလို့  RITကို စိတ်ချမ်းချမ်းသာသာနဲ့  တက်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်မက မေမေ့ပန်းပျိုးလက်ကလေးရဲ့ ဂရုစိုက်မှု၊ ပျိုးထောင်မှုကို အမြဲမပြတ်ခံရတဲ့ ကံကောင်းလွန်းတဲ့ မေမေ့ရင်သွေးပန်းကလေး မဟုတ်ပါလား။

(ချစ်တဲ့မေမေရဲ့ March 22 မှာ ကျရောက်တဲ့ မွေးနေ့ အတွက် ဒီပို့ စ်လေးနဲ့ ကန်တော့ပါတယ်)

တန်ခူး
5:24pm 23-Mar-2009

27 comments:

နွေးနေခြည် said...

အရေး အတွေး စိတ်ကူး ကောင်းလိုက်တာ အမရယ်

Maydarwii said...

မ-ရေ ..
ပန်းပျိုးလက် ပိုင်ရှင်ကိုလည်း ချီးကျူးသလို ... မွှေးပျံ့တဲ့ ရနံ့၊ လှပတဲ့အဆင်းနဲ့ ပန်းကလေးအတွက်လည်း ဂုဏ်ယူမိပါတယ်။
မ-ရဲ့ မေမေ စိတ်လက် ချမ်းသာစွာနဲ့ ကျန်းမာပါစေလို့ မွေးနေ့အတွက် ဆုတောင်းပေးလိုက်ပါတယ် နော် ... ။

ပန်းကလေးကလည်း နောက်ထပ် ပန်းလေးတွေ ဆက်လက် လက်ဆင့်ကမ်း ပျိုးထောင်ပေးနိုင်တဲ့ ပန်းပျိုးလက်ကလေး ဖြစ်ပါစေလို့လည်း တဆက်ထဲ ဆုတောင်း ပေးလိုက်ပါတယ်။

Ko Paw said...

အမေတွေက အဖေတွေထက် ပိုစိတ်ရှည်ကြတယ်။ တန်ခူးက ကံကောင်းပါတယ်။ တချို့ဆရာဆရာမတွေ တပည့်တွေကို တော်အောင်၊ လိမ္မာအောင်၊ ထူးချွန်အောင် သင်ပေးလိုက်နိုင်ပေမယ့် အိမ်က သားသမီးတွေတော့ ဆိုးလွန်းလို့ လက်မြှောက်ထားရတာမျိုးတွေ မကြာခဏ တွေ့ခဲ့ရဖူးတယ်။

P.Ti said...

အမ မေမေ့ မွေးနေ့ အတွက်ရေးထားတာ ကောင်းလိုက်တာ။ ပန်းကောင်းလေးတွေပျိုးတဲ့ အမ မေမေ အသက်ရာကျော်ရှည်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။

sin dan lar said...

ဖတ်ပြီးကြည်နူးသွားပါတယ်။

pandora said...

မတန်ခူးမမေရဲ့ စိတ်လေးက ချစ်စရာကောင်းလိုက်တာ။
အမေရဲ့ ပျိုးထောင်မှုတွေကို အလေးထား ခံစားတတ်တဲ့ သမီးကလည်း ချစ်စရာပေါ့။

အပြုံးပန်း said...

ခေါင်းစဉ်လေးတွေ့လို့
လာဖတ်ရင်းက
အတွေးလေးကောင်းလို့
အားလုံး
ဖတ်ဖြစ်တယ်။
အားတခု
ရသွားပါတယ်။

PAUK said...

မတန်ခူးမေမေ မွေးနေ့မှာပျော်ရွှင်ပါစေ..

Kay said...

ပန်းပျိုးလက် ဟုတ်မဟုတ်ဆိုတာ..ဒီဘလော့မှာတင် မြင်နေရပြီပဲနော်-

မတန်ခူး မေမေ ကျန်းမာရွှင်လန်းပါစေ-

nu-san said...

မမတန်ခူး က ကံကောင်းတယ်နော်..
အမ ရဲ့ မေမေ အကြောင်းရေးထားတာ ဖတ်ရင်း ကြည်နူးမိတယ်.. အဲဒီလို ပြုစုပျိုးထောင်နိုင်တယ်ဆိုတာ ပါရမီရှိမှဖြစ်တာ.. :)

Nyein Chan Aung said...

မတန်ခူးရဲ့ မေမေအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဗျာ..။ မတန်ခူးဘလောဒ့်ကိုရောက်ရင် စိတ်ကြည်နူးမူကို အလိုလို ခံစားရတယ်။ ရေးထားတဲ့ အကြောင်းအရာတွေကော၊ ဘလောဒ့် နောက်ခံအရောင်၊ ရိုးရှင်းတဲ့ အပြင်အဆင်တွေကြောင့်ထင်တယ်။ ပြီးတော့ နွေဦးကာလမှာ စတင်ရောက်လာပြီး နွေဦးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဖတ်နေရလို့လည်းဖြစ်မယ်ထင်ပါရဲ့။ ရွှင်လန်းချမ်းမြေ့ပါစေ..

tg.nwai said...

တန်ခူးရေ...ပန်းပျိုးလက်ကှိုီုးညွတ်သွားရင်း ပန်းပျိုးသူနဲ့ ပန်းကလေးတွေအကြောင်း စဉ်းစားသွားပါတယ်..။

မီယာ said...

အမမေမေအတွက် မွေးနေ့ ဆုတောင်းပေးသွားပါတယ်... အသက်ရာကျော်ရှည်ပြီး သားသမီး မြေးမြစ်များနဲ့ ပျော်ရွှင်စွာ နောက်မွေးနေ့ပေါင်းများစွာကို ဆင်နွဲနိုင်ပါစေ လို့...

ThuHninSee said...

:)အိမ်ကအပင်လေးတွေ ပို့ချင်လိုက်တာ။
အစ်မအမေ သက်ရာကျော်ရှည်ပြီး စိတ်သွားတိုင်းကိုယ်ပါ..ပါစေလို့
ဆုတောင်းပေးပါတယ်။

sonata-cantata said...

မွေးနေ့ရှင်မှာ အပြုံးပန်းတွေဝေလို့

လေးစားစွာဖြင့်
ဧရာသီတာ

မောင်မျိုး said...

အစ်မ မေမေရဲ့ လက်ကလေးက တကယ်ကိုအဖိုးတန်ပြီး လှပတဲ့ လက်ကလေးပဲ ပန်းရိုင်းလေးတွေကိုလည်း လှပအသက်ဝင်လာအောင် လုပ်နိုင်စွမ်းရှိတယ် တကယ်ကို လေးစားစရာပဲ....။

မွေးနေ့မှစ အသက်ရှည် အနာမဲ့ပြီး ကျန်းမာ ရွှင်လန်းပါစေ ကြီးကြီးရေ့ ။

ရွာသားလေးဝိုင်တီယူ said...

အဲဒီပန်းပျိုးလက်ကလေးကနေ လှပသန်စွမ်းမွှေးပျံ့တွေ အများကြီးထွက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ

မာရေးသျှင် said...

ဖိုးထိုက်တဲ့ပန်းခက်က
ပျိုးလိုက်တဲ့လက်အကြောင်း ပြန်ပြောင်းပြောတယ်။
ပီတိကိုစားအားရ
ချစ်တဲ့ဆရာမမေမေ ….
မေမေပျိုးလိုက်တဲ့ပန်းကလေး
အသွေးကြွကြွနဲ့ မွှေးမြနေလိုက်ပုံ
ခြံထဲက စံပယ်ရုံ
စာသင်ခုံပေါ်က စန်းစန်းဦး
အထူးသဖြင့် လေနုအေး
ငွေခရုလေးနဲ့ ဇေယျတုတေးကိုဆိုကာ
လောကကိုအကျိုးပြုရှာရဲ့။

မေငြိမ်း said...

တန်ခူးရေ..
တိုက်ဆိုင်လိုက်တာ.. အမ မေမေလည်း ကျောင်းဆရာမ.. ပြီးတော့ အမေလည်း အမေ.. ဆရာမလည်း ဆရာမဆိုတာလည်း တူနေပြန်.. ။ ပိုတိုက်ဆိုင်တာက အမအမေရဲ့ မွေးနေ့က မတ်လ ၂၈ရက်ဗျ.. ။ ဆိုောတ့ အမေ့ကို ခု ပိုသတိရသွားပြီ.. :(

မေငြိမ်း said...

တန်ခူးရဲ့ စိတ်နှလုံး မြင့်မြတ်တဲ့ မေမေဆရာမ..
သက်ရှည် ကျန်မား စိတ်ချမ်းသာလို့ လိုရာဆန္ဒပြည့်ပါစေ....

ပုံရိပ် / Pon Yate said...

ဖတ်ပြီး ကြည်နူး ရပါတယ်။ မတန်ခူးရဲ့ မေမေ သက်တော် ရာကျော် ရှည်ပါစေ။

ရွာသားလေးဝိုင်တီယူ said...

အမရေ ကော့မန့်လေးအတွက် ကျေးဇူးပါ။ တကယ်တော့ အမှန်တရားကို လက်မခံနိုင်တာပါ။ လက်မခံနိုင်လောက်အောင် စွဲလမ်းခဲ့တယ်ဆိုပါတော့။ အဲဒီတော့ အမှန်တရားကို သူ့နှုတ်ဖျားက ၀န်မခံလာမခြင်း လက်မခံနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မျက်စိပိတ်ထားလိုက်မိတာ။ ရင်ထဲမှာ လောင်နေပေမယ့် ကြေကွဲစွာ ဆွံ့အနေခြင်းကို ရွေးချယ်လိုက်တာပါ။ အနားက မှမခွာနိုင်ပဲအမရယ်

မဇနိ said...

အမတန်ခူးရေ ဆုတောင်းလာတာ နောက်ကျနေလို့နော်။ အမမေမေ ကျန်းမာပြီး အသက်ရှည် ပျော်ရွှင်ပါစေ။
ပန်းပျိုးလက်သောလက်မှ နောက်ထပ်ပန်းပင်များစွာကို ရှင်သန်နိုင်ပါစေ။

သက်ဝေ said...

ဆုတောင်း နောက်ကျနေတာ ဆောရီးပါ တန်ခူးရေ...
E Mail အရှည်ကြီးရေးနေလို့ လို့ တွေးပြီး ခွင့်လွှတ်လိုက်ပါလေ... နော်..။ ဒီရက်တွေ ရုံးက အင်တာနက်ကလဲ တအားနှေးနေလို့... (ဆင်ခြေတွေ.. ဆင်ခြေတွေ...)

အစွမ်း အာနိသင်ကြီးမားလှတဲ့ စေတနာ မေတ္တာ ကြီးမားလှတဲ့ ပန်းပျိုးလက်တွေ အားလုံးရဲ့ ကျေးဇူးကို အောက်မေ့ သတိရစရာ ဖြစ်စေတဲ့ ပိုစ့်လေး... သိပ်လှတယ်...။
တန်ခူးရဲ့ မေမေ ကျန်းမာ ချမ်းသာစွာနဲ့ နှစ်ပေါင်းများစွာ အသက်ရှည် အနာကင်းပါစေ လို့ ဆုတောင်းပါတယ်...။

Anonymous said...

အမ နောကိကျသွားပေမဲ့ အမမေမေအတွက်ဆုတောင်းပေးလိုကါပါတယ်

စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ အလှူရေစက် လက်နဲ့မကွာ ပေးလှူနိုင်ပါစေလို့....


အမ ပိတောက်ပွင့်ရင် ပုံရိုက်ပေးလေ.. ဒီမှာ ချယ်ရီတွေပွင့်နေပီ

မြတ်နိုး

Moe Cho Thinn said...

ဒီဥယျဉ်မှူးမေမေကြောင့် ဒီချစ်စရာ ပန်းကလေး လှပ တင့်တယ် မွှေးကြိုင်တာ အမှန်။
ချမ်းမြေ့ပျော်ရွှင်ပါစေ ဥယျာဉ်မှူးမေမေ။

GHOSTBELL said...

RIT ဆိုတဲ့ ကျောင်းကြီးတတ်ခွင့်ရခဲ့တာကိုဘဲ အားကျတယ် အစ်မရာ။ ghostbell တို.ကတော့ တောကြိုအုံကြားက GTC ဆိုတဲ့ကျောင်းမှာဘဲ အင်ဂျင်နီယာကျောင်းသားဘ၀ကို မြုပ်နှံပစ်ခဲ့ရတယ်။