Thursday, March 12, 2009

သားသား ကြီးရင် ဘာလုပ်မယ်

ဟိုတနေ့ က သားကျောင်းက ပြန်လာတော့ သားက သားသားကြီးရင် cook လုပ်မယ်လို့  ထူးထူးဆန်းဆန်း ပြောလာပါတယ်။ ဘယ်လိုကနေ ဒီအတွေးရသွားခဲ့သလဲလို့  မသိခင် ကျွန်မကလဲ အမေပီပီ လောဘလေးနဲ့  cook တော့ မလုပ်ပါနဲ့ သားရယ်… သား ဟင်းချက်တာ ၀ါသနာပါရင် chef လုပ်ပေါ့လို့  ပြန်ပြောမိပါတယ်။ သားက မရပါဘူး cook မှ cook ဖြစ်နေတော့ သားစိတ်ချမ်းသာရင် cook သာ cook လို့  ပြန်ဖြေမိပါတယ်။ နောက်မှ သိရတာက အဲဒီနေ့ က ကျောင်းမှာ cook အကြောင်းသင်တာကို။ အရင်က ဖေဖေနဲ့  မေမေလို အင်ဂျင်နီယာကြီး လုပ်မယ်လို့  ပြောနေကျပါ။ အဲဒါလဲ သင်မထားပဲ သူ့ ဘာသာ ဖြစ်ချင်တာကို ပြောတာပါ။ သူက ကျွန်မတို့ ငယ်ငယ်ကလို ကြီးရင်ဆရာဝန်ကြီးလုပ်မယ်လို့  ပြောလို့  သင်လို့  မရပါဘူး။ သူ့ စိတ်ထဲ လုပ်ချင်တာပဲ ပြောတတ်ပါတယ်။ အင်ဂျင်နီယာကနေ ကာတွန်းထဲက မောင်တီထွင် စက်ရုပ် တီထွင်တာ အားကျပြီး မောင်တီထွင် ဖြစ်ချင်တယ် ဖြစ်သွားပြန်ရော။ ခုတော့ cook ပေါ့။

သားရဲ့ အသက်မွေးဝမ်းကျောင်းနဲ့  ပတ်သက်ပြီး သားဝါသနာပါတာကိုသာ ရွေးချယ်ခိုင်းဖို့  ကျွန်မတို့  ၂ယောက်လုံး သဘောတူပြီးသားပါ။ မိဘတိုင်းက သားသမီးတိုင်းကို အကောင်းဆုံး၊ အမြင့်ဆုံးကို ဖြစ်စေချင်ကြပေမယ့် သားသမီးက ၀ါသနာမပါတဲ့ အခါ တသက်လုံး စိတ်ပျော်ရွှင်မှုမရတဲ့အပြင် တခြားဆိုးကျိုးတွေပါ ရစေနိုင်ပါတယ်။

ကျွန်မငယ်ငယ်ကတော့ ကျွန်မအဖေက ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပုံစံခွက်ထဲကို သွင်းခဲ့တာမို့  ဆရာဝန်မဖြစ်ခဲ့ရင် ငါလူဖြစ်တော့မှာ မဟုတ်တော့ဘူးလို့  စိုးရိမ်ခဲ့မိဘူးပါတယ်။ အချိန်တိုင်း ဆရာဝန်မဖြစ်မှာ ကြောက်စိတ်နဲ့  စိတ်ဖိစီးမှုကို သိတတ်တဲ့ အရွယ်ထဲက ခံစားခဲ့ရတာပါ။ ကိုယ့်ဝါသနာ ဘာလဲဆိုတာတောင် မေ့လျော့နေခဲ့တဲ့ အထိပါပဲ။ မှတ်မိသလောက် ကျွန်မငယ်ငယ်က တခါမှ ဆေးကုတမ်း မကစားခဲ့ဖူးပါဘူး။ ကျွန်မ အများဆုံး ကစားတာက စာသင်တမ်းပါ။ သွေးထွက်သံယိုလဲ မကြည့်ရဲပါဘူး။ သူများ ရောဂါဝေဒနာ ခံစားနေရရင် ကိုယ်ပါ စိတ်ဆင်းရဲနေတတ်ပါတယ်။ ကံကောင်းစွာ ကျွန်မ ဆရာဝန် မဖြစ်ခဲ့ပါဘူး။ အဖေ့ဆန္ဒကို မဖြည့်နိုင်ခဲ့လို့  ယူကျူံးမရ ဖြစ်ခဲ့ပေမယ့် ကျွန်မ ကိုယ်တိုင် ခံစားချက်က လွတ်လပ်ပေါ့ပါးနေခဲ့တာကို တအံ့တသြ သိလိုက်ရပြီးမှ… သြော်… ငါမှ ၀ါသနာမပါခဲ့တာကိုး လို့  တွေးမိတော့တယ်။

ကျွန်မညီမကတော့ ငယ်ကတည်းက ဆေးကုတမ်း အတော်ကစားတတ်သူပါ။ သွေးထွက်သံယိုတွေလဲ မကြောက်တတ်သူ။ တခုခုဆို ကျွန်မလို စိတ်ဆင်းရဲလိုက်ဖို့ က အရင်မလာပဲ ဆုံးဖြတ်ချက် ရဲရင့်သူပါ။ ကျွန်မတုန်းက ဆရာဝန် မဖြစ်ခဲ့လို့  စိတ်ဓါတ်ကျသွားတဲ့ အဖေက အငယ်ဆုံးကျတော့ သိပ်မတွန်းတော့ပါဘူး။ ဒါပေမယ့်လဲ သူ့ ဝါသနာက သူ့ ကို တွန်းအားပေးခဲ့တာမို့  ဆရာဝန်ဖြစ်ခဲ့ပါတယ်။ သူက အံ့သြစရာ ကောင်းလောက်အောင် ဆရာဝန်ကို ၀ါသနာပါသူပါ။ လူနာတွေကြားမှာ ပျော်နေတတ်တဲ့သူ၊ ခွဲခန်းဝင်ရမှာ အမြဲတက်ကြွနေတတ်သူပါ။ ကျွန်မပြန်ရင် သူ့ လူနာတွေ အကြောင်း၊ သူ့ ဆေးရုံ အကြောင်းကို သွားလေရာ တကောက်ကောက်လိုက်ပြီး ပြောတတ်သူပါ။ ကျွန်မကတော့ စိတ်မခိုင်သူပီပီ နားထောင်တိုင်း စိတ်မကောင်းဖြစ်တတ်ပါတယ်။

ကျွန်မ အထက်က ပြောတဲ့ ၀ါသနာနဲ့  အသက်မွေးဝမ်းကြောင်း တထပ်ထဲ မကျတဲ့ အခါ ဖြစ်လာတဲ့ ဆိုးကျိုးကို သူ့ ဆီက အတော်ကြားရပါတယ်။ တခြားနေရာတွေမှာ ဆိုးကျိုးတွေ အနည်းနဲ့ အများရှိပေမယ့် ကျန်းမာရေးလောကကတော့ အတော်အန္တရာယ်ကြီးလွန်းပါတယ်။ ကျွန်မတို့  နိုင်ငံမှာ အမှတ်များမှ ဆရာဝန်လိုင်းကို ၀င်နိုင်တာမို့  ဂုဏ်ရှိရုံသက်သက် ဆရာဝန် ဖြစ်ချင်သူတွေ အတော်များပါတယ်။ အိမ်ထောင်ပြုရင်တောင် မိဘတွေက ဆရာဝန်လေးနဲ့ မှ ဆိုတာမျိုးပါ။ ကျွန်မညီမ ဆေးရုံမှာ ဟောက်စ်ဆင်းတဲ့ ဆရာဝန်လောင်းလေးတချို့ က အဲဒီလို ထင်ပါရဲ့။ လူနာကို ဒရစ်သွင်းပြီး လူနာစောင့်ကို ကုန်ရင် ဒီလိုဖြုတ်လိုက်လို့  ပြောပြီး ပစ်သွားတယ်တဲ့။ လက်လွတ်စပယ်နိုင်လွန်းတဲ့ တာဝန်မဲ့မှုပါ။ ဆေးတည့်မတည့် သေချာမစမ်းပဲ ရမ်းသမ်းထိုးလိုက်တယ်တဲ့။ အကြီးတွေက မသင်လို့  မဟုတ်ပါပဲ သူတို့ ရဲ့ ပေါ့ဆမှုပါ။ ဂျူတီကုတ်လေးဝတ်၊ နားကြတ်လေးကိုင်ရုံလောက်တင် ဆရာဝန်ဖြစ်ပြီလို့ များ ယူဆထားလေသလား။ တခြား ဒီထက်ဆိုးထက် အသေးစိတ်တွေကိုတော့ မပြောသင့်လို့  မပြောတော့ပါဘူး။ ဒါဟာ ၀ါသနာနဲ့  အသက်မွေးဝမ်းကြောင်း တထပ်ထဲမကျတဲ့ အကြောင်းကြောင့် အပြင် စေတနာဆင်းရဲကြလို့ လဲ ပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို ၀ါသနာ ပါပါ မပါပါ စေတနာလေးထည့်လုပ်ရင် အကျိုးရှိမှာ အမှန်ပါပဲ။

ဟိုတလောက ဒီနိုင်ငံမှာ ဆရာမနဲ့ ဆယ်ကျော်သက်ရွယ်လေးရဲ့ ဇာတ်လမ်းက ဟိုးလေးတကြော်ဖြစ်သွားခဲ့ပါတယ်။ အိမ်ထောင်ရှိကလေးအမေ ဆရာမက သူ့ တပည့် ဆယ်ကျော်သက် အရွယ် ကောင်လေးနဲ့  ဖောက်ပြန်တဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းမှာ ဆရာမက တာဝန်အရှိဆုံးပါ။ ဆရာအလုပ်ဆိုတာ နာ ၃ နာ ရှေ့ ထားပြီး ကိုယ့်တပည့်တွေကို လမ်းမှားမရောက်အောင် ဆုံးမသွန်သင်ရမယ့် အလုပ်ပါ။ ကိုယ်ကျင့်တရားက အရမ်းအရေးကြီးတဲ့ အလုပ်ပါ။ ဒီဆရာမကတော့ အသက်မွေးဝမ်းကျောင်း သက်သက် အတွက် ထမင်းဝရုံ ဆရာမလုပ်သူ ဖြစ်ပုံရပါတယ်။ ဒါဟာ ၀ါသနာနဲ့  အသက်မွေးဝမ်းကျောင်း တထပ်ထဲ မကျတဲ့အပြင် စေတနာဆင်းရဲမှုရဲ့ အကျည်းတန်တဲ့ ပြယုဂ်ပါ။

ဒါတွေကြောင့်ပဲ သားသားကြီးရင် သားဝါသနာပါတဲ့ အလုပ်ကိုသာ လုပ်ခိုင်းဖို့  ရည်ရွယ်ထားတာပါ။ ဆရာဝန်ကြီးဖြစ်ဖို့ မလို၊ အင်ဂျင်နီယာကြီးဖြစ်ဖို့ မလိုပါဘူး။ သူ့ အလုပ်က သူ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရင် ကျေနပ်ပါပြီ။ အခြေအနေမပေးလို့  သူဝါသနာပါတဲ့ အလုပ်များ လုပ်ခွင့်မရခဲ့ရင်တောင် ကိုယ်လုပ်တဲ့ အလုပ်ကို စေတနာ ထားတတ်ဖို့  ခုကတည်းက ဖြေးဖြေးချင်း သင်ယူဖို့  ဆုံးဖြတ်မိပါတယ်။

တန်ခူး
5:43pm 12-Mar-2009

27 comments:

မစ်(စ်)သွန်းသွန်း said...

ဟုတ်တယ် အမရေ။ မိဘတွေရဲ့ ကိုယ့်သားသမီးအပေါ် ကြီးလာရင် ဆ
ရာဝန်ဖြစ်စေချင်စိတ် အင်ဂျင်နီယာဖြစ်စေချင်စိတ်ထက် ကလေးရဲ့ ဝါသနာအရင်းခံက ပိုအရေးကြီးပါတယ်။ အရင်ခေတ်လူကြီးတွေကတော့ အတင်းအကျပ်ပုံစံသွင်းခဲ့တာမျိုး ရှိကြပေမဲ့ အခုခေတ် educated ဖြစ်လာကြတဲ့ မိဘတွေက ကလေးဆန္ဒကိုပဲ ဦးစားပေးစဉ်းစားလာကြတာများလာကြတယ်။ တို့ကလေးကိုတော့ ပညာရေး ၊ စီးပွားရေးဘက်ကိုမှ မဟုတ်ဘူး၊ သူက အားကစားဘက်ကိုပဲ စိတ်အားထက်သန်တယ်ဆိုရင်တောင် အဲဒီလမ်းကြောင်းပေါ်ရောက်အောင်ပဲ ကိုယ့်ဘက်ကအတတ်နီုင်ဆုံး ဖြည့်ဆည်းပေးသွားဖို့ စဉ်းစားထားတယ်။

Ko Paw said...

ဘာပဲ ၀ါသနာပါပါ၊ ဘာပဲ လုပ်လုပ် ကိုယ်ဝါသနာပါရာကို ကိုယ်လွတ်လွတ်လပ်လပ် လုပ်ခွင့်ရရင်အကောင်းဆုံးပါပဲ။ ခက်တာက ကျနော်ကျတော့ အလုပ်ဆိုရင် ဘယ်အလုပ်မှ ၀ါသနာမပါ။း-)

လင်း said...

ဝါသနာပါရာ ကို လုပ်ခွင့်ရတာ အကောင်းဆုံးဖြစ်မယ်ထင်တာပဲ။ အခုအရွယ်ကတော့ ငယ်ပါသေးတယ်လေ။ တကယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ ဆန္ဒ အမှန်ကို သိသေးမှာ မဟုတ်ပါဘူး။

သီဟသစ် said...

ဝါသနာပါတာကို လုပ်ခွင့်ရရင် အကောင်းဆုံးပါပဲ။ အခက်အခဲ ရှိခဲ့ရင် ရင်ဆိုင်နိုင်မှာလေ။

သူများရွေးပေးတဲ့လမ်းကြောင်းဆိုရင်တော့ ဘယ်သူ့ကြောင့် ဆိုတာကြီးနဲ့ ပြီးနေတော့မှာ။

Taungoo said...

ကမ္ဘာကျော် စားဖိုမှူးတွေဟာ အများစုက အမျိုးသားတွေပါတဲ့ ကြားဖူးတာပဲ အမရေး)
ကျောင်းက သင်ခန်းစာထဲမှာ ရုပ်ရှင် အကြောင်းများ သင်ခဲ့ရလို့ သားသားက ရုပ်ရှင်မင်းသားပဲ လုပ်တော့မယ်ဆိုရင်တော့
မတန်ခူးတို့ ရှူတင်တွေ တောက်လျှောက်လိုက်နေရမှာ တွေးမိသေးတော့တယ်။

tg.nwai said...

တန်ခူးရေ..သားသားက ငယ်သေးတော့ သူစိတ်ထဲ သဘောကျတာတွေ ဖြစ်ချင်နေတာ ထင်တယ်နော်..သမီးငယ်လည်း အဆိုတော် လုပ်ချင်လိုက်..ဆရာဝန်လုပ်ချင်လိုက်..တခါတခါလည်း သူ့ဆရာမကို ချစ်လို့ ဆရာမ လုပ်မယ်လည်းပြောတယ်..။

သူတို့တွေ ၀ါသနာပါတာကိုပဲ ပံ့ပိုးပေးဖို့ပဲ စိတ်ကူးထားတာပါပဲ..။ ခေတ်ချင်းက မတူတော့ဘူးနော်..။

တန်ခူးပြောသလိုပါပဲ..ဘာပဲလုပ်လုပ် စေတနာလေးထည့်လုပ်တတ်အောင် သင်ထားပေးရဦးမယ်..။

သက်ဝေ said...

ဘာမှစိတ်မပူနဲ့ တန်ခူးရေ...
ကြီးလာရင် Fire Fighter (or) Policeman လုပ်မယ် လို့ ဆိုလေတဲ့သူလဲ ရှိသေးသလေ...
အချိန်နဲ့ အမျှပြောင်းလဲနေတဲ့ သူတို့ရဲ့ အာရုံထဲ ပေါ်သ၍ပေါ့လေ...
အမှန်ကတော့ သူတို့ရဲ့ Hero တွေကို သူတို့ အားကျ အတုခိုးချင်တဲ့ အပြစ်ကင်းလှတဲ့ ချစ်စရာ စိတ်ကလေးတွေပါ...

ThuHninSee said...

မောင်လေးတစ်ယောက်ကတော့ ဖိုးသူတော်လုပ်မယ်အမြဲပြောတယ်။
ဘာစိတ်ကူးပေါက်လို့လဲမသိဘူး။ ဘုန်းကြီးဝတ်မှာဆိုလဲ တော်ရဲ့။
အခုထိတော့ ဖိုးသူတော်မဖြစ်သေးဘူး။

မောင်မျိုး said...

သားသား လူလည်လေး အမျိုးမျိုးကိုဖြစ်ချင်နေတာပဲး) စူပါမင်းကားကြည့်ရင်ကော စူပါမင်းဖြစ်ချင်တယ်ပြောမလားမသိ ဟီးးး ဒီအရွယ်က ဘာပဲဖြစ်ချင်တယ်ပြောပြော ချစ်စရာကောင်းနေတာပါပဲ အစ်မတို့လို ပြည့်စုံပြီး ပညာတတ်တဲ့မိဘ ၂ ဦးရဲ့သားလေးကလည်း လမ်းကြောင်းမှန်မှန်နဲ့ အနာဂတ် ခရီးလေး လှနေမှာလို့ကျနော်ယုံကြည်တယ် သားသားရေ့ cook ပြီးရင် ဦးကိုလည်းကျွေးဗျ အိမ်မှာ ဟင်းမကောင်းတာ ၁ လလောက်ရှိပြီး ခေါင်းပေါင်းဖြူဖြူလေးနဲ့စာဖိုမှူးလေး သားသားရေ့ အာဘွားးး :P

PAUK said...

အင်း...
ကျနော် ဘာဖြစ်ချင်လည်း မသိခဲ့ဘူး..
ဘာလုပ်ချင်လဲ ဆိုတာလဲ မမှတ်မိဘူး..
အခု..
ချန်းချန်းကတော့..
သင်တန်းတစ်ခုကို တက်ဖို့ရာ ပူစာနေတာ..
၃ရက် ၃ည နဲ့ ၃မနက် ရှိပါပြီ..
ခုထိတော့ ခွင့်မပြုသေးပါဘူး..
ဈေးကြီးလွန်းလို့ပါ...

ခင်မင်းဇော် said...

အမသားကလဲ ဘာဖြစ်ဖြစ်သူက ကမ္ဘာကြီးနဲ့ ကိုင်တုပ်တာပဲ။ ကမ္ဘာကျော်စက်ဘီးသမားလုပ်ချင်လိုက်.. ကမ္ဘာကျော်ပြိုင်ကားမောင်းသမားဖြစ်ချင်လိုက်နဲ့ ..
မငြိမ်သေးပါဘူးဟာ.. စောင့်ကြည့်ရဦးမှာပဲ

မီယာ said...

မိဘက သားသမီးလုပ်ချင်တာ ၀ါသနာ ပါရာ ကို ပံ့ပိုးပေးဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်... ဒါမှလည်း ပို တိုးတက်မှာပါ... အမရေ ဆရာဝန် မဖြစ်ရင် လူမဖြစ်တော့သလို ငယ်ငယ်က ရိုက်သွင်းထားတာတွေ ပြန်သတိရရင် သိပ် စိတ်နာတယ်။

nu-san said...

အမရဲ့ သားသားအပေါ်ထားတဲ့ စိတ်ကူးနဲ့ ရည်ရွယ်ချက်က တကယ်ကောင်းပါတယ်.. ကလေးဘာဖြစ်ချင်လည်းဆိုတာကြည့်ပြီး မိဘက ပံ့ပိုးကူညီပေးမှ ကလေးလည်း အဆင်ပြေ မိဘလည်း စိတ်ချမ်းသာရမှာပါ.. ဒီမှာလည်း ဒီလိုပဲ အမ.. မိဘတွေက ကိုယ့်ကလေး ၀ါသနာပါတာကို မြေတောင်မြှောက်ပေးပြီး ဆရာကောင်းတွေနဲ့ ငယ်ငယ်ကတည်းက တစိုက်မတ်မတ် လေ့ကျင့် သင်ကြား ပေးကြတယ်.. ဒါကြောင့် တချို့တွေဆိုရင် ၁၆၊ ၁၇၊ ၁၈ လောက်တွေနဲ့ အသက်ငယ်ငယ်မှာပဲ နာမည်ကြီး pro တန်းဝင် ဖြစ်ကုန်ကြတယ်... အဲဒါတစ်ခုတော့ သူတို့ကို လေးစားအတုယူရမယ်.. :)

Moe Cho Thinn said...

အော်..ကံကောင်းလိုက်တဲ့ သားသားပါလား။ မိရောဖရော စိတ်တူကိုယ်တူ သားဝါသနာပါတာ လုပ်စေမယ်၊ အားပေးမယ်ဆိုတော့ ကြည်နူး ချမ်းမြေ့စရာပါပဲ။ သားသားက သူဝါသနာပါရာမှာ ထူးချွန်မှာ အသေအချာပါပဲ အမရေ..
အခုအချိန်ကတော့ အကုန် ဖြစ်ချင်နေတာပါ။ ငယ်သေးတာကိုး။ ချိုသင်းတုန်းကလဲ စုံလို့။ ကရာတေး ဆရာမ တဲ့၊ spy တဲ့၊ မင်းသမီး လုပ်မယ်ဆိုတာက ပါသေးတာပါ။ အမတွေက တကယ်ထင်ပြီး မင်းသား ၀င်းဦး အဖေ့ဆီလာလည်ရင် အခန်းထဲ ဖွက်ထားကြတယ်။ ဘာရယ်မဟုတ်၊ ကလေး သရုပ်ဆောင် ဖြစ်သွားမှာစိုးလို့ တဲ့ .. :D

HANA said...

Ama, I asked Shin and she replied me she want to be "Fire fighter" so I never asked that question again::))

ဇနိ said...

ကလေးတွေကငယ်တော့ စွဲမိစွဲရာ - ထင်မိထင်ရာ - ဝါသနာပါတာမျိုးလည်း ဖြစ်မှာကြောက်ရသေးတယ်။
- Lion King ဇာတ်ကားကြည့်ပြီး ခြင်္သေ့ကြီးဖြစ်ချင်တာမျိုးပေါ့...

မိဘကလည်း သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့ဖက်ကို ရောက်အောင် အတင်းအကျပ်မဟုတ်ဘဲ လမ်းပြပေး အယောင်ပြပေး လုပ်သင့်တယ်ထင်ပါတယ်။

ZT said...

ကျွန်တော် Microtrends ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာလေး တစ်ခု သတိရမိတယ်။ ဒီခေတ်ကြီးက သားသမီးကို ကိုယ်ဖြစ်စေချင်တာ ဖြစ်အောင် ပုံသွင်းရတဲ့ ခေတ်မဟုတ်ဘူးတဲ့။ သူတို့ ဝါသနာပါတဲ့ အရာမှာပဲ အကောင်းဆုံး ဖြစ်အောင် ဘေးကနေ ပုံသွင်းပေးရတဲ့ ခေတ်မျိုးပါတဲ့။

မေငြိမ်း said...

ဟုတ်တယ် တန်ခူးရေ.. ကလေးကို ၀ါသနာပါတာ လုပ်ခွင့်ပေးဖို့ တကယ် စိတ်မွေးထားနိုင်မှ ရမယ်..
အမကတော့ သားကြီးက အရွယ်ရောက်ပြီမို့ သူလုပ်ချင်တာ လုပ်ခွင့်ပေးဖို့ .. မိဘအနေနဲ့ ၀င်ပြီး မလွှမ်းမိုးဘဲ နေနိုင်ဖို့ တကယ် စိတ်ထားနိုင်နေပြီ..။
တခုပဲ အမစိတ်ထဲရှိတာက တဦးတည်းသော ရင်သွေးတော့ မဖြစ်စေချင်တာပဲ.. တတ်နိုင်သလောက် ပေါ့..။ မိဘအတွက်ရော.. ကလေးအတွက်ရော အဲဒီတဦးတည်ေးသာ ကလေးက စိတ်ပင်ပန်းစေတာ အမှန်ပဲ..။ ဟဲဟဲ.. ဒုက္ခပေးချင်တာ.. ပင်ပန်းဖော်ညှိတာ မဟုတ်ပါ.. P:

Ðaywalker[Soul] said...

ကျွန်တော်တို့ ၀ါသနာပါတာကို လုပ်ခွင့်ဆုံးရှုံးခဲ့တယ်။ နောက်ကလေးတွေကို ကိုယ့်လိုမဖြစ်စေချင်ဘူး၊ အစ်မရဲ့သားလေးအတွက် ဝမ်းသာမိတယ်။

မောင်မျိုး said...

အစ်မကြီးလည်း အိမ်ကလေးကိုပြင်ထားပါလား မိုက်တယ်း)

ရွာသားလေးဝိုင်တီယူ said...

မိဘနေရာက ခံစားနားလည်ပေးမှုကို မြင်လိုက်ရတာ စိတ်ချမ်းသာလိုက်တာဗျာ။ ကျနော့မိဘတွေလည်း ဘာမဆို လွတ်လပ်ခွင့်ပေးထားတတ်တယ်။ တခါတလေ သူတို့ချုပ်ချယ်ပေးပါလို့ပြန်ပြောယူရရော။
ဆရာမမေငြိမ်းပြောတာ ဟုတ်တယ်အမရေ။ တစ်ယောက်တည်းသော သားသမီးဖြစ်ရတာ မကောင်းဘူးဗျ (ဒါကကိုယ်တွေ့)

TNS said...

မတန်ခူး
သားလေးဘ၀ရှေ့ ရေးနဲ့ ဝါသနာကို စိတ်ကြိုက်ရွေးချယ်ခွင့်ပြုထားတာ အင်မတန်ကောင်းပါတယ်..
ကျနော်ငယ်တုန်းကဆိုရင် အဖေတို့ က အင်ဂျင်နီယာ..သို့ မဟုတ် စစ်ဘက်မှာဘဲဖြစ်စေရမယ်ဆိုပြီးပုံသွင်းကြတယ်...အမိန့် ဆန်ဆန်ပေါ့....
ကိုယ်ဝါသနာပါတဲ့ အနုပညာကိုတော့ အမြဲလိုက်ပိတ်ပင်ပြီးဖျက်ဆီးကြတယ်...
ကိုယ့်အသက် ၁၆နှစ်လောက်မှာ အိမ်ကအပြီးအပိုင်ထွက်ခွာပြီး ကိုယ်ဝါသနာပါတာကိုလုပ်ခွင့်ရတော့ စိတ်ချမ်းသာတယ်..
ဒါတောင် ကျနော် ကနေတဲ့ သတင်းကြားရာထိလိုက်ပြီး
ဇာတ်ဆရာတွေကိုဖြားယောင်းသွေးဆောင်မှုနဲ့ အမြဲ အမှုဖွင့် ပြဿနာရှာတော့၊ အောင်မြင်မှုကို နံပါတ်၁ တန်းထိတက်ဘို့ ခက်ခဲခဲ့တယ်။။
သားလေး...ကံကောင်းပါတယ်ဗျာ...နောက်ဘ၀ဆိုတာရှိခဲ့ ရင်တောင် ဒီလိုမိဘတွေဆီမှာ လူဖြစ်ချင်မိပါတယ်...။

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

သားသားအကြောင်း Comment တွေ တစ်ခေါက် ထပ်လာဖတ်ပါတယ်...
ဘလော့ဂ်လေးကို အလှဆင်ထားတာ လှတယ်ဗျို့..။

sonata-cantata said...

အိမ်ကနှစ်ယောက်လည်း ဘာလုပ်မယ် ဆိုတာ စုံတကာစိအောင် ပေါက်ကရတွေ ပြောတတ်လွန်းလို့ ကော်မန့်ထဲတောင် ထုတ်မရေးရဲဘူး တန်ခူးရေ...ရယ်လည်းရယ်ရတယ်။

Kay said...

ဟုတ်တယ် မတန်ခူး- အာရှသားမိဘတွေမှာ အရိုးစွဲနေတဲ့.. အဲဒီ ဆန္ဒ က.. ရှိနေသေးတာပဲ။ ဒါကလဲ မဆန်းပါဘူးလေ။
လူတော်တော်များများမှာလဲ..ကိုယ်ဘာကို ၀ါသနာပါ ခုံမင်တယ်ဆိုတာ..၃၀ လောက်မှ တွေ့တတ်ကြတော့.. အတန်းပညာတွေ တက္ကသိုလ်တွေ တက်ပြီးရင်တောင်..ယောင်တောင်တောင်ဖြစ်နေတတ်သေးတာပဲ။
အခုခေတ်မှာ ပိုကျယ်ပြန့်လာတာက.. multidisciplinary ဖြစ်လာပီမို့..ငါ ဒါကြီးနဲ့ ဘွဲ့ရထားလို့..ဟိုဟာတော့မဖြစ်နိုင်တော့ဘူးဆိုတာ မျိုးလဲ နဲပါးလာတာ ကောင်းတဲ့ အချက်ပဲ။

တန်ခူး said...

အမှန်ပါပဲ သွန်းသွန်းရေ… ခုနောက်ပိုင်း မိဘတော်တော်များများ အဲဒီလို ခံယူလာတာ ၀မ်းသာစရာပါနော်..လာလည်တာ ကျေးဇူးပါ… နောက်လဲ လာခဲ့ပါဦးနော်…

အတူတူပဲကိုပေါရေ… ဘလော့ထိုင်ရေးဆို တနေကုန်ရေးမယ်… program ရေးဆို မရေးချင်ဘူးလေ…

ဟုတ်ပါတယ်လင်းရေ… ဒီအရွယ်က တနေ့ တမျိုးနီးပါးပြောင်းနေတာလေ…

သူများရွေးပေးတဲ့ လမ်းကြောင်းလိုက်နေရရင် ကိုယ့်ကိုယ်ကို ပါ ယုံကြည်မှုလဲ နဲသွားတယ်နော် ကိုသီဟသစ်ရေ… ကျေးဇူးတင်ပါတယ်… နောင်လဲ လာလည်ပါဦးနော်…

ကိုတောင်ငူပြောသလို ဖြစ်နေရင်ဒုက္ခ… အေးလေ.. သူကမင်းသားဆိုရင်လဲ မင်းသားအမေပေါ့…

မ ရေ… ကျွန်မအချစ်ဆုံးသူငယ်ချင်းဆို ဟိုးငယ်ငယ်ကနေ အထက်တန်းကျောင်းသူအထိ ရုပ်ရှင်မင်းသမီးပဲ လုပ်မယ်ပြောတာ… ခုတော့ ဒီမှာ ကွန်ပြူတာနဲ့ တပင်တိုင်မင်းသမီးဖြစ်နေပြီလေ… သူတို့ ဝါသနာကို ပံ့ပိုးပေးမှ သူတို့ ဘ၀လေးတွေလဲ လမ်းကြောင်းမှန်မလားလို့ ပါ မ ရယ်…

ဟုတ်တယ်သက်ဝေရေ… အပြစ်ကင်းတဲ့ ဆန္ဒလေးတွေပေါ့နော်… ယူနီဖောင်း သဘောကျတာလဲ ပါမယ်ထင်တယ်…

ဝတ်ဖြူစင်ကြယ်လေးကို သဘောကျလို့  နေမှာပေါ့မွန်ရေ…

မောင်မျိုးရေ… Ben 10 ဖြစ်လိုက် cook ဖြစ်လိုက်ပဲ… သူတကယ်ချက်တတ်လို့ ကတော့ မောင်မျိုးကို ဒီအလည်ခေါ်ပြီး ကျွေးမယ်စိတ်ချ…

ပေါက်ရေ… သူ့ အတွက် အကျိုးရှိမယ်ဆို ကိုယ်အသုံးချွေတာပြီး ပေးတက်လိုက်ပါညီမရေ…

ကမ္ဘာကျော်ချင်တဲ့ စိတ်ဓါတ်လေးက ရည်ရွယ်ချက်မြင့်မားတာပေါ့ မ ရေ… ဟုတ်တယ်နော်… ငြိမ်တဲ့အထိတော့ စောင့်ကြည့်ရမှာပဲ…

ဟုတ်ပါ့မီယာရယ်… ခံစားချက်တွေတူနေပြီနော်…

နုရေ… အမကတော့ ကိုယ့်တုန်းက အတော်ပူပင်ခဲ့ရလို့  သားကို သိပ်အမြင့်ကြီး မမှန်းဘူးညီမရယ်… မိဘဆိုတဲ့ သဘာဝအတိုင်း ကိုယ့်သားသမီးကို အမြင့်ဆုံးတော့ ဖြစ်စေချင်ပေမယ့် သူ့ အပေါ်တာဝန်ကြီး ပိမှာလဲစိုးမိတယ်… လမ်းညွှန်မြေတောင်မြှောက်ပေးရမှာပေါ့ညီမရယ်…

ချိုသင်းက ချစ်စရာလေးမို့  ကလေးသရုပ်ဆောင်လေးဆို ချစ်ဖို့ ကောင်းမှာပဲ… အမငယ်ငယ်က သတင်းထောက်လုပ်ချင်သလိုပေါ့…

ဒုက္ခရောက်သူတွေကို ကယ်တင်ချင်တဲ့ စိတ်အခြေခံမို့  ကောင်းပါတယ် Htay ရေ…

ကိုဇနိရေ… လမ်းပြအယောင်ပြဖို့  နည်းလမ်းတွေ ခုကတည်းက စဉ်းစားမိတယ်…

အမှန်ပဲ ကိုZTရေ… ခေတ်ကြီးက ပြောင်းလာပြီနော်… စကားမစပ် ဖူးနုသစ်ဆိုတဲ့ နာမည်လေးက စိတ်ကိုကြည်လင် လန်းဆန်းစေတယ်… အေးအေးဆေးဆေး လာခဲ့ပါဦးမယ်… ကျွန်မဆီလဲ မကြာမကြာလာဖို့  ဖိတ်ခေါ်ပါတယ်…

မ ရေ… အင်း… သားကို တဦးတည်းသောသားလေး မဖြစ်စေချင်ပါဘူး မ ရယ်… ဒါပေမယ့် မရဲ့ ညီမက အသက်ကြီးပြီ မ ရဲ့…

ကိုDaywalkerရေ… ဟုတ်တယ်နော်… ကျွန်မတို့ ငယ်ငယ်က ၀ါသနာပါတာ တော်တော်များများကို တားမြစ်ခြင်းခံခဲ့ရတယ်… ခုလိုလာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့  ဖိတ်ပါရစေ…

မောင်မျိုးရေ… ဆရာကောင်းတွေ ရှိတယ်လေ…

ရွာသားလေးက ကံကောင်းတာပေါ့နော်… အင်း… မမမေငြိမ်းကို ဖြေသလိုပဲ… ရွာသားလေးအမက အသက်မခေတော့ဘူးလေ…

ကိုသစ်နက်ဆူးရေ… ၀ါသနာကို အပိတ်ပင်ခံရတဲ့ ဘ၀ကို ကိုယ်ချင်းစာမိပါတယ်… အခက်အခဲတွေကြားက ကိုယ့်ဝါသနာကို စွဲစွဲမြဲမြဲလုပ်တဲ့ ကိုသစ်နက်ဆူး စိတ်ဓါတ်ကို လေးစားမိပါတယ်…

သက်ဝေရေ… ဒီလိုပဲ ဟိုမေးဒီစမ်းနဲ့ … အဲဒီဘက်အချိန်ပေးလို့  အိမ်ကလူက စူပုတ်ပုတ်…

ဘာပဲဖြစ်ဖြစ် ထက်မြက်တဲ့ဖေဖေနဲ့ မေမေရဲ့ သားလေးတွေမို့  ထက်မြက်မယ်ဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး မ ရယ်…

ဟုတ်တယ်ကေရေ… ပြီးတော့ ခုခေတ်ကလေးတွေက ပိုရဲလာကြတယ်… ဒီနယ်ပယ်ကနေ ဟိုနယ်ပယ်ကို ပြောင်းရဲတဲ့ သတ္တိတွေပိုရှိလာတယ်… အမထက်ငယ်တဲ့ လုပ်ဖော်ကိုက်ဖက် တယောက်ဆို အရင် ကွန်ပြူတာကနေ ခုတော့စာရင်းကိုင်ဖြစ်သွားပြီ… ကိုယ်ဆို လုပ်ရဲမှာ မဟုတ်ဘူးလေ….