Tuesday, March 17, 2009

ငယ်ငယ်ကနွေ

ညီမလေးပေါက်က သူ့ သမီးချောလေးအကြောင်းရေးတဲ့ပို့ စ်လေးမှာ ငယ်ငယ်က နွေရာသီကျောင်းပိတ်ရင် ဘယ်လို အချိန်ကုန်သလဲတဲ့။ ပေါက်ဆီမှာ ကော်မန့် ဝင်ရေးရင်း နွေကျောင်းပိတ်ရက်အကြောင်းလေး ပို့ စ် တခုရေးဦးမယ်လို့  စိတ်ကူးပေါက်သွားပါတယ်။

ဘာကြောင့်မှန်းမသိ။ ငယ်ကတည်းက နွေရောက်ရင် ပျော်တယ်။ ကျောင်းပိတ်တာ တခုထဲကြောင့်တော့ မဟုတ်။ ကဗျာဆန်ဆန် ပြောရရင်တော့ နွေလေရူးလေးကိုလဲချစ်တယ်၊ ပရစ်ဖူးလေးတွေလဲချစ်တယ်။ နွေမှာပဲ မွေးလို့  နွေကိုပဲ သိပ်သံယောဇဉ်ကြီးနေမိလားမသိ။ ပူပူလောင်လောင် ရာသီဥတုကြီးတောင် နှစ်သက်မိနေတော့တာ။ နွေမှာ ပွင့်တဲ့ပန်းလေးတွေ ဆိုလဲ အရမ်းကြိုက်။ ဒီမှာ ငု၊ပိတောက်၊ ကံ့ကော်တွေ ပွင့်တာတွေ့ ရင် အိမ်သိပ်ပြန်ချင်တာပဲ။ မိုးစိုစိုစွတ်စွတ်ကြီးနဲ့  နွေပန်းတွေပွင့်နေတဲ့ ဒီနိုင်ငံမှာ နွေမှ မပီပြင်ပဲ။

ငယ်က ဒီနေ့  စာမေးပွဲပြီးလို့  ကျောင်းပိတ်တာနဲ့  အဲဒီညနေကစ ဆော့တော့တာပဲ။ ဆော့လွန်းလို့  ဦးလေးတွေတင်နင်းတဲ့ စက်ဘီးကြားထဲ ခြေထောက်ညပ်ခဲ့တာလဲ ဒီနွေမှာပဲ။ သစ်ပင်ပေါ်တက် တလုံမကျည်းသီးခူးလို့  အဆင်း ခွေးကိုက်ခံရတာလဲ ဒီနွေမှာပဲ။ ၆နှစ်သမီးနဲ့  အဖော်ကောင်းလို့  မုန့် ဖိုးရတဲ့ တမတ်နဲ့  ပထမဆုံးရုပ်ရှင်ခိုးကြည့်ခဲ့လို့  အဖိုးရဲ့ ချယ်ရီသား ဒုတ်ကောက်စာစားခဲ့ရတာလဲ ဒီနွေမှာပဲ။ ကြက်တောင်အရိုက်ကောင်းလို့  အောက်က ခွေးကိုမမြင် ချော်လဲပြီး လက်ကျိုးခဲ့တာလဲ ဒီနွေမှာပဲ။ ဟဲဟဲ… ဒီလောက်ဆို ဘယ်လောက် အဆော့သန်လဲ ဆိုတာ ရိပ်မိလောက်ပါပြီ။

မနက်မိုးလင်းက မိုးချုပ် ကစားနည်းပေါင်းစုံနဲ့  ကစားခဲ့တာ ထမင်းတောင် ခပ်မေ့မေ့။ သေချာမ၀ါးပဲ ထမင်းမြန်မြန်ကုန်မှ ဆက်ကစားရမှာမို့  မြန်မြန်စားခဲ့တာ။ ရေဆိုလဲ ပြီးစလွယ်ချိုး။ မနက်နေအေးချိန် အဖော်တွေ မနိုးသေးရင် အိမ်ခေါင်မိုးပေါ်တက် တယောက်ထဲ စာသင်တိုင်းကစားပါတယ်။ ကားဂိုဒေါင်အထက်က ခေါင်မိုးက အပြန့် ဖြစ်ပြီး အိမ်မကြီးထပ်ခိုးက အပေါက်လေးက ထွက်လိုက်ရင် ခေါင်မိုးပေါ်တန်းရောက်တာမို့  ကစားလို့ သိပ်ကောင်းတဲ့ နေရာပါ။ အိမ်မကြီးနံရံက ကျောက်သင်ပုန်းဖြစ်၊ သရက်ဖူးတွေက တပည့်။ စာမရကောင်းလားဆို သရက်ဖူးတွေ ကြိမ်လုံးနဲ့  ရိုက်ပစ်လို့  အမေသိရင် အရိုက်ခံရပါတယ်။ မချစ်စုမျိုးသရက်တွေမို့  ကြီးလာရင် အပင်ပေါ်ကမခူးပဲ ဆားဗူးလေး အနားမှာထား ဒီတိုင်းစားတာလဲ ကိုယ်ပါပဲ။

အဲဒီသရက်ပင်က သရက်ကင်းလေးတွေ ကြွေချိန်ဆို ခြေတံရှည်အိမ်အောက်က ဂုံနီအိတ်ကာထားတဲ့ ကစားစရာ သရက်သီးရောင်းတဲ့ဆိုင်က ကိုယ့်ဆိုင်ပါ။ သရက်ပင် ၅ပင်ရှိတဲ့ အိမ်မို့  သရက်ကင်းတွေက ပေါမှပေါ။ သရက်ကင်းလေးတွေကို ဆိုက်စုံ ခင်းကျင်း ထားတာ မြင်ရသူဝယ်ချင်စရာပါ။ ဒါကြောင့်လဲ ဆိုင်က အမြဲလူစည်ပြီး ညနေဆိုင်သိမ်းချိန်ဆို ထီလက်မှတ်တွေ၊ ကြွေပန်းကန်စေ့တွေနဲ့  ပိုက်ဆံတွေ မနိုင်မနင်း။ ရှေ့ က သရက်သီးက တဖက်ရောင်းရင်း နောက်ကလဲ အိုးပုတ်တမ်း ချက်ရပြုတ်ရ ပါသေးတယ်။ ကိုယ့်ဆီ သူငယ်ချင်းတွေက လာဝယ်တော့ သူတို့ ရောင်းတဲ့ သဲကို စကာစိတ်စိတ်လေးနဲ့ စစ်ထားတဲ့ ဆန်၊ ဗူးရွက်ခြောက်တွေကို ရေနဲ့ ဖျော်ထားတဲ့ ငံပြာရည်၊ ပိတောက်ရွက်(သို့ ) ခေါင်ရမ်းရွက်ကို ရေနဲ့ ဖျော်လို့  ခပ်ချွဲချွဲဖြစ်နေတဲ့ ဆီ၊ ငှက်ပျော်ခွံကို ခြစ်နဲ့ ခြစ်ထားတဲ့ ငါးဖယ်ခြစ်လေးဝယ် အိမ်မှာ ဟင်းတွေချက်ပေါ့။

ရေချိုးပြီးရင် ကြီးကြီးက သဲတွေ၊ ရွံ့ တွေနဲ့  အိုးပုတ်တမ်း မဆော့ခိုင်းတော့ပါဘူး။ အ၀တ်ဖြူဖြူလေးပေါ်မျက်လုံးလေးတွေ၊ ပါးစပ်လေးတွေ တပ်ထားတဲ့ အရုပ်လေးကို စက်ချူပ်ဆိုင်က တောင်းလာတဲ့ အစပြတ်လေးတွေနဲ့  ချုပ်ထားတဲ့ အကျီင်္လေးတွေ ၀တ်ပေးရင်း အရုပ်တိုင်းဆော့ချင်ဆော့။ ဒါမှမဟုတ် ကတ်ထူပြားပေါ်မှာ လှလှလေးဆွဲထားတဲ့ အရုပ်လေးတွေကို အကျီင်္ဒီဇိုင်းလှလှလေးတွေ ချုပ်ပေးတိုင်းဆော့ချင်ဆော့ပေါ့။ သူတို့ အတွက် ခေါင်းအုံးလေးတွေ၊ မွှေ့ ရာလေးတွေ ချုပ်ပေးတတ်တဲ့ သူငယ်ချင်းအမဆို မုန့် တွေပေးပြီး သွားသွားမျက်နှာလုပ်ရတာ။

ညနေစာစားပြီးတဲ့အခါ အိမ်ရှေ့ မှာ အဖော်တသင်းက အဆင်သင့် ရောက်ပြီ။ သွေးလေးပူသွားအောင် “ဒီ” နဲ့  စကြမလား၊ ခို လား၊ ကုန်းလားရေလား နဲ့ စမလား၊ ကျောက်ရုပ်ကျောက်ပြတ်လား။ နဲနဲလေး သွေးပူလာ၊ လူစုံလာရင် ထုတ်ဆီးတိုးဖို့  ပြင်ကြရော။ ထုတ်ဆီးတိုးကလဲ အရှိန်ရလေ တိုးလို့ ကောင်းလေ။ ငြင်းသံတွေနဲ့  လမ်းထဲမှာ စည်စည်ကားကား။ ညနဲနဲမှောင်လာရင် ဗူးသီးခိုးတိုင်း၊ ရုပ်ရှင်ဖွက်တိုင်းပြောင်းဆော့။ အိမ်က အိပ်ဖို့  မခေါ်မချင်းပေါ့။ မောလာရင် ၀ိုင်းထိုင်ကြပြီး သရဲကြောင်းပြောတိုင်း ကစားကြတာ။ တနေ့ လုံး အဆော့လွန်လို့ လား၊ သရဲကြောင်းကြောင့်လားမသိ ညကျတော့ တော်တော်နဲ့ အိပ်မပျော်၊ အိမ်သာတောင် မသွားရဲ။

ရန်ကုန်မှာ ဆော့လို့ မှ အားမရသေး၊ အညာကို ပြန်ရပါပြီ။ အညာရောက်တော့လဲ ဟိုက သူငယ်ချင်းတွေနဲ့  မနားပါဘူး။ စည်းကမ်းကြီးတဲ့ အမေ့အဖေ၊အမေတွေ အိမ်မှာ စဥ့်အိုးပုတ်လေးတွေနဲ့  အိုးပုတ်တမ်းဆော့… ဒါမှမဟုတ် မကျည်းစေ့တောက်တမ်းဆော့။ တ၀မ်းကွဲမောင်နှမတွေ ပေါတဲ့ အဖေ့အဖေ၊အမေတွေ အိမ်မှာတော့ ပြောင်းဆန်အောင် ဆော့တော့တာပါပဲ။ ညဘက်ဆို သစ်ရွက်ခြောက်တွေကို စင်လို အပုံကြီးပုံ ကတိုင်း၊ ခုန်တိုင်း ကစားကြတာပျော်စရာပါ။ ကိုယ်ကတော့ အမြဲမင်းသမီးလုပ်ရမှလေ။ အဖိုးကျက်ခိုင်းထားတဲ့ အလီတွေရလို့ ကတော့ ကြိုက်သလောက်ဆော့။ အဖွားကတော့ ထမင်းလေးတွေကို သေချာနယ်ဖတ်၊ အသားဖတ်သေးသေးလေးတွေကို ပန်းကန်ဘောင်ပေါ်တင်၊ ထမင်းတလုပ်၊ အသားတဖတ် မြေးတွေကို တန်းစီကျွေးတတ်ပါတယ်။ အညာက ပြန်တော့ မျက်ရည်လေး စို့ တို့ တို့ ။

ဒီလိုနဲ့  အိမ်က ရေတွင်းလေးခမ်းသွားတဲ့ နွေက ကုန်ဆုံးသွားပြီး ရေတွင်လေးလဲ ရေပြန်ပြည့်။ ကျောင်းတွေလဲ ပြန်ဖွင့်။ အချိန်ကာလက အမြန်ကုန်ဖို့  ဆုတောင်းလို့  ရသလား မသိတဲ့ အရွယ်မို့  ဘုရားမှာ နောင်နှစ်နွေကျောင်းပိတ်ရက် မြန်မြန်ရောက်ပါစေဘုရားလို့  ဆုတောင်း။ ခုတော့ အဲဒီဖြူဖြူစင်စင် နွေရက်တွေ လွမ်းလွန်းလို့  အချိန်တွေ နောက်ပြန်ဆွဲလိုက်ချင်တာလဲ ကိုယ်ပါပဲ။ နွေနဲ့ ဝေးခဲ့တာ အတော်ကြာပေါ့လေ။

တန်ခူး
3:21pm 17-Mar-2009

22 comments:

ZT said...

ကလေးဘဝတုန်းက ဆော့ခဲ့တာတွေကိုတောင် ပြန်သတိရသွားတယ်။ :)

ရွာသားလေးဝိုင်တီယူ said...

အခုခေတ်ကလေးတွေက မဆော့ကြရတော့ဘူးနော်။ လွယ်အိတ်ပြောင်းလွဲပြီး တစ်ကျောင်းပြီးတစ်ကျောင်း လမ်းမတန်းမှာလည်း မစည်တော့။ ကစားနည်းတွေလည်း မရှိတော့။ တီဗွီဂိမ်း ကွန်ပြူတာဂိမ်း ကိုရီးယားကားတွေနဲ့ အခုတော့.....
အမတန်ခူးက အဲ့လောက်ဆော့ရင် ပေတူးကျန်လေးနေမှာနော် (စသွားတာပါ အတည်ပြောင်သွားတာပါ) :P

P.Ti said...

အမရေးတာ ပီပြင်တယ်... အမလိုပဲ နွေရောက်ရင်ပျော်တယ်... နွေရာသီဆို ဆော့တာ အိပ်ချိန်လောက်အိမ်ပြန်ရောက်တယ်။ တချိန်လုံး ရပ်ကွက်ထဲက လမ်းပေါ်မှာချည်းပဲ... :D

မောင်မျိုး said...

ကိုရွာသားလေး ပြောသလိုပဲ ခုနောက်ပိုင်းနွေတွေက ခလေးတွေ ကျူရှင်ပြေးနေရတာနဲ့ ကုန်နေတာပါပဲ ဆော့ချိန်တောင်သိပ်မရှိ ကျနော်လည်းနွေရောက်ရင်ပျော်တယ် သင်္ကြန်ကတော့ မြန်မာတိုင်းရဲ့စိတ်ကိုလန်းဆန်းစေတယ်ထင်ပါ့ ဒီနှစ်သင်္ကြန်လည်းမပြန်ဖြစ်ဘူး အစ်မရေ့ ။ အစ်မကြီးကသာ ပေတူအောင်ဆော့ပေမယ့် သားသားကျတော့ ဘာလို့ငြိမ်၂လေး ပန်းချီတွေထိုင်ဆွဲနေပါလိမ့် အဖေတူလို့ဖြစ်မယ်း)

tg.nwai said...

တန်ခူးရေးတဲ့ နွေက တကယ်ပဲ တို့တွေ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေကို ပြန်လွမ်းသွားလိုက်တာ...။

ကိုယ့်ကလေးတွေကျတော့ သဲမကိုင်နဲ့ မြေကြီးနဲ့ ရေတွေနဲ့ ဘာလို့ ညစ်ညစ်ပတ်ပတ်တွေ ဆော့နေတာလဲ.. သန်တွေ ထ တော့မှာပဲ..အပူရှပ်တော့မှာပဲ..လာလာ..
အထဲဝင်..တီဗွီလေးကြည့်နေပါလား..ကွန်ပျူတာကိုင်ပါလား..
နောက်နှစ်အတွက် စာတွေ ပြင်ဆင်တော့လေ..ဘာဘာညာညာတွေ..

အင်း..မတရားဘူးနော်...ကိုယ်တွေတုန်းကျတော့ ကလေးဘ၀ရဲ့ အရသာကို ကောင်းကောင်းခံစားခဲ့ပြီးတော့..။

Moe Cho Thinn said...

အမှန်ပဲ မတန်ခူးရေ နွေကို ကလေးတိုင်း မျှော်တယ်။ ကေ တခါက ပြောတာ အမှတ်ရမိတယ်။ ချိုသင်းတို့ ကလေးဘ၀တုန်းက မြေကြီးနဲ့ အတော်နီးစပ်သေးတယ် တဲ့။ အိမ်ထဲမှာချည်း ကျောင်းစာနဲ့ ကွန်ပျူတာနဲ့သာ အချိန်ကုန်ရရှာတဲ့ ခုခေတ်ကလေးတွေကို သနားမိတယ်။

မဇနိ said...

အမတန်ခူးက ကစားနည်းတွေကို စုံနေတာပါ့လား။ နွေရာသီကျောင်းပိတ်ချိန်တွေကို သတိရမိသွားတယ်။ အဝတ်စနဲ့ အရုပ်မလေးတွေ နိနိမှာ အများကြီးရှိတယ်။ သေတ္တာပေါက်စလေးနဲ့ သိမ်းထားတာ။ ခုတော့ မရှိလောက်တော့ပါဘူး။ ဆံပင်တွေဆို အရှည်ကြီးတွေ။ နှုတ်ခမ်းနီဖြစ်အောင် ချည်အနီလေးနဲ့ လုပ်ထားတာ။ ကလေးဘဝ နွေကိုတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး အမရယ်။

PAUK said...

မတန်ခူးရေ....
ချန်းချန်းတို့ သနားဖို့ကောင်းတယ်..
ကစားစရာမရှိဘူး..
တစ်နေ့ တစ်နေ့ အိမ်နဲ့ ကောင်းနဲ့ ကျူရှင်နဲ့ ပဲ
ပြီးနေရတယ်..
ဒီတစ်ခေါက် ပြန်တုန်းက သူမြန်မာမှာပဲ နေခဲ့ချင်တယ်တဲ့
မြန်မာမှာပဲ ပျော်တယ်တဲ့...

ngapiy said...

ကျွန်တော် ကို ၁၉၉၀ မှ မွေး တာ ပါ။ ဒါပေမဲ့ ကစားနည်း တွေ က အတူတူ ပဲ ။ တောမှာ မို့ လား တော့ မသိဘူး ။
ငယ်ငယ် က ကစား ခဲ့ တာတွေ ကို တောင် ပြန် သတိရ သွား တယ် ။ :)

khin oo may said...

သတိရသွားသည်။

မီယာ said...

ငယ်ငယ်က ကစား အချိန်ဇယား အတိုင်းပါပဲလား... မိုးလင်းက မိုးချုပ်ဆော့တယ် လို့ အဆူခံခဲ့ရတာပေါ့... အရုပ်ကလေးတွေ နဲ့ ဆော့ချင်စိတ်က မကုန်သေးဘူးရယ်... တူမလေးကို အကြောင်းပြပြီး အရုပ်တွေ ၀ယ်ရတာလည်း အရသာတခု အမရေ...

Maydarwii said...

မခိုင်ရဲ့ ငယ်ငယ်ကနွေကို ဖတ်ပြီး မေလဲ ငယ်ငယ်က နွေကို လွမ်းမိတယ်။
အချိန်တွေပြောင်း ... လူတွေသာ ပြောင်းသွားတယ် ... နွေကတော့ အချိန်မှန်လာဆဲ ... အရင်လို ပူနေဆဲပဲနော် ... ။
မခိုင်ရဲ့ နွေသရုပ်ဖော်လေးက ပျော်စရာ ... ချစ်စရာ ... လွမ်းစရာလေး ... ။

ပုံရိပ် / Pon Yate said...

ပုံရိပ်လည်း ငယ်ငယ်က ပုံပြောတမ်းဆော့တယ်။ သရဲအကြောင်းလည်း ပြောကြတယ်။ အစ်မငယ်ဘ၀က ပျော်စရာကြီး။
ဒါနဲ့ ရေးပြီးပြီ အစ်မရေ။ ကြာသွားတာ စိတ်မရှိပါနဲ့ နော်။

nu-san said...

မမရဲ့ နွေအကြောင်းဖတ်လိုက်ရတာ ရင်ထဲမှာ လွမ်းပြီး ကျန်ခဲ့တယ်.. ဟင်းချက်တမ်း ဈေးရောင်းတမ်း ကစားခဲ့တာလည်း အမှတ်ရတယ်.. တူတူပုန်းတမ်းလည်း ကစားတယ်.. ပြီးတော့ ညဘက်ဆို အိမ်ထဲမှာ ရုပ်ရှင်ဖွက်တမ်း ဇယ်တောက်တမ်း လည်း ကစားတယ်.. နွေရောက်ပြီဆို သရက်သီး မရမ်းသီးပေါ်ချိန်ဆိုတော့ အဲဒါတွေ ငံပြာရည်နဲ့ နယ်စားရတာ အရသာတစ်ခုပဲ... ပြောရင်းနဲ့တောင် ရန်ကုန်ပြန်ချင်လာပြီး အမရေ.. :)

သက်ဝေ said...

ကိုယ်ငယ်ငယ်က မောင်နှမ နဲလို့လားတော့ မသိဘူး၊ တန်ခူးတို့လောက်တော့ မဆော့ခဲ့ရတာ အမှန်ပဲ...
သို့သော်လည်း တန်ခူးရဲ့နွေကို ဖတ်ရတော့ နဂိုထဲက အိမ်ပြန်ချင်နေသူမို့ ထင်ပါရဲ့... လွမ်းနေမိတယ်...။

အောင်ရင်ဆိုထားတဲ့ သီချင်းလေးထဲကလိုပေါ့..
နွေ... အလွမ်းမီးကို... တောက်လောင်မြိုက်စေ... တဲ့...။

TNS said...

မတန်ခူး..
တကယ့်နွေပါဘဲ...
ဖတ်နေရင်း လွမ်းဟိုက်ဟိုက်ကြီး ဖြစ်လာတယ်...
လွမ်းတယ်ဗျာ..။
လူ၅ယောက်ဖက်စာလောက်ရှိတဲ့  လက်ပံပင် အမြစ်ဆုံကြီးတွေ ကြားမှာ..
အားငယ်မှု အထီးကျန်မှုတွေနဲ့ နေခဲ့ ရတဲ့ နေ့ တွေကိုပါ ပြန်လွမ်းသွားပါတယ်..။
ဒိလောက်အဆော့သန်တဲ့ သူငယ်ချင်းနဲ့ ဆိုရင် နဲနဲတော့ လန်းမယ်ထင်တယ်...။

ကောင်းကင်ကို said...

အစ်မ ငယ်ငယ်က လည်း အဆော့သန်သကိုး

sonata-cantata said...

နွေကိုလည်း နွေမို့ ချစ်ရ၊ မိုးကိုလည်း ချစ်ပါတယ်၊ ဆောင်းကျတော့လည်း တမျိုးလေးပေါ့ ..ချစ်တာပါပဲ...(ကိုယ်တို့ ဆီမှာပေါ့လေ) ဒီမှာလည်း နေပူတော့ အ၀တ်ခြောက်လို့ ကောင်းပါတယ်။ မိုးရွာတော့လည်း အေးတာပေါ့လေ။
(ဒီအမကြီး မဆီမဆိုင်တွေ ရေးနေတာ ခွင့်လွှတ်ပေးပါနော်)

မောင်မျိုး said...

ကျနော် Tag ထားတယ်ဗျ အစ်မကြီးး)

ခရောင်းလမ်း said...

ကန့်ကော်နဲ့လေးလာရှုသွားတယ်နော်။ မွေးမှမွေးပဲ

Rita said...

childhood ကို သတိရလိုက်တာ!
ကျွန်မလဲ နွေမှာမွေးတာပဲ။ ပြီးတော့ အောက်ပြည်နဲ့ အညာ တလှည့်စီကြီးလာတာပဲ။ ဆော့တဲ့ကစားနည်းတွေလဲ တူတူပဲ။ ဈေးရောင်းတမ်း၊ အိုးပုတ်နဲ့ ဟင်းချက်တမ်း (ငယ်ငယ်တုန်းကတော့ ထမင်းဟင်း သိပ်ချက်တာပဲ)၊ အ၀တ်နဲ့လုပ်တဲ့ အရုပ်မတမ်း။ နွေမှာ ရနံ့တမျိုးရှိတယ် လို့ထင်တယ် (မြန်မာပြည်မှာ ပြောတာပါ)

木須炒餅Jerry said...

That's actually really cool!AV,無碼,a片免費看,自拍貼圖,伊莉,微風論壇,成人聊天室,成人電影,成人文學,成人貼圖區,成人網站,一葉情貼圖片區,色情漫畫,言情小說,情色論壇,臺灣情色網,色情影片,色情,成人影城,080視訊聊天室,a片,A漫,h漫,麗的色遊戲,同志色教館,AV女優,SEX,咆哮小老鼠,85cc免費影片,正妹牆,ut聊天室,豆豆聊天室,聊天室,情色小說,aio,成人,微風成人,做愛,成人貼圖,18成人,嘟嘟成人網,aio交友愛情館,情色文學,色情小說,色情網站,情色,A片下載,嘟嘟情人色網,成人影片,成人圖片,成人文章,成人小說,成人漫畫,視訊聊天室,性愛,做愛,成人遊戲,免費成人影片,成人光碟