Monday, March 9, 2009

ဖျာလိပ်နတ်

ငယ်ငယ်က မိန်းခလေးတွေ ဆုံကြပြီလားဆိုရင် ဖျာလိပ်နတ်မေးဖို့  ကြံတာပဲ။ အိမ်မှာ လူကြီးတွေ မရှိတဲ့အချိန် အရွယ်မတိမ်းမယိမ်း မိန်းခလေးတွေလဲ များနေပြီဆို ကျွန်မကြီးကြီးက ဖျာလိပ်နတ်မေးကြမလားဟေ့လို့  အဖော်စပ်လိုက် အားလုံးက သဘောမတူတဲ့သူ မရှိ။ ကြီးကြီးကလဲ လူကြီးတွေ ပြန်မလာခင် ကဗျာကရာ ဖျာလေးကို သပ်သပ်ရပ်ရပ်လေးလိပ်၊ သူ့ ပစ္စည်းကိရိယာတွေနဲ့  ဖျာလိပ်နတ်လှလှလေး ဖြစ်အောင် လုပ်တော့တာပဲ။ ဒီဇင်ဘာကာချယ်တံနဲ့  ပုံဖော်ထားတဲ့ မျက်ခုံးကွေးကွေးလေး မျက်လုံးဝိုင်းဝိုင်းလေး… မျက်တောင် ထူထူလေးတွေတောင် ပါလိုက်သေး။ နှုတ်ခမ်းနီလေး မခို့ တရို့ ဆိုးလို့ ။ ဖျာလိပ်ပေါ်မှာ သူ့ ဆံပင်တုတွေထဲက လှပေ့ဆိုတဲ့ ဆံပင်တုလေး တခုတင်။ အက်ီၤက်ေတာ့ ေမေမ့အက်ီၤ (သို ့) ကြ်န္မအက်ီၤနဲ ့ လုံချည်လေး ၀တ်ပေး။ ဖျာလိပ်နတ်ချောချောလေး ဖြစ်ရော။ ကျွန်မထင်တယ်… ကျွန်မတို့ ဖျာလိပ်နတ်က ကြီးကြီးရဲ့ အပြင်အဆင်ကောင်းမှုကြောင့် ကွင်းပဲဖြစ်လိမ့်မယ်။

အဓိကက ဖျာလိပ်နတ်မေးရင် အနားမှာ ယောင်္ကျားလေး မရှိရဘူး။ တကယ်လို့ များ မေးနေတုန်း ယောင်္ကျားလေးသံကြားရင် ယောင်္ကျားလေး တယောက်ယောက်များ ၀င်လာရင် ဖျာလိပ်နတ်က စိတ်ဆိုးပြီး ထွက်သွားရောတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ သူ့ စည်းမျဉ်းတော့ လိုက်နာလိုက်တာပဲ။ တခါက မေးနေတုန်းတန်းလန်းကြီး ကျွန်မမောင်လေးက ဟိုဘက်ခန်းက ချောင်းကြည့်လို့ ဆို ဖျာလိပ်နတ် စိတ်ဆိုးသွားဖူးတယ်။ စိတ်ဆိုးတာ ဘယ်လိုလဲဆိုတော့ ဟိုယမ်းဒီယမ်း မယမ်းတော့ပဲ ရပ်သွားတာ။ သူ့ အလိုလို ထွက်သွားတာပေါ့။ ကြီးကြီးကတော့ ဟိုရွတ်ဒီရွတ်နဲ့ တောင်းပန်။ မောင်လေးက ရယ်လိုက်တာ အူတွေတက်နေရော။ အဲဒါ ကြီးကြီး စိတ်ဆိုးပြီး ရပ်လိုက်တာ.. ဖျာလိပ်နတ်ရပ်တာ မဟုတ်ဘူးတဲ့။

တခါတုန်းကတော့ မေးနေတုန်း တန်းလန်းကြီး ဖေဖေတို့  မေမေတို့ ပြန်လာလို့  အတင်းရပ်ပစ်လိုက်ရတာ။ အဲဒီတုန်းက ဖျာလိပ်နတ်က မထွက်ဘူးတဲ့။ ကြီးကြီးက ပြန်ကြွပါ… ပြန်ကြွပါနဲ့  အတင်းပြန်လွတ်… ကျွန်မကတော့ ဖေဖေဆူမှာစိုးလို့  မြန်မြန်ပြန်ထွက်စေချင်နေတာ.. နောက်ဆုံး… ဆံပင်ဖြုတ် ဆံပင်ဖြုတ်ဆို ကြီးကြီးပြောတော့ ဆံပင်ကြီး ၀ိုင်းဖြုတ်ကြရော။ အဲဒီမှပဲ ရပ်တော့တယ်။ မောင်လေးကတော့ ထုံးစံအတိုင်း ကြီးကြီးရပ်တာတဲ့။

ကျွန်မတို့ က ပျော်စရာကောင်းလို့  မေးသာမေးချင်တာ မပင့်တတ်ဘူး။ ရယ်ဒီဖြစ်သွားတဲ့ ဖျာလိပ်နတ်ကို အားလုံးလက်ပေါ်မှာတင်ပြီး ကြီးကြီးက ပင့်။ ခဏကြာတော့ ယိမ်းလာရော။ တကယ်ပဲ နတ်ဝင်လို့  ယိမ်းထာလား ကျွန်မတို့  စိတ်တွေကြောင့် လက်တွေပဲ မငြိမ်လို့  ယိမ်းတာလား။ ဘာပဲဖြစ်ဖြစ် ယိမ်းနေတာတွေ့ တော့ စိတ်တော့ အလှုပ်ရှားသား။ မေးခွန်းတွေကတော့ စုံနေတာပဲ။ စာမေးပွဲမှာ ဂုဏ်ထူးပါသလောက် အရေအတွက် ယိမ်းပြပါဆို ယိမ်းတယ်။ roll ကောင်းရင် ဘယ်နှစ်ချက်ယိမ်းပါ။ ကျွန်မ ဒီနေ့ ထက်ထိ မှတ်မိနေတာ RITကသူငယ်ချင်းတွေနဲ့  မေးတဲ့အခေါက်ပဲ။ အဲဒီတုန်းက ကျွန်မတို့ သူငယ်ချင်းလေးယောက်အပြင် အရမ်းအေးတဲ့ နောက်သူငယ်ချင်းနှစ်ယောက်လဲ ပါတယ်။ ဒီအုပ်စုထဲက အရင်အိမ်ထောင်ကျမယ့်သူကို အစဉ်လိုက် ယိမ်းပြပါလို့  ကျွန်မတို့ က မေးကြတယ်။ အရမ်းအေးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲမှာမှ ပိုအေးတဲ့ သူငယ်ချင်းက ပထမဆုံးအိမ်ထောင်ကျမယ်ဆိုတော့ ကျွန်မတို့  အတော်အံ့သြသွားကြတယ်။ အဲဒီသူငယ်ချင်းလေးကလဲ ရှက်လို့ ပေါ့။ ကျောင်းပြီးတော့ အဲဒီသူငယ်ချင်းလေးက တကယ်ကို အရင်ဆုံးအိမ်ထောင်ကျသွားခဲ့ပါတယ်။ ဘယ်လောက် ရယ်စရာကောင်းတဲ့ တိုက်ဆိုင်မှုလဲနော်။ ခုဆို သားသမီး ၃ ယောက်နဲ့  အိမ်ရှင်မကြီးလုံးလုံးဖြစ်နေတဲ့ သူငယ်ချင်းလေးအကြောင်းကြားမိတိုင်း ဖျာလိပ်နတ်မေးတာ သွားသွား သတိရမိပါတယ်။

ကျွန်မအဖေက ဗေဒင်မေးတာ၊ နတ်မေးတာ လုံးဝမကြိုက်ဘူး။ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်အောင်နေလို့  အရမ်းသတိပေးတယ်။ ကျွန်မအဖေနဲ့ အမေ အိမ်ထောင်ကျပြီး ရန်ကုန်မှာ နေတော့ အိမ်နီးနားချင်းတွေက နတ်အုန်းဆွဲခိုင်းတယ်။ ကျွန်မအဖေက အိမ်မှာ ဘုရားစင်ကလွဲရင် ဘာမှမထားဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းက ဖေဖေ ပြောတာ သိပ်နားမလည်သေးတော့ အကုန်ခိုးလုပ်တာ။ ဖျာလိပ်နတ်မေး.. ခဲတံနတ်မေး… အကြားအမြင် ၃ခွန်းမေး… ကာလီမယ်တော်… ကွိုင်ရင်မယ်တော်… စုံနေတာပဲ။ ကျွန်မအိမ်ထောင်ကျတော့ အမျိုးသားကလဲ ဖေဖေ့အတိုင်း။ ဒီရောက်ခါစက တခုခုဆို ကွိုင်ရင်မယ်တော်ဆီ စာသွားသွားချတယ်။ သူ့ ကို အဖော်စပ်ရင် ဘယ်တော့မှ မလိုက်လို့  စိတ်ကောက်ရသေးတယ်။ ခုတော့ အသက်နဲနဲလဲရလာတော့ ဖေဖေတို့ လောက်မတွေးတတ်တောင် နဲနဲတော့ သဘောပေါက်လာတယ်။ သိပ်မလုပ်ဖြစ်တော့ဘူး။ ဗေဒင်ဆိုလဲ အရင်ကလို အသဲအသန် ယတြာချေတာတွေ ဘာတွေ သိပ်မလုပ်ဖြစ်တော့ဘူး။ စံဇာဏီဘိုတနှစ်စာ စာအုပ်လေးတော့ ဒီနှစ်ဝယ်သေးတယ်။ နောင်နှစ်တော့ မ၀ယ်တော့ဘူးလားလို့ ။ ဘာပဲဖြစ်ဖြစ်လေ… ငယ်ဘ၀က ဖျာလိပ်နတ်မေးတဲ့ အတွေ့ အကြုံလေးတော့ ရုပ်ရှင်ခိုးကြည့်တဲ့ အတွေ့ အကြုံလေးလို ပြန်တွေးမိ ပြန်ပြုံးမိ ပြန်လွမ်းမိတာ အမှန်ပဲ။

တန်ခူး
12:34pm 11-Feb-2009

22 comments:

Moe Cho Thinn said...

မတန်ခူးရေ
ချိုသင်းလဲ ငယ်ငယ်တုန်းက ဖျာလိပ်နတ်မေးကြတာမှာ ၀င်ပါဖူးတယ်။ ကိုယ်က ကလေးဆိုတော့ မေးရမှန်း မသိပါဘူး။ ဖျာဝင်ကိုင်တာပါ။ ပြီးတော့ ကိုယ့်လက်နဲ့ ယိမ်းချင်တဲ့ဖက် ယိမ်းပစ်ခဲ့တာ။ သူတို့က အဟုတ်ထင်လို့။ ပျော်စရာကြီး။

Anonymous said...

အဲ့တာ ကြားဖူးတယ် အစ်မတွေ သွင်းလို့ သူကကြောင်ထီးရှိရင်တောင်မရဘူးတဲ့ နတ်ကလည်း စိတ်ကြီးပါ့း) အိမ်ရှေ့သွားစောင့်ခိုင်းရင် မနေနိုင်လို့ သွားသွားချောင်းတော့ နတ်က တကယ်ကိုမ၀င်တော့ဘူးတဲ့ အဲ့တာနဲ့ အစ်မတွေလည်း ဒီအရှုပ်ထုတ်လေးမရှိမှပဲသွင်းတော့မယ် သူရှိရင် နတ်က၀င်လိုက် ထွက်လိုက်နဲ့ အမောဆို့နေမယ်တဲ့ ဟိဟိ တကယ်လည်းဟုတ်ပဲနဲ့လိုက်ယုံနေတာ သူတို့ရည်းစားအကြောင်းမေတော့ သိချင်တာပေါ့ နော့်ဗျ :P

khin oo may said...

သဘောကျစွာနဲ့ဘဲဖတ်သွား၏. အတွေ့အကြုံမရှိ

သက်ဝေ said...

တန်ခူးရေးတာ ဖတ်ကြည့်ရတာ ပျော်စရာ... ဖျာလိပ်နတ်အကြောင်းကို ငယ်ငယ်က ကြားဖူးသော်လည်း တခါမှ မမေးဖူးပါ။ (နဲနဲလဲကြောက်တတ်သောကြောင့်...)

Anonymous said...

ဟုတ်ပါ့ အမချိုသင်းပြောသလို ယိမ်းချင်တဲ့ဖက် ယိမ်းပစ်ခဲ့တာ။ ရည်းစားများများလိုချင်တဲ့ သူငယ်ချင်းက ဘယ်နှစ်ယောက်ရမှာလဲ အချက်ရေရိုက်ပြပါဆို ဖျာက ယိမ်းချင်ပေမယ့် ညီမက တောင့်တောင့်ကြီး မရိုက်ဘဲ နေခဲ့တာ။ ကလေးဘယ်နှစ်ယောက်ရမှာလဲ မေးတဲ့သူကိုတော့ အချက်တွေ အများကြီးရိုက်ပစ်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးသဘာဝ ပျော်စရာကောင်းတာ အမှန်ပဲနော်။ ဖျာလိပ်နတ်ကိုဝတ်ပေးတဲ့ အကျီင်္ဆို နောက်နေ့ တော်တော်နဲ့ မဝတ်ရဲဘူး။ ကြံဖန်ကြောက်နေတာတွေ။ ဖဲဗေဒင်တော့ ညီမက လုပ်တတ်တယ်။ အိပ်မပျော် သန်းခေါင်ထ ဖဲဗေဒင်မေးနေကြတာ။ ဆင်မြီးလက်စွပ်နတ်လည်း မေးတာပဲ။ ဘယ်နတ်မှ သာသာမနေရဘူး။ အကုန်ပင့်တာ။

JuneOne said...

အဆောင်မှာနေတုန်းကသူငယ်ချင်းတွေစုပြီးမေးခဲ့ဖူးတယ်။

nu-san said...

တစ်ခါလားပဲ မေးဖူးတယ်.. အဆောင်နေတဲ့သူငယ်ချင်းတွေ ဆီ လိုက်လည်ပြီးတော့ မေးတာ အမရ... အဲဒီတုန်းက လူများတော့ ဖျာလိပ်နတ်က ၀င်တုန်းရှိသေးတယ်.. ဟိုလူမေး ဒီလူမေးနဲ့ ကိုယ်က ဘေးကရပ်ကြည့်ပြီး ဘာမှလည်း သေချာ မမေးလိုက်ရပါဘူး အမရယ်.. အမ ရေးထားတာ ဖတ်လိုက်ရတော့ သွားသတိရမိတာ.. :)

Anonymous said...

အမတန်ခူးကလေ တကယ့်အမှတ်ရစရာတွေပဲ။ ကျနော်တို့အိမ်က အနောက်ဖက်အိမ်ကို မိန်းကလေးအဆောင်ထားတယ်လေ။ သူတို့ကဖျာလိပ်နတ်မေး ကျနော်တို့ကလေးတွေက ဒီဘက်အိမ် ၀ရန်တာက ချောင်း...အင်းတစ်ချိန်တုန်းကပေါ့လေ

ကြည် said...

ဖျာလိပ်နတ် ကတော့ မိန်းခလေးတွေကြားမှာ ရေပန်းစားတဲ့ ဂိမ်း(ခုခေတ်စကားနဲ့ပြောတာ) ပေါ့။ သတိရမိပါတယ်...ဟိုတုန်းက အကြောင်းတွေကို။ ဘာမေးလဲဆိုတာ ပြောပြတော့ဘူး။

သစ်နက်ဆူး said...

မတန်ခူး
မတန်ခူးတို့ ဖျာနတ်က ကျနော်တို့ အညာမှာလဲ
ခေတ်စားခဲ့ဘူးတယ်ဗျ...ကြည့်တော့မကြည့်ဘူးပါဘူး..။

မီယာ said...

တခါမှ မလုပ်ဖူးဘူး.. ပြောပြတာ ကျေးဇူးတင်ပါတယ် အမရေ.. မချိုသင်း မန့်တာ ဖတ်ပြီး ရီလိုက်ရတာ.. ဘရုတ်နော်... နောက်တခါ လူစုံလို့ ဖျာလိပ်နတ်မေးရင် သူ့ကို ဖျာကိုင်ခိုင်းလို့ မဖြစ်ဘူး။

Kaung Kin Ko said...

ငယ်ငယ်တုန်းကတော့ မောင်နှမ၀မ်းကွဲတွေနဲ့  ခဲတံနတ်မေးရင်းနဲ့  မီးပျက်သွားလို့ အကုန်လုံး ထွက်ပြေးကြတာ မှတ်မိသေးတယ်။

မေငြိမ်း said...

မတန်ခူးရေ..
ပြောသာပြောရတာနော်.. ဖျာလိပ်နတ်တို့ လက်စွပ်နတ်တို့က ပျော်စရာကောင်းတာတော့ အမှန်ပဲ.. :)

Anonymous said...

ပုံရိပ်တို့ ခဲတံနတ်မေးဖူးတယ်။ ငယ်ငယ်တုန်းက။ လွမ်းစရာလေးတွေပေါ့။ အစ်မ တက်ဂ်ထားတာကို ရေးနေတယ်။ မေ့သေးဘူးနော်။ နည်းနည်းလေး ကြာမှာမို့ အားနာတယ်။ :D

Anonymous said...

အမတို့လည်း ငယ်ငယ်က မေးခဲ့ဖူးပါတယ်။
ဒီပို့စ်မှာ အမမေးချင်တာလေးက ဖျာလိပ်ကို ပြင်ဆင်ပေးတဲ့ ကြီးကြီးက တန်ခူးတခါရေးဖူးတဲ့ ကြီးကြီးပဲလားဟင်...မေးတော့ရော သူဝင်ပါလို့ရလား။ ဖျာလိပ်နတ်က He is a woman. လို့ သတ်မှတ်ပေးသလား ဆိုတာလေးပါ။

tg.nwai said...

တန်ခူးရေ..တိုက်ဆိုင်တယ်နော်.. မမက ဖျာလိပ်နတ်မေးတဲ့အကြောင်းရေးတာနဲ့..။ တို့တွေလည်း အဲလိုပါပဲ..အပျော်ပေါ့..နောက် ငယ်ငယ်တုန်းက ခဲတံတွေနဲ့လည်း မေးသေး..နောက် မီးခြစ်ဆံဘူးနဲ့ရော..ဘာတွေမှန်းတော့ မသိ..။ တို့ဝင်ကိုင်ရရင်လဲ ညစ်တာပါပဲ..ဟဲဟဲ..။ ချိုသင်းတို့ နိနိတို့လို..။

သေချာတာကတော့ အရေးတကြီးဟာတွေ မမေးခဲ့မိလို့လား.. ဒါမှ မဟုတ် မမှတ်မိတော့တာလား မသိဘူး..တန်ခူးတို့ မေးသလို မှန်တာတွေ ခေါင်းထဲ ရှိမနေဘူး..။

Anonymous said...

အမ ကြားပဲကြားဖူးတာ တခါမှ ကြုံဖူးဘူး။
မေးမယ်ဆိုတဲ့စိတ်လဲ မရှိခဲ့လို့ဖြစ်မယ်

တခါတုန်းက သူငယ်ချင်းလေ သွားဆေးက ကောင်ပေါ့ ဆယ်ပြားစေ့သရဲခေါ်တာတဲ့ သရဲတကယ်ဝင်လာလို့ တဲ့အမရေ.. အတော်ကြောက်စရာကောင်းတယ်။ နောက်ကျတော့ ဘယ်သူမှ အဲဒီအဆောင်မနေရဲကြတော့တာ သရဲနိုင်တဲ့ ဘုန်းကြီးခေါ်ပီး မောင်းထုတ်လိုက်ရသတဲ့။ သရဲကိုပါ နေရာပေးလိုက်ရတယ်။ အဲ့ကောင်တွေအုပ်စုလည်း နောက်ကျတော့ ကြောက်သွားကျတယ်။

မြတ်နိုး

kay said...

ကျမ အဖေ လဲ အဲလိုပဲ။ အဲဒါတွေကို လုံးဝ အားမပေးဘူး။
ဒါပေမဲ့လဲ..လူငယ်သဘာဝ ကလေးသဘာဝ ငယ်တုန်းကတော့..အကုန်လုပ်ခဲ့ကြတာကလား..
နွေရာသီညတွေဆို.. လမ်းပေါ်မှာ သရဲခေါ်ကြ..
ကျောင်းနှစ်စ..ခဲတံ စာအုပ်ထုပ်တဲ့ အချိန်ဆို ခဲတံ ၆ ချောင်းနဲ့ ခဲတံ နတ်မေး။
ဖျာလိပ်နတ်ကတော့..နဲနဲ အဆင့်မြင့်တယ်။ လူကြီး နဲနဲပါမှ ပိုကောင်းတာ.. ခု..ကြီးကြီးလိုပေါ့။

အော်..သဘာဝ ရဲ့ ရင်သွေးငယ်များပါပဲ..မတန်ခူးရေ

Anonymous said...

မောင်နှမ၀မ်းကွဲတွေထဲမှာလဲ အအေးဆုံးတွေက အရင်ဆုံးအိမ်ထောင်ကျသွားကြတယ်။ အကိုတွေကတော့ပြောတာပဲ.. သူတို့က ဒါပဲတွေးနေလို့ အေးပြီးငြိမ်နေတာတဲ့..
ဖျာလိပ်နတ်ပြောတာတော့မဟုတ်ဘူး.. အကိုတွေပြောတာ :P

PAUK said...

ကြားတော့ ကြားဖူးတယ်..
မကြုံဖူးဘူး..
စံဇာနီဘို စာအုပ်တော့အကြိုက်သား..ဟိ

said...

ညီမလေးရေ
မမတို့ကတော့ အဆောင်မှာဖျာလိပ်နတ်ကော၊ ခဲတံနတ်ကော မေးတယ်။ Bulding #8 နောက်သွားပြီးတော့လဲ ပိုက်ဆံနတ်မေးတယ်။ Bulding #8 မှာ သရဲရှိတယ်လို့ဆိုတာပဲ။ သူများတွေလက်နဲ့ပိုက်ဆံထိရင်တော့ အဲဒီပိုက်ဆံကရွေ့တယ် မမဆိုရင်တော့ ဘာပြောပြော မရွေ့ တော့ဘူး ...

တန်ခူး said...

ချိုသင်းပြောမှ ကိုယ်မေးတုန်းက ဒီလိုလူလေးတွေများ ပါနေလား စဉ်းစားမိတယ်…

မောင်မျိုးကလဲ အမမောင်လေး အတိုင်းပါပဲလား…

မမရေ… ဘာလို့ မစမ်းကြည့်တာလဲ… ပျော်စရာတော့ အကောင်းသား…

ငယ်ငယ်တုန်းက နတ်ကနားပွဲသွားကြည့်ရင် အိမ်က မကြည့်အောင် ခြောက်တယ်… လိပ်ပြာလှရင် နတ်ဝင်သွားမယ်တဲ့… ကြောက်ပေမယ့်လဲ ပေါက်ကျော်မ ဆိုတော့ သွားကြည့်တာပဲ သက်ဝေရေ…

နိနိရေ… အမသူငယ်ချင်းတွေက ဖျာလိပ်နတ်ဝတ်ပေးတဲ့ အကျီင်္ပြန်ဝတ်တိုင်း အမြဲနောက်ကြတယ်… ဖဲဗေဒင်တော့ မမေးဖူးဘူးညီမရဲ့…

ကျော့ရေ… မှန်လားညီမ…

နုရေ… လူများရင် အဲလိုပဲနော်… ပျော်စရာတော့ အကောင်းသား…

ရွာသားလေးတို့ ချောင်းတာ ဖျာလိပ်နတ်မမြင်လို့ ပဲဖြစ်ရမယ်…

ကြည်ရေ… ဘာမေးလဲဆိုတာ ပြောပြလဲ သိနေတယ်နော်… လာလည်တာ ကျေးဇူးပါညီမရေ… အမြဲလာဖို့ ဖိတ်ခေါ်ပါတယ်…

ကိုသစ်နက်ဆူးရေ… ဖျာလိပ်နတ်က တပြည်လုံးခေတ်စားတာ…

ဟုတ်ပါ့မီယာရေ… ချိုသင်းနဲ့ နိနိကို ဖျာကိုင်ခိုင်းလို့  မဖြစ်…

ခဲတံနတ်တော့ နဲနဲကြောက်တယ်ကောင်းကင်ကိုရေ… ၁၀တန်းတုန်းက စာရူးပြီး မေးဖူးတယ်…

ဟုတ်ပါတယ် မ ရေ… ပျော်စရာကောင်းဖို့ အတွက်ကြောင့် ပိုမေးကြသလိုပဲနော်…

ပုံရိပ်ရေ… ခဲတံနတ်က ဘာပြောလဲ… ကိုပုံရိပ်နဲ့ ဖူးစာဆုံမယ်တဲ့လား…

အမှန်ပဲ မ ရေ… ကြီးကြီးက အဲဒီကြီးကြီးပါပဲ… ဖျာလိပ်နတ်က သူ့ ကို မိန်းမလို့  အသိအမှတ်ပြုထားပုံပဲ…

မ ရေ… အဆောင်မှာ နေရတာ ပိုပျော်ဖို့ ကောင်းတော့ မေးဖြစ်မှာ အမှန်ပဲ… အဲဒီအခေါက်လေးက မှတ်မှတ်ရရမို့  ခေါင်းထဲစွဲနေတာ မ ရေ…

အဲဒါတော့ လုပ်ရဲဘူး မြတ်နိုးရေ… တကယ့်ကြောက်စရာနော်…

ဟုတ်တယ်ကေရေ… သဘာဝရဲ့ ရင်သွေးငယ်အစစ်တွေပါ…

အိမ့်ရေ… ဒီသူငယ်ချင်းလေးက အေးလဲအေး ရှက်လဲအတော် ရှက်တတ်တယ်… တချို့ တွေကျတော့ အိမ့်အကိုတွေပြောသလိုပဲနော်…

ကြိုက်လွန်းလို့  စွဲနေတာ… ခုဖြတ်ဖို့ စဉ်းစားနေတာ ပေါက်ရေ…

Building 8 မှာ သရဲရှိတယ်လား မမရေ.. ခုမှ သိရလို့ တော်သေးတယ်… အရင်က မကြောက်ပဲ လျှောက်သွားနေတာ… ပိုက်ဆံနတ်က မမကို လန့် ပုံပဲနော်…