Monday, August 25, 2008

သားနဲ့ Logic



ဟိုတနေ့ က ဘတ်စ်ကားပေါ်ကနေ သွားသန့် စင်ရည် ကြော်ငြာကို သားက ယူလာပြီး သွားကြီးကြီးတွေနဲ့  အမျိုးသမီးပုံကို အတော် သဘောကျနေပါတယ်။ သွားမသန့် စင်ခင် သွားကြီးတွေက အ၀ါရောင်ဖြစ်ပြီး သွားသန့် စင်ပြီး အဖြူရောင်ဖြစ်တာကို သားကို ရှင်းပြတော့ သားက ပုံကို ကြည့်လိုက်မေးလိုက်နဲ့  သေချာမှတ်ပါတယ်။ အဲဒီ ကြော်ငြာက တော်တော် ထိရောက်တယ် ပြောရမယ်။ သားညဘက်သွားတိုက်ဖို့ ပျင်းရင် သားသားသွားတွေ အ၀ါရောင်ကြီး ဖြစ်သွားမယ်နော်လို့  ခြောက်လိုက် ချက်ချင်းသွားတိုက်တာပါပဲ။ ပြီးရင် သူ့ ကိုယ်သူ မှန်ထဲကြည့်ပြီး “မေမေ သားသားသွားဘာရောင်လဲ” လို့  သေချာအောင် မေးရင် “အဖြူရောင်” လို့ ဖြေလိုက် သဘောတွေ ကျနေရော။

သားက အဖေအမေနဲ့  နေရချိန်လေးကို ဆွဲဆန့် ချင်တယ်။ ညညဆို တော်တော်နဲ့  မအိပ်ချင်တော့ သားကို ကောင်းကင်ကြီးအရောင်နဲ့  အိပ်ချိန်တန်ပြီလို့  သင်ပေးရတယ်။ ကောင်းကင်ကြီး ပြာနေရင် တိမ်တွေက ဖြူနေရင် သားသား ထချိန်တန်ပြီ။ ကောင်းကင်ကြီး မှောင်နေရင် ကြယ်လေးတွေလင်းနေရင် သားသား အိပ်ချိန်တန်ပြီ လို့ သင်ထားတော့ သားသားက မျက်လုံးလေးတွေ အရောင်လဲ့ ပြီး သေချာမှတ်ထားရော။

သားမအိပ်သေးရင် “သားရေ… ကောင်းကင်ကြီးက ဘာရောင်လဲ” လို့  ကျွန်မက မေးလိုက် “ကောင်းကင်ကြီးမဲနေပြီမေမေ… အိပ်ချိန်တန်ပြီ” လို့  သားက သူမှတ်ထားတဲ့ အတိုင်း ပြန်ဖြေတတ်တယ်။ ရုံးပိတ်ရက် သူ့ ဖေဖေ မထမချင်း သားကလဲ အားကျမခံ အိပ်ရာ ပေါ်နှပ်နေရင် “သားရေ… ကောင်းကင်ကြီးက ဘာရောင်လဲ” ဆို “အဖြူရောင်မေမေ” လို့  ပြောပြီး အသာတကြည် မျက်နှာသစ်ခံပါတယ်။

ပြီးခဲ့တဲ့ စနေက သားကို နေ့ လည်တခေါက် အိပ်နေကျမို့  သိပ်တော့ သားက ထုံးစံအတိုင်း အဖေအမေနဲ့  အတူနေချင်တော့ တော်တော်နဲ့ သိပ်မရပါဘူး။ ကျွန်မက “သားရေ.. အိပ်ချိန်တန်ပြီ ” လို့ ပြောတော့ သားက ကောင်းကင်ကြီးကို ကြည့်ပြီး ကျွန်မကို မေးပါတယ်။ “မေမေ… ကောင်းကင်ကြီးက ဘာရောင်လဲ” တဲ့။

တန်ခူး
25-Aug-2008 3:50pm

9 comments:

ကိုပေါ said...

ဟားဟား….ဒေါ်တန်ခူးရေ….ကလေးတွေရဲ့ အတွေးကို လျှော့မတွက်နဲ့နော်။ ကျနော်ဖတ်ဘူးတာလေးပြောပြမယ်။

တန်ခူးတို့လိုဘဲ လင်မယားစုံတွဲတခုဟာ သူတို့ကလေးတွေကို ဆိုက်ကော်လော်ဂျီသုံးပြီး အိပ်ယာဝင်ခိုင်းတယ်။ ဘယ်လိုမျိုးလဲဆိုတော့…..
သမီးရေ…တက်ဒီဝက်ဝံရုပ်ကလေးကိုယူပြီး အိပ်ယာဝင်ချင်သလား။ ဒါမှမဟုတ် ပါပီရုပ်ကလေးကိုယူပြီး အိပ်ယာဝင်ချင်သလား……….ဆိုတဲ့ မေးခွန်းမျိုးပေါ့။ ကလေးက ဘာကိုဘဲ ရွေးရွေး အိပ်ယာဝင်တာက တကယ့်လိုရင်းလေ။

ဒါပေမယ့် သူတို့ရဲ ဆိုက်ကော်လော်ဂျီနည်းက တနေ့မှာ ကိုယ့်ရှုးကိုယ့်ပတ် ဖြစ်သတဲ့။

ညစာစားပြီးရင် အိမ်အပြင်မှာ ဘယ်တုန်းကမှ ဆော့ခွင့်မရတဲ့ သုံးနှစ်အရွယ်သမီးငယ်လေးက သူတို့နှစ်ယောက်ကို တည ညစာစားပြီးချိန်မှာ ကောက်ခါငင်ခါ မေးလိုက်ပုံက…..
“ဖေဖေ၊ မေမေတို့ရေ၊ သမီးအခု အိမ်ရှေ့တံခါးပေါက်ကနေ အပြင်ထွက်ဆော့ရမလား၊ ဒါမှမဟုတ် အိမ်နောက်ဖေးပေါက်ကနေ အပြင်ထွက်ဆော့ရမလား” …တဲ့။

Anonymous said...

သားလိမ္မာလေးပေါ့ သားသား က သင်ရလွယ်တော့ အဆင်ပြေသား တစ်ချို့ ဆို ၇ိုက်ပြီး သိပ်တာတို့  ဆို ကြောက်စရာကြီးနော့် ။ ကောင်ကင်ကြီးက မဲနေမှ အိပ်တယ် ဒါဆို သားသားကို နေ့ လည်ဘက် သိပ်ရင် ဘယ်လိုပြောလဲ အစ်မ :)

nu-san said...

မရေ..သားက ချစ်ဖို့ကောင်းအောင် လည်တယ်နော်.. သူတတ်သလောက် သိသလောက်နဲ့ကို ပြန်ပြောတာ အသည်းယားပြီးဖက်ပစ်လိုက်ချင်တယ်.. မတန်ခူးရဲ့ သားသားကို ပတ်ဝန်းကျင်နဲ့ ယှဉ်ပြီးတွေးခေါ်တတ်အောင် သိလွယ် တတ်လွယ်အောင် လုပ်ပေးတာတွေ အတုယူထားရမယ်မရေ.. နောင်တချိန် apply လုပ်သင့်လည်း လုပ်ရတာပေါ့နော်... :D :D

Moe Cho Thinn said...

ညီမ တန်ခူးရေ
သားလေးက ချစ်စရာလေးပါ ညီမရေ။ ဒီလို လိမ်မာတဲ့ ကလေးလေး ရတာ ကံကောင်းလိုက်တာ။ ဖြတ်ထိုးဥာဏ်လဲ ကောင်းပါ့။
သူပြောတာ မှန်သားပဲ။ ကလေးကို ညာတာပါတေး လုပ်လို့ မရဘူးနော်။

သက်ဝေ said...

တွေ့ တယ်နော်... မေမေ..။
သားသားကို ဘယ်လိုထင်လို့ လဲ..။
သားသား က ဘေဘီပဲ ဘာမှ မသိလောက်ပါဘူးလို့  ထင်ပြီး ဟိုလှည့်ဒီလှည့် လာလုပ်မယ်တော့ မကြံနဲ့ ... ဟင်း။ သားသားလဲ သိသင့်သလောက်တော့ သိပါတယ်ဗျ...။

တန်ခူး said...

ကိုပေါရေ… ဟုတ်ပါရဲ့… ကိုပေါဖတ်ဖူးတာနဲ့ အတော်ဆင်တာပဲ… သူတို့ ဦးနှောက်ပုစိလေးကလဲ အလာသားနော်…

သူနားထောင်ချင်တဲ့ဟာဆို နားထောင်ပေမယ့် တခါတခါတော့လဲ ဂျစ်ကန်ကန်လုပ်တယ် မောင်မျိုးရေ… အဲဒီနေ့ လည်ခင်းကို ဘယ်လိုပြောသိပ်ရမလဲဆိုတာ ခက်နေတာပေါ့…

နုရေ… မြန်မြန်applyလုပ်ရအောင် ကြိုးစားတော့လေ… တို့ က ဝေမျှချင်လှပြီ…

ဟုတ်တယ် မ ရေ… ညာတာပါတေးသိပ်မရတော့ဘူး… သူ့ အတင်းပြောရင်လဲ သိနေပြီ…

ဟိ..ဟိ… နောက်ဆို သက်ဝေပြောသလို ပြောတတ်တော့မှာ… ဘယ်လိုလုပ်ရပါ့…

Anonymous said...

အမတန်ခူးရဲ့logic ကို လာဖတ်ပြီး ကွန်းမန့်မပေးဖြစ်ခဲ့ဘူး ရင်ထဲတော့ရောက်သွားခဲ့တာဗျ
တနေ့က အွန်လိုင်းမှာ ကိုဇနိကြီး နောက်ကျနေလို့ အိပ်ခိုင်းတာမရဖြစ်နေတာနဲ့ “ကောင်းကင်ကြီး ဘာရောက်ဖြစ်နေလဲ ပြောစမ်း“ လို့။ ဟီး ဟီး အမဆီက ယူသုံးကြည့်တာ။

တန်ခူး said...

အဲဒီတော့ ကလေးကြီးကိုဇနိက ဘာပြန်ပြောလဲဟင်… မဇနိက အတော်ချစ်ဖို့ ကောင်းတာပဲ…

Rita said...

သားသားဆိုတဲ့ label က သားသား အကြောင်း post တွေ လာဖတ်သွားပါတယ်