Tuesday, August 19, 2008

မရိုးနိုင်တဲ့ ပုံပြင်လေး



ဟိုး မရှေးတရှေးတုန်းကပေါ့… အရမ်းကြောက်တတ်လွန်းလို့  သွေးထွက်သံယို ရုပ်ရှင်ကားတောင် မကြည့်ရဲတဲ့ မေမေလေ ဗိုက်ထဲမှာ နေ့ စေ့လစေ့ ပျော်ပျော်ကြီးနေခဲ့တဲ့ သားကလေးကို မွေးဖွားဖို့  အေးဆေးငြိမ်သက်စွာ ရှိနေခဲ့တယ်… အစားပုပ်တဲ့ မေ့သားလေးက အကြီးကြီးဖြစ်နေတာမို့  သူများကလေးတွေလို သဘာဝအတိုင်း မမွေးနိုင်တာတဲ့လေ… မေမေ့ဗိုက်ကိုခွဲပြီး သားကလေးကို မွေးရမယ်ဆိုတာ အရင်နေ့ ကတည်းက ကြိုသိနေခဲ့တာ ဆိုတော့ သားကလေးအတွက် နာမည်လှလှလေးကို ဖေဖေရယ် မေမေရယ် သားဖွားဖွားရယ် ၀ိုင်းစဉ်းစားကြပြီးသား…

သားရဲ့ အသံလေးကို ပထမဆုံးကြားချင်လွန်းလို့  ထုံဆေးနဲ့ မွေးမယ်ဆိုတော့ မေ့ပုံ ပုညှက်ညှက်လေးကို ကြည့်ပြီး သေချာရဲ့လားလို့  ဆရာဝန်ကြီးက ထပ်ခါထပ်ခါမေးခဲ့တယ်… မေ့ကိုမေ့တောင် အံ့သြယူရလောက်တဲ့ အထိ မေ့ဆီမှာ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ စွမ်းအင်တွေ ပြည့်လို့ … မေမေတို့  မောင်နှမ သုံးယောက်လုံးကို သတ္တိရှိရှိ ခွဲမွေးခဲ့တဲ့ သားဖွားဖွားကတောင် စိုးရိမ်လို့ …

ခွဲခန်းက မေမေရုပ်ရှင်ထဲမှာ မြင်ဖူးသလို ကြောက်စရာကြီး မဟုတ်ဘူးသားရဲ့… မေ့ဆေးဆရာဝန်မကြီးကလဲ အရမ်းချစ်ဖို့ ကောင်းပြီး ကျွမ်းကျင်လွန်းလို့  မေမေ့ခါးထဲ ဘယ်လိုဘယ်လို ထုံဆေးတွေ ရောက်သွားလဲတောင် မသိလိုက်ဘူး… ခဏကြာတော့ မေမေ့ဗိုက်ကြီးကို စခွဲကြရော… သားလေးကို တွေ့ ရတော့မယ် ဆိုတဲ့ အသိနဲ့  ကြောက်စိတ်တွေလဲပျောက်… သားဖေဖေ ၀င်လာတဲ့အခါ မေမေနဲနဲတော့ အားပိုရှိသွားပေမယ့် မေ့လက်ကို အားပေးပြီး လာကိုင်တဲ့ သားဖေဖေလက်က မေ့လက်တွေထက် အေးစက်လို့ … အားပေးသူရဲ့ အသက်ရှုသံတွေကလဲ ပြင်းချက်… မေမေဖြင့် ရယ်ချင်လိုက်တာ…

သိပ်မကြာပါဘူး လောကကြီးရဲ့ အချိုသာဆုံးသော အသံလေးနဲ့  မေ့သားလေး ထွက်လာခဲ့တယ်… အိုး… ခုမှနာရီပိုင်းသာရှိသေးတဲ့ သားလေးက ၄ ၅လ သား အရွယ်လောက် ထွားလိုက်တာ… ဆံပင်လေးတွေက ထူထဲ မဲမှောင်လို့ … လောကကြီးထဲကို မေမေ့အချစ်ဆုံး လူသားလေး ရောက်ခဲ့ပေါ့… သူနာပြုက မေမေတောင် ကြည့်မ၀သေး သားလေးကို သန့် ရှင်းဖို့ ခေါ်သွားခဲ့တယ်…

သားလေးက ၉ ပေါင်ခွဲ ဆိုတော့ အဲဒီတုန်းက အတူမွေးကြသူတွေထဲ အကြီးဆုံး… မေမေ့ အခန်းထဲ ပြန်ရောက်ပြီး မကြာခင် အနှီးပြာပြာလေးနဲ့  ဘိုကေလေး ကျော့နေအောင် ဖြီးထားတဲ့ သားလေးရောက်လာခဲ့တယ်… အသားလေးနီရဲရဲနဲ့  မေဖြင့် မတို့ ရက် မထိရက်… သားဖေဖေကတောင် မေ့ထက် ကျွမ်းကျွမ်းကျင်ကျင် ချီတတ်သေး… သားမျက်တောင်မွှေးလေးတွေ ရှည်ရှည်စင်းစင်းလေးတွေ… သားနှုတ်ခမ်းလေးကလဲ ရဲရဲပါးပါးလေး… သားလေးက အဖေတူသားလေးလို့  ၀ိုင်းပြောကြတော့ မေမေနဲ့ တူတာလေး ဘာများရှိမလဲ လို့  ရှာလိုက်ရတာ… နောက်ဆုံးတော့ ပါးဖောင်းဖောင်းလေးနဲ့  ခြေသည်းပုတိုတိုလေးပဲ ရှိတယ်…

မိခင်နို့ ရည်က ကျန်းမာဆုံးတဲ့… မေမေက လောဘတကြီး သားကို မိခင်နို့ ရည်တွေပဲ တိုက်ခဲ့တာ… နို့ မှုန့် ကို လုံးဝမတိုက်ချင်တဲ့ မေ့ကို မီးတွင်းထဲ ပင်ပန်းမှာ စိုးလို့  သားဖွားဖွားက ဆူ… မီးတွင်းထဲ သောက်ရမယ့် ဆေးတွေကိုလဲ သားကို နို့ တိုက်နေရတာမို့  မေမေ ဘာမှမသောက်… သားဖွားဖွားက တဗျစ်တောက်တောက်… အစားပုပ်တဲ့ သားလေးက အဲဒီတုန်းက နို့ သောက်လိုက် အိပ်လိုက် ရှူးပေါက်လိုက် နို့ သောက်လိုက် အိပ်လိုက် အီးပါလိုက် နို့ သောက်လိုက် အိပ်လိုက်…

မေမေ ရုံးပြန်တက်ရတော့ ချစ်တဲ့သားနုနုလေးကို ထားခဲ့ရလို့  ငိုရသေး… သားငပျင်းလေးက အဲဒီက စလို့  မေမေ့နို့ ကို နို့ ဘူးလေးနဲ့  အဆင့်သင့် သောက်ချင်ခဲ့တာလေ… သားလေးက သူများကလေးလေးတွေလို ခေါင်းခိုင်တာလဲ မမြန်… မှောက်တာလဲနှေး… လေးဘက်သွားဖို့ ကို အတော် စောင့်ခဲ့ရတာ… တဆင့်တဆင့် တက်ဖို့  အရမ်းနှေးပေမယ့် တခုခု အသစ်တတ်သွားရင် ဇွဲကောင်းကောင်းနဲ့  ကျွမ်းကျင်တဲ့ အထိ လေ့ကျင့်နေရော…

လုပ်ချင်တာဆို ဟိုးငယ်ငယ်လေးထဲက တစွတ်ထိုးလုပ်တတ်သလို မလုပ်ချင်တာကျတော့လဲ ဗူးဆို ဖရုံမသီး… လှည်းလေးပေါ်မှာ ငြိမ်ငြိမ်လေး ထို်င်မလိုက်တတ်… လမ်းလျှောက်တတ်တော့ မရပ်မနား… အကြောက်အလန့် မရှိ… သားကြောက်တာ ဆိုလို့  shopping centreက အကျီင်္အလှဝတ်ပေးထားတဲ့ အရုပ်ကြီးတွေပဲ ရှိတယ်နော်…

သားလေးက ရထားလေးတွေ ဘယ်လောက်ချစ်သလဲဆို သားလေး စကားစပြောတော့ ဖေဖေ မေမေ စမခေါ်ပဲ ထိန်းထိန်း(train train)လို့  စပြောခဲ့တာ… ပြီးတော့မှ ဖေချစ်သားလေးက ဖေဖေလို့  စခေါ်ပြီးမှ မေမေလို့  ခေါ်ခဲ့တာပေါ့… သားကို တခုခု သင်ပြရတော့မယ်ဆို မေမေ တော်တော် သတိထားရတယ်နော်… ပထမဆုံးအကြိမ် သင်ပြတာကို သားက အမှန်လို့  အမြဲယူပြီး စွဲနေအောင် မှတ်ထားရော… ကစားစရာက အစ ပထမဆုံးအကြိမ် အစီအစဉ် အတိုင်း ဘယ်တော့မှ မလွဲဘူး… အနီပြီးရင် အပြာဆို နောက်တခါလဲ အပြာပဲလေ…

သားလေးက ဘယ်ကစားစရာမှ စွဲစွဲလန်းလန်း မရှိလှပေမယ့် ခွခေါင်းအုံးသေးသေးလေးကိုတော့ အတော်စွဲလန်းတယ်နော်… ခွသေးသေးလေးလို့  သားခေါ်တဲ့ ခွခေါင်းအုံးသေးသေးလေးထိပ်ကို ပွတ်ပြီးမှ အိပ်တတ်တာ ခုထိပဲပေါ့… ဒါကြောင့် မေကလဲ ခရီးသွားရင် သားရဲ့ ခွသေးသေးလေးကို မမေ့မလျော့ ယူရမြဲ… ဟိုတလောက သားဖေဖေက သားနဲနဲ ကြီးသွားလို့  ခွခေါင်းအုံးကြီးကြီး ၀ယ်လာလဲ သားက သားခွသေးသေးလေးနဲ့ ပဲ မြတ်မြတ်နိုးနိုး အိပ်နေတုန်းလေ… ဒါကြောင့် သားဖေဖေက သားလူပျို ဖြစ်တဲ့ထိများ ဒီခွသေးသေးလေးနဲ့  အိပ်နေဦးမလားဆို စိတ်ပူနေတာ သားရဲ့…

စကားထူးထူးဆန်းဆန်းလေးတွေကရော ဘယ်တော့ထိများ ပြောနေဦးမလဲ… ဖေဖေနားသန့် ရှင်းပေးရင် “ဖေဖေ နားနှပ်ချီးထုတ်ပေး”တဲ့.. ဖေဖေပြုံးပါလို့  မပြောပဲ “ဖေဖေ smiling faceလုပ်မယ်” တဲ့… မေမေရုံးသွားပြီကို “မေမေ ရုံးသွားကုန်ပြီ” တဲ့… ဘာပဲဖြစ်ဖြစ် သားလေးရဲ့ အဲဒီ ကိုးလို့ ကန့် လန့်  တီတီတာတာ စကားလေးတွေကပဲ မေနဲ့ ဖေရဲ့ အမောပြေဆေးလေး ပေါ့သားရယ်…

အဲဒီသားသားလေးဟာ ဖေတို့ မေတို့  မျက်စိအောက်မှာ တဖြေးဖြေး အရွယ်ရောက်လာတာ ခုတော့ လေးနှစ်တောင် ပြည့်ခဲ့ပေါ့လေ… အဲဒီသားလေးက ခုမေမေ့ ရင်ခွင်ထဲမှာ ခွသေးသေးလေး ပိုက်ပြီး မေမေပုံပြောတာ နားထောင်နေတဲ့ ကလေးလေးပေါ့… ကိုင်း.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်…

(သားလေးရဲ့ လေးနှစ်မြောက် မွေးနေ့  အမှတ်တရ)

တန်ခူး
19-Aug-2008 5:20pm

21 comments:

Anonymous said...

Happy Birthday ပါ တူလေးရေ့ ပျော်ရွှင်စရာမွေးနေ့ လေးဖြစ်ပါစေ။ချစ်သော ဖေဖေ မေမေ နဲ့  မွေး နေ့ တိုင်းဆင်နွှဲနိုင်ပါစေဗျာ
“ရေသေးသေးလေးသောက်မယ်” ဆိုတဲ့ ခလေး လေး ကိုတစ်ခါလောက်တော့တွေ့ ဖူးချင်လိုက်တာ :)

nu-san said...

မရေ.. သားသားလေးကို Happy Birthday လို့ပြောပေးပါဦး..
~~ လေးနှစ်မြောက်မွေးနေ့မှာ သားလေး ပျော်ရွှင်ပါစေ။ မိဘကျေးဇူးဆပ်နိုင်တဲ့သားလိမ္မာလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်.. ~~

သားလေးက သြဂုတ်လမွေးတာကိုး။ အခုတလော ကလေးမွေးနေ့တွေက သြဂုတ်လတွေများနေတယ်။ အဟဲ.. သူများလည်း သြဂုတ်လမွေးတာပဲ.. အဲဒါဆိုတော့ သေချာတယ် မတန်ခူး သားလေးလည်း ရုပ်ချော သဘောကောင်းလေးပဲနေမှာနော်.. အဟိ.. ဟုတ်တယ် ဟုတ်... :)

Anonymous said...

အမရယ် အမေ့ကိုလွမ်းလိုက်တာဗျာ......

စူး said...

အမရဲ့ ဒီပို့စ်လေးက ကလေးကြီးလာရင်အမှတ်တရပဲနော်..
အရမ်းကောင်းတာပဲ မိခင်မေတ္တာကို ခံစားလို့ရတယ်..။
အမ.. ကလေးကို တနှစ်တခါ အမှတ်တရလေး ဓာတ်ပုံရိုက် ဒါမှမဟုတ် ၃ လတခါ ရိုက်ပီး သူ့ရဲ့တိုးတက်မူမှတ်တမ်းလေးကို ပြန်ကြည့်ရတဲ့အခါ မိဘ၂ပါးစလုံးရော သူရော အတိတ်ကို ပြန်ပီး မေတ္တာတွေ ခံစားလို့ရတယ်အမ..။
ဖေဖေက မြတ်နိုးငယ်ငယ်က အဲလိုလေးတွေ မှတ်တမ်းတင်ခဲ့ပေးတယ်။ စိတ်ကောက်တဲ့ပုံလေးတွေက အစ ရှီတယ် အမရေ..။သိလား။
သားလေး လေးနှစ်ပြည့်မွေးနေ့မှသည်.. နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ မိဘ၂ပါးရဲ့ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပညာပြည့်ဝ နှလုံးလှသည့် သားလှရတနာ ဖြစ်ပါစေသား..။

pandora said...

သားလေးက ၄ နှစ်တောင် ပြည့်ပြီလား။ ဓာတ်ပုံတော့ မတင်ဘူးပေါ့လေ။
သားလေးရဲ့ ကောင်းသော မွေးနေ့မွန်မှသည် ချစ်တဲ့ ဖေဖေမေမေတို့နဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်သူဖြစ်ပါစေ။ ကိုယ်လိုချင်တာတွေ ရပြီး ၀ါသနာပါတာတွေကိုလည်း ပေါ့ပါးပျော်ရွှင်စွာ လုပ်နိုင်သူလေးဖြစ်ပါစေ။

သားလေးကို ချီဖူးသလိုလိုတောင် ခံစားလိုက်ရတယ်။ deja vu ထင်ပါတယ်။ ဟဲဟဲ။

Moe Cho Thinn said...

ံHappy Birthday သားသားရေ..
ယဉ်ကျေးလိမ်မာပြီး ပညာတော်တဲ့ ကလေးလေး ဖြစ်မှာပဲ လို့ ယုံကြည်ပါတယ်။

Sonata Cantata said...

သားအတွက် မွေးနေ့ဆုတောင်း

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
ကြံတိုင်းအောင်လို့၊ ဆောင်တိုင်းမြောက်ပါစေ။

Anonymous said...

Happy Birthday ပါ အစ်မတန်ခူးရဲ့ သားသားလေးရေ။
ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်

သက်ဝေ said...

တန်ခူးရဲ့  သားလေး မွေးနေ့ အတွက် ဆုတောင်းပေးတယ်နော်...
ကျန်းမာပြီး ပညာတွေ ထူးထူးချွန်ချွန် တတ်မြောက်တဲ့..
မိဘကျေးဇူး သိတတ်တဲ့... အစစ အရာရာ မတောင့်မတ မကြောင့်မကြ လိုလေသေးမရှိ ပြည့်စုံတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်ရတဲ့ သားလေးတစ်ယောက်ဖြစ်ပါစေ လို့ ...။

Kaung Kin Ko said...

သားသားလေးအတွက် Happy Birthday. သားသားလေး ပျော်ရွှင်ပါစေဗျာ

Anonymous said...

သားသားလေး ၄ နှစ်မှသည် နောင် နှစ်ပေါင်းများစွာ ဆက် ပြုံး ပျော် နေ နိုင်ပါစေ ။

Anonymous said...

့happy birthday ပါ သားသားလေးရေ။ ကြီးလာရင် မင်းမေမေရဲ့ မေတ္တာအပြည့်နဲ့ ရေးထားတာလေးကို ဖတ်ဖြစ်အောင် ဖတ်ရမယ်။ ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံပြီး မိဘကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေ။ :)

ကလိုစေးထူး said...

သားသားလေးရဲ့ မွေးနေ့မှာ ပျော်ရွှင်မှုအပေါင်း ခညောင်းနိုင်ပါစေ။

Anonymous said...

သားလေး နှစ်ပေါင်းများစွာ ချစ်သောသူများနှင့် အေးချမ်းပြည့်ဝသောဘ၀ ပိုင်ဆိုင်ရပါစေ..
အန်တီ အိမ်ချမ်းမြေ့

တားမြစ် ထားသော... said...

ကလေး လေး။
မမြင်ဖူးဘူးဆိုပေမဲ့ ပျော်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ကြောင်း ပြောလိုက်ပါအုံး။ ဘာတွေထူးထူးဆန်းဆန်း ပြန်ပြောနေမယ်မသိ....း)

တန်ခူး said...

ဦးဦးမျိုးရေ… ကျေးဇူးပါခင်ဗျာ…စင်္ကာပူလာလည်ရင် သားသားနဲ့ တွေ့ ရအောင် အကြောင်းကြားလိုက်နော်…

နုရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ… နုကလဲ သြဂုတ်လား… ဒါဆို ချောမှာ သေချာပြီ… သဘောကောင်းတာ ကတော့ သိပြီးသား… မွေးနေ့ ပို့ စ်လေးတင်ဦးလေ….

ရွာသားလေးရေ… အမေနဲ့ ဝေးနေသူတွေရဲ့ အလွမ်းပေါ့… ကိုယ်ချင်းစာပါတယ်…

မြတ်နိုးရေ… ငယ်ငယ်တုန်းကတော့ လုပ်ဖြစ်တယ်… ခုမလုပ်ဖြစ်တာကြာပြီ… မြတ်နိုးဖေဖေက မြတ်နိုးကို တော်တော်ချစ်တယ်နော်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေညီမရေ…

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီပန်… သားသားကို တီတီပန် ချီဖူးတယ်လေ….

တီတီချိုသင်းရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ….

ကျေးဇူးပါ မ ရ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

မဇနိရေ… ဆုတောင်းလေးအတွက် ကျေးဇူးပါ… ပြည့်ပါစေ….

ဆုတောင်းလေးအတိုင်း ပြည့်ပါစေ…ကျေးဇူးပါသက်ဝေရေ…

ကျေးဇူးတင်ပါတယ် ဦးဦးကောင်းကင်ကို… ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ….

တီတီဂျစ် ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ…. ကျေးဇူးပါခင်ဗျာ….

ကျေးဇူးပါ ဦးဦးခင်ဗျာ… ဦးဦး ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ….

ဦးဦးစေး ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ…. ကျေးဇူးပါ

တီတီအိမ့် ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ…. ကျေးဇူးပါ

ဦးဦးတားမြစ်ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ …. ကျေးဇူးပါ

Swe Zin said...

I like your tale and i miss my mom.
I believe my mom felt like this at this time.I wish ur family pass the time happily with ur son.

Happy birthday
Thar Thar Lay

Anonymous said...

အမရေ မရောက်ဖြစ်တာလည်း RIT ကျောင်းသူ
နောက်ပိုင်းထဲကပဲ ။ ကော်မန့်ထားခဲ့ချင်သော်လည်း မထားခဲ့ ရဘူး ။
ဒီတစ်ခါတော့ ထားခဲ့ပြီ အမရေ ။
အမေတစ်ယောက်၇ဲ့ သားအပေါ်ထားတဲ့ မေတ္တာ ကိုလည်း ချီးကျူး ဂုဏ်ပြုရင်းပေါ့
အမ သားလေးလည်း မိဘကျေးဇူးကို သိတတ်၊ နားလည်တတ်၊ ဆပ်တတ်သော
သားလိမာလေး ဖြစ်ပါစေဗျာ။ နောင်နှစ်ပေါင်း များစွာပျော်ရွှင်ဖွယ် နေ့ရက်များကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။

kay said...

မေမေ တန်ခူးက..ရေးတက်လိုက်တာ..ချစ်စရာ လေး ။

Anonymous said...

အမရေ အမရဲ့ သားသားလေး အကျင့်လေး တွေက အိမ်က မောင်တော် ဘုရားရဲ့ ငယ်တုန်းက အကျင့်နဲ့ တူလိုက်တာ.. စကားလုံး စုံအောင် မသင်ပေး ရသေးခင် သူ့ဟာသူ နာမည် ပေးလိုက်တာများ လက်ဒူးခေါင်း (တံတောင်ဆစ်)၊ ၀ုတ်ဝုတ်ကြီး (ဘုရားရှေ့က ခြင်္သေ့ ကြီး) အများကြီးမှ အများကြီး.. မသင်ပေးရင် သူ့ဟာ သူ လေ့လာပြီး နာမည်ပေး ပစ်လိုက်တော့တာ.. မိဘရဲ့ စကားကျကို ပြန်ထောက်တတ် တာချင်းလဲ တူပါပေ့... ကြုံတုန်း အတင်းပြော လိုက်ဦးမယ် ခေါင်းမာတာချင်း မတူစေနဲ့ အမရေ.. သားသားကို ပြောပေးနော် Happy Belated Birthday ပါလို့

တန်ခူး said...

ရွှေဇင်ရေ… အမေအားလုံးရဲ့ မေတ္တာက အဲဒီထက် ပိုရင်ပိုမယ် မလျော့တာတော့ သေချာတယ်… ဆုတောင်းလေးအတွက် ကျေးဇူးပါနော်…

ကိုတာတူးရေ… ဟုတ်ပါရယ်… ဘလော့ဂ်တွေပေါ်လဲ မတွေ့ ပို့ စ်အသစ်လဲမတွေ့ တော့ ကိုတာတူးတို့ ဘလော့ဂ်ဆီဗုံးထဲတောင် သွားအော်မိသေး… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…ကျေးဇူးပါ

မကေရေ… ကျေးဇူးပါ… ဒီက မကေတို့ ရေးတတ်ပုံကို အမြဲအားကျနေတာ….

လှိုင်ရေ… ဟုတ်လား… ဒါဆို ကြီးလာရင် စာလဲရေးတတ်မယ်ထင်တယ်နော်… အင်း… ခေါင်းကတော့ အတော်ကိုမာတာ… ဒါလဲတူသွားပြန်ပြီ… ဆုတောင်းလေးအတွက်ကျေးဇူးပါနော်…