Friday, July 25, 2008

က ကာ ကား

“ကကြီးရေ က ကကြီးရေးချာ ကာ ကကြီးရေးချာဝစ်စနှစ်လုံးပေါက် ကား”
“က ကာ ကား”
ခုတလော သားဆီက ဒီအသံတွေပဲ ကြားနေရသည်။ ညအိပ်ရာဝင်ရင်တောင် ခါတိုင်းလို ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်၊ ယုန်နဲ့ လိပ်ပုံပြင်တွေ မတောင်းဆိုပဲ မေမေ “ကု ကူ ကူး” ဆိုမယ်လို့  ပူဆာတတ်သည်။ “က ကာ ကား” ကို အတော်လေးရနေတာမို့  “ကု ကူ ကူး”တဆင့်တက်ချင်သည်။ လက်ထဲကလဲ သင်ပုန်းကြီးကို မချ။ လက်တဘက်အုပ်ထားသော ချင်းဝတ်စုံကိုလဲ အတော်လေး သဘောကျကာ ချင်းလူမျိုးပုံပဲဆွဲခိုင်းသည်။ သားသားဗမာလူမျိုးလုပ်မယ်ဆိုပူဆာလို့  သူ့ အဖေပုဆိုးကို ခေါက်ပြီး ၀တ်ပေးတော့ ပြုံးဖြီးဖြီးနှင့်။

ဒီလို အမူအရာတွေပြောင်းလာတာ မြန်မာဘုန်းကြီးကျောင်းမှာ Sunday Schoolပို့ ပြီးထဲက ဖြစ်သည်။ ခုဆို ဘုရားရှိခိုးတာ အချိုးကျလာသည်။ ဘုန်းဘုန်းတွေနှင့် ပိုရင်းနှီးလာသည်။ တနည်းအားဖြင့် ဘာသာတရားနှင့် ပိုရင်းနှီးမှုရလာပြီး မြန်မာယဉ်ကျေးမှုကို ပိုစိတ်ဝင်စားလာသည်။ မြန်မာလို ပိုပြောလာသောကြောင့် ဘာသာစကားနှင့် ဆက်ဆံရေး တိုးတက်လာသည်။ ဒီလို အကျိုးထူးတွေ ယူဆောင်လာပေးသော Sunday Schoolကို မသိသေးသည့် မိဘတွေအတွက် နဲနဲ မိတ်ဆက်ပေးချင်သည်။




Sunday School က Toa Payoh ကျောင်းဟု မြန်မာအများစု သိထားသည့် Burmese Buddhist Temple Singapore မှာဖြစ်သည်။ ကျွန်မသိရသလောက် တခြားမြန်မာဘုန်းကြီးကျောင်းတွေ မှာလဲရှိသည်ဟု သိရသည်။ Tiong Bahru မြန်မာကျောင်းမှာတော့ ရ နှစ်အထက် ကလေးများသာ လက်ခံသည်ဟု သိရသည်။


Toa Payohကျောင်း Sunday School က မူလတန်းအရွယ်ကလေးတွေ လက်ခံသည်။ မြန်မာစာ ရေးတတ်၊ ဖတ်တတ်သည့် အဆင့်ကို လိုက်ပြီး အတန်းခွဲထားသည်။ သားတို့ လို မြန်မာစာ အဦးအစသင်သူများက တတန်းသတ်သတ်သင်ရသည်။ အားလပ်ရက်မှာ အနားမယူပဲ ပညာဒါန ပေးဝေနေကြသော ဆရာမလေးများ၏ စေတနာမှာ အတော်မြင့်မြတ်လှပြီး ကျေးဇူးတင်စရာ ကောင်းပါသည်။ အတန်းမစမှီ Sunday School တည်ထောင်သော ဘုန်းဘုန်းနဲ့  အတူ ဘုရားရှိခိုးရသည်။ သြကာသကန်တော့ ငါးပါးသီလယူရသည်။ အပတ်တိုင်း ရွတ်ဆိုတော့ အလွတ်ရလာသည်။ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ရွတ်ဆို ပူဇော်ရသည်။ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးပုံ မှန်ကန်ရန် ဘုန်းဘုန်းက စနစ်တကျသင်ပေးသည်။ ကျောင်းဝတ်စုံ တီရှပ်ဆင်တူလေးများနှင့် ညီညီညာညာ ရှိခိုးကြသည်မှာ အတော်ကြည့်လို့ ကောင်းပါသည်။


ပြီးမှ ကိုယ့်အတန်းရှိရာကို စနစ်တကျသွားရသည်။ သားတို့ အတန်းမှာ အငယ်ဆုံးအတန်း ဖြစ်ပြီး အသက် ၂နှစ် အရွယ် မှ အသက် ၆နှစ် အရွယ်ထိရှိသည်။ အတန်း စစချင်း လက်ကလေးများ ပိုက်ပြီး မင်္ဂလာပါဆရာမ ဟုနှုတ်ဆက်လျှင် ကျွန်မစိတ်ထဲ တွင် ဟိုးငယ်ငယ်က ကလေးဘ၀ကို ပြန်လွမ်းမိသည်။ စိတ်ဝင်စားလာအောင် သင်ပုန်းကြီးမှ ကဗျာလေးတွေနှင့် စသည်။ ဒီက ကလေးတွေက မြန်မာစကားနားရည်မ၀တော့ ဆရာမက နားလည်အောင် ဥပမာလေးတွေနှင့် ရှင်းပြရသည်။ ထိုအကျိုးကြောင့် မြန်မာစကား ပိုကြွယ်ဝလာကြသည်။


တဦးချင်းမိတ်ဆက်၊ အမေးအဖြေလုပ်ပေးခြင်းဖြင့်  ဘာသာစကားကို ကျင့်ပေးသည်။ ယဉ်ကျေးအောင် နေထိုင်တတ်ဖို့  သွန်သင်သည်။ တယောက်တပေါက်နှင့် မြန်မာကပြားပြောရာကနေ မြန်မာစကား စစ်စစ် တဖြေးဖြေးပြောတတ်လာသည်မှာ ကြည်နူးစရာကောင်းလှသည်။ အဆိုတကျော့ပြီးတော့ မငြီးငွေ့ အောင် အရေးဘက် ပြောင်းသည်။ ၀လုံးကလေးမှ က၊ခ လေးတွေ ၀ိုင်းဝိုင်းရေးတတ်လာသည်။ တခါ စာလုံးလေးတွေ ပေါင်းဆိုတတ်အောင် ဆရာမက ချပေးပြီး တပည့်တွေက လိုက်ဆိုကြသည်။ ဒီလို အခါမျိုးမှာ အရေးပျင်းတဲ့ သားအသံက အကျယ်ဆုံးထွက်လာတတ်သည်။


အတန်းချိန်ပြီးလျှင် အမျှဝေရန် တဘက်အခန်းသို့  ကူးရသည်။ အမျှမဝေခင် ဘုန်းဘုန်းက
မုန့် ဝေတော့ အားလုံးဘုန်းဘုန်းနား ၀ိုင်းနေကြသည်။ နှစ်ခါ၊ သုံးခါပြန်ယူကြနှင့် ဘုန်းဘုန်းက ဒုတ်အကြီးကြီးနဲ့  ခြောက်မှ ကိုယ့်နေရာကိုယ် ပြန်ရောက်ကြသည်။ အမျှဝေ ဘုရားရှိခိုးပြီး ဘုန်းဘုန်းကို ကန်တော့ပြီးမှ ပြန်ကြသည်။


Sunday School မှ သားတိုးတက်လာတာကို တွေ့ တော့ ဘာသာစကား အခက်အခဲကြောင့် စိတ်ပျက်နေသော မိဘတွေ၊ ယဉ်ကျေးမှုတွေ အတုခိုးမှားမှာ ကို စိုးရိမ်နေသော မိဘတွေ၊ မြန်မာကမွေးပြီး မြန်မာလို မပြောတတ်တာကို လက်မှိုင်ချနေရသော မိဘတွေ၊ ဘာသာတရားပျောက်မှာ စိုးကြောက်နေသော မိဘများကို လက်တို့ တိုက်တွန်းချင်ပါသည်။ အရင်က တလနေလို့ တခါမရောက်ဖြစ်သော ဘုန်းကြီးကျောင်းကို ခုတော့ တပတ်တခါရောက်ဖြစ်နေတော့ ကိုယ်ကိုယ်တိုင်လဲ ကုသိုလ်ရငြိမ်းချမ်းရသောကြောင့် သားရွှေအိုးထမ်းသည့် ဒီလို အခွင့်အရေးကို ဘာကြောင့်လက်လွှတ်ခံမလဲလို့  အကျိုးမျှော်၍
နှိုးဆော်လိုက်ပါသည်။

(Sunday School တည်ထောင်သူ ဘုန်းဘုန်းနှင့် ပညာကုသိုလ်ဝေမျှပေးသော ဆရာမများအား အထူးကျေးဇူးတင်လျက်)
တန်ခူး
5:00pm 15-Jul-
2008



20 comments:

ဂျစ်တူး - gyit_tu said...

အမရေ .. ဒီလိုလေးတွေမြင်တော့ စိတ်ထဲ သိပ်ဝမ်းသာမိတယ် ။ ခုတလော မြန်မာဖြစ်ပြီး မြန်မာလိုလည်း ပြောတတ် နားလည်ပါရဲ့နဲ့ အင်္ဂလိပ်လိုပြောရတာ ပို comfortable ဖြစ်တယ်ဆို အင်္ဂလိပ်လို ပြောကြတဲ့ မြန်မာတချို့ ကို နားမလည်နိုင်အောင် ဖြစ်နေတာ ။

တကယ်တော့ ကလေးတွေဆိုတာ ပတ်ဝန်းကျင်နဲ့ အဲလို ထားပေးရင် ဘာသာစကားကို လွယ်၂လေး တတ်သလို ၊ ယဉ်ကျေးမှုစရိုက်ကိုလည်း နားလည်လာနိုင်မှာပါ ။ ခုလို ပုံလေးတွေနဲ့တကွ မြင်ရတာ ကြည်နူးစရာပါပဲ ။

စင်္ကာပူမှာ နေရတာ မြန်မာတွေအတွက် အဲလိုဟာလေးတွေကတော့ ကောင်းတယ်နော် ။ မြန်မာဆိုင်တွေဆိုလည်း အများကြီး ။ ကိုယ့်မြန်မာအသိုင်းအ၀ိုင်း အသေးစားလေး ရှိနေသလို ။ ဟိုတနေ့က သူငယ်ချင်းနဲ့ ပြောနေတာ .. မြန်မာတွေ စလုံးမှာ ၁သိန်းလောက်တောင် ရှိပလား မသိဘူးလို့ ..

pandora said...

တွေးကြည့်ဖူးတယ်။ ကိုယ်တိုင်တော့ မြန်မာစာပေကို ဒီလောက် နှစ်သက်တာ တနေ့နေ့မှာ ကလေးရှိလာပြီး ကိုယ့်ကလေးက မြန်မာလို မရေးတတ် မဖတ်တတ် ဆိုရင် ဘယ်လိုမှ ခံစားနိုင်မယ် မထင်ဘူး။ ပန်ဒိုရာက စာတွေ ကဗျာတွေ ၀ါသနာပါတော့ ဖေဖေဆိုရင် ၀မ်းသာနေတာလေ။

အခုဒီမှာက အဖေအမေတွေ အလုပ်လုပ်ကြပြီး ပိတ်ရက်မှ နားရတဲ့အခါ ကလေးတွေကို အဲဒီကို မပို့ဖြစ်သူတွေလည်း ရှိတယ်။ ဒီနိုင်ငံက တခြားနိုင်ငံတွေနဲ့စာရင် မြန်မာစာသင်ဖို့ အခွင့်အလန်းက ကောင်းနေပါသေးတယ်နော်။ နီးစပ်ရာကို များများ တိုက်တွန်းပေးပါ မတန်ခူးရေ။

nu-san said...

မတန်ခူးရေ.. ဖတ်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းသလို အဲဒီလို ဘုန်းကြီးကျောင်းတွေ၊ မြန်မာအသိုင်းအ၀ိုင်းတွေ ကြားထဲမှာ နေရတာလည်း ကံကောင်းခြင်းတစ်ခုပါပဲ။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေးကို အဲဒီလိုလေး မြင်ရတော့ စိတ်ချမ်းသာမှာ အမှန်ပဲ..

၂ နှစ်ကနေ စထားလို့ရတယ်ဆိုတော့ တကယ်ကောင်းတယ်နော်.. ငယ်ငယ်ကတည်းက ဗုဒ္ဓဘာသာ၊ ကိုယ့်ယဉ်ကျေးမှုတွေနဲ့ မကင်းကွာတော့ဘူးပေါ့.. အဲဒီလို ကျောင်းလေးတွေ နေရာအနှံ့ နိုင်ငံအနှံ့မှာ များများပေါ်ထွက်လာနိုင်ပါစေလို့ ဆုတောင်းရမယ်.. :)

ရွာသားလေးဝိုင်တီယူ said...

အမရေ ကျနော်ရေးထားတဲ့စာလေးထဲကလို မဖြစ်ပဲ အခုလိုမျိုး ဗမာကလေးတွေ ဗမာစာကို ပိုပြောတတ်ရေးတတ်ဖတ်တတ်ပြီး တန်ဖိုးထားတတ်မယ်ဆိုရင် ဒီသင်တန်းကျောင်းတွေ ထောင်သောင်းမက ရှိစေချင်လိုက်တာဗျာ

ကလိုစေးထူး said...

ဒီဈေးဆိုင်မှာ ဒီတခါတည်ခင်းထားတာက အမိုက်စားပါပဲဗျို့။ ကျနော်တော့ ပုံတပုံခြင်းစီနဲ့၊ စာတပိုဒ်ခြင်းစီကို လိုက်ဖတ်ပြီး စိတ်ထဲ တော်တော်လေး ကြည်နူးမိတယ်။ ကျနော် အခုရောက်နေတဲ့ ပြည်နယ်မှာဆိုလဲ မြန်မာတွေ မနည်းလှတော့ဘူး၊ ဒါပေမယ့် တချို့ကလေးတွေ လုံးဝကို မြန်မာစကားမပြောတတ်တော့ဘူး (ဒီအကြောင်းကို တစွန်းတစလဲ ရေးခဲ့ဖူးတယ်)။ ဒါပေမယ့် အင်ဒီယားနားပြည်နယ်လို မြန်မာကွန်မြူနတီ ကောင်းကောင်း ရှိတဲ့နေရာမှာကျတော့လဲ တန်ခူးရေးပြတဲ့ ကျောင်းလို နေရာမျိုးလေးတွေ ရှိပါတယ်။

Taungoo said...

အမတန်ခူးရေ
ဒီလိုသတင်းကြားမိပေမယ့် သေချာမသိခဲ့ဘူး။ ခုမှ ဓါတ်ပုံဝေဝေဆာဆာနဲ့ ကလေးလေးတွေ မြင်လိုက်ရတော့ ကြက်သီးတောင်ထမိပါတယ်။ အမသားကလေးရဲ့ မြန်မာသွေးပြလာတာကို သိလိုက်ရလို့ ကျွန်တော်တောင် ဒီလောက် ပီတိဖြစ်မိရင် မိဘတွေဆို ဘယ်လောက်ဝမ်းသာ ကျေနပ်လိုက်မလဲဆိုတာ မှန်းဆမိပါတယ်ဗျာ။ ဖြစ်မြောက်အောင် တည်ထောင်တဲ့ သံဃာတော်တွေ၊ ဆရာတွေ နဲ့ ကိုယ့်ရင်သွေးလေးတွေကို မရောက်ရောက်အောင် ပို့ပေးနိုင်ကြတဲ့ မိဘတွေ အားလုံးအားလုံးအတွက် လေးလေးနက်နက်ကို သာဓုခေါ်ဆိုလိုက်ပါတယ်ဗျာ

နိုင်ငံတကာမှာ သာသနာတော်နဲ့အတူ မြန်မာစာ မြန်မာ့ယဉ်ကျေးမှု ထွန်းကားပြန့်ပွားလာအောင် ထိန်းသိမ်းကြိုးပမ်းနိုင်ကြပါစေ.....

မေတ္တာဖြင့်

Ko Paw said...

အိမ်က သမီးကတော့ ဗမာစကားတော့ တဖက်ကမ်းခတ်ပါရဲ့။ သို့သော်...အရေးအဖတ်တော့ မတတ်သေး။ နည်းနည်းကြီးလာရင် သမီးကလည်း စိတ်ဝင်စားခဲ့မယ်ဆိုရင် သင်ပေးဘို့ ရည်ရွယ်ချက်ရှိပါတယ်။ အခုလောလောဆယ်တော့ သူ့ရဲ့ ရှားပါးလှတဲ့ တနင်္ဂနွေအားလပ်ချိန်ကလေးကို.........

myatnoe said...

တနေ့နေ့မှာ အဲလိုမျိုး လုပ်ဖို့ ရည်ရွယ်ထားရင်း ဓာတ်ပုံတွေကြည့်ပီး ကြည်နူးကျေနပ် ၀မ်းသာ မိပါကြောင်း
သူငယ်ချင်းများကို လက်တို့ လိုက်ပါမည့် အကြောင်း
အမတန်ခူးကိုကျေးဇူးတင်ပါကြောင်း
...ကြောင်း...

ပုံရိပ် / Pon Yate said...

ဒီလို စာရော ဘာသာရေးရော သင်ပေးတဲ့ နေရာရှိတာ ကြည်နူးစရာပါ။ သာဓုခေါ် ပါတယ်ဗျို့။

ကေသီ said...

မတန်ခူးရေ..
ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေ အလွန်ကောင်းမွန်တဲ့ နေရာလေးတစ်ခုအတွက် နှိုးဆော်ပေးထားတဲ့ ဒီပိုစ့်လေးဟာ တန်ဖိုးမဖြတ်နိုင်ပါ။
ကလေးငယ်တွေရော၊ မိဘတွေကရော.. ဒီသင်တန်းလေးကို အရှည်သဖြင့် တစ်စိုက်မတ်မတ် လုပ်နိုင်ကြရင်တော့ အတိုင်းထက်အလွန်ပါ။

ဒါပေမယ့် မတန်ခူးရေ... ကိုပေါ ပြောသလိုပါဘဲ...။ ကလေးတွေအတွက် ရှားပါးတဲ့ အားလပ်ရက်ကလေး တစ်ပါတ် တစ်ရက်မှာ သူတို့ လေးတွေကို နားစေချင်မိတယ်။ နောက်တစ်ခုက ဒီက ကလေးတွေ Primary School စတက်ရတဲ့အခါမှာ Mother Tongue ဆိုတဲ့ Chinese သင်ခန်းစာကို မလွဲမသွေ သင်ကြရတယ်လေ..။ အဲဒီအခါမှာ ကလေးတွေဆီမှာလဲ Stress တွေ ရှိသလို မိဘတွေ ဆီမှာလဲ အဲဒီအတွက် Stress တွေ အတော်ပိလာကြတာကို တွေ့ ရတယ်။ မိဘအများစုက ကိုယ်တိုင်မသင်နိုင်၊ မသင်တတ်ကြတဲ့အတွက် ကျူရှင်တွေထားကြရတယ်။
မိဘတွေရော ကလေးတွေပါ ပင်ပန်းကြပါတယ်။ အတန်းကြီးလေ၊ စာတွေမြင့်လာလေ.. ပိုပင်ပန်းလေပါဘဲ..။
ဒါပေမယ့်လဲ ဘယ်လိုဘဲဖြစ်ဖြစ်
ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ ဒီ ယဉ်ကျေးမှုသင်တန်း နဲ့  မြန်မာစာ သင်တန်း ဆိုတာလေးကို တစ်ပါတ်မှာ တစ်ရက်လေးတောင် လိုက်မပို့ နိုင်ကြတော့ဘူးလား
လို့  မေးစရာရှိပါတယ်။
မိဘ ဆိုတာမျိုးက ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် ဖြစ်လာတဲ့ အတ္တ ဆိုတာ ဘာနဲ့ မှ မတူအောင် ပြင်းထန်တဲ့ အတ္တမျိုး ကိုယ်စီရှိတတ်ကြတာ ဘယ်မိဘမှ ငြင်းနိုင်မယ်မထင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် မိဘတိုင်းဟာ ကိုယ့်သားသမီးကို သူတို့ ရဲ့  အသက်အရွယ်အလိုက် သက်ဆိုင်ရာ ပညာ အရပ်ရပ်တိုင်းကို သင်ကြား တတ်မြောက်စေချင် ကြတာချည်းပါဘဲ..။ ဒါပေမယ့် အခြေအနေနဲ့  အချိန်အခါ အနေအထားအရ လျှော့လိုက်ရတာတွေ အများကြီးရှိနေပါသေးတယ်..။

မပန်ဒိုရာပြောသလို ကိုယ်တိုင်က မြန်မာလူမျိုးတစ်ယောက်ဖြစ်တာမို့  ကိုယ့်သားသမီးက မြန်မာလို မရေးတတ်၊ မဖတ်တတ်ရင် ဘယ်လိုမှ ခံစားနိုင်မယ် မထင်ဘူး ဆိုတဲ့သူမျိုးတွေကိုလဲ အများကြီးတွေ့ ဖူးတယ်။
အိမ်ထောင်မရှိသေးတဲ့ အပျိုကြီး၊ လူပျိုကြီးတွေ၊ ကလေးမရှိလေးတဲ့ လင်မယားစုံတွဲတွေကလဲ မြန်မာစာမတတ်တဲ့ ကလေးငယ်တွေကိုရော ကလေးမိဘတွေကိုပါ အထင်သေးတဲ့အကြည့်နဲ့  ခပ်သရော်တော်တော်ကြည့်ရင်း ကိုယ်သာ ကလေးရလာရင် မြန်မာစာတော့ သင်ကိုသင်မှဖြစ်မယ် လို့  တင်းတင်းမာမာ ပြောကြတာတွေလဲ တွေ့ ဖူးပါရဲ့ ..။
အဲဒီလို လူမျိုးတွေကို တွေ့ ရင် တကယ်ပါ.. သူတို့ တွေများ ကလေးရလာပြီးရင် ဘယ်လိုများ သင်ကြား ထိန်းကျောင်း ပဲ့ပြင် သွန်သင်ကြမယ် ဆိုတာ စောင့်ကြည့်နေချင်ပါတယ်လေ..။
အလုပ်ထဲမှာ သူ့ ထက်ငါ ရာထူးကောင်းကောင်းရရေး.. လခများများရရေး.. အိမ်ကောင်းကောင်းဝယ်နိုင်ရေး.. ကားကောင်းကောင်းစီးနိုင်ရေး.. အစရှိတဲ့ ချဉ်ခြင်းတွေနဲ့  ကိုယ့်ကိုယ်ကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ရရှိ ဖြစ်တည်စေဖို့  ယောင်္ကျားတောင် မယူနိုင်၊ ကလေးတောင် မမွေးနိုင် တဲ့ သူမျိုးတွေဆီက ဒီလိုစကားမျိုးတွေ ကြားရတာကတော့ တော်တော်လေးကို နားကလောမိပါတယ် မတန်ခူးရေ..။ ဒါကြောင့်မို့  ဒီ Comment ကို ရှည်ရှည်ကဲကဲ ၀င်ရေးမိပါတယ်။

ဘာဘဲဖြစ်ဖြစ် မတန်ခူး ရေးထားတာ၊ နှိုးဆော်ထားတာကို လေးစားပါတယ်။ တန်ဖိုးလဲထားပါတယ်။ ကိုယ်လုပ်နိုင်တာကို လုပ်ရင်း သူများတွေကို အသိပေး နှိုးဆောင်ထားတဲ့ ဒီပိုစ့်လေးကိုလဲ နှစ်သက်ပါတယ်။ ကျေးဇူးတင်ပါတယ်.. မတန်ခူးရေ..။

သက်ဝေ said...

ကြားရ သိရ တွေ့ ရ မြင်ရတာ ကြည်နူးစရာလေးနော်...။
ရှုထောင့် အမျိုးမျိုးကကြည့်ရင်း ရေးထားကြတဲ့ မှတ်ချက်တွေကိုလဲ သေသေချာချာ ဖတ်သွားပါတယ် တန်ခူးရေ...

sonata-cantata said...

ဒီ post ကိုတော့ Comment ရေးကိုရေးရမယ်လို့ စိတ်ကူးမိတယ်။ Comment တွေလည်း စေတနာပါပါ ဝေေ၀ဆာဆာတွေ့ရတယ်။
ကျမ အလုပ်လုပ်တုန်းက Annie ဆိုတဲ့ ယိုးဒယားမလေးနဲ့ ဆုံဖူးတယ်။ နာမည်အပြည့်အစုံကတော့ Annie Ankasuwan ပါ။ သူက စင်္ကာပူကို Primary အရွယ်ကတည်းက ကျောင်းလာတက်တာဆိုတော့ တရုတ်လို တတ်နေတာ အံ့သြစရာမရှိပါဘူး။ သူ့အဖေကလည်း တရုတ်လူမျိုးလို့ပြောပါတယ်။ သူ့အမေကတော့ ထိုင်းလူမျိုးပေါ့။ သူ့ အလုပ်စားပွဲမှာ Thai Typing လက်ကွက်ဇယား ကပ်ထားတာတွေတော့၊ (ကျမ အဲ့ဒီအချိန်က မြန်မာ font type မရိုက်နိုင်သေးပါဘူး။) သူ့ကို မေးမိပါတယ်။ “Annie ဒီမှာ တလျှောက်လုံးနေတာ ထိုင်းလို တတ်သေးလား” လို့ပေါ့။ သူက “အင်းလေ မိသားစုနဲ့က ထိုင်းလိုပဲ ပြောတယ်။ ငါက ကာတွန်းကြိုက်တော့ ထိုင်းလို ကာတွန်းစာအုပ်တွေဖတ်တယ်။ Animation တွေကိုလည်း ထိုင်းလိုပဲ Download လုပ်ပြီးကြည့်တာ ဆိုတော့ မမေ့တော့ဘူးပေါ့” တဲ့။ Annie ဟာ genius တစ်ယောက် မဟုတ်ပေမဲ့ ကိုယ့်လူမျိုး ဘာသာ၊ စကားကို ဘေးချိတ် မထားရုံနဲ့တင် ကျမ သူ့ကိုလေးစားပါတယ်။

Foreign Language တစ်ခုခုကို တတ်ထားတာဟာ ဘ၀ခရီးကို လျှောက်လှမ်းရာမှာ Tool တစ်ခုကို ရထားသလိုပဲလို့ မှတ်သားဖူးပါတယ်။ မိခင်ဘာသာကို ကျွမ်းကျင် တတ်မြောက်ခြင်းရဲ့ အကျိုးတွေကိုတော့ ဒီနေရာမှာ တစ်စုတစ်စည်းတည်း တင်ပြဖို့မှာ ကျမ မတတ်နိုင်တဲ့အရာပါ။ ကျမ ကြည်ညိုတဲ့ ဥပမာ တစ်ခုကတော့ ၀ိပဿနာ တရားပြဆရာကြီး S. N. Goenka ပါဘဲ။ ဆရာကြီးဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းတဲ့ ဟိန္ဒီလူမျိုးတစ်ယောက်လို့ သိရှိရပါတယ်။ ဆရာကြီးရဲ့ မိမိ နေထိုင်ကြီးပြင်းခဲ့ရာ ဒေသရဲ့ ဘာသာစကားမှာလည်း ကျွမ်းကျင်၊ မိခင်ဘာသာဖြစ်တဲ့ ဟိန္ဒီဘာသာ၊ စာပေကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်မှုကြောင့် သာသနာပြုလုပ်ငန်းကြီးကို အံ့မခန်းဆောင်ရွက်နိုင်ခြင်း အကျိုးတရားတွေကတော့ ကျမ ဉာဏ်နှင့် နှိုင်းဆလို့ မမှီနိုင်ပါဘူး။

တားမြစ် ထားသော... said...

ကောင်းတဲ့ အစီအစဉ်လေးပါပဲ။ အဝေးရောက် မြန်မာကလေးငယ်များ မြန်မာပြည်ကို ချစ်နိုင်ကြပါစေ...

မဇနိ said...

အမတန်ခူးရေ “က ကာ ကား“ ဆိုတဲ့ အသံလေးတွေ နားထဲကြားယောင်လာမိတယ်။ မြန်မာပြည်မဟုတ်တဲ့ နေရာမှာ မြန်မာစာသင်ပေးနေတဲ့ ကျောင်းလေးတွေ ရှိနေတာ ၀မ်းသာမိပါတယ်။ နုနယ်တဲ့ ကလေးတွေ မြန်မာစာနဲ့ မဝေးတော့တာလည်း ပီတိဖြစ်မိပါတယ်။ စနစ်တကျသင်ပေးနေတဲ့ ဓါတ်ပုံလေးတွေကြည့်ရင်း ပညာဒါနဘုန်းဘုန်းနဲ့ ဆရာမတွေကို ကျေးဇူးတင်မိပါတယ်။ ပို့စ်ဝေမျှတဲ့ အမကိုလည်း ကျေးဇူးတင်မိပါတယ်။

khunmyahlaing said...

ဒီလို ကျောင်းလေး ထူထောင်သူများနဲ့ ရည်ရွယ်ချက်၊ အကောင်အထည် ဖော်ပုံနဲ့ အခက်အခဲ လေးများ အကြောင်းရယ်၊ ဒီလိုကျောင်းကို တက်ရတဲ့ အတွက် ကလေးရဲ့ ခံစားချက် ကလေးတွေကို သိချင်ပါရဲ့ မတန်ခူးရေ...

MELODYMAUNG said...

Lorong 1ကဘုန်းကြီးကျောင်းမှပဲထင်တယ်နော်
၃ထပ်ရှိတာ ဘယ်အထပ်မှာ သင်တာလဲမသိဘူးနော်

ဒီပို့စ်လေးဖတ်ရတာ ကျေးဇူးတင်ပါတယ်
ရောက်နေတုန်း ဒီအပါတ်ဆန်းဒေး သွားလိုက်ဦးမယ်ဗျ

တန်ခူး said...

ဂျစ်ပြောတဲ့သူမျိုးတွေ အမလဲမြင်ဖူးတယ်… သူတို့ အိမ်သွားလိုက်ရင် မြန်မာအိမ်လို့ ကို မခံစားရဘူး… ဟုတ်ပါတယ်ဂျစ်ရေ… တည်ထောင်တဲ့သူတွေကို ကျေးဇူးတင်စရာပါ…

ပန်ရေ… ပန်မှာ အဲလိုစိတ်လေးရှိနေမှတော့ ပန့် မျိုးဆက်လေးတွေ မြန်မာစာ ချစ်တတ်မှာ သေချာပါတယ်.. အဓိက ကစိတ်ပဲလေ….

နုရေ… တို့ လဲ အဲလိုဆုတောင်းမိတယ်… ဒါမှ အမျိုးမပျောက်မှာလေ…

ဟုတ်ပါတယ်… ရွာသားလေးရယ်… ကိုယ့်ဘာသာစကားကို ထိန်းသိမ်းဖို့ က အမျိုးသားရေးတာဝန်မိုလား….

ကိုစေးထူးရေ… ကျွန်မအမျိုးသားရဲ့ ညီမ၀မ်းကွဲလေးတွေလဲ ဒီလိုပဲ… နားသာလည်တယ် မပြောတတ်ကြဘူး…

ကိုတောင်ငူရေ… ပေးတဲ့ဆုနဲ့ ပြည့်ဖို့  ထပ်ဆုတောင်းလိုက်ပါတယ်… ခုလိုလာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကိုပေါရေ… သင်ချိန် ၁ နာရီခွဲထဲပါ… ညနေပိုင်း ၆း၃၀ ကနေ ၈း၀၀ မို့ သိပ်ကြီး အချိန်မယူပါဘူး… ကလေးတွေ အားလုံးပျော်ကြတာများပါတယ်…

ခုထဲက planတွေချနေပြီပေါ့မြတ်နိုးရေ… နောက်တာနော်

ဟုတ်ပါတယ် ပုံရိပ်ရေ… တကယ်ကို ကြည်နူးစရာပါ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

မကေသီရေ… အခက်အခဲတွေကို နားလည်ပါတယ်… တခြားဘုန်းကြီးကျောင်းတွေမှာလဲ
ဖွင့်ဖို့ အစီအစဉ်ရှိကြောင်း သိရတာမို့  အိမ်နားနီးနီးဆို အချိန်သိပ်မပေးရတော့ဘူးပေါ့နော်… အံ့သြစရာကောင်းတာက ကလေးတွေ စိတ်ထဲ ကျောင်းဆိုတဲ့stressကြီးမခံစားရပဲ ပျော်နေကြတာပါ… တတိုင်းပြည်ထဲသားချင်းတွေဆုံရတာ မောင်နှမတွေလိုပဲ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကျေးဇူးပါသက်ဝေရေ… ဟုတ်တယ်နော်… comment တွေက စိတ်ဝင်စားစရာ…

မ ရေ…ကျေးဇူးပါ… မ ပေးတဲ့ဥပမာလေးတွေက တော်တော်ထိမိပါတယ်… ကြီးကျယ်မြင့်မြတ်တဲ့ အကျိုးတရားတွေ အတွက် ကြိုးစားအားထုတ်ကြပါစို့ လို့ အားလုံးကို တိုက်တွန်းချင်ပါတယ် မ ရယ်…

ဟုတ်ပါတယ် ကိုတားမြစ်ထားသောရေ… မတတ်သာလို့ ဝေးနေချိန်မှာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာပါ…

ကျေးဇူးပါ မဇနိရေ… အနာဂတ်မှာ နေရာအနှံ့ ပေါ်ထွန်းလာပါစေလို့ ….

လှိုင်ရေ… ကြိုးစားကြည့်ပေးမယ်နော်…

ကျွန်မ ပြန်တာများနောက်ကျသွားပလား မသိဘူးနော်… မယ်လိုဒီမောင် မပြန်သေးဘူးဆိုရင် လာခဲ့ပါ… Ah Hood Road က ဘုန်းကြီးကျောင်းမှာပါ… မြေအောက်ထပ်မှာ ညနေ ၆ နာရီခွဲကနေ ၈နာရီထိသင်ပါတယ်… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

ကောင်းကင်ကို said...

ဒီပို့ စ်လေး အခုမှ ဖတ်ဖူးတယ်။ ကြည်နူးစရာပါပဲ။

wai said...

hi Ma,thanks for your sharing.
i am also planning for my girl but she is now only 10 months.

တန်ခူး said...

ကောင်းကင်ကိုရေ… ကျေးဇူးပါနော်… ကော်မန့် လေးကို ခုမှ မြင်ပြီး ပြန်တာ နောက်ကျသွားလို့  ခွင့်လွတ်ပါ…

ဝေရေ… နောက် နှစ်နှစ်လောက်ဆို ရပြီ… ကြိုဆိုနေတယ်နော်… မီးမီးလေးကို…