Wednesday, July 9, 2008

ရာဖြတ်



“ဟယ်ဖိတ်စာလေးက လှလိုက်တာ”

တကယ့်ဇာစဖြူဖြူလေးသုံးထားသော ထူးဆန်းလှပသည့် ဖိတ်စာလေးကိုကြည့်ပြီး ကျွန်မမှတ်ချက်ချတော့ မူယာက ဂုဏ်ယူတဲ့ အပြုံးနှင့်။ ရင်ထဲမှာ တခုခုကို ရိပ်မိလိုက်ပြီး
သတို့ သားနာမည်ကို ဖတ်ကြည့်လိုက်တော့…။

“နင် အဲဒီလူကြီးကိုရွေးလိုက်တယ်… သူကလူပျိုလဲမဟုတ်ဘူး… နင့်ထက်လဲ အသက်အများကြီး ကြီးတယ်… ပြီးတော့”

“ပြီးတော့ မိန်းမတွေကလဲအများကြီးပဲ… သိပြီးသားတွေပြန်ပြောမနေနဲ့ တော့…
သူ့ မှာလုပ်ငန်းပေါင်းများစွာရှိတယ်… ဒီမှာရော တခြားနိုင်ငံတွေမှာရော… ပြီးတော့သူက အ၀င်အထွက်တတ်တယ်… ငါနဲ့ လက်ထပ်ပြီးရင် ငါ့ကိုcompanyတခုလွှဲပေးမယ်… ငါ့ဘ၀ခိုင်သွားပြီ… ”

“သူ့ လက်ရှိမိန်းမတွေကရော”

“ဒါကသူ့ အပိုင်း… သူနိုင်လို့ သူလုပ်တာပေါ့… ငါစိတ်မ၀င်စားဘူး… သေချာတာက
သူ့ မိန်းမတွေထဲမှာ ငါကအသက်အငယ်ဆုံး… အသစ်ဆုံး…”

Branded ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်း၊ ရွှေဖြူနဲ့ စိန်တွေသီးပြီး လောကကြီးကို ကျေနပ်နေသော မူယာကို ကြည့်ပြီး သက်ပြင်းကြိတ်ချမိသည်။

“Sedona မှာနော်… လာဖြစ်အောင်လာခဲ့… ၀တ်စုံက စင်္ကာပူကမှာထားတာ…ဟန်နီးမွန်းက Europe”

“လာဖြစ်အောင် ကြိုးစားမယ်လေ”

“OK… bye”

အိမ်ရှေ့ မှာ ရပ်စောင့်နေသော ကျွန်မ အမျိုးအမည်မသိသည့် ကားအသစ်ကြီးထဲကို ကြွကြွရွရွ တက်သွားသော မူယာကို စိတ်မကောင်းစွာ ငေးကြည့်နေမိသည်။ မသွားဖြစ်မှာ သေချာသည့် သူ့ မင်္ဂလာဆောင် အတွက်တော့ စိတ်ထဲကကြိတ်ပြီးတောင်းပန်မိသည်။ အဲဒီလို အသိုင်းအ၀ိုင်းနှင့် မင်္ဂလာမရှိသော မင်္ဂလာဆောင်တခုက ကျွန်မရဲ့ အချိန်တွေကို ဖဲ့ခြွေပေးရလောက်အောင် တန်ဖိုး မရှိပါ။

*****************************************

ယဉ်စစနှင့် ကျက်သရေရှိစွာလှနေသော ဖြူပြာ့ကို ကြည့်ပြီး ကြည်နူးမိသည်။ အပြစ်ကင်းလိုက်သည့် သတို့ သမီးလေး။ ဓာတ်ပုံရိုက်တိုင်း ရှက်ကိုးရှက်ကန်းဖြစ်နေသော သတို့ သားက တကယ့်ရိုးသားမှုအပြည့်။ သူ့ မှာ ဒေါ်လာမရှိပါ၊ သူ့ မှာ လက်ကိုင်ဖုန်းမရှိပါ၊ ထို့ အတူ သူ့ မှာ မိန်းမ မရှိပါ။ သူ့ မှာ ဖြူပြာ့ကို တန်ဖိုးထားသည့် နှလုံးသားတခုရှိသည်။ သမာအာဇီဝ အလုပ်တခုရှိသည်။ ဖြူပြာ့ဘ၀ကို လုံခြုံမှုပေးနိုင်သည့် လှပသည့်သစ္စာတရားရှိသည်။

“ဖြူပြာ ဘာကြောင့် ဒီအူကြောင်ကြားကို ရွေးလိုက်လဲ စဉ်းစားမရဘူး… သူ့ Bossကသူကို အရူးအမူး…”

“အေးလေ… ငါလဲအံ့သြနေတာ… ငါတို့ အသိုင်းအ၀ိုင်းမှာ ဒီလိုဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တာက ခပ်ရှားရှားလေ… အန်ကယ်ကြီးသာရွေးလိုက်ရင် Sedona လား Tradersလားပဲ… ဖြူပြာတို့ က တကယ့်stupid”

ဘေးဝိုင်းက မြန်မာမှန်းမသိရတဲ့ ခေတ်လွန် အ၀တ်အစားတွေနဲ့ မိန်းမတအုပ်က ဖြူပြာ့မင်္ဂလာဆောင်ကို တန်ဘိုးဖြတ်နေကြသည်။

“ဟဲ့..ဟိုမှာအန်ကယ်ကြီးလာပြီ… သနားပါတယ်ဟယ်…မျက်နှာလဲမကောင်းဘူး”

“ဘေးက သူ့ ပွဲတက်မယားကြီးလေ… သူ့ နားကပ်က ဘယ်နှရတီလောက်များရှိမလဲ… ဒီကတောင် မျက်စိကျိန်းတယ်”

သူတို့ ပြောတဲ့ အန်ကယ်ကြီးကို ကျွန်မကြည့်လိုက်မိသည်။ အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ဖြူပြာ့အဖေထက် အသက်ကြီးပုံရတဲ့ လူကြီး။ ဖြူပြာရဲ့ 
သူ့ ဘ၀ကို တန်ဖိုးဖြတ်မှုအတွက် ကျွန်မဂုဏ်ယူမိသည်။ ဘ၀ကို ဖြတ်လမ်း မလိုက်တတ်သည့် ဖြူပြာအတွက် ငြိမ်းချမ်းမှုတွေက အသင့်စောင့်ကြိုနေလိမ့်မည်။

*****************************************

“နင် ငါ့ကို မမှတ်မိဘူးလား”

ရင်းနှီးသလိုလိုရှိသည့်မျက်နှာကို အတော်ကိုပုံဖော်ကြည့်လိုက်မှ….။

“မူယာ မိုလားဟင်…မူယာဟုတ်ပါတယ်နော်”

မတွေ့ ရတဲ့ တနှစ် နှစ်နှစ်အတွင်း သိသိသာသာ ပိန်ချူံးကျသွားသော သူ့ ကို ကြည့်ရင်း ကျွန်မ တော်တော်စိတ်မကောင်းဖြစ်သွားသည်။ သူက မျက်ရည်ရစ်ဝဲပြီး ကျွန်မကို ခေါင်းငြိမ့်ပြသည်။

“ညီမလေးက ဒီဆေးရုံမှာ ဂျူတီကျလို့  လာကြိုတာလေ… မူယာကရော”

“နေမကောင်းလို့ လေ… ရောဂါတွေက အများကြီး… ”

စကားပြောလျှင် နားနားပြီးပြောရတဲ့ အထိမောနေသည်။

“လိုတာရှိပြောလေ… တို့ ညီမလေးကို အကူအညီတောင်းလဲရတယ်… တယောက်ထဲလား… အမျိုးသားမပါဘူးလား”

ပျက်ယွင်းသွားသော မျက်နှာကို ကြည့်ပြီး မဆင်မခြင် မေးလိုက် မိသည့် အဖြစ်ကို နောင်တရသွားသည်။

“ကွဲသွားတာ လက်ထပ်ပြီး ၆လလောက်ထဲက… နေမကောင်းစဖြစ်ထဲကဆိုပါတော့”

“စိတ်မကောင်းလိုက်တာမူယာရယ်… ”

“ကိုယ့်အပြစ်နဲ့ ကိုယ်ပဲပေါ့… ကိုယ့်ကိုတကယ်ချစ်တဲ့ ချစ်သူကို ပစ်ပြီး ငွေနောက်လိုက်ခဲ့တာကိုး”

ဘ၀တခုလုံးနဲ့ ရင်းပြီးမှ ရလိုက်တဲ့နောင်တ။ တကယ့်မေတ္တာစစ်နဲ့ ချစ်သူဆို ခုလို နေမကောင်းဖြစ်နေချိန်မှာ အနားကနေဖေးမပေးလိမ့်မည်။

“လောကကြီးမှာ ငွေထက်အရေးကြီးတဲ့ အရာတွေ အများကြီးဆိုတာ ငါကောင်းကောင်း သဘောပေါက်သွားပါပြီ သူငယ်ချင်းရယ်”

“ဖြစ်ပြီးတာတွေကို မေ့နိုင်အောင်ကြိုးစားပါ မူယာ… လိုတဲ့အခါင့ါကို ဆက်သွယ်နော်… ဒီမှာငါ့ဖုန်းနံပါတ်”

သူ့ နာမည်ခေါ်နေပြီမို့  စကားဖြတ်လိုက်ရသည်။ လူနာခန်းထဲသို့  နှေးကွေးစွာ ၀င်သွားသော မူယာကို ကြည့်ရင်း သက်ပြင်းချမိပြန်သည်။ သူရွေးချယ်ခဲ့တဲ့လမ်းဟာ သူထင်သလို
မချောမွေ့ ခဲ့။

*****************************************

“ဆရာမများအတွက် နောက်အလှူရှင်တဦးကတော့ ကျောင်းသူဟောင်းမဖြူပြာနဲ့ မိသားစုပဲ ဖြစ်ပါတယ်”

ကျွန်မတို့ နှစ်က သူငယ်ချင်းဖြူပြာလား သိချင်ဇောနှင့် ကြည့်လိုက်တော့ အသားတွေဖြူဝင်းပြီး လှနေတဲ့ ဖြူပြာက သူ့ အမျိုးသား နဲ့  သမီးလေးနှစ်ယောက်နဲ့ အတူ ဆရာမတွေကို ကန်တော့ငွေ လှူဒါန်းနေတာ တွေ့ ရသည်။ သူငယ်ချင်းအတွက် ကြည်နူးပီတိ ဖြစ်မိသည်။

ဆရာမဟောင်းတွေကို ကျောင်းသူဟောင်းတွေက ဂါဝရပြုကန်တော့ပွဲကို ကျွန်မတို့  အထက်တန်းကျောင်းက နှစ်စဉ်ကျင်းပလေ့ရှိသည်။ အခန်းအနား အစီအစဉ်ပြီးတော့ ဖြူပြာဆီသွား နှုတ်ဆက်ဖြစ်သည်။

“သူငယ်ချင်းရယ်… မတွေ့ ဖြစ်တာ အတော်ကြာပြီနော်”

ဖြူပြာက အရင်ကအတိုင်း ပွင့်ပွင့်လင်းလင်း။

“ဖြူပြာအမျိုးသားကို သူ့ အလုပ်က ကြိုက်လို့ ဆိုပြီး စင်္ကာပူရုံးချူပ်ကို ပို့ လိုက်တာ…
ဖြူပြာတို့ လဲလိုက်နေရတာပေါ့… ဒီနှစ်တော့ ဆရာကန်တော့ပွဲ လာချင်လို့  အမျိုးသားကို ပူဆာပြီး ပြန်လာတာ ”

“ပြန်ဆုံရတာ ၀မ်းသာလိုက်တာ ဖြူပြာရယ်… နင်အဆင်ပြေနေတာတွေ့ ရတာ ငါအရမ်းကို ပျော်မိတယ်”

“ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတယ်ပဲ ပြောရမှာပေါ့ဟယ်… ယူတုန်းက ဒီလောက်နုံအတဲ့ ယောင်္ကျား ယူရမလားဆို ဆွေမျိုးတွေကတောင် ၀ိုင်းကဲ့ရဲ့တာ… ကိုယ်ကလဲချစ်တာရယ်… ရိုးဂုဏ်လေးရှိတာရယ်ကြောင့် ဇွတ်တိုးခဲ့တာ… ဒီလောက် အဆင်ပြေသွားလိမ်မယ်လို့  မမျှော်လင့်ခဲ့ပါဘူးဟယ်”

ဖြူပြာ့ရဲ့ရိုးသားတဲ့ ကိုယ်တွေ့ စကားလေးက မှတ်သားစရာ။ ငြိမ်းချမ်းတဲ့ မိသားစုလေးကို ကြည့်ပြီး သူတို့ ရဲ့ ငြိမ်းချမ်းမှုတွေက ကျွန်မဆီပါ ကူးပြီး ပျော်ရွှင်ဝမ်းသာမိသည်။

*****************************************

ပတ်ဝန်းကျင်က အိမ်ထောင်ရေးသုခ၊ ဒုက္ခတွေ မြင်ရကြားရတိုင်း မူယာနဲ့ ဖြူပြာက ကျွန်မ အတွေးထဲ ရောက်ရောက်လာတတ်သည်။ အိမ်ထောင်ရေး ဆိုသည်မှာ ထီထိုးသည်နဲ့ တူသည်ဟု ပြောလေ့ရှိကြသည်။ မမြင်ရတဲ့ ကံတရားကို ဆိုလိုခြင်းဖြစ်ပေမယ့် လောဘ အဓိပ္ပါယ်ပါသည့် ထိုဥပမာကို ကျွန်မ မနှစ်သက်လှပါ။ အိမ်ထောင်ဘက်ရွေးချယ်ခြင်းသည် သက်မဲ့ပစ္စည်းများကို ရာဖြတ်သကဲ့သို့  ကြိုတင်တွက်ချက်လို့ မရ။ စေတနာမှန်လျှင် အကျိုးပေးမည်ဆိုသည့် ဖြူပြာ ကိုယ်တွေ့ စကားလေးက ပိုလို့ လက်တွေ့ ကျ မှန်ကန်လိမ့်မည်။ ကောင်းမွန်သော အိမ်ထောင်ဘက်ကို မှန်ကန်သည့် စေတနာတရားနှင့် ရွေးချယ်နိုင်ကြပါစေ။


တန်ခူး
4:45pm 09-Jul-2008

9 comments:

Ko Paw said...

သြော်…တကယ်ချစ်တယ်ဆိုရင်တော့ ငွေကြေးအားဖြင့် မချမ်းသာတောင် စိတ်တော့ ပျော်ရွှင်ချမ်းသာနိုင်မှာပေါ့လေ။

အဲဒါကြောင့်ပြောကြတာနေမှာ။….အရာရာဟာ ငွေကြေးနဲ့ချည်း တိုင်းတာလို့မရဘူးဆိုတာလေ။

ပျော်ရွှင်မှုတို့ လွတ်လပ်မှုတို့ဆိုတာ တကယ်တမ်းကျတော့ ငွေကြေးကြွယ်ဝချမ်းသာမှုနဲ့ သိပ်တော့လည်း မသက်ဆိုင်လှပေဘူး။ တချို့ဆို သန်းပေါင်းများစွာ ပိုင်တာတောင် ဥရောပနဲ့ အမေရိကားမှာ ဈေးဝယ်မထွက်နိုင်လို့ စိတ်ညစ်နေကြရရှာတာကလား။

nu-san said...

မတန်ခူးရေ.. အိမ်ထောင်ရေးအကြောင်းလေး ယှဉ်ပြပြီး ရေးသွားတာ တကယ်ဖတ်လို့ကောင်းတယ်။ အပြင်မှာလည်း အဲဒီလို အိမ်ထောင်ရေးတွေမြင်နေတွေ့နေရတယ်။ ဒါပေမယ့်လေ လူတိုင်းဟာ ကိုယ့်လမ်းကိုယ်လျှောက်ကြတာ မို့ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ မှန်တယ် မှားတယ်ဆိုတာကို အချိန်က ဆုံးဖြတ်သွားမှာပါနော်...

myatnoe said...

marriage is lottery တဲ့ ငယ်ငယ်က CTO စာအုပ်ထဲမှာဖတ်ပီး သူငယ်ချင်းတွေကို ဆရာလုပ်တတ်ပါသည်။
အခုလဲ ကြောက်ပါသည်။ ဟီး..

စကားမစပ် အမရေ... လက်ထပ်ပီးတဲ့ ယောင်္ကျားတွေက သူတို့မိန်းမတွေအားလုံးကို Virus girl တဲ့..သိလား..။ မကောင်းဘူးနော်..။

မောင်မျိုး said...

ဖတ်လို့  ကောင်းတယ် အစ်မရေ့ အခုလက်ရှိ ဖြစ်ပျက်နေတာလေးကို ခိုင်းနှိုင်းဖော်ပြထားတာလေးကို သဘောကျတယ် ငွေဆိုတဲ့ ပူလောင်တဲ့ အရာနဲ့  ချစ်ခြင်းမေတ္တာရဲ့ အေးမြမှု ယှဉ်တွဲလာတဲ့အခါ ချစ်ခြင်းမေတ္တာက အသာရသွားတာပါပဲ ။

ကောင်းကင်ကို said...

ဒီဝတ္ထုကို ကောင်မလေးတွေ ဖတ်သင့်တယ်ဗျ။ ကောင်မလေးတွေကို ဖတ်ဖို့ ညွှန်းလိုက်မယ်။ ခက်ခက်ကို လည်းဖတ်ဖို့ ညွှန်းရမယ်။ :D

မဇနိ said...

အမ တန်ခူးရေ တန်ဖိုးရှိတဲ့ စာလေးပါ။ ဖတ်လို့ကောင်းလိုက်တာ။ အမ အရေးအသားလေးတွေ အားကျမိတယ်။

diLo said...

:D mama yae..
ever thought of publishing a book?
hehe..me be ur manager naw..
reali nice to read..ur stories..
hee

bsf said...

မတန်းခူးရေ အမအားလုံးနီးပါးဖတ်ပြီးပြီ။အရမ်းကောင်းတယ်။

တန်ခူး said...

သိပ်မှန်တာပေါ့ကိုပေါရယ်… ဒါပေမယ့်လဲ အဲဒီငွေက ဘ၀တော်တော်များများကို လွှမ်းမိုးထားတုန်းပဲ….

ဟုတ်ပါတယ်နုရေ… မူယာနဲ့ ဖြူပြာလိုပေါ့…

မြတ်နိုးရေ… မေတ္တာစစ်တို့ မှန်လျှင် ငြိမ်းအေးစမြဲမို့  မကြောက်ပါနဲ့ ညီမရေ…

မောင်မျိုးရေ… အိမ်ထောင်ရေးဆိုတာ မေတ္တာခိုင်မှ မြဲတတ်တာမျိုးမို့ ….

ဟုတ်ပါတယ် ကောင်းကင်ကိုရေ… ကြားနေမြင်နေရတဲ့ ဘ၀တန်ဖိုးဖြတ်မှုတွေ ရင်လေးလွန်းလို့  ကောင်မလေးတွေ ဖတ်စေချင်တဲ့ စေတနာနဲ့ ရေးဖြစ်သွားတာပါ… ခက်ခက်က ပေးဖတ်စရာတောင် မလိုအောင် လိမ္မာပြီးသားဖြစ်မှာပါ…

ကျေးဇူးပါ မဇနိရေ… ကျွန်မက မောင်တထမ်း၊ မယ်တရွက် မဇနိတို့ blogလေးကို အားကျနေတာ…

diLoရေ… မြှောက်မပေးနဲ့ နော်… တော်ကြာ မန်နေဂျာကြီး ထွက်ပြေးနေရဦးမယ်..
အရှုံးပေါ်လို့ လေ…

ကျေးဇူးပါ မbsfရေ… နောင်လဲလာလည်ပါဦးနော်…