Thursday, July 17, 2008

ဒီနိုင်ငံက သက်ကြီးရွယ်အို

“အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ့  ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက် ဒီိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘ၀ကို တွေ့ တိုင်း၊ မြင်တိုင်း၊ ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို့ ဆို့ နင့်နင့် ခံစားရမြဲ။ ဆင်းရဲချမ်းသာမှုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို့  မဆုံးနိုင်မေးခွန်းတွေနဲ့ လုံးလည်လိုက်စမြဲ။

မြင်ကွင်း(၁)
လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ့ ရတတ်သည်။ အင်္ကျီဗလာ ဘောင်းဘီတိုနဲ့ ဘာဂျာကို အဆက်မပြတ်မှုတ် ဘောလုံးလေးကစားပြရင်း ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ် ဘယ်လောက်ကျန်းမာသည် ပြောပြော ခုလို ပင်ပင်ပန်းပန်း ဘယ်ရုန်းကန်ချင်ပါ့မလဲ။ သူကို့ တွေလျှင် လူတွေက သူဖျော်ဖြေတာကို ပြူံးပြီး ပိုက်ဆံထည့်ကြသည်။ ကျွန်မကတော့ ဘယ်တော့မှ မပြုံးနိုင်ပါ။ ပိုက်ဆံလှူဒါန်းတိုင်း ချွေးတွေပြန်နေအောင် ပင်ပန်းနေသည့် သူ့ ကို ကြည့်ပြီး မျက်ရည်ဝဲရမြဲ။ ခုတော့ သူ့ ကို မတွေ့ ရတာ ကြာပြီ။ တခုခုများဖြစ်သွားလားလို့  တွေးပြီးစိတ်ပူမိသေးသည်။
*****

မြင်ကွင်း(၂)
ရုံးက သူငယ်ချင်းနဲ့  စကားပြောရင်း အမှတ်တမဲ့ သိလိုက်ရသည်။ သူ့ အမေက ရုံးတရုံးမှာ သန့် ရှင်းရေး အလုပ်လုပ်သည်တဲ့။ ကျွန်မ အတော်အံသြသွားသည်။ ရုံးမှာ သန့် ရှင်းရေးလုပ်သည်ဆိုသည်မှာ ဖုန်စုပ်၊ ကြမ်းတိုက်၊ အိမ်သာဆေးတဲ့ အထိ။ Brandတွေနောက် ကောက်ကောက်ပါအောင် လိုက်တတ်သော၊ နိုင်ငံပေါင်းစုံမှ အစားအစာပေါင်းစုံကို ရူးသွပ်သော သူက အမေ့ကို ဒီအလုပ်မျိုးလုပ်တာ လက်ပိုက်ကြည့်နေလောက်အောင်
မချို့ တဲ့တာ သေချာသည်။ အမေက အသက်ဘယ်နှနှစ်လဲဆိုတော့ ၆၅ တဲ့။ အကြောင်းပြချက်ကတော့ အမေအလုပ်မလုပ်ရင် အမေ့အိမ်စရိတ် ဘယ်သူပေးမလဲတဲ့။ ကျွန်မမှာ စကားလုံးတွေ ရှားပါးကုန်သည်။
*****

မြင်ကွင်း(၃)
အဖွားအိုက အဖိုးအိုကို တွဲနေကျ။ တုန်ချိချိခြေလှမ်းများကို လူရှုပ်သော စားသောက်ဆိုင်က အချိန်ဆင်းရဲသည့် လူငယ်တချို့ က စိတ်မရှည်။ ပြည့်နေသောအမှိုက်ပုံးကို တွေ့ တော့ အဖိုးအို၊အဖွားအိုရဲ့ မွဲခြောက်ခြောက် မျက်လုံးလေးတွေ အရောင်လက်သွားသည်။ အဖိုးက အမှိုက်ပုံးထဲမှ အအေးသံဗူး၊ သတင်းစာအဟောင်းတွေကို ရှာ၊ အဖွားက အဖိုးကမ်းပေးသော သံဗူးလေးတွေကို ခြေထောက်နဲ့ ဖိပြားပြီး သူတို့ ရဲ့ ညစ်နွမ်းနွမ်းအိတ်ထဲကို ထည့်သည်။ ဒီမြင်ကွင်းကြောင့် စားလက်စ ထမင်းတွေ မျိုမကျ။ ဒီနိုင်ငံမှာ တွေ့ နေကျမြင်ကွင်းပေမယ့် ကျွန်မရင်ထဲက ဆို့ နင့်မှုက အမြဲအသစ်ဖြစ်တတ်သည်။ ခဏနေတော့ သူတို့ လက်ထဲမှာ ညစာအတွက် ငွေစလေးတွေ။ တကယ်လို့ များ ညစာအတွက် မလုံလောက်သောညတွေ ဆိုရင်…။
*****

မြင်ကွင်း(၄)
အသက် ၈၀ကျော် ယောက္ခမကြီးကို မကျန်းမာလို့  လူအိုရုံပို့ လိုက်ပြီလို့  ကျွန်မ အရာရှိက လာပြောတော့ ဟန်မဆောင်နိုင်စွာ မျက်လုံးပြူးသွားမိသည်။ သူ့ ယောက္ခမကြီး နေမကောင်းနေတာ ကြာလှပြီ။ ခုတော့ လူအိုရုံတဲ့။ လူအိုရုံမှာက အမြဲ စောင့်ရှောက်မဲ့သူ ရှိတော့ ပိုအဆင်ပြေသည်တဲ့။ အရင်က သူတို့ တအိမ်လုံးကို ယောက္ခမကြီးက ချက်ပြုတ်ကျွေးခဲ့သည်။ လိုတုန်းကတော့ တမျိုး… မလိုတော့စွန့် ပစ်ပြီ။ ကွန်ဒိုမှာနေပြီး တနှစ်တခါ ကမ္ဘာပတ်နေသူတွေက အမေကို စောင့်ရှောက်ဖို့  မစွမ်းသာတော့ဘူးလား။
သူ့ ကိုနေ့ တိုင်းတော့ သွားတွေ့ မှာပေါ့နော်လို့  လျှာရှည်မိတော့ အချိန်ဘယ်မှာလဲတဲ့။ အလွန်ဆုံးတလ တခါပေါ့တဲ့။ လူအိုရုံထဲက သားသမီးတွေ၊ မြေးတွေ အလာကို မျှော်နေမယ့် မေတ္တာငတ်တဲ့မျက်ဝန်းတစုံကတော့။
*****

မြင်ကွင်း(၅)
ပိတ်ထားသောတံခါးနောက်ကွယ်မှ…။ တုန်ချိချိအမေအိုကြီးကို အခိုင်းအစေလို စကားပြောနေသည့် သမီး။ အမေရေချိုးတာ ကြာလို့ ဆိုကာ ရေဖိုးကုန်မှာ ကြောက်၍ အပြင်ကနေ ရေကို ပိတ်ပစ်လိုက်သည်။ ဆပ်ပြာတွေနဲ့ အမေထွက်မေးတော့ အမေကို သင်ခန်းစာပေးသည့် သမီးမျက်နှာက ရိုက်ချင်စရာ။ အမေကတော့ မရိုက်ရက်။ မျက်ရည်ဝေ့သီနေသော မျက်ဝန်းများနဲ့  ငေးကြည့်လို။ ဒါတကယ့် အဖြစ်အပျက်တဲ့။ ဒီနိုင်ငံက ပိတ်ထားသောတံခါးနောက်ကွယ်မှ တကယ့် အဖြစ်အပျက်တွေ။ ကျွန်မ TVမျက်နှာပြင်ကို ကြောခိုင်းလိုက်သည်။ အဲဒီလောက် အသဲမမာပါ။ ရင်ထဲမှာတော့ ကြေကြေကွဲကွဲ။
*****

မြင်ကွင်း(၆)
အိမ်ဘေးအိမ်မှာ အ၀တ်လာလျှော်နေကျ အဒေါ်ကြီးကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တော့ အမေက နှုတ်ဆက်သည်။ ထမင်းနပ်မှန်အောင် မနဲစားနေရသည့် သူ့ ကို မုန့် ဟင်းခါးဆိုင်မှာ တွေ့ တာ အတော်ထူးဆန်းသည်ကို။ အမေအိုကြီးမုန့် ဟင်းခါးစားချင်တယ်ဆိုလို့  ရှိတဲ့ပိုက်ဆံလေးနဲ့ လာဝယ်တာတဲ့။ မြန်မာပြည် အလည်ပြန်တုန်း တွေ့ လိုက်ရတဲ့ ဒီအဖြစ်လေးက ရင်မှအနာကို သက်သာစေသည်။ သူ့ စေတနာက သူ့ ကို လက်ငင်း အကျိုးပေးပါသည်။ အမေက တအိမ်လုံးအတွက် မုန့် ဟင်းခါးကုသိုလ်လုပ်လိုက်တော့ သူ့ မှာ ၀မ်းသာလို့ ။ မုန့် ဟင်းခါးမစားရတာ နှစ်နဲ့ ချီနေပြီတဲ့။ လူမွဲသော်လည်း စေတနာ၊မေတ္တာချမ်းသာသူ။
*****

ကုန်ဆုံးခါနီး ဘ၀နေ့ ရက်တွေမှာ အသက်ရှင် နေထိုင်ဖို့ အတွက် ရုန်းကန်နေကြရသည့်… ဒါမှမဟုတ် နောက်ဆုံးအချိန်ကို ကြေကွဲသော အထီးကျန်နေ့ ရက်များဖြင့်သာ ပြီးဆုံးသွားရသည့် သူတို့ ၏ ဘ၀များကို တွေ့ ရတော့ မိခင်၊ ဖခင်ကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးပြုစုတတ်သည့် ကျွန်မတို့ နိုင်ငံ၏ မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ဂုဏ်ယူမိသည်။

(ဘယ်နိုင်ငံမှာမဆို လူတဦးချင်းဆီပေါ်မူတည်သည် မှန်သော်လည်း ဒီနိုင်ငံကတော့ တိုက်တိုက်ဆိုင်ဆိုင် ဒါမျိုးအဖြစ်တွေ တွေ့ ရလွန်း၍ ရင်ဖွင့်မိခြင်းဖြစ်ပါသည်။ ကျွန်မ၏ ပုပ္ပလိက ခံစားချက်သက်သက်သာ ဖြစ်၍ အမှားပါလျှင် ခွင့်လွှတ်ကြပါရန်)

တန်ခူး
3:45pm 17-Jul-2008

18 comments:

Ko Paw said...

အမှုမဲ့ အမှတ်မဲ့ ကျော်သွားမယ့်အဖြစ်အပျက်ကလေးတွေကို အမှတ်ထင်ထင်ဖြစ်အောင် မီးမောင်းထိုးပြလိုက်နိုင်ပါတယ်။ တင်ပြပုံအရေးပါပုံကိုလည်း သတိထားလိုက်မိတယ်။

Kay said...

ဟုတ်ပါ့နော်။ စလုံးက..အရှေ့တိုင်းယဉ်ကျေးမူ ဖြစ်သင့်ပါရက်..မိအိုဖ အို တွေကို..စိတ်ရှည်သီးခံမူ သိပ် နည်းတာ တွေ့ရတယ်။ နောက်..လူငယ်တွေ ကိုပဲ..နေရာ ပေးလွန်းတယ်။ ပြောမိတယ်။ ဘယ်အလုပ်..မှာပဲဖြစ်ဖြစ်..၃၀- ၄၀ ကြားလူရွယ်တွေ ချည်းပဲ။ လူကြီး တွေ ဘယ်ရောက်ကုန် လည်း ဆိုတော့.. taxi driver တွေ hawker တွေ ပဲ ဖြစ်ကုန်တယ်ထင်တယ်။ age discrimination လို့ပြော ရမယ် ထင်တယ်နော်။ နောက်ပီး..အဘိုးကြီး အဘွား ကြီး တွေ အဲလို...တိုက်ခန်း လေး တွေထဲမှာ..အစုတ်ပလုပ် တွေ နဲ့..နေ နေ ကြတာ..အများ ကြီးပဲ ။ တခါ တွေ့ဖူးတဲ့..ဘိုးဘွား ၂ ယောက်ဆို..မနက်..သူများတွေ အလုပ်သွားချိန်.. ဓါတ်လှေခါး ထဲမှာ..တုန်၂ ချိ၂ နဲ့ အမြဲတွေ့တယ်.. တနေရာ အလုပ်သွားတယ်ပေါ့။ အမိုကို မှာ ။ နောက်ကြုံ တော့ Tampinese ရောက် တော့.. လက်ဖက်ရည်ဆိုင် တခု မှာ..အဘိုးကြီး..စားပွဲ သိမ်း နေတာ တွေ့တော့..ဟော-ဟော..ဟိုအဘိုးကြီး ဆို ပြီး..၀မ်းသာ အား ရ လက်ညိုးထိုးရင်း..အမလေး..ဒီလောက် အဝေးကြီး ကိုလာ လုပ် ရတယ်လို့..သနားနေတာ..ဆက်သွား တော့မှာ..မလှမ်း မကမ်း ဘူတာဘေးမှာ..သူ့ အဘွားကြီးက..တစ်လျှူးလေးတွေ ထိုင် ရောင်းလို့။ ငိုချင် လိုက်တာ ဆိုတာ။

စကား မစပ်- အချစ် အကြောင်း တွေ လာငေးသွားတာ..ဘာ ရ သွားလည်း..အဟဲ..။

်နှင်းပန်း said...

“အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” ဆိုတဲ့ကျွန်မတို့ နိုင်ငံ၏ မြင့်မြတ်သော ယဉ်ကျေးမှု အတွက် ၀မ်းသာ ဂုဏ်ယူမိ ပါတယ်တန်ခူးရယ်.....

myatnoe said...

သနားပါတယ် အမရယ်နော်..။
အဲလိုမျိုးဘာဖြစ်လို့ပါလိမ့်နော်..။ ကြောက်စရာကြီး
မြတ်နိုးကတော့ အသက်ကြီးတဲ့ အချိန်ကို ဂျပန်မှာ ကြီးနေချင်တယ်။ နောက်မှရေးရမယ် ဒီက သက်ကြီးရွယ်အို အကြောင်းတွေကိုး။
မြန်မာပြည်မှာ အဘွားကြီးတွေ ဈေးရောင်းနေတာ ပိုက်ဆံတောင်းနေတာတွေ့ရင် အသက်ကြီးလာတော့ လှူတတ်လာတယ်။ ကိုယ်တိုင်လဲ ကြီးကံကောင်းဖို့လဲ ဆုတောင်းတတ်လာတယ်။
ဝဋ်ဆိုတာတွေက လည်တတ်ကြတာ သူတို့တွေ အကြင်နာတရား မရှိကြပါလားကွယ်။
ကလေးတွေ ကို ခုကတည်းက သင်ခန်းစာပေးတဲ့ ပုံပြင်လေးတွေ များများပြောပြပေး အမရေ..။
မလွယ်ပါလားနော်။
အမရေးတဲ့ ဟန်ကို သိပ်ကြိုက်တယ်။

nu-san said...

မတန်ခူးရေ.. ရေးထားတာလေးတွေ ဖတ်ရင်း ရင်ထဲမှာ နင့်ကနဲပဲ.. တို့ကတော့ ဗုဒ္ဓဘာသာမို့လား မသိဘူး။ မိဘကို လုပ်ကျွေးပြုစုတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးလို့ လက်ခံထားတယ်။ ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း သားသမီးကောင်းစားတာကို မနာလိုတဲ့ မိဘဆိုတာ ရှိမှာမဟုတ်ဘူး။ တတ်နိုင်သလောက် ကိုယ့်ဘက်က သိတတ်တာတောင် မိဘကျေးဇူးဆိုတာ ဆပ်မကုန်ဘူးမို့လား.. ဒါကြောင့် အခုလို သက်ကြီး ရွယ်အိုတွေ ဒုက္ခရောက်တာမြင်ရရင် စိတ်မကောင်းဘူး။ တိုင်းပြည်က တိုးတက်လာလေ လူတွေရဲ့ ဘ၀ဟာ နေ့စဉ်ဝင်ငွေရှိမှ ရပ်တည်လာနိုင်မှာ။ ဒီမှာ ရှိတဲ့ အဖိုးအဖွားတွေရဲ့ ရှေ့ရေးတော့ မသိဘူးပေါ့နော်.. ဒါပေမယ့် အစိုးရ ထောက်ပံ့ကြေးကလည်း နည်းတယ်လို့ NHK ရဲ့ program တစ်ခုမှာ ပြောသံကြားဖူးတယ်။ အရင်တုန်းကဆို အသက်ကြီးရွယ်အိုတွေက ဆေးခန်းသွားရင် ပိုက်ဆံပေးစရာမလိုဘူး..အခုတော့ အဲဒီ rule ကို ပြင်လိုက်တယ်လို့လည်း သတင်းမှာ ကြားမိတယ်.. ဒါကြောင့် တို့တွေ ရုံးမှာဆို သန့်ရှင်းရေး လာလုပ်ကြတဲ့သူတွေက အဖွားအရွယ်တွေပဲ။ အသက် ၆၀ ကျော် ၇၀ တွေပေါ့။ နောက်ပြီး လုံခြုံရေးဆိုရင်လည်း အသက် ၇၀ နီးပါးရှိနေတဲ့ ဖိုးဖိုးကြီးတွေ။ မနေ့ကလည်း store ဆိုင်ရဲ့ ငွေကောင်တာမှာ မြင်ခဲ့ရတဲ့ ဖိုးဖိုးကြီးကအတော်လေးကို အသက်ကြီးနေပြီ။ တုန်ချိတုန်ချိပဲ။ နောက်ပြီး ဒီမှာ Taxi driver တွေက အဘိုးကြီးတွေများတယ်။ သူ့တို့ကို ကြည့်ပြီး မြန်မာပြည်မှာဆို တော်ရုံ ဒီအရွယ်တွေ အလုပ်မလုပ်ကြတော့ဘူးလို့ တွေးမိတယ်။
ဒီမှာကလည်း နေ့စဉ်ဝင်ငွေမရှိရင် ရပ်တည်ဖို့အဆင်မပြေနိုင်ဘူး။ အတိုးတွေ အခွန်တွေက တက်နေမှာလေ.. ဒါကြောင့် တချို့ဆို homeless တွေ ဖြစ်ကုန်ကြေ၇ာ။ အိုဇာတာ မကောင်းဘူးလို့ပဲ ပြောရတော့မှာပေါ့...

ကောင်းကင်ကို said...

ငွေကိုပဲ တန်ဖိုးထား ကိုးကွယ်ပြီး မိဘတွေကို ပစ်ပယ်တဲ့သူတွေ များလာတာ အရမ်းဝမ်းနည်းစရာပါ။

တားမြစ် ထားသော... said...

ကောင်းပါတယ်။ ဖတ်လိုက်ရတာ စိတ်မှာမကောင်းဘူးဆိုပေမဲ့ ကိုယ့်ကို သတိပေးသလို ခံစားရပါတယ်။
ကျွန်တော့်မှာလည်း မိအို၊ဖအိုတွေနဲ့ကိုး။

သက်ဝေ said...

တန်ခူးရေ..
နေ့ တစ်ဒူဝ မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေကို ထပ်ပြီး မီးထိုးပြလိုက်သလိုပါဘဲ..။
တစ်ခါတစ်ခါကျတော့ စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ပြောဆို ဝေဖန်ချင်စိတ်တွေ အများကြီး..။
ဒါပေမယ့်လဲ.. ဒါပေမယ့်လဲ..
ကိုယ်တတ်နိုင်တာလေး ကိုယ်လုပ်ပေးနိုင်ဖို့ ဘဲ ကြိုးစား စဉ်းစားကြည့်မိပါတယ်။

pandora said...

လာဖတ်ပြီးတာကြာပေါ့။ အခုမှ ခြေရာချလိုက်ပါတယ်။
အဲဒီလို သက်ကြီးရွယ်အိုတွေ အလုပ်လုပ်တဲ့ကိစ္စကို ဒီနိုင်ငံကို ရောက်ရောက်ချင်းမှာပဲ စပြီး သတိထားမိပါတယ်။ သူတို့ သားသမီးတွေက ဒီလိုပဲ ကြည့်နေလားပေါ့လေ။ ဒါနဲ့ နီးစပ်ရာ မေးကြည့်တော့ ဒီလို အလုပ်လုပ်ခွင့်ရတာကိုက သူတို့အတွက် အထူးအခွင့်အရေး ပေးထားတာဆိုပဲ။ ဒီလိုမှမဟုတ်ရင် သူတို့ ဘယ်လိုရပ်တည်ရမလဲတဲ့။ ဘာမှမလုပ်ပဲနေရင် ရောဂါတွေ ပိုဝင်လာမယ် ဆိုပဲ။ တဖက်ကလည်း သူတို့လုပ်တဲ့အလုပ်တွေမှာ နှေးကွေးတာနဲ့ efficiency ကျတယ်။ အခုနောက်ဆုံးတော့ ဟော်ကာဆိုင်တွေမှာတော့ အန်တီ အန်ကယ်တွေ မတွေ့ပြန်ဘူး။ ပြည်ကြီးက ပြောင်းရွှေ့လာသူတွေ လုပ်ကြတာ များများလာတယ်။ သူတို့ကမှ အင်္ဂလိပ်လို ပြောမရ ဆိုမရနဲ့ ပိုခက်တော့တာ။
ဒီက အလုပ်လုပ်နေတဲ့ အန်တီ အန်ကယ်တွေကို တွေ့တော့ ကိုယ့်ဆီက ဘုရားသွားကျောင်းတက် ဘိုးဘွားတွေကို သတိရတယ်။ (ကျပ်တည်းလာတဲ့ အခုခေတ်တော့ ကိုယ့်ဆီမှာလည်း တဖြည်းဖြည်း မလွယ်တော့ဘူး ထင်ရဲ့.။)
ဒီနိုင်ငံမှာ အိုရမှာ ကြောက်လာတယ်။ အသက်ကြီးလာလို့ စုငွေ အလုံအလောက် မရှိရင် ဒုက္ခပဲ။ ဆေးဖိုးဝါးခတွေကလည်း ကြီးတော့ တခုခုဆိုရင်လည်း စုဆောင်းငွေထဲက အလုံးအရင်းပါသွားမှာကို စိုးရတယ်။ ဒီလိုနဲ့ ကြောက်လန့်ပြီး ကျန်းမာရေး အာမခံ ဘာအာမခံ ညာအာမခံတွေ လျှောက်ဝယ်ရမယ်ဆိုရင်လည်း စုငွေက ပါးလာပြန်ရော။

တန်ခူး said...

တွေ့ နေမြင်နေကျပေမယ့် ရင်ထဲမှာ ခိုးလို့ ခုလု ဖြစ်လွန်းလို့ ပါ ကိုပေါရေ…

မကေရေ.. အမှန်ပဲ… အသက်အရွယ်ကြီးလာတာနဲ့  အရေးပါမှုကနဲလာတယ်… ကိုယ့်သားသမီးကို ဈေးကြီးတဲ့ကစားစရာဝယ်ပေးဖို့  မနှမျောပေမယ့် အဖေအမေအတွက် ကျတော့ နှမျောတတ်ကြတဲ့ ယဉ်ကျေးမှုက ကျွန်မတို့ နဲ့ ကျတော့ သူစိမ်းပြင်ပြင်…
အချစ်အကြောင်းတွေ ငေးပြီး ရတာယူလာခဲ့တာ… ပြန်ကြည့်လိုက်တော့ ပါလာတာလဲ အချစ်ပဲ…

ဟုတ်ပါတယ် နှင်းပန်းရေ… ဒါဂုဏ်ယူစရာပဲ မိုလား….

မြတ်နိုးရေ… တို့ ကတော့ ကိုယ့်နိုင်ငံပဲပြန်ချင်တယ်… ဂျပန်က သက်ကြီးရွယ်အိုအကြောင်း ဝေမျှပါဦး… စောင့်ဖတ်နေမယ်… ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းရတာဆိုတော့ သားလေးတောင် ဘယ်လိုဖြစ်မယ်မသိပါဘူး… ဆုံးမပဲ့ပြင်ရမှာက ကိုယ့်တာဝန်ပေါ့….

နုရေ… မိဘကို လုပ်ကျွေးပြုစုတဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးလို့
တို့ လဲ အကြွင်းမဲ့ ယုံကြည်တယ်… တိုးတက်မှုရဲ့အားနည်းချက်တွေလား… ဒီမှာတော့ သက်ကြီးရွယ်အိုတွေ အတွက် ဈေးနှူန်းသက်သာတာကလွဲရင် ဘာမှ အလကားမရဘူး နုရေ…

မိဘဆိုတာ ဘုရားနဲ့ တဂိုဏ်းတည်းထား ကိုးကွယ်ရတယ်ဆိုတာ သူတို့ မှာ မရှိဘူး ကောင်းကင်ကိုရေ…

ကိုတားမြစ်ထားသောရေ… မိအိုဖအိုတွေကို လုပ်ကျွေးပြုစုရခြင်းကိုက မင်္ဂလာတပါးပါ…

သက်ဝေရေ… ဟုတ်ပါတယ်… တဦးချင်း ကိုယ်တတ်နိုင်သလောက် ကူညီပေးရင် အများကြီး အကျိုးရှိမှာပါ…

တူတူပဲ ပန်ရေ… ဒီနိုင်ငံမှာ အိုရမှာတကယ်ကြောက်တယ်… ဒီပတ်ဝန်းကျင်မှာဆိုတော့ ကိုယ့်သားဆီကတောင် မျှော်လင့်ချက်မထားဘူး… အိုရင် ကိုယ့်ဘ၀ကိုယ်ရပ်တည်ဖို့  ကိုယ့်အထုပ်လေးကိုယ်စုထားရတယ်… ပြည်ကြီးတွေက တကယ့်နေရာအနှံ့ ဖြစ်လာပြီး ၀ယ်လို့ ခြမ်းလို့ သိပ်မကောင်းတော့ဘူး… ၁ ၂ ၃ ၄ တောင် မပြောတတ်တော့ ဘယ်လို လုပ်မလဲနော်…

ကလိုစေးထူး said...

မြင်ကွင်း (၅) လောက်အထိ လူက ရင်မောမောနဲ့ ဖတ်လာရပြီးတော့မှ မြင်ကွင်း(၆)ကို ဖတ်လိုက်ရတော့ နည်းနည်းလေး သက်သာရာရသွားတော့တယ်။ ကျနော် အံ့သြတာက စင်္ကာပူလို နိုင်ငံမျိုးမှာ အဲဒီလိုတွေ ဖြစ်နေတာကို အံ့သြမိတယ်။ ဗဟုသုတ တမျိုးလဲ ရတာပေါ့။ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေတွေကိုတော့ ဒီဗွီဘီရုပ်သံ သတင်းမှာ တခါကြည့်ဖူးတယ်။ ဒါတောင် အခု တန်ခူးတင်တဲ့ ပို့စ်ထဲမှာ ပါသလို အိမ်တွင်းရေး အခြေအနေတွေ မပါသေးပါဘူး။

ဒီနိုင်ငံမှာကျတော့ ခန္ဒာကိုယ်ပိုင်း ဆိုင်ရာကိုပဲ ကြည့်မယ်ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ တော်တော်လေးကို သက်တောင့် သက်သာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာကျတော့ အထီးကျန်ဆန်တာတွေ ရှိမယ်ထင်တယ်။ ကျနော့်အိမ်နားမှာက ဘိုးဘွားရိပ်သာ တခုရှိတော့ တခါတလေကျရင် အဘိုးအို၊ အဘွားအို စုံတွဲတွေ တုန်ချိချိနဲ့ လမ်းလျှောက်ထွက်နေတာ၊ သူတို့ အချင်းချင်းပဲ ဖေးဖေးမမနဲ့ လက်တွဲကူနေကြတာကို တွေ့ရတယ်။ တချို့ အဘိုးအဘွားတွေကျတော့လဲ ခွေးကလေး တကောင်နဲ့ အဖော်ပြုပြီး၊ လမ်းကလေး နည်းနည်းလျှောက်လိုက်၊ အဲဒီခွေးကလေးနဲ့ စကားတွေ ပြောလိုက်နဲ့ တွေ့ရတယ်။

တန်ခူး said...

ကိုစေးထူးရေ… ဟုတ်ပါတယ်… တိုးတက်တဲ့ နိုင်ငံတခုမှာ ဒီလိုတွေ့ ရတာ ကျွန်မလဲ အံ့သြမိပါတယ်…

Anonymous said...

They are already animal, no more human inside them. Just the animal with the human skin. So sad for them...

သားကောင်းရတနာ said...

လေနုအေးဆိုတာ မိန်းခလေးလား ယောက်ျားလေးလား မသိဘူး။ ဒါပေမယ့် ခံစားချက်တွေ ရင်ထဲမှာ ထင်ဟပ်အောင် ပြသနိုင်တာကို အထူးပဲ လေးစားမိတယ်။ ကိုယ်ပိုင် လက်တွေ့ခံစားရတာလေးတွေ ဖတ်ရတာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီချင်စိတ်ကို ဖြစ်ပေါ်စေတယ်။ ပြုပြင်ချင်စိတ်တွေလဲ ပေါက်ဖွါးလာစေပါတယ်။ စကားလုံးအသစ် ရှာမတွေ့သေးလို့ ကျေးဇူးပါနော် လို့ပဲ ပြောခဲ့ပါရစေဗျာ

PPA said...

good idea
thz for pointing out

Hey Kaung Lay said...

I just saw your site. When I read your posts. I felt so many kinds of feeling. Yes, your post is very good. But as u know, It's the law of Kanma ( Law of Cause and Effect). I hope if you are a buddhist, you can understand what I mean.
Anyway, Thanks for for your post. And try to post more.

Anonymous said...

ကျနော်တို့လဲအမြဲမြင်နေရတယ်ဗျာ သက်ကြီးရွယ်အိုတွေကို MRT တွေ စားသောက်ဆိုင်တွေမှာ ဒီလိုတွေမြင်နေရတာရင်မှာမချိပါဘူး လေနုအေး(အကိုလားအမလားတော့မသိလို့ဒီတိုင်းပဲခေါ်ချလိုက်ပြီနော်) ပြောတာမှန်ပါတယ် ကျနော်အမြင်တော့ စလုံးက အရှေ့တိုင်းရင်ကျေးမှူမရှိတာထက် ငွေကိုငမ်းငမ်းတက်နေတဲနိုင်ငံ ဖြစ်နေတယ်လို့ကျနော်ယူဆပါတယ် ပညာသာသင်နေရတာဗျာ လုံးဝမနေချင်ဘူး ပြန်ရမဲ့အချိန်ကိုပဲလက်ချိုးရေနေမိတယ်

Anonymous said...

I am a student in Japan. Your posts are totally right as in Japan, I saw many places, very very old men and women are woking. Japan is developed totally but in our eyes, old people also have to work in Japan view makes me hurt. May be they want to be healthy and so, they do. It is only merely reason. The main reason is they have to do too according to high living cost in Japan.