Monday, July 21, 2008

အစွန်းရောက်




မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တို့  ပိုပြတ်သားသွားသည်။ ခဏကြာရင် သွေးစတွေနဲ့  နဖူးပြင်ကို မောင်ကိုယ်တိုင်ပဲ မြတ်မြတ်နိုးနိုး နမ်းလိမ့်မည်။ ပြီးတော့ တယုတယ ဆေးထည့်ပေးမည်။ ချိုသာနူးညံ့ မူးယစ်စေတတ်သော ချစ်စကားကို တဖွဖွရွတ်ဆိုရင်းပေါ့။ အဲဒီ အခါ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေဟာ အရည်ပျော် အငွေ့ ပျံပြီး ဟိုးဝေးဝေးကို လွင့်မျောသွားကြမည်။ ဟင့်အင်း… ဒီတခါတော့ ရုန်းထွက်မှဖြစ်မည်။ မောင့်ခြေသံကို ကြားရတော့ အသင့်ပြင်ထားသည့် အ၀တ်အိတ်ကို ယူရင်း နောက်ဖေးပေါက်မှ ထွက်လာခဲ့သည်။ ခွင့်လွှတ်ပါမောင်…။ နာကျင်နေတဲ့ နှလုံးသားဟာ မောင့်ဆီက နောက်ထပ်နာကျင်မှုတွေကို လက်မခံနိုင်တော့အထိ ပန်းလျနေပြီလေ။

**********

ကျွန်မရဲ့ဆံပင်ရှည်ရှည်လေးတွေကို ကြင်ကြင်နာနာ ဖီးပေးတတ်သူ၊ ကျွန်မ လက်သည်းလေးတွေကို ယုယုယယ ညှပ်ပေးတတ်သူ၊ ကျွန်မနှစ်သက်တဲ့ အစားအစာတွေကို ကိုယ်တိုင် စိတ်ရှည်၊လက်ရှည် ချက်ပြုတ်ကျွေးတတ်သူ၊ ကျွန်မချစ်တဲ့ တေးသီချင်းလေးတွေကို စန္ဒရားလေးတီးပြီး ညင်သာစွာ ဆိုပြတတ်သူ၊ ကျွန်မ မျက်ဝန်းတွေထဲ ငေးမောပြီး အိပ်မက်ထဲက သူတယောက်လို ချစ်စကားတွေ ရေရွတ်တတ်သူ … မောင်ဟာ ကျွန်မ အသိုင်းအ၀ိုင်းက လက်ဖျားခါလောက်တဲ့ အထိ ချစ်တတ်လွန်းသူပါ… ။

မောင်မို့  ကျွန်မဆီရောက်လာရင် ကျွန်မနှလုံးသားကို ဆွဲဆောင်ယူငင်သွားမယ့် အံ့သြစရာတခုက အမြဲပါလာမြဲ။ ကျွန်မ ရူးသွပ်သည့် ပန်းတွေ တပွေ့ ကြီးနဲ့ … ဒါမှမဟုတ် ကျွန်မ မြတ်နိုးသည့် စာအုပ်တအုပ်နဲ့ … ဒါမှမဟုတ် ကျွန်မဘယ်လိုမှ မျှော်လင့်မထားတဲ့ လက်ဆောင်တမျိုးမျိုးနဲ့ … မောင်က ကျွန်မကို ဂရုစိုက်လွန်းသူ။ ကျွန်မ လုံးဝမေ့လျော့နေတတ်တဲ့ မောင်က ကျွန်မကို စပြီးချစ်တဲ့နေ့ ၊ ဖွင့်ပြောတဲ့နေ့ ၊ ချစ်သူဖြစ်တဲ့နေ့ … အမှတ်တရနေ့ ပေါင်းများစွာကို တိတ်ဆိတ်ငြိမ်သက်တဲ့ ဆိုင်လေးတဆိုင်မှာ အမြဲမမေ့မလျော့ ကျင်းပတတ်တာလဲ မောင်ပါပဲ။

အဲဒီလို အသေးစိတ်လေးက အစ ဂရုစိုက်ချစ်တတ်လွန်းလို့ လဲ မောင်နဲ့ လက်ထပ်ဖို့ ကို မှန်းထားတာထက် စောစီးစွာ လက်ခံမိလိုက်တာ ကျွန်မ အတွက် ကြီးစွာသော အမှားဆိုတာ နဲနဲလေးမှ မရိပ်မိခဲ့ပါမောင်…။

**********
မောင်ရဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ အကြည့်တွေကို ကျွန်မ အတော်အံ့သြသွားမိသည်။ ဒါဟာ မတော်တဆ ဆိုတာ ကျွန်မရှင်းပြစရာ မလို မောင်သိသင့်သည်။ ကျွန်မကြောင့် စွန်းထင်းသွားသော မောင့်အကျီင်္လေးကို ဖွတ်လျှော်ကြည့်ရန် ကြယ်သီးဖြုတ်ပေးဖို့  လုပ်တော့ “မထိနဲ့ ” ဆိုသည့် မောင့်အသံနှင့်မတူသော ကြမ်းတမ်းသည့်အသံ။

ပြီးတော့… ကျွန်မလုံးဝမမျှော်လင့်ထားသည့် ပါးပြင်က စပ်ဖျင်းဖျင်းခံစားမှု။ အဲဒီတဒင်္ဂမှာ… ကျွန်မက မောင့်လက်ထဲက အရုပ်တရုပ်။ ရေတွက်လို့ မရသည့် အချက်ပေါင်း များစွာ ဘယ်ပြန်ညာပြန်။ နောက်ဆုံး ကျွန်မနှုတ်ခမ်းမှာ သွေးတွေစိုစွတ်မှ… မောင်သတိပြန်ဝင်လာသည်။

ကျွန်မ လက်ရှိအဖြစ်ကို ဘယ်လိုမှ ယုံကြည်လို့ မရ။ ကျွန်မကို ရူးသွပ်စွာစွဲလန်းသည့်မောင်က ဒီလိုကြမ်းတမ်းစွာ ရိုက်ရက်သည်တဲ့လား။ မောင်က ကျွန်မနှုတ်ခမ်းမှ ဒဏ်ရာကို ယူကျုံးမရစွာ ထိကြည့်ပြီး ပြာပြာသလဲ ဆေးထည့်ပေးသည်။ ကျွန်မခေါင်းလေးကို ပွတ်ပြီး မျက်ရည်တွေ ပြည့်နေသည့် မျက်လုံးတွေနဲ့  ခွင့်လွှတ်ဖို့ တောင်းပန်နေသည်။ ခုနကတင်.. စိတ်ရှိလက်ရှိ ရိုက်ခဲ့သော ပါးပြင်ကို ခပ်ဖွဖွနမ်းပြန်သည်။ ဆန့် ကျင်ဘက် အမူအရာနှစ်ခုကို မျက်ဝါးထင်ထင်တွေ့ လိုက်ရတော့ ဘာစကားမှ မဆိုနိုင်လောက်အောင် ကျွန်မ နှလုံးသားတွေ ထုံကျင်နေခဲ့သည်။

**********

ကျွန်မအိမ်ရှေ့ အရောက်မှာ သွေးသံရဲရဲနဲ့  မောင့်အချစ်တော်ခွေးလေးကို မောင်ပြုစုနေသည်။ ကျွန်မကိုပါ မောင်အကူအညီတောင်းရင်း ပြာယာခတ်နေသည့် မောင့်အမူအရာကိုတွေ့ တော့ သက်ပြင်းချမိသည်။ ဘ၀တူခွေးလေးကို ကြည့်ရင်းရင်ထဲမှာမချိ။

ခဏကြာတော့ ခွေးလေးမောင့်လက်ပေါ်မှာ အသက်ဆုံးသွားသည်။
ရှိုက်ကြီးတငင်ငင်ငိုကြွေးနေသော မောင့်ကို ဖေးမဖို့ စကားလုံးများက ရှားပါးကုန်သည်။ မောင့်လက်ဖ၀ါးနုနုတွေကို ဆုပ်ကိုင်အားပေးရင်း ဘယ်အချိန်မှာများ ကျွန်မဟာ ခွေးလေးလို ရုန်းထွက်သွားနိုင်မလဲ စဉ်းစားနေမိသည်။ တကယ်တော့.. ခွေးလေး
လွတ်မြောက်သွားတာပါမောင်… ။

**********

နာကျင်သောကိုယ်… နာကျင်သောနှလုံးသားနှင့် မောင်ပြန်လည်တည်ငြိမ်လာမည့် အချိန်ကို စောင့်နေမိသည်။ ခုချိန်မှာတော့ ဘယ်သူကိုမှ အပြစ်ပုံမချလိုတော့။ ဝဋ်ကြွေးဟုသာ ခံယူမိတော့သည်။ ကျွန်မကိုယ်ပေါ်မှာ သွေးစွန်းထင်းသွားမှ မောင့်ရဲ့ ပွက်ပွက်ဆူနေသောသွေးတို့  ငြိမ်သက်သွားတတ်သည်။ မောင့်တောင်းပန်သံ တိုးညှင်းညှင်း… ဒဏ်ရာကို ညင်ညင်သာသာပြုစု… ဒါတွေကို ခုတော့အလွတ်ရနေပြီ။

မောင့်ကို ဆေးခန်းပြဖို့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ တိုက်တွန်းမိပြန်သည်။ ဒီတခါက နောက်ဆုံးအကြိမ်ဖြစ်ဖို့  သေချာနေသည်။ ကိုယ့်ကို အရူးလို့ ပြောရက်တာလားတဲ့။ တခါတခါမောင်သည် သနားစရာ အလွန်ကောင်းနေတတ်ပြန်သည်။ ဒါကြောင့်လဲ မောင့်အနားက ထွက်ပြေးဖို့  ကြိုးစားရင်း အကြိမ်ကြိမ် ကျဆုံးရမြဲ။ အသင့်ပြင်ထားသော ကွာရှင်းစာချူပ်ကို ရွေးမလား… ဒါမှမဟုတ် ဆရာဝန်နဲ့ ဆွေးနွေးမလား…။ တခုခုတော့ မောင်ရွေးရလိမ့်မည်။ မောင်က မျက်ရည်တွေနဲ့  ခွဲဖို့ ပြောရက်တယ်ဟု တတွတ်တွတ် ရေရွတ်ရင်း ကျွန်မပေါ်မှာ အိပ်ပျော်သွားခဲ့သည်။ ခုလို တိတ်တဆိတ်လေး ငြိမ်သက်နေပါတော့လား မောင်ရယ်… ။ ဒါဆို ကျွန်မမောင့်နားက ခြေတဖ၀ါးမှ ခွါဖြစ်မှာ မဟုတ်ပါဘူး….။

**********

မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်ရင်း ဆုံးဖြတ်ချက်တို့  ပိုပြတ်သားသွားသည်။ ခဏကြာရင် သွေးစတွေနဲ့  နဖူးပြင်ကို မောင်ကိုယ်တိုင်ပဲ မြတ်မြတ်နိုးနိုး နမ်းလိမ့်မည်။ ပြီးတော့ တယုတယ ဆေးထည့်ပေးမည်။ ချိုသာနူးညံ့ မူးယစ်စေတတ်သော ချစ်စကားကို တဖွဖွရွတ်ဆိုရင်းပေါ့။ အဲဒီ အခါ ကျွန်မရဲ့  ဆုံးဖြတ်ချက်တွေဟာ အရည်ပျော် အငွေ့ ပျံပြီး ဟိုးဝေးဝေးကို လွင့်မျောသွားကြမည်။ ဟင့်အင်း… ဒီတခါတော့ ရုန်းထွက်မှဖြစ်မည်။ မောင့်ခြေသံကို ကြားရတော့ အသင့်ပြင်ထားသည့် အ၀တ်အိတ်ကို ယူရင်း နောက်ဖေးပေါက်မှ ထွက်လာခဲ့သည်။ ခွင့်လွှတ်ပါမောင်…။ နာကျင်နေတဲ့ နှလုံးသားဟာ မောင့်ဆီက နောက်ထပ်နာကျင်မှုတွေကို လက်မခံနိုင်တော့အထိ ပန်းလျနေပြီလေ။

မောင့်ကို သိပ်ချစ်တတ်လွန်းသူလို့  သတ်မှတ်ထားတဲ့… ကျွန်မကို ကံကောင်းသူလို့  အားကျကြတဲ့… ချစ်ခြင်းသက်သက်ဖြင့်သာ လွှမ်းခြုံထားတဲ့ နှစ်ယောက်တဘ၀လို့  သတ်မှတ်ထားတဲ့… ပတ်ဝန်းကျင်နားလည်အောင် ရှင်းပြဖို့… သိပ်ချစ်တတ်လွန်းသူတယောက်ဟာ တချိန်ထဲမှာ သိပ်ရက်စက်တတ်သူ ဖြစ်နေတတ်တယ်ဆိုတာ သူတို့ ယုံကြည်အောင် ကျွန်မဘယ်လို ပြောရပါ့မလဲမောင်… ။ တကယ်တော့ ကျွန်မဟာ အချစ်ရဲ့ ပိရိစွာ ဖျားယောင်းမှုအောက်မှာ ကျဆုံးပြိုလဲခဲ့သူပါလေ။





(ကာယကံရှင်ကိုယ်တိုင် ရင်ဖွင့်ခဲ့သော တကယ့်အဖြစ်အပျက်တခုကို အခြေခံပြီး ဖန်တီးပါသည်)
တန်ခူး
10:30pm 21-Jun-2008

12 comments:

တားမြစ် ထားသော... said...

လူတစ်ချို့မှာ ဒီလိုပဲ စရိုက်နှစ်မျိုးရှိတတ်သတဲ့။ ဒါပေမဲ့ တစ်ချို့လည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ လူတွေမှာလို့ပဲ ပြောရမလား။ ဘယ်လိုပဲပြောပြော ဒီလိုသာ ကိုယ်တိုင်ကြုံရမယ်ဆိုရင် မတွေးတတ်အောင်ပါ။
ဖန်တီးထားတာလေးကို သဘောကျတယ်။

Ko Paw said...

ပြောရရင်တော့ အိမ်တွင်းအကြမ်းဖက်မှုပေါ့။ ဒီမှာတော့ အဲလိုကိစ္စတွေအတွက် တိုင်ပင်ညှိနှိုင်းစရာ နေရာတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒေါသတက်လွယ် ကျလွယ်လူတွေမှာဖြစ်တတ်ပါတယ်။ အဓိကက ဒေါသဖြစ်စေမယ့် ကိစ္စတွေနဲ့ သတိထားရှောင်၊ အာရုံလွှဲ။ Anger Management အကြောင်းတွေ၊ Stress နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အင်တာနက်ကနေတဆင့် ရှာဖွေဖတ်ရှုရင် အကျိုးရှိမယ်လို့ ထင်ပါတယ်။

sonata-cantata said...

လူ့စိတ်လေ ကောင်းတယ်လို့ ဆိုသူတွေတောင် ခြောက်ပြစ် မကင်းဘူး။
ဆေးသောက်နေရတဲ့ သူတစ်ယောက်ဆို ဆရာဝန်ပြပြီး ဆေးအသစ်တစ်မျိုး ပြောင်းသောက်ရတိုင်း "side effect တွေလာတော့မယ်နော်၊ ငါ့ကို ၀ိုင်းထိမ်းကြဦး" လို့ ပြောနေဆိုနေရင်းက ၀ုန်းဒိုင်းကြဲတွေ ဖြစ်ပြန်ရော။ သူ့ဇနီးကို သိလျက်နဲ့ ကိုယ်ချစ်လို့ယူထားတာ ရောဂါပျောက်မဲ့ တစ်နေ့ကို ရည်သန်ပြီး အတတ်နိုင်ဆုံး သည်းခံပါလို့ဘဲ အကြံပေးရတော့တယ်။

nu-san said...

မတန်ခူးရေ.. တခါတလေလည်း တကယ့်အဖြစ်အပျက်တွေက ၀တ္ထုတစ်ပုဒ်ထက် ပိုဆန်းကြယ်တယ်နော်.. တချို့လည်း အရက်အရမ်းမူးလာပြီဆိုရင် အိမ်ကဇနီးကို ရိုက်နှက်ကြတယ်တဲ့။ မနက်ဆို သူမဟုတ်သလိုပဲ အကောင်းပဲတဲ့.. အဲဒီလိုမျိုးတော့ စာအုပ်တွေထဲ ဖတ်ဖူးတယ်.. ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. ၀ဋ်ကြွေးရှိရင်လည်း အမြန်ဆုံး ကျေပါစေလို့ ဆုတောင်းပေးပါတယ်..

သက်ဝေ said...

ကာယကံရှင် တစ်ယောက် ကိုယ်စား ကြောက်လိုက်တာ တန်ခူးရယ်..
အခုတလော.. ဘလော့ဂ်တွေ အတော်များများမှာ ပိုစ့်အသစ်တွေ ဖတ်ရတာ နဲနဲပြင်းထန်လာကြသလိုဘဲ..။
သိပ်နားလည်လွန်းလို့  တော့မဟုတ်ပါဘူး၊ စိတ်ထဲမှာ ခံစားရတာကို ပြောပြတာပါ..။

myatnoe said...

အမရာ .. ဘယ်လိုပြောရမှန်းတောင်သိတော့ဘူး
ကလေး မရှိဘူးဆိုရင်ကွာ ပစ်တာ အကောင်းဆုံးပဲ ထင်တယ်နော်..။
ရောဂါ မဖြစ်နိုင်ပါဘူး...။
စိတ်မထိန်းတာ...။
ဒေါသ ဖြစ်တိုင်း ပေါက်ကွဲ ထွက်တယ်ဆိုရင် သူ့အသား သူလုပ်ပေါ့..သူ ဆင်ခြင်ပေါ့..။ သူများသားသမီးယူထားပီး ဗလ အားကိုးနဲ့ အနိုင်ကျင်တဲ့သူတွေကို လုံးဝ ရှုံချတယ်..။
အမ.. ခုတလော အရေးစိတ်တယ်နော်..။
ဖတ်လို့ကောင်းတယ်..။ အလုပ်ရှုပ်နေလို့ ကော်မန့်က မရေးအားတာ..။ မြတ်နိုးရဲ့ ငိုချင်းလေး လာဖတ်ပါလား အမရေ...။
မတွေ့ တာတောင်ကြာပီနော်..။
နေကောင်းပါစေ..။ ဒီအပတ်တော့ အမ အညာခေါက်ဆွဲလေးစားမလားလို့ ဟီး.။

ကောင်းကင်ကို said...

နှစ်ယောက်စလုံး သနားစရာပဲနော်။ ယောကျာင်္းက စိတ်ရောဂါဖြစ်နေတာ ထင်ပါတယ်။ စိတ်ဝေဒနာရှင်ကို ကွာရှင်းမပစ်ပဲနဲ့  ခွဲနေပြီး အဝေးကနေ တတ်နိုင်သလောက် စောင့်ရှောက်ပေးမယ်ဆို ပိုကောင်းမယ် ထင်တယ်။ ဆရာဝန်နဲ့ တော့ လုံးဝကို ပြသင့်တာပေါ့ဗျာ။ နှစ်ယောက်စလုံးက အမှန်တရားကို ရင်ဆိုင်ဖို့ လိုတယ်လေ။

အစ်မရေးထားတာ အရမ်းကောင်းတယ်ဗျာ။ ဝတ္ထုအဆုံးထိ ဆွဲခေါ်သွားတယ်။

မေငြိမ်း said...

မတန်ခူးရေ..
အဲဒီ Domestic violence ကို အမ အမျးကြီးလေ့လာဖူးတယ်။ ခုမတန်ခူးရေးတာမှာ ခွေးကလေးပါ ပါတော့ ဒီအမျိုးသားက စိတ်ရောဂါလို့ ထင်တာပဲ။ မိန်းမကို အနိုင်ကျင့်တာ သက်သက် မဟုတ်တော့ဘူး။ (မတန်ခူးက တကယ့်အဖြစ်အပျက်ကို ရေးတာဆိုလို့ စဉ်းစားတာပါ)။ တကယ်တော့ မိန်းမလုပ်သူက ဆရာဝန်နဲ့ တိုင်ပင်တာမျိုး ရဲနဲ့ ဆွေးနွေးတာမျိုး လုပ်သင့်တယ်။ သူ့ကို ဒီတိုင်းပစ်ထားခဲ့ရင် ပတ်ဝန်းကျင်အတွက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီသူ့မိန်းမကိုပါ ဒုက္ခပေးမှာ စိုးမိတယ်။ ခုကို ဖတ်ရတာ စိတ်မကောင်း။ အမ တပုဒ်ရေးဖူးသေးတယ်..(တလောက ဘလော့မှာတင်ဖြစ်သေးတယ်.. မမွန်မွန် အိပ်မက်လွင်ပြင်လေ)။ အဲဒါလည်း တကယ့်အဖြစ်ပါပဲ။ ဒါောကာင့် တခုခုဖြေရှင်းရမယ်ထင်တာပါ။

တန်ခူး said...

ကိုတားမြစ်ထားသောရေ… ကျေးဇူးပါ…ဆန့် ကျင်ဘက်စရိုက်နှစ်မျိုးဆိုရင် ပိုဆိုးသွားတတ်နော်…

ကိုပေါရေ… ဒီမှာမဟုတ်ပါဘူး… မြန်မာနိုင်ငံမှာပါ… ကျွန်မအထင်တော့ ဒေါသအဆင့်ကို ကျော်လွန်တဲ့ စိတ်မကျန်းမာတဲ့ အဆင့်ရောက်သွားတာပါ… အကောင်းဆုံးဖြေရှင်းနည်းကတော့ ကိုယ့်စိတ်ကိုယ်နိုင်အောင် တရားထိုင်တဲ့နည်းပဲ ဖြစ်ပါလိမ့်မယ်… အဲဒီအဆင့်မရောက်ရင်တောင် ကိုပေါပြောတာနဲ့ ခပ်ဆင်ဆင်တူတဲ့ ကြားလူတယောက်ယောက်ကို ညှိနှိုင်းတိုင်ပင်ရင်ဖွင့်သင့်တာပေါ့နော်… ဒါမှမဟုတ် ဆရာဝန်နဲ့ ပေါ့…

မ ရေ… ဟုတ်ပါတယ်… သိပ်ကို ကြောက်စရာကောင်းတဲ့ လူ့ စိတ်ပါ… သူ့ အမျိုးသမီးကတော့ သူနဲ့ ဝေးရာကို တကယ်ကို ထွက်သွားခဲ့ပါတယ်… တရား ဓမ္မနဲ့ မွေ့ လျော်ပြီး သူ့ ဘ၀က အတော်လေးငြိမ်းချမ်းနေပါတယ်….

နုရေ… မူးလို့ ရမ်းတာလဲ မကောင်းဘူး…ခုလို မမူးပဲ ရမ်းတာလဲ မကောင်းဘူးနော်… သူ့ အမျိုးသမီးက သူ့ ဆီက လွတ်မြောက်ပြီး ၀ဋ်ကြွေးကျေသွားပါပြီ…

သက်ဝေရေ… ဒီလောက်ချစ်တတ်၊ ကြင်နာတတ်တဲ့ ခင်ပွန်းလေးရှိနေတာ ဘာကြောက်စရာလိုလဲ… နောက်postမှာပျော်စရာလေးရေးမယ်နော်…

မြတ်နိုးရေ… ကလေးမရှိလို့ ပဲ ဒီလို ဆုံးဖြတ်ခဲ့တာထင်တယ်… ကလေးရှိရင် အတော်ဆိုးမယ်နော်… သူက တကယ်ကို စိတ်မကျန်းမာတာပါ…

ကောင်းကင်ကိုရေ… ဟုတ်ပါတယ်… နှစ်ယောက်လုံးသနားစရာပါ… သူ့ အမျိုးသမီးက သူ့ မျက်ကွယ်ကို ထွက်သွားခဲ့ပေမယ့် သူ့ ကိုပြုစုစောင့်ရှောက်ဖို့  အားလုံးကို ကြိုတင်ပြင်ဆင်ပြီးမှ ထွက်သွားခဲ့တာပါ… သူကတော့ ယနေ့ ထက်တိုင် အမှန်တရားကို ရင်မဆိုင်သေးပါဘူး…

မ ရေ… ဟုတ်ပါတယ်… သူ့ က စိတ်ဝေဒနာရှင်ပါ… ခွေးလေးကိုလဲ သေစေတဲ့
ရည်ရွယ်ချက်နဲ့  လုပ်ခဲ့ပုံမရပါဘူး… သူလက်လွန်သွားတာပါ… သူ့ မိန်းမဆိုလဲ အရိပ်တကြည့်ကြည့်နဲ့  အတော်ချစ်တာ ကျွန်မတို့ မျက်စိရှေ့ ပါ… သူ့ မိန်းမက သူမသိအောင် ဆရာဝန်နဲ့ တိုင်ပင်ခဲ့ဘူးပါတယ်… ဒါပေမယ့် သူက ကုသဖို့  အမြဲငြင်းဆန်ခဲ့ပါတယ်… ကျွန်မpost အရမ်းရှည်သွားမှာမို့  ဇာတ်လမ်းတပုဒ်လုံးမရေးဖြစ်တာပါ… ရဲနဲ့ တော့ မတိုင်ခဲ့ပါဘူး… သူကဘေးလူ အမြင်မှာ တကယ့် ပညာတတ်လူယဉ်ကျေး တယောက်ပါ…
သူ့ မိန်းမက သူတို့ ကို ချက်ပြုတ်ကျွေးနေတဲ့ အဒေါ်လို ရင်းနှီးနေတဲ့ ကရင်မကြီးကို သေချာမှာပြီးမှထွက်သွားခဲ့တာပါ… သူ့ မိန်းမက သူမရှာနိုင်မယ့် တခြားမြို့ ရွာကို ရှောင်ပုန်းပြီး တရား ဓမ္မကို အတော်လေးလုပ်ခဲ့ပါတယ်… မ ရေ… သူ့ မိန်းမပျောက်ကာစက
သူ့ ကိုကြည့်ရတာ အရူးတပိုင်းပေမယ့် ခုတော့လဲ တော်တော်တည်ငြိမ်သွားတယ်… အဲဒီ ကရင်မကြီးနဲ့ အတူနေတုန်းပဲ… သူရောဂါက သွေးမြင်မှ ပြန်ပြန်ငြိမ်သွားတာ… မ ရဲ့ မမွန်မွန် အိပ်မက်လွင်ပြင်ကို ဖတ်တုန်းက ကျွန်မသူ့ ကို သွားသတိရတယ်… ဒါကြောင့်လဲ မမွန်မွန် တရားရိပ်ကိုသာ စဉ်းစားမိခဲ့ရင် ဒီလိုရင်နာစရာနဲ့  အဆုံးသတ်မှာမဟုတ်ဘူးလို့  တွေးဖြစ်ခဲ့တာပါ… သူ့ အမျိုးသမီးကတော့ တရား ဓမ္မနဲ့  မွေ့ လျော်ပြီး အတော်လေးငြိမ်းချမ်းနေပါတယ် မ ရေ… ပါရမီကြောင့်ပဲပြောရမလားမသိဘူး….

မောင်မျိုး said...

အစ်မက စာရေးကောင်းလိုက်တာ သူငယ်ချင်းတစ်ယောက် ပြောဖူးသလိုပဲ ၀ိုင်တီယူ ကျောင်းဆင်းတွေက စာရေးဆ၇ာတွေကျနေတာပဲတဲ့ ဒီပို့ စ်လေးဖတ်ရတာ လွန်းထားထား ၀တ္ထုတွေဖတ်ခဲ့ရသလိုပဲ ငယ်ငယ်တုန်းကပြောတာပါ အခုတော့မဖတ်တော့ဘူး :)

Anonymous said...

The behaviour of the man seems like he is sadist who has sexual pleasure by beating or hurting to bleed a partner ;in this case it's a wife.This kind of abnormal sexual pleasure is called sadism. I am of course not sure ,but it looks that way.

တန်ခူး said...

ကျေးဇူးပါမောင်မျိုးရေ… ခုလိုအားပေးတာ နောင်postတွေ အတွက် အင်အားပါ…

Anonymousရေ… ကျွန်မက အဖြစ်အပျက်ကိုပဲ သိပြီး သူစိတ်ဝေဒနာ detail ကိုတော့ မသိပါဘူး… အမျိုးမျိုးတွေးလို့ ရတာပါတယ်…ကျေးဇူးပါ…