Tuesday, April 29, 2008

တိမ်ပြာပြာနေ့တနေ့Sundayမှာကွယ်



ဟိုတယ်ထဲဝင်တော့ ဟိုတယ်မန်နေဂျာက အခမ်းအနားအပြင်အဆင်လေးကြည့်ပါဦးဆိုလို့ ခန်းမထဲဝင်ကြည့်ကြသည်။ စင်ပေါ်က နောက်ခံပြောင်ပြောင်အစမှာ မောင့်နာမည်နဲ့ကိုယ့်နာမည်၊ ပြီးတော့ရှိသမျှအမြီးတွေ။ ပြန်မလာခင် မင်္ဂလာဖိတ်စာကိုရုံးမှာပြတော့ ဘာလို့နင့်တို့ရတဲ့ဘွဲ့တွေ ဖိတ်စာထဲထည့်ရိုက်တာလဲလို့မေးတော့ အတော်ဖြေရခက်တာကို သွားသတိရမိသည်။ နောက်ဆုံးတော့ ဖြီးလုံးတွေနှင့် ငါတို့ရိုးရာလို့မလုံမလဲဖြေခဲ့ရသည်။ တကယ်တော့ အကြွားထူတာပဲလေ။

မိတ်ကပ်ပြင်တဲ့အခန်းထဲမှာ တော်တော်ကြာတဲ့အထိ အလှဖန်တီးရှင်က ရောက်မလာသေး။ အချိန်တွေတဖြေးဖြေးနီးကပ်လာတော့ စိတ်တွေပူပြီး ရုပ်ကပိုအိုစာလာသလို။ မဖြစ်မဖြစ်...စိတ်ကိုလျော့...ဒီနေ့ကအလှဆုံးဖြစ်ရမယ်မိုလား။ ဗွီဒီယိုသမားက ရိုက်ဖို့တပြင်ပြင်။ အချိန်တိကျသည့် ပန်းအလှပြင်အမကြီးကို ကျေးဇူးတင်မိသေး။ အရမ်းလှနေသည့်လက်ကိုင်ပန်းလေးကိုတွေ့တော့ တကူးတကဝယ်ပေးသည့် သူငယ်ချင်းတွေကိုရော၊ အပင်ပန်းခံသယ်ပေးသည့်သူငယ်ချင်းပါကျေးဇူးတင်မိသည်။

ဟော...ရောက်ပါပြီ။ အလှဖန်တီးရှင်နဲ့အဖွဲ့။ လက်ကလေးခါခါနဲ့ နောက်ကျရတဲ့အကြောင်းရှင်းပြတော့ မချိပြုံးနှင့်ငြိမ်နေရသည်။ ခဏနေ သူပြုသမျှနုရတော့မယ်လေ။ သူတို့စိတ်မကြည်လျှင် ကိုယ့်ရုပ်က အချိန်ပိုင်းအတွင်း ဘီလူးသရဲလိုဖြစ်သွားနိုင်သည်။ အောက်ခံမိတ်ကပ်လိမ်း၊ ဆံပင်လေးလိပ်ပြီးကာရှိသေး သတို့သားက ပြုံးဖြီးဖြီးနဲ့ဝတ်စုံပြည့်ဝင်လာသည်။ ဟင်း...မနာလိုလိုက်တာ။ သူတို့ဘဝက လွတ်လပ်လိုက်ပါဘိ။ မောင်က မျက်မှန်နဲ့ခေါင်းပေါင်းနဲ့ တောင်ရှည်နဲ့ဆိုတော့ ပြောင်စပ်စပ် လူရွှင်တော်လိုလို။ လာဘ်မြင်သည့်ဓာတ်ပုံဆရာက သတို့သားချည်း ဓာတ်ပုံစရိုက်တော့သည်။ သေချာပြီ...ကိုယ့်ပုံတွေတော့ နဲတော့မည်။

မိတ်ကပ်လိမ်းနေစဉ် မာမီ့တပည့်ထုတ်လိုက်တဲ့ ဆံတုံးထုံးဖို့ ဆံတုတွေ့လိုက်တော့ ကိုယ်ပြောထားသည့်ပုံမဟုတ်။ ဒုက္ခ...အချိန်မှီတုံးမသိမသာသတိပေးလိုက်ရသည်။ ကျွန်မဘီးဆံထုံးနော် ဆိုတော့မသိမသာပြာသွားသည်။ နောက်မှ ဘန်းစကားနဲ့သူ့တပည့်ကို ဆံတုပြေးယူခိုင်းသည်။ ဒီကြားထဲ သူ့ပင်တိုင်ရုပ်ရှင်မင်းသမီးက ဖုန်းတဂွမ်ဂွမ်ခေါ်တော့ မျက်ခုံးများတွန့်သွားမလား၊ မျက်လုံးများမညီဖြစ်မလားပူရသေးသည်။

သတို့သားနောက်တကြိမ် အခန်းထဲဝင်လာတော့ ကံကောင်းစွာ အကုန်ပြီးသွားသည်။ ဒီအချိန်မှာ ဗွီဒီယိုသမားက အသဲအသန်ရိုက်ရပြီ။ အောက်မှာလူစုံပြီး ပွဲလျှောက်ဖို့အချိန်တန်ပြီတဲ့။ အားနာစရာ။ ရတဲ့အချိန်လေးမှာ ဖြစ်ညှစ်ပြီး ဗွီဒီယိုသမားစေခိုင်းသမျှ အကုန်လုပ်ရသည်။ ဆွေမျိုးတွေကြားထဲ အဲဒီလိုကလက်တက်တက်တွေ လုပ်ရတာသိပ်မလွယ်လှ။ ခဏခဏရယ်မိတော့ ခဏခဏအစကပြန်ရိုက်ရသည်။ အရေးထဲ ဗွီဒီယိုသမားကမျက်မှန်လေးကိုင်လိုက်လို့ ကိုယ့်ကိုပြောတာကို မောင်ကသူပြောတာထင်ပြီး သူ့မျက်မှန်သူကိုင်လိုက်တော့ အားလုံးပွဲကျသွားသည်။ အခမ်းအနားမှူးလာခေါ်မှ သုတ်သုတ်သုတ်သုတ် တန်းစီရသည်။
သူငယ်ချင်းအရင်းခေါက်ခေါက် သတို့သားအရံက ကိုယ်တို့နှစ်ယောက်ကို ကြည့်ပြီးပြုံးဖြီးဖြီးလုပ်တော့ ငါတို့ဘာပုံကြီးတွေများပေါက်နေလဲလို့ စိုးရိမ်ရသေးသည်။ ဆံထုံးကလဲခပ်လေးလေး၊ အင်္ကျီကလဲ ယားကျိကျိနှင့် အတော်မသက်မသာ။

အခါတော်ပေးပြီ။ တသက်လုံးခပ်မြန်မြန်လမ်းလျှောက်တတ်တဲ့ မောင်နဲ့ကိုယ်အတွက် အဲဒီမလှုပ်တလှုပ်လျှောက်ရတာလောက် ပင်ပန်းတာမရှိ။ ခြေလှမ်းတွေမညီလို့ မသိမသာပြန်ညှိရသေးသည်။ အားလုံးဝိုင်းကြည့်နေတော့ အတော်ကို ရယ်ချင်မိသည်။ မောင်က ထမီနားတွေကိုခဏခဏတက်နင်းတော့ ချော်လဲမှာကြောက်ရသေးတာက တမျိုး။ စင်နားရောက်မှ လူကဟင်းချနိုင်သည်။ အော်...သူများမင်္ဂလာဆောင်တွေမှာ အတော်ကြည့်ကောင်းသည့် အခါတော်ပေးက အတော်ပင်ပန်းမှန်း ခုမှကိုယ်တွေ့ကြုံသည်။

အခမ်းအနားမှူးပြောနေတာတွေ ကြားတချက်၊ မကြားတချက်။ ကြည့်ပါဦး...မာမီ့တပည့်တွေ မေမေ့ကိုပြင်ပေးထားတာ မိတ်ကပ်တွေထူပိန်းပိန်း။ ကိုယ့်ဖာသာပြင်တာမှဟုတ်သေး။ မနေတတ်မထိုင်တတ်နဲ့ တောင့်တောင့်ကြီးတွေ ဖြစ်နေသော တောကဆွေမျိုးများက သနားစရာ။ ဟင်...ကိုယ့်မင်္ဂလာဆောင်သာဆိုတယ် ကိုယ်နဲ့မသိတဲ့ မျက်နှာစိမ်းစိမ်းတွေက အများသား။ မောင်လက်တို့သတိပေးမှ ထပြီးနှစ်ဘက်မိဘတွေကို လက်အုပ်ချီဂါရဝပြုရသည်။ စပ်စုနေ၍
အခမ်းအနားမှူးပြောနေတာမကြားလိုက်။ မဖြစ်ဖူး။ နားစွင့်မှ။ သူငယ်ချင်းအဖေနဲ့အမေကို ပန်းကုံးစွပ်ဖို့အကူအညီတောင်းမိလို့ တော်သေးသည်။ အပြင်မှာ တခါမှ မမြင်မတွေ့ဖူးသောသူတွေ ပန်းကုံးစွပ်တာကိုတော့ တောင့်တောင့်ကြီးမခံချင်။ ခုတော့ ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါး စကားလေးတခွန်း၊ နှစ်ခွန်းတောင်ဆိုလို့ရသေး။

စားသောက်ဖွယ်ရာများသုံးဆောင်လို့ရပြီလို့ အခမ်းအနားမှူးက ကြေငြာတော့ စိတ်ကအတော်ပေါ့သွားသည်။ ပြီးခါနီးလေစိတ်တွေပေါ့လေ။ ခေါက်ရိုးကျိုးနေသည့် မဲပြာပုဆိုး အစီအစဉ်အတိုင်း မင်္ဂလာကိတ်မုန့် အပြန်အလှန်ကျွေး၊ ရေခဲမုန့် အပြန်အလှန်ကျွေး။ ပါးစပ်ကို သိပ်ရုပ်မဆိုးအောင် ခပ်ဟဟလေးပဲဖွင့်။ ဒါတွေက သူများမင်္ဂလာဆောင်တွေ၊ ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ တွေ့နေကျဆိုတော့ ကျွမ်းနေပြီ။
အခမ်းအနားမှူးကို နှူတ်ဆက်ပြီး ဧည့်သည်တချို့ဝိုင်းတွေလိုက်နှူတ်ဆက်တော့ ထိုင်မသိမ်းနဲ့တဘက်ကြီးမေ့ပြီး တလွှားလွှားသွားမိတော့ ကံကောင်းလို့ ချော်မလဲ။ အင်း...ခြေတလှမ်း ကုဋေတသန်းဆိုတာ အတော်ခက်သည့်အလုပ်ပဲ။ ခပ်လှမ်းလှမ်းမှာ ချိုပြုံးနဲ့ဓာတ်ပုံရိုက်ဖို့ တန်းစီနေတဲ့ဆွေမျိုးတွေတွေ့တော့ တယောက်ထဲကြိတ်ပြုံးမိသေးသည်။

ခန်းမအပေါက်ဝမှာ ဧည့်သည်တွေနှူတ်ဆက်ဖို့ အသင့်နေရာယူရတော့ ဇက်ကြောတွေ အတော်တက်ပြီး လူကရွဲနေပြီ။ လာသမျှဧည့်သည်ရဲ့ ထက်ဝက်လောက်သာ ကိုယ်သိပြီး ကျန်ဧည့်သည်တွေကို ရမ်းသမ်းပြီးရယ်ပြသည်။ ဒီနေရာမှာ နှစ်ဘက်မိဘတွေက
စီစီညံညံနှူတ်ဆက်ကြသည်။ သူတို့မိတ်ဆွေ၊ သူငယ်ချင်းက အများစု။ ကြာလာတော့ ပါးတွေညောင်းလာသည်။ အပြုံးတွေ သိပ်အသက်မပါတော့။

ဧည့်သည်တွေကုန်တော့ စင်ပေါ်ကို အသဲအသန်ပြန်တက်ရသည်။ စားပွဲထိုးတွေက နောက်တပွဲအတွက် ပြင်နေပြီ။ ရတဲ့အချိန် နှစ်ဘက်ဆွေမျိုးတွေ သူမကျန်၊ ငါမကျန်ဖြစ်ရအောင် စင်ပေါ်ခေါ်ပြီး ဓာတ်ပုံရိုက်ရသည်။ စင်ပေါ်ကနေ သတို့သမီးမပီသစွာ ဟိုလူ့အော်ခေါ်၊ ဒီလူ့အော်ခေါ်မို့ ဗွီဒီယိုသမားက သတိပေးရသည်။ တော်သေးရဲ့...ရတဲ့အချိန်တွင်း ဆွေမျိုးတသုတ် အကုန်ပြီးသွားသည်။

ခုမှပဲ ဟင်းချနိုင်သည်။ ခန်းမထဲက မောင့်လက်ကိုတွဲလို့ ရွရွလေး ထွက် ကားလေးပေါ်တက်ပြီး ဗွီဒီယိုကင်မရာဘက် ခပ်လျော့လျော့လေးပြုံးပြပြီး ကားထွက်သွားသည်။ အဲဒီတော့မှ တယောက်မျက်နှာ တယောက်ကြည့်ပြီး သက်ပြင်းချမိသည်။ မင်္ဂလာဆောင်တာ ထင်သလောက် မလွယ်ဘူးနော်လို့ မောင့်ကို ညည်းပြမိတော့ မင်္ဂလာမဆောင်ခင်က စိတ်ကူးတွေယဉ်၊ ပျော်ရွှင်ခဲ့သော ပင်ပန်းနွမ်းနယ်နေသော ကိုယ့်မျက်နှာကို ကြည့်ပြီး မောင်က အားရပါးရ ရယ်မောပါတောသည်။ ဘာပဲဖြစ်ဖြစ် အဲဒီပကာသနတွေကို ခဏဖယ်ခွာပြီး နှစ်ယောက်တဘဝလေး သံယောဇဉ်ထုံးနှောင်ခဲ့တဲ့ အဲဒီတိမ်ပြာပြာနွေတနေ့က ဘယ်မေ့လို့ရနိုင်မလဲလေ။

တန်ခူး
(29-Apr-2001 အမှတ်တရ)
11:30am 29-Apr-2008

11 comments:

သက်ဝေ said...

တန်ခူးရေ...
လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်။
"Happy 7th Anniversary" ပါ...
တနည်းအားဖြင့်တော့ Copper Anniversary ပေါ့...
ချမ်းသာပျော်ရွှင်ဖွယ်ရာ အချိန်တွေကို ချစ်သော မောင်၊ ချစ်သော သားလေး တို့ နဲ့ အတူတူ အနှစ်တစ်ရာတိုင် ကုန်လွန်နိုင်ပါစေ...

တန်ခူးရေးထားတာ အစအဆုံး တပြုံးပြုံးဖတ်ရင်း မင်္ဂလာဆောင်မှာ ခံစားရတဲ့ ခံစားချက်တွေ အကုန်လုံး ထပ်တူညီနေတာ တွေ့ ရပြန်တယ်... တကယ့်ကို ချွတ်စွပ်ပါဘဲ တန်ခူးရေ...

သက်ဝေတုံးကတော့ ဗိုက်အောင့်နေလို့ လွယ်လွယ်ကူကူ သောက်လို့ ရတဲ့ ဆေးတစ်မျိုးမျိုး ရှာထားပေးပါလို့ စင်ပေါ်ကနေတဆင့် လှမ်းပြောထားတာ တစ်ယောက်ကို တစ်ယောက် စကားတွေ လက်ဆင့်ကမ်း မှာကြားရင်း နောက်ပိုင်းကြတော့ ဗိုက်အောင့်တာ ဘယ်သူမှန်းလဲ မသိကြတော့... ဆေးကလဲ ကိုယ့်လက်ထဲကို မရောက်လာ... ဗိုက်အောင့်လျက်သားနဲ့ ဧည့်သည်တွေ အပြန်မှာ နှုတ်ဆက်ရတော့ လူကမချိပြုံးတောင် ပြန်ပြုံးပြဖို့ အနိုင်နိုင်...
ဒီလိုနဲ့ ဘဲ... ဒီလိုနဲ့ ဘဲ... အချိန်ကုန်အောင် ကြိုးစားပမ်းစား ပြုံးခဲ့ရပါတယ်။

Ko Paw said...

အဲသည်တုန်းက တန်ခူးတို့ မင်္ဂလာဆောင်ကို လာတက်တဲ့ ဧည့်သည်တွေထဲမှာ အညာသားချောချောလေးတယောက်ရယ်၊ သူ့ဇနီးကလေးရယ်၊ သူဇနီးဗိုက်ထဲက သမီးလေးရယ် သုံးယောက်ပါတယ်နော်။ ကောင်လေးက ပန်းတွေ သယ်ပေးခဲ့ရပေမယ့် မလေးပါဘူးတဲ့။ အခုလို အမှတ်တရ ပြန်ဖတ်ရတော့ ပိုသတိရစရာပေါ့။

မှတ်မိသေးတယ်။ ရန်ကုန်ကို ရောက်ရောက်ချင်းဆိုသလို ဆရာကြီးအိမ်သွားလည်တော့ ဆရာကြီးက သူ့သမီးတန်ခူးရဲ့ မင်္ဂလာသတင်းအကြောင်းကို ရွှန်းရွှန်းဝေအောင် ဖောက်သည်ချလေရဲ့။ ဘာတဲ့…သူပြောတဲ့အထဲမှာ လူကြီးစုံရာနဲ့ စကားပြောကြတော့ အဲဒီထဲမှာ စကားပြောပေးတဲ့ တယောက်က နာမည်ကြီးစာရေးဆရာ “တောတွင်းသားလေး ဖိုးညိုဆိုလား ဘာဆိုလား” ပြောလို့ ကျနော်တို့ ရယ်ကြရသေးတယ်။

Ko Paw said...

သြော…အတိတ်အကြောင်းကို အားပါးတရ ပြောလိုက်တာနဲ့ ဆုတောင်းပေးဘို့ ကျန်သွားတယ်။ ဧပရယ်လ်မှာ ထူးခြားမှုတွေကြုံကြိုက်တတ်တဲ့ တန်ခူးအတွက် ယခု မင်္ဂလာနှစ်ပတ်လည်ကစလို့ ဘ၀မှာ အစစ ကိုယ့်အပေါ်အနွံတာခံသော ဟိုလူကြီးနှင့် ချစ်စရာသားကလေးနှင့် အမြဲ မိသားစုမခွဲမခွာ နှစ်တွေများစွာ ပျော်ရွှင်ချမ်းမြေ့စေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

MDP said...

ရုပ်ဆိုးဆိုး အညာသားလေးဘေးက ပန်းရောင်အင်္ကျီလေးနဲ့လှနေတဲ့ ( ဟဲ ဟဲ ) မဗိုက်ကိုလဲသတိရမယ်ထင်ပါရဲ့။
ဘာလိုလိုနဲ့ ခုနစ်နှစ်တောင်ရှိပါပေါ့။
၂၀၀၁ အေပရယ် မှ အေပရယ် အယ်နီဗာစရီ ပေါင်း များစွာကို တန်ခူး နဲ့ မောင် တို့နှစ်ယောက် သားသား မီးမီး မြေးမြေး မြစ်မြစ် တွေနဲ့အတူဆင်နွှဲနိုင်စေကြောင်း လှိုက်လှိုက်လှဲလှဲဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

တာတူး said...

တန်ခူးရေ လာပြီး ဆုတောင်းပေးသွားပါတယ် ။ ထာဝရ ရွှေလက်တွဲလို့ ခိုင်ခိုင်မြဲမြဲ ကြင်နာနိုင်ကြပါစေဗျာ ။

myatnoe said...

ဟီးဟီး.. ပျော်စရာအတိတ်ပါ..။
မင်္ဂလာနှစ်ပတ်လည်မှသည်.. နောင်နှစ်ပေါင်း များစွာတိုင်..ရွှေလက်တွဲလို့ သံသရာခရီးကို တူတူ ဖြတ်ကျော်နီုင်ပါစေ..။

nu-san said...

မတန်ခူးရေ.. Happy Anniversary ပါနော်.. (ဟဲ..ဟဲ.. ပို့စ်ထဲမှာ ဖတ်တုန်းကတော့ ၇ နှစ်မြောက်ဆိုတာ သိဘူး။ အခု မသက်ဝေပြောပြတော့ သိသွားပြီ။) မင်္ဂလာဆောင်အကြောင်းဖတ်ရတာ ကိုယ်တိုင် ခန်းမထဲရောက်သွားသလိုပဲ။

နောင်နှစ်ပေါင်းများစွာ မိသားစုနဲ့ အတူ ပျော်ရွှင်သော ဘ၀ခရီးကို လျှောက်လှမ်းရပါစေ.. မရေ..

ကောင်းကင်ကို said...

ပျော်ရွှင်စရာ ကောင်းတဲ့ တိမ်ပြာပြာနေ့ တနေ့ Sunday နေ့ အကြောင်းကို ဖတ်သွားပါတယ်

pandora said...

တိမ်တွေအမြဲတမ်းပြာနေဦးမှာပါ
ပျော်ရွှင်ချမ်းမြေ့စွာ သားတစ်ရာ မြေးတစ်ဖျာနဲ့ (လိုချင်တယ် ဟုတ်) ဘ၀ခရီးမှာ လက်တွဲရင်း ရှေ့ဆက်နိုင်ကြပါစေ။

စိုးထက် - Soe Htet ! said...

အားကျ၏ ကျွန်တော် က ဒီနှစ်ထဲ ၆ နှစ် ပြည့်မှာ :P
မင်္ဂလာဆောင်တုန်းက ကျွန်တော် မျက်မှန် ချွတ်ထားတယ် အဟိ :P

တန်ခူး said...

အခုတလော မုန်တိုင်းသတင်းတွေနဲ့  စိတ်ရှူပ်ပြီး လာလည်တဲ့ သူငယ်ချင်းတွေကို ပြန်နှူတ်မဆက်နိုင်တာ ခွင့်လွှတ်ပါလို့ 

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ သက်ဝေရေ… သက်ဝေတုံးကတော့ ဗိုက်အောင့်နေတော့ ပိုဆိုးမှာပေါ့နော်….

ကိုပေါ+ညီမလေးရေ… အညာသားချောချောလေးရယ်၊ သူ့ဇနီးချောချောလေးရယ်၊ သူဇနီးဗိုက်ထဲက သမီးလေးရယ် တက်ညီလက်ညီ ချီးမြှင့်တာ ဘယ်မေ့ပါ့မလဲ…ဆရာကြီးကို လွမ်းလိုက်တာ……

ခုလို ဆုတောင်းပေးတာ ကျေးဇူးပါကိုတာတူးရေ…

ခုလို ဆုတောင်းပေးတာ ကျေးဇူးပါမြတ်နိုးရေ…

ဆုတောင်းလေးအတွက် ကျေးဇူးပါနုရေ…

လာရောက်ဖတ်ရှူသွားတာ ကျေးဇူးပါကောင်းကင်ကို…..

သားတစ်ရာ မြေးတစ်ဖျာ….ဟင့်အင်း..မလိုချင်ဘူး…သားတကောင်နဲ့ ပဲပြာနေပြီ ပန်ရေ…ဆုတောင်းပေးတာ ကျေးဇူးပါ

မျက်မှန်ချွတ်ထားတော့ သတို့ သမီးကို ကောင်းကောင်းမြင်ရရဲ့ လား ကိုစိုးထက်ရေ…နောက်တာနော်….