Friday, April 25, 2008

အကြင်နာအိပ်မက်


ကျွန်မရဲ့ဆံချည်မျှင်လေးတမျှင် ညီ့နာရီမှာငြိပါသွားသည်။ အဲဒီဆံမျှင်လေးပြတ်တောက်သွားမှာ စိုးရိမ်စွာဖြင့် ညီ့ကိုအကူအညီတောင်းမိတော့ အံသြသွားသောညီ့အကြည့်နဲ့ဆုံသည်။ တဖြေးဖြေးညီ့အကြည့်တွေ ရီဝေဝေဖြစ်လာတော့ ရင်တွေခုန်လာမိသည်။ ညီက ဆံမျှင်လေးကို သူ့နာရီမှ ယုယုယယဖြုတ်ပေးတော့ ကျေးဇူးတင်ဝမ်းသာမိသည်။ ပြီးတော့ ကျွန်မကြားရုံလောက် လေသံတိုးတိုးလေးနဲ့ မေးခွန်းတခုမေးခဲ့သည်။
"မင်းဆံပင်လေးတွေကို သိပ်မြတ်နိုးတာပဲလား"
ကျွန်မခေါင်းငြိမ့်အဖြေပေးလိုက်တော့ လိုချင်တာရသွားတဲ့ကလေးလေးလို လေကလေးတချက်ချွန်၍ လက်တွေ့ခန်းထဲမှထွက်သွားသည်။ ဘာရယ်မဟုတ် ရင်ခုန်လှိုက်ဖိုသွားသော ကိုယ့်အဖြစ်ကိုနားမလည်မိ။
"လက်ဖျားတွေ အေးလို့ပါလား...သတိတော့ထားနော်...ညီတို့ကမိန်းမကျမ်းကျေတယ်"
ကျွန်မလက်ကိုလာကိုင်ရင်း သူငယ်ချင်းကသတိပေးတော့ ခပ်လျော့လျော့ပြုံးမိသည်။ အဲဒီနေ့က ညီနဲ့ကျွန်မရဲ့ နိဒါန်းအစလို့ နဲနဲလေးမှ မရိပ်မိခဲ့။
***********************************************
"ကျွန်မရဲ့ဆံပင်လေး ရှင့်လက်ကောက်မှာငြိသွားပြီ"
"ဟုတ်တယ်နော်...ခဏလေးတို့ဖြုတ်ပေးမယ်"
ရင်ထဲမှာကြိတ်ပြီးပြုံးလိုက်မိသည်။ ကိုယ့်လိုဆံပင်တွေရူးသွပ်သူနှင့် တိုက်တိုက်ဆိုင်ဆိုင် ခရီးတခု အတူသွားရမည်။ သူ့ဆံပင်လေးမပြတ်တောက်ပဲ လက်ကောက်က ပြုတ်သွားမှ အပြုံးချိုချိုလေးတွေ့ရသည်။
"မန္တလေးသွားမှာပဲလား...နံဘေးမှာရွယ်တူမိန်းခလေးဆိုတော့ ပျော်သွားတာပဲ"
ခပ်သွက်သွက်နဲ့ ဖော်ရွေပုံရတဲ့သူနဲ့ခဏလေး ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးသွားသည်။ သူ့နာမည်ကကဗျာဆန်ဆန် အကြင်နာတဲ့။ နံဘေးကအဖွားကြီးက ညီအမလားမေးတော့မှ တယောက်ကို တယောက်ကြည့်ပြီးရီမိကြသည်။ သူ့ မျက်လုံးနက်နက်တွေ၊ မျက်ခုံးထူထူတွေ နောက်အညိုရောင်ဆံပင်ရှည်ရှည်တွေ အားလုံးက ကျွန်မနဲ့အတော်ဆင်သည်။
***********************************************
"ညက ရှင့်ညီကျုပ်ဆီဖုန်းဆက်တာ နားငြီးနေတာပဲ"
အတန်းရှေ့က ကော်ရစ်တာမှာ ပေါ်ပေါ်ထင်ထင် ငေးကြည့်နေသော ညီ့အကြည့်တို့ကို ဆံပင်ရှည်တွေနဲ့ ဖုန်းကွယ်ဖို့ ကြိုးစားရင်း သူငယ်ချင်းစကားကြောင့် ရင်တွေအခုန်မြန်သွားသည်။
"ပထမနှစ်တနှစ်လုံး ရှင့်ကိုသတိမထားမိခဲ့တာ နောင်တရတယ်တဲ့...ပြီးတော့ ရှင့်မျက်လုံးလေးနက်နက်လေးတွေ၊ ရှင့်ဆံနွယ်လေးတွေက သူ့မျက်စိထဲက မထွက်ဖူးတဲ့"
သူငယ်ချင်းစကားတွေကြောင့် စိတ်တွေပိုလှုပ်ရှားသွားသည်။
"ပြီးတော့ ဒီနေ့ရှင့်ကို ဖွင့်ပြောမယ်တဲ့"
အတန်းထဲကို ညီလှမ်းလာတော့ ရှေ့ကစာအုပ်ကို ဟန်ဆောင်ဖတ်နေမိသည်။ ရှေ့ကဖြတ်လျှောက်ရင်း ကျွန်မစာအုပ်ပေါ်ညီတင်သွားသည့် စာအိတ်ဖြူဖြူလေးကို ကြည့်ရင်း အသက်ရှူတွေရပ်သွားမလားထင်မိသည်။ စာအိတ်ပေါ်က ညီ့လက်ရေးသော့သော့တွေနဲ့ "သာယာ"တဲ့။ ညီ ကျွန်မကို တကယ်ချစ်တာလား။ မရေရာမှူတွေကြားက တစုံတခုကတော့ သေချာနေသည်။
***********************************************
မတိုင်ပင်ပဲ သိုးမွှေးချည်ခင်ဖြူဖြူလေးကို အတူထုတ်မိတော့ တိုက်ဆိုင်မှူအတွက် အံ့သြရပြန်သည်။
"အင်္ကျီလေးထိုးနေတာထင်တယ်"
"ဟုတ်တယ်...အကြင်နာက တဘက်လေးလား"
"အင်း...ဘယ်သူ့ဖို့လဲ...တို့ကတော့တို့အတွက်ထိုးတာ"
"သူ့အတွက်ပါ"
အကြင်နာပြုံးစိစိဖြစ်သွားသည်။ ညီအတွက်မွေးနေ့လက်ဆောင် ဝတ်စကုတ်အဖြူလေးကို မွေးနေ့အမှီပေးချင်သည်။
"ဒါထက်...ဘာကြောင့်အပြာရောင်မဟုတ်ပဲ အဖြူရောင်လဲ"
"အဖြူရောင်ကြိုက်မယ်ထင်လို့ပါ...သူကတို့ကိုလက်ဆောင်ပေးသမျှ အဖြူရောင်ချည်းပဲ...အကြင်နာကရော"
"တို့ကအဖြူရောင်crazy...ဒါပေမယ့်ဖိနပ်တော့ အဖြူရောင်မစီးဘူး...ကိုယ်အရမ်းမြတ်နိုးတဲ့အရောင်ကို ခြေထောက်အောက်မှာ မထားချင်လို့"
ဘာစကားမှမပြောနိုင်လောက်အောင် အံ့သြသွားမိသည်။ အဲဒီလို စကားတခွန်းမျိုးကို တပုံစံထဲကြားခဲ့ဖူးသည်။ အဖြူရောင်သိုးမွှေးချည်လေးကို စိတ်ဝင်စားစွာထိုးနေသည့် အဖြူရောင်အင်္ကျီလေးနဲ့အကြင်နာကို ကြည့်ရင်း အဖြေရှာမရခဲ့သည့် ပုစ္ဆာတပုဒ်အတွက်။
***********************************************
လမ်းလည်ခေါင်မှာ ဖိနပ်ပြတ်တာလောက် စိတ်ညစ်စရာကောင်းတာ မရှိ။ ကံကောင်း၍ ဖိနပ်ဆိုင်က မနီးမဝေးမှာ။ သိပ်ဂရုစိုက်တတ်သည့်ချစ်သူက ကျွန်မအတွက် ဖိနပ်တရံရွေးပေးနေသည်။ အဖြူရောင်ဖိနပ်တရံဖြစ်ဖို့များသည်။ ချစ်သူစဖြစ်သည့်နေ့မှ ယနေ့ထိ ညီပေးသမျှလက်ဆောင်လေးတွေက အဖြူရောင်လေးတွေ။ ကျွန်မကိုယ်တိုင်ဝယ်လျှင် အပေမခံသည့် အဖြူရောင်ဘယ်တော့မှမဝယ်ဖြစ်။ ဘယ်အရောင်ရယ်လို့ စွဲစွဲလန်းလန်း မဟုတ်ပဲ မျက်စိထဲလှတဲ့အရောင်သာ ဝယ်ဖြစ်သည်။
"ဒါလေးစီးကြည့်ပါလားသာယာ"
ညီလက်ထဲက ဖိနပ်လေးက ကိုယ်ထင်သလို အဖြူရောင်ဖြစ်မနေခဲ့တော့ အံ့သြသွားမိသည်။
"ညီ...ဘာလို့အဖြူရောင်ဖိနပ်လေးမရွေးတာလဲ"
ညီမျက်နှာ အလိုမကျစွာနဲ့ ကျွန်မနားမလည်နိုင်သည့်စကားတခွန်းဆိုသည်။
"သာယာ...ကိုယ်မြတ်နိုးတဲ့အရောင်ကို ခြေထောက်အောက်မှာ ထားမလို့လား"
ရင်ထဲက မေးခွန်းတွေ။ ညီမြတ်နိးတာလား။ ကျွန်မမြတ်နိးတာလား။ သေချာတာက အဖြူရောင်ကို ကျွန်မမြတ်နိးပါတယ်လို့ ညီ့ကိုတခါမှမပြောခဲ့။ တစုံတခုက ပိရိစွာ မှားယွင်းနေခဲ့ပြီ။
***********************************************
"ဟေး...သိုးမွှေးကိုအဲလို ဆက်တိုက်မထိုးရဘူးလေ...မျက်စိပျက်မှာပေါ့...ပတ်ဝန်းကျင်ရှူခင်းတွေလဲငေးဦး"
အကြင်နာပေးတဲ့ လဘက်သုတ်ဗူးလေးကို လှမ်းယူရင်းပြူတင်းပေါက်မှ စိမ်းလန်းသောရှူခင်းတွေ အတူငေးကြသည်။
"တောပန်းလေးတွေလှတယ်နော်"
"အကြင်နာက ပန်းတွေချစ်တတ်လား"
"ချစ်တာပေါ့...ပန်းဆိုရင်အကုန်ချစ်...မြက်ပန်းလေးတွေကအစ"
"တို့ကပန်းတွေသိပ်မသိဘူး...စံပယ်၊နှင်းဆီလောက်ပဲ"
"သာယာရယ်...ဒီလောက်ချစ်စရာကောင်းတဲ့ ပန်းလေးတွေကိုစိတ်မဝင်စားတာ အံ့သြရော...တို့က မြင်ရတွေ့ရခဲတဲ့ပန်းလေးတွေဆို ပိုတောင်ချစ်သေး...ဥပမာ..ကရမက်ပန်းတို့သော်ကပန်းတို့လေ"
"သော်ကပန်း.."
"သာယာ သော်ကပန်းကိုသိလား...အပင်အကြီးကြီးကနေ ငုပန်းလို ကဗျာဆန်ဆန်တွဲကျပြီးပွင့်တဲ့ ပန်းနီနီလေးတွေလေ...အနံ့လေးက တကယ့်ဖျော့သင်းသင်းလေး...တို့သိပ်ချစ်တာ"
ထူးဆန်းလိုက်တဲ့ တိုက်ဆိုင်မှူတွေ။ ညီနဲ့ကျွန်မကြားက ချောမွေ့ပြေပြစ်တဲ့ အချစ်လမ်းလေးမှာ အဲဒီသော်ကပန်းတွေက သံသယဆိုတဲ့ ဆူးညှောင့်ခလုတ်ကို သယ်ဆောင်လာခဲ့ဖူးသည်။
***********************************************
"သာယာ...ဒီမှာကြည့်စမ်း...သာယာ့အတွက်"
ညီ့လက်ထဲက အမျိုးအမည်မသိတဲ့ ပန်းနီနီတွေ။ ပန်းသိပ်မချစ်တတ်ပေမယ့် ချစ်သူကပေးတဲ့ လက်ဆောင်မို့ တယုတယယူမိသည်။
"လှလိုက်တာနော်...သာယာတခါမှ မတွေ့ဖူးဘူး...ဒါဘာပန်းလဲညီ"
"ဟင်...သာယာမသိဘူး...ညီကသာယာသိမယ်ထင်တာ...ဒီပန်းတွေတွေ့ရင်သာယာ အရမ်းကိုပျော်ရွှင်စိတ်လှူပ်ရှားသွားမယ် ထင်တာ"
ညီက ပန်းကလေးတွေကို ကြည့်ပြီး တစုံတခုကို ဆုံးရှုံးလိုက်ရသလို ငေးငိုင်သွားသည်။ ကျွန်မရင်ထဲမှာလဲ တစုံတခုဆုံးရှူံးသွားခဲ့သည်။
"ညီ့ကို ဒီပန်းတွေနဲ့ဘယ်သူက စမိတ်ဆက်ပေးခဲ့သလဲဟင်"
မမေးချင်ဆုံး မေးခွန်းတခုက သူ့အလိုလိုပြိုကျလာသည်။ ညီက အဝေးတနေရာကိုငေးရင်း အိပ်မက်ထဲကလူတယောက်လို ဖြေသည်။
"ငယ်ငယ်တုန်းက သူငယ်ချင်းတယောက်ပါ"
***********************************************
"ဟယ်ခုမှသတိထားမိတယ်...သာယာဆွဲကြိုးလေးနဲ့ တို့ဆွဲကြိုးလေးက တပုံစံထဲ"
အလုံးလုံးလေးတွေ ခပ်ကျဲကျဲပါသော အကြင်နာဆွဲကြိုးလေးကို အတွေ့ နှလုံးသွေးတွေ ခဏရပ်တန့်သွားသည်။ အဲဒီ တခုပြီးတခု တိုက်ဆိုင်မှူတွေကပဲ နှလုံးသားကို ဓားချွှန်ချွှန်ဖြင့်မွှေနှောက်နေသလို။
"အကြင်နာကို ဘယ်သူဝယ်ပေးတာလဲ"
"ဖေဖေဝယ်ပေးတာ...ကြာလှပြီ ၈ တန်းထဲက...သာယာဆွဲကြိုးလေးကတော့ သစ်နေတာပဲ...ဝယ်တာမကြာသေးဘူးထင်တယ်"
"ဟုတ်တယ်...တို့ချစ်သူကမွေးနေ့လက်ဆောင်ပေးထားတာ"
အဲဒီဒီဇိုင်းလေးကို ညီကိုယ်တိုင် ပုံဆွဲပြီး ပန်းတိမ်ဆိုင်မှာ သွားအပ်တော့ ညီရဲ့အလေးအနက်ထားမှူအတွက် ဖြစ်ခဲ့ရတဲ့ ကြည်နူးမှူတွေ ဒီနေရာမှာကုန်ဆုံးသွားခဲ့ပြီ။
"သာယာချစ်သူက သာယာကိုအတော်ချစ်ပုံပဲနော်"
ကျွန်မလဲ သံသယတချို့ကလွဲရင် အကြင်နာနဲ့မတွေ့ခင် အချိန်ထိ အဲဒီလို ထင်နေခဲ့သည်လေ။
"အကြင်နာ့မှာ ချစ်သူရှိလား"
"ချစ်သူ..ဟားဟား..ရှိခဲ့ဘူးတယ်...ကလေးတုန်းက...not seriousပါ"
အကြင်နာက ပေါ့ပေါ့ပါးပါး။ အလေးအနက်မထားခဲ့ကြောင့်ပဲ ကွဲကွာသွားခဲ့တာလား။
"ဘာလို့ကွဲခဲ့ကြတာလဲဟင်"
"တကယ်မချစ်လို့ပေါ့သာယာရယ်"
အကြင်နာ့အတွက် အတိတ်ဟာ အဲဒီလောက် မေ့ပျောက်လွယ်သလား။
"အပန်းမကြီးရင် တို့ကိုအကြင်နာ့ချစ်သူရဲ့ နာမည်လေးပြောပြပါလား"
"ဒါလေးများသာယာရယ်...သူ့နာမည်ကတလုံးထဲ....xxxx"
မကြားတော့။ အကြင်နာဘာတွေ ဆက်ပြောနေလဲမကြားတော့။ အဖြေထွက်သွားသော ပုစ္ဆာတပုဒ်အတွက် ကြေကွဲသွားသော နှလုံးသား။ လုပ်ရက်လိုက်တာညီ။
***********************************************
နားရွက်နောက်ဖက်နားက တိုကပ်နေသောဆံပင်တွေကို နားမလည်နိုင်သော၊ နောက်အနည်းငယ်ဆွေးမြေ့နေသော မျက်လုံးများဖြင့် ညီကြည့်နေတော့ ကျေနပ်စွာပြုံးမိသည်။
"ဆံပင်တွေနှမျောဖို့ကောင်းပေမယ့် သာယာကဒီလို ပုံလေးနဲ့လဲလိုက်တာပဲ"
တကယ်လားညီ။ ဟန်ဆောင်နေတာလား။
"ဒီမှာကြည့်ညီ...ဒီဆွဲကြိုးလေးလှလားဟင်...ညီလုပ်ပေးတဲ့ ဆွဲကြိုးလေးကိုပဲ ဖျက်ပြီးပြန်လုပ်လိုက်တာ"
"လှပါတယ်...အဲဒီတုန်းကတည်းကမကြိုက်ရင် ပြောခဲ့ရောပေါ့သာယာရယ်"
ညီ့အသံတွေ အနည်းငယ်တုန်ရင်နေသလို။ ထူးဆန်းတဲ့ ကျွန်မအပြုအမူတွေအတွက် တစုံတခုကို ရိပ်မိနေသလို။
"ညီ့ကို သာယာတခုမေးချင်တယ်"
ဒါဟာ ကျွန်မရဲ့နောက်ဆုံးကောက်ရိုးတမျှင်ပါညီ။
"မေးလေသာယာ"
"ညီ သာယာ့ကိုဘာလို့ချစ်တာလဲ"
ဖြေတော့ညီ။ ကျွန်မနှလုံးသားကို အသေမသတ်မယ့် အဖြေတခု။ ကျွန်မမာနတွေကို နင်းဖျက်မခြေတဲ့ အဖြေတခု။ ကျေးဇူးပြုပြီး။
"ဒီမေးခွန်းမဖြေခင် ညီတခုဝန်ခံ.."
"ဟင့်အင်း...တခြားဘာမှ မပြောနဲ့...ဒီမေးခွန်းပဲဖြေပါ"
အရှူံးတွေကို ထပ်မကြားရပါစေနဲ့။ ဝန်ခံစရာတွေက ကျွန်မအတွက်တော့အရှူံး။
"သာယာရဲ့ ရိုးသားတဲ့နှလုံးသားလေးကို ချစ်တာ...သာယာရဲ့ ငြိမ်းချမ်းတဲ့စိတ်ဓါတ်လေးကိုချစ်တာ...သာယာရဲ့ဟန်ဆောင်မှူကင်းတဲ့ဖြူစင်ခြင်းလေးကိုချစ်တာ...သာယာကသာယာမိုလို့ချစ်တာပါ"
အို...။ကျေးဇူးတင်လိုက်တာညီ။ ညီမျက်ဝန်းထဲက အတိတ်တွေကင်းစင် လေးနက်မှူတွေ။ ညီ့အဖြေထဲက ယုံကြည်ရတဲ့အင်အားတွေ ကျွန်မနှလုံးသားထဲကို စိမ့်ဝင်စီးဆင်းသွားကြပေါ့။ ညီ့ပုခုံးလေးပေါ် ခေါင်းတင်ရင်း ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တို့ကို မတားဆီးမိ။
ညီကကျွန်မလက်လေးကို ဆုပ်ကိုင်ပြီး တိုးတိုးလေးဆိုသည်။
"ညီ အကြင်နာအိပ်မက်က နိုးထခဲ့တာကြာခဲ့ပါပြီ သာယာရယ်...ညီ့ဘဝရဲ့လက်တွဲဖော်အဖြစ် လေးလေးနက်နက်ချစ်မိသူဟာ သာယာတယောက်ထဲပါ"
အဲဒီညီ့စကား တခွန်းနဲ့တင် နောင်အခါ သာယာတဲ့ကျွန်မတို့ရဲ့ဘဝလေးထဲကို သံသယဆိုတာ မြူတမှူန်မျှမပေကျံရလို့ ကျွန်မယုံကြည်စွာ သစ္စာဆိုမိသည်။

(ထူးအိမ်သင်ရဲ့ သီချင်းခေါင်းစဉ်လေးကို ကြိုက်လွန်း၍ postခေါင်းစဉ်အဖြစ် ယူသုံးပါသည်)
တန်ခူး
12:55pm 24-Apr-2008

15 comments:

ထနောင်း said...

အကြင်နာအိပ်မက်ထဲ မျောသွားလိုက်တာ....မနဲပြန်နှိုးယူရတယ်။
အဲလိုအချစ်ဝတ္ဘုလေးတွေမဖတ်ဖြစ်တော့တာ အသက်ရလာကတည်းကဆိုပါတော့...အဟိ :p

Ko Paw said...

ဝတ္ထုလေးက ဆန်းကြယ်တယ်။ တင်ပြပုံလည်းကောင်းတော့ အဆုံးအထိ မျောပါသွားတယ်။

myatnoe said...

woo!!!

nice post.
i like.
Endinig is amazing!
I think.. Nyi will insult Tharyar.
hoo...
taw thay tae.
:)

စိုးထက် - Soe Htet ! said...

တော်တော် ကောင်းပါ၏ .. :) ခေါင်းစဉ် ရွေးချယ် ပေးတာလဲ မိုက်တယ် :P

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မ ..
ဝတ္ထုက ကောင်းလိုက်တာ
ဘာများဖြစ်မလဲ ရင်တထိတ်ထိတ်နဲ့.. တော်ရုံလူကတော့ အဲလိုမျိုးကြီး တိုက်ဆိုင်မှုတွေ သိပ်များတာနဲ့ ဂျေဝင်လို့စိတ်တိုနေရမလားမသိနော်.. ဟွန်းဟွန်း

nu-san said...

အမ၀တ္တုတိုက ဖတ်လို့ကောင်းတယ်။ ဖတ်ရင်းနဲ့ နောက်ဆုံး ကွဲသွားမလားဆိုပြီး စိတ်တထင့်ထင့်နဲ့ နောက်ဆုံးမှ Happy Ending လေးဖြစ်သွားတော့မှ စိတ်အေးသွားတော့တယ်.. :)

စိုးထက် - Soe Htet ! said...

မောနင်းး :P

မင်းကျန်စစ်။ said...

အထင်လွဲပြီး သဝန်တို ပြသနာတွေ ဖြစ်ကြရတော့မယ် မှတ်တာ။ တော်သေးး) ။ ဇတ်လမ်းလေး တစ်ခုလုံး ဆွဲဆောင်မှု ရှိတယ်ဗျာ။ သိပ်ကောင်းတဲ့ ဝတ္ထုတိုလေးပဲ

ခွန်မြလှိုင် said...

ဇာတ်သိမ်းလေး လှတယ်... ဇာတ်သိမ်းစကားက အသက်ပဲ .. အဲဒါဖြေပုံ မှားလို့ ကွဲတဲ့ အတွဲ မနည်းဘူး... အမရေ

တားမြစ် ထားသော... said...

အလည်ရောက်တယ်။ စာရေးကောင်းတယ်ဗျ။ အတော်များများ ဖတ်သွားတယ်။ C-box မတွေ့လို့ ဒီမှာပဲ ရေးလိုက်တယ်။

သက်ဝေ said...

အချစ်မှာ ယုံကြည်မှု ဆိုတာ အလွန်တရာ အရေးကြီးကြောင်း...။
ချစ်စဖွယ် ဆွဲဆောင်မှုရှိလှတဲ့ ၀တ္ထုတို ကလေးတစ်ပုဒ်ပါ...။

မယ်မဒီ said...

ုအရမ်းကောင်းတယ် မ'ရယ်
အဲ့ဒီလို ဝတ္ထုလေးတွေ ရေးပေးပါနော်
အမြဲ အားပေးနေမယ်

တန်ခူး said...

ထနောင်းရေ...တန်ခူးလဲ ဒီဝထ္တုလေးရေးဖို့ ၁၅နှစ်လောက်ပြန်ငယ်လိုက်ရတယ်...

ခုလိုအားပေးတာ နောက်ဝထ္တုလေးတွေရေးဖို့အင်အားပါကိုပေါရေ...

ကျေးဇူးပါမြတ်နိုးရေ...အိပ်မက်ဆိုတာ တချိန်မှာ နိုးထရစမြဲပဲလေ...

ကိုစိုးထက်ရေ...နှလုံးသားထဲ အမြဲစွဲငြိစေတဲ့ သီချင်းလေးကို သံယောဇဉ်ကြီးစွာ ခေါင်းစဉ်အဖြစ်ရွေးချယ်မိခဲ့တာပါ...

အိမ့်ရေ...အားပေးတာကျေးဇူးပါ..အချစ်ဆိုတာ မျှဝေပေးလို့ခက်တဲ့အရာဆိုတော့ အပြင်မှာဆိုစိတ်အနှောက်အယှက်ဖြစ်မှာ အမှန်ပဲနော်...

နုရေ...ကျေးဇူးပါ...Happy Endingလေးမှ သာယာအတွက် တရားမလားလို့ပါ...သူကညီ့ကိုတကယ်ချစ်တာလေ...

ခုလိုလာလည်အားပေးတာကျေးဇူးပါမင်းကျန်စစ်ရေ...နောက်လဲအမြဲလာဖို့ဖိတ်ခေါ်ပါတယ်...နားလည်မှုတွေက သဝန်တိုတာထက် အချစ်တွေခိုင်မြဲစေမယ့်ကြိုးတွေမိုလား...

ကျေးဇူးပါလှိုင်ရေ...ဟုတ်တယ်နော်...ဖြေပုံမှားရာက မာနစစ်ပွဲတွေနဲ့ ဇာတ်သိမ်းရတဲ့ဘဝတွေ တို့လဲတွေ့ဖူးတယ်...

တားမြစ်ထားသောရေ...ခုလိုလာရောက်ဖတ်ရှူအားပေးတာကျေးဇူးပါ...နောက်လဲအမြဲလာဖို့ဖိတ်ခေါ်ပါတယ်...

ဟုတ်တာပေါ့သက်ဝေရယ်...ယုံကြည်မှူမဲ့တဲ့အချစ်တွေက သက်တမ်းတိုတောင်းလှပါတယ်...

အမြဲအားပေးမယ်ဆိုလို့ဝမ်းသာပါတယ်မယ်မဒီရေ...ကျွန်မကလဲ အချစ်ဝထ္တုရေးရတာ လက်တွေ့သူမို့အားပေးမယ့်သူတွေရှိရင် ရေးဦးမှာပါ...

နှင်းပန်း said...

ဟေး အကြင်နာအိပ်မက်လေးကို ခုမှဖတ်ရတယ်,,, အချစ် အချစ်...အကြင်နာအိပ်မက်ထဲကအချစ် ,,,

တန်ခူး said...

နှင်းပန်းရေ…ဘာလို့ အချစ်အချစ်လို့  ၃ ခါတိတိ ဆိုနေတာလဲဟင်…