Sunday, April 6, 2008

April နွေရယ် တန်ခူးရယ်

ဟိုးလွန်ခဲ့တဲ့ အနှစ်၃၀ကျော် ဒီလိုနေ့မှာ မကြာခင်ကျရောက်လာမယ့် သင်္ကြန်အကြိုတေးတွေ သယ်ဆောင်လာတဲ့ လေနုအေးနဲ့အတူ နွေကိုချစ်သော၊ တန်ခူးကိုချစ်သော ကလေးလေးတယောက် လောကကြီးထဲ ရောက်လာခဲ့တယ်။ သင်္ကြန်အကြိုနေ့ဆေးရုံကဆင်းတော့ အနှီးဖြူဖြူလေးထဲကနေ သင်္ကြန်ရှူခင်းကို မျက်လုံးပြူးပြူးလေးနဲ့ ငေးမောနေခဲ့တယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က သင်္ကြန်အကြိုပိတောက်တွေ လှိုင်လှိုင်ပွင့်ကြတယ်ဆိုပဲ။

မိခင်ကိုယ်ဝန်ဆောင်ကတည်းကရော၊ အမေ့နို့စို့ချိန်ထိ ဗူးရွက်ပဲသွေးတောင်းခဲ့လို့ မလှမပ "ဗူးရွက်"ဆိုတဲ့ ငယ်နာမည်လေး ရခဲ့တယ်။ (ခုထိလဲ သူ့အမေက ဗူးရွက်အရမ်းကြိုက်တဲံ့သမီးအတွက် လူကြုံရှိတိုင်း ပို့ပေးနေရတာ မဆန်းပါဘူးနော်) အဲဒီကလေးလေးက ဘယ်လောက်အအိပ်မက်သလဲဆို ပုခက်ပေါ်ကလိမ့်ကျတာတောင် မငိုပဲ ကြမ်းပြင်ပေါ် ငြိမ်ငြိမ်လေးဆက်အိပ်နေတတ်တယ်တဲ့။

အဲဒီကောင်မလေးက လေးနှစ်မပြည့်ခင်ထိ စကားသွက်သွက် မပြောတတ်ခဲ့ပေမယ့် လေးနှစ်ကျော်တော့ စကားများလွန်းလို့ နားတောင်ငြီးယူရတယ်တဲ့။ သိတတ်လာတဲ့ အရွယ်ငယ်ငယ်လေးထဲက မှန်တယ်ထင်ရင် ခေါင်းမာတတ်လွန်းလို့ စိတ်ကြီးတဲ့အဖေရဲ့ ရိုက်နှက်ခြင်းကို မကြာမကြာခံရလေ့ရှိခဲ့တယ်။ အသားနာတာတောင် မျက်ရည်တစက်မကျတဲ့အထိ ခေါင်းမာသူက တခါတခါ သူသိပ်ချစ်တဲ့အဖေရဲ့စကားတခွန်းနဲ့တင် ထိရှနာကျင်မျက်ရည်ကျတတ်ပြန်ရော။

မျောက်ရှူံးအောင်ကစားသန်သူ၊ ထမင်းမေ့ဟင်းမေ့ကစားသန်သူလဲဖြစ်တယ်။ သိပ်ချစ်၊ သိပ်စိုးရိမ်လွန်တဲ့အဖေကြောင့် ရေမကူးတတ်၊ စက်ဘီးမနင်းတတ်ပေမယ့် သစ်ပင်တက်တော့ အတော်ကျွမ်းတယ်။ အဲဒီလို သစ်ပင်တက်ကောင်းမှူကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ခွေးကိုက်ခံရတာ။ အဆော့အကစားမက်တော့ လက်ကျိုးတာတောင် ကျောက်ပတ်တီးနဲ့ ဆော့ကောင်းတုန်း။ မုန့်ဖိုးရတဲ့တမတ်နဲ့ အဖော်ကောင်းလို့ အိမ်ကမသိအောင် ရုပ်ရှင်ခိုးကြည့်တော့ အဖိုးရုပ်ရှင်ရုံထဲ ဒုတ်နဲ့လိုက်။ လွတ်လပ်ရေးပွဲဆို ဝေလီဝေလင်းထဲက အိမ်ရှေ့ကကွင်းထဲရောက်၊ ညနေစောင်းကျမှ အားကစားပြိုင်တာကဆုရတဲ့ ပလပ်စတစ်ခွက်မျိုးစုံနဲ့အိမ်ပြန်ရောက်တယ်။ မိန်းခလေးနဲ့မတူ ပြောင်းဆန်အောင်ဆော့သူမို့ အဲဒီအရွယ်က ဥာဏ်ကောင်းပေမယ့် အဆင့်က ဘယ်တော့မှထိပ်ဆုံးမရောက်ခဲ့။

အရွယ်နဲနဲရလာတော့ စာလိုချင်စိတ်လေးတော့ ပိုရှိလာခဲ့ပေမယ့် သူများတွေ ကာတွန်းဖတ်နေတုန်း ဝတ္ထုတွေခိုးဖတ်။ စာရေးချင်တဲ့ပိုးလေးစရလာခဲ့တော့ ကျောင်းကစာစီစာကုံးပြိုင်ပွဲဆို မလွတ်တမ်း။ စာရေးတဲ့အဖေက ဒါတော့အားပေးခဲ့ပေမယ့် အပြင်စာတော့မဖတ်ခိုင်းခဲ့။ စိတ်ကူးတွေစယဉ်တတ်တော့ အဖေရဲ့စည်းကမ်းတွေနဲ့စပြီး ပဋိပက္ခဖြစ်။ အဲဒီတုန်းက လွတ်လပ်မှူတွေကိုအငမ်းမရ မက်မောပြီး လှောင်အိမ်ထဲကဘဝဆိုပြီး နာကျည်းချက်တွေကို ကဗျာမဖြစ်တဖြစ်ရေး။ အဖေရည်ရွယ်ချက်ဆန္ဒတွေလား၊ ကိုယ့်ပန်းတိုင်လား မသေချာတဲ့ဝေဝါးမှူတွေနဲ့ ပုံစံခွက်ထဲက မိန်းခလေးတယောက်။ အဖေ့ဆန္ဒတွေကို မဖြည့်ဆီးနိုင်ခဲ့ခြင်းအတွက် အချိန်တွေကုန်မှနောင်တတွေရ။

လောကကြီးမှာ အဖေကကိုယ့်ကိုအချစ်ဆုံးဆိုတာ ခံစားလို့ရခဲ့ပေမယ့် အချစ်လွန်မှူတွေကို ချူပ်ချယ်မှူတွေလို့ လူငယ်လိုဘာသာပြန်။ အဖေမုန်းတဲ့ ယောကျာင်္းလေးပေါလွန်းတဲ့ တဣသိုလ်မှာ ဆယ်စုနှစ်တွေကြာတဲ့အထိ ယောကျားင်္လေးသူငယ်ချင်းက လက်ချိုးရေလို့ရအောင်နဲပါး။ လွတ်လပ်မှူကိုခိုးယူပြီး ဝါသနာအရ စာသင်ချိန်တွေဖျက်ပြီး Magazineတိုက်တွေ တတိုက်ဝင်တတိုက်ထွက်။ စာတို၊စာစတွေ အဖေမိသွားလို့ မီးရှို့ပစ်တော့ နှလုံးသားတွေလောင်ကျွမ်းလို့ပေါ့။ ပထမဆုံးပုံနှိပ်ဖော်ပြခံရမှ တားမရတဲ့ဝါသနာ အဖေနားလည်လာပြီး အားပေးခဲ့တော့ ဟိုမရောက်ဒီမရောက် စာရေးသူပေါက်စ။ တကယ်တော့ ဟိုနေရာစပ်စပ်၊ ဒီနေရစပ်စပ် လူမှူရေးအလုပ်တွေလုပ်ချင်တာ၊ စာရေးဝါသနာပါတာ၊ လူတွေနဲ့ရင်းနှီးလွယ်တာတွေ အားလုံးက အဖေ့အမွေ။ မှန်တယ်ထင်ရင်ဝုန်းဝုန်းဒိုင်းဒိုင်း ပြောချတတ်တဲ့အမေ့အမွေနဲ့ တချို့ကတော့ သိပ်ခင်စရာကောင်းသူတဲ့။ တချို့ကတော့ သိပ်စွာပြီးမာနကြီးသူတဲ့။

ရင်ခုန်တတ်တဲ့နှလုံးသားကတော့ အိပ်ထောင်မပြုရဆိုတဲ့ စည်းကမ်းချက်တခုနဲ့ တွင်တွင်ကြီးဆန့်ကျင်လို့။ သံယောဇဉ်တွေ အထပ်ထပ်ရစ်နှောင်ခဲ့တော့ သူငယ်ချင်းဘဝမှ ချစ်သူ။ ကံကောင်းတာတော့ မငြူစူတတ်တဲ့ချစ်သူကြောင့် အချိန်တွေယူလို့ရခဲ့တယ်။ နားလည်စောင့်ဆိုင်းပေးခဲ့တဲ့ချစ်သူကြောင့် ရုန်းကန်မှူတွေက နဲနဲတော့သက်သာခဲ့တယ်။ တကယ်တော့ သဘာဝတရားနဲ့ နေသားကျသွားခဲ့တဲ့အခါ အဖေကိုယ်တိုင်ရွေးချယ်ပေးတဲ့ မင်္ဂလာဝတ်စုံနဲ့ ကိုယ်ပိုင်ဘဝနိဒါန်းစခဲ့သူ။

အဲဒီခေါင်းမာတတ်ခဲ့တဲ့မိန်းမတယောက်ကို မိဘမေတ္တာအပြည့်အဝ နားလည်လာစေတာကတော့ အဲဒီမိန်းမနဲ့ ခေါင်းမာတာကလွဲလို့တခြားဘာတခုမှမတူတဲ့ သားလေးတယောက်။ ယုကြည်ရာကို တစွတ်ထိုးမလုပ်ဖြစ်အောင် တားမြစ်နိုင်ခဲ့သူ၊ ဖယောင်းလေးလိုပျော့ပြောင်းတဲ့ဘဝကို ပုံသွင်းတဲ့အနုပညာတခုကို တတ်မြောက်စေခဲ့သူ၊ လောကကြီးနဲ့ သဟဇာတဖြစ်အောင် တွန်းအားပေးခဲ့သူကတော့ သားကလေး။

အနှစ်သုံးဆယ် အတော်စွန်းသွားတဲ့အခါ အရင်ကအရေးကြီးခဲ့တဲ့အရာ တော်တော်များများကလဲ နောက်ဆုံးရောက်ချင်ရောက်၊ ယုံကြည်ရာတွေလဲ မှူန်ဝါးဝါးနဲ့၊ ငယ်ကစိတ်ကူးယဉ်တဲ့ဘဝတခုတတော့ ဆေးပြယ်သွားတဲ့ ပန်းချီတချပ်လို။ လိုချင်တာတွေရခဲ့ပြီလား၊ ရောက်နေတဲ့ဘဝမှာ ကျေနပ်ရဲ့လား၊ ဘယ်သူ့အတွက် ဘယ်လောက်ပေးဆပ်ခဲ့ပြီးပြီလဲ....မဆုံးနိုင်တဲ့မေးခွန်းတွေနဲ့ အသက်တနှစ်တိုးလို့ မွေးနေ့တခုကိုကျော်ဖြတ်ခဲ့ပြန်ပေါ့။ ဘာပဲဖြစ်ဖြစ် ငယ်ကလို ပိတောက်ရနံ့တော့ရင်ခုန်ဆဲ၊ သင်္ကြန်တေးသံမှာ လွင့်မျောဆဲ၊ Aprilနွေကို မြတ်နိုးဆဲ။

တန်ခူး
11:42pm 06-Apr-2008

13 comments:

myatnoe said...

အမ.. မွေးနေ့ မှာ ပျော်ရွှင်ပါစေ။ ခေါင်းမာ တာ ဇွတ်လုပ်တာ စာပေပိုးပါတာတွေ.. မှန်တယ်ထင်ရင် ပြောတတ်တာတွေက အတူတူပဲ..။ အမက စာရေးတော်တယ်။ မိုက်တယ်။ အတွေးအခေါ်တွေက ငယ်ငယ်ကနဲ့ မတူ ပြောင်းလဲသွားခဲ့တာတော့ အမှန်ပဲ။

သက်ဝေ said...

Happy Belated Birthday ပါ တန်ခူးရေ...ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ ပေါင်းများစွာကို ချစ်သော မောင်၊ ချစ်သော သားငယ်လေးနဲ့ အတူတူ ကြုံတွေ့ နိုင်ပါစေ။

Ko Paw said...

ငယ်ငယ်က စိတ်ကူးယဉ်ဘူးတဲ့ ဘ၀တခုက ဆေးပြယ်သွားတဲ့ ပန်းချီကားဖြစ်သွားပေမယ့် အခုလက်ရှိဘ၀မှာလည်း ဆေးစက်ကျရာ အရုပ်ထင်ရဦးပေမပေါ့။ တန်ခူးအတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေလို့ နဲ့ တန်ခူးတို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ထနောင်း said...

နွေနဲ့အတူ...
အတာနဲ့အတူ...
ပိတောက်နဲ့အတူ...
'မောင်'နဲ့အတူ...
'သားသား'နဲ့အတူ..
ပျော်ရွှင်ဖွယ်မွေးနေ့များစွာ
ပိုင်ဆိုင်ပါစေ...တန်ခူးရေ။

စိုးထက် - Soe Htet ! said...

ပျော်ရွှင် အဆင်ပြေ ပါစေ :)

တန်ခူး said...

မြတ်နိုးရေ...မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါ။

မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါသက်ဝေရေ။

ဆေးစက်ကျရာ အရုပ်ထင်တဲ့ဘဝတော့ လိုချင်သား ကိုပေါရေ။ မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါ။

မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးပါထနောင်းရယ်။

ကိုစိုးထက်ရေ...ကျေးဇူးပါ။

ပီကေ said...

ခေါင်းမာတယ် ဆိုတာ ခံယူချက် ရဲရင့်တာပါ။
ဇွတ်လုပ်တယ် ဆိုတာ ဆုံးဖြတ်ချက် ပြတ်သားတာပါ။
နှစ်ခုစလုံးဟာ အမှားဘက်မှာ အားသန်မယ်ဆိုရင် ရင်လေးစရာ ဆိုပေမယ့် စာပေ၀ါဒနာပါတဲ့ စာကြမ်းပိုး တစ်ယောက်အနေနဲ့ အမှားအမှန်ကို ကောင်းကောင်း ခွဲခြားသိနိုင်မယ်လို့ ယုံကြည်မိတော့ အထက်က စိတ်ဓါတ်နှစ်ခုလုံးဟာ အောင်မြင်မှုအတွက် တွန်းအားတွေ ဖြစ်လာလိမ့်မယ်ဆိုတာ မျှော်လင့်မိပါတယ်။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကိုယ် ချစ်သောသူများနှင့် မခွဲမခွာ ပျော်ရွှင်စွာဖြင့် ရာသက်ပန် နေထိုင်သွားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

pandora said...

မွေးနေ့ဆုတောင်းနောက်ကျသွားပါတယ်
တန်ခူးလေအေးကတော့ နောက်မကျဘူးထင်ပါတယ်
အေးချမ်းမှုများစွာနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ပါစေ။

ကောင်းကင်ကို said...

Hayyp Thingyan!! Happy Birhtday!!

တန်ခူး said...

လာလည်တာ ကျေးဇူးပါ ကိုပီကေ။ နောက်လဲ အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးနှစ်ထပ်ပါ။

ပန်ရေ...ကျေးဇူးပါ...ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

same to youပါကောင်းကင်ကို။

Kay said...

ဘလော့ မိတ် ဆွေ တယောက် တိုး သွား တယ်ပေါ့နော်။ လာ အားပေး တာ ကျေးဇူး အထူး။ မိသားစု လေးတခု ကို..ဖတ်ရှူ ကြည်နူးမိပါတယ်။ စာတို ငညို ချင်း လဲ တူတယ်။း)

ခင်မင်လျက်-

မောင်မျိုး said...

အဟောင်းတွေ အားလုံးလိုက်ဖတ်နေတာ အစ်မရေ့ မွေးနေ့ ပို့ စ်လေးကို စိတ်ဝင်စားစရာကောင်းအောင် ရေးထားတာ တော်တော်ဖတ်လို့ ကောင်းတယ် ။

တန်ခူး said...

ပို့ စ်အဟောင်းက ကော်မန့် တွေကို ခုမှ လိုက်ကြည့်ဖြစ်ရင်း မကေ နဲ့  မောင်မျိုး ကော်မန့် လေးတွေ ခုမှ တွေ့ တယ်… ပြန်တာ အတော် နောက်ကျလို့  ခွင့်လွတ်ပါနော်…

မကေကို စဖတ်ထဲက ခင်ပြီး မိတ်ဆွေတော်နှင့်ပြီးသားပါ…

မောင်မျိုးရေ အဟောင်းတွေကို ပြန်ဖတ်ပြီး ခုလို တခုတ်တရ ကော်မန့် ပေးတာ ကျေးဇူးပါနော်…