Saturday, September 27, 2014

စာလေးတစောင်



ဟိုးအဝေးက ကိုယ်ချစ်တဲ့သူတယောက်ယောက်ဆီက တံဆိပ်ခေါင်းလေး ကပ်ထားတဲ့ စာအိတ်ကလေးနဲ့  စာလေးတစောင် ဖတ်ချင်တဲ့အာသီသတွေ ကိုယ့်မှာ ဖြစ်နေတာ မဆန်းဘူးလား…။ အဲဒီစာလေးထဲမှာ စာပို့ လိုက်သူက သူ့ ခံစားချက်တွေကို နှလုံးသားကတဆင့် လက်ချောင်းသွယ်သွယ်လေးတွေဆီ စီးမျောရင်း ကိုယ့်ဆီကို အရောက်ပို့ ထားတဲ့ စကားလုံးလေးတွေရှိနေရမယ်…။ ဖြစ်နိုင်ရင် အဲဒီစာလေးကို နက်ပြာရောင် ယူနီဖောင်းလေးဝတ်ထားတဲ့ မျက်နှာချိုချိုနဲ့  စာပို့ သမားလေးက အိမ်ရှေ့ ကနေ စက်ဘီးလေး ကလင်ကလင် အသံပြုပြီး ကိုယ်မျှော်လင့်မထားတဲ့ အချိန်မှာ လာပို့ တာမျိုးပေါ့…။ စာလေးကို လက်ခံလိုက်ပြီး စာအိတ်လေးပေါ်က လက်ရေးလေးတွေကို ကြည့်ရင်း စာအိတ်လေးထဲက စာတစောင်ကို ရင်ခုန်စွာ မှန်းဆပျော်ရွှင်ရတဲ့ ခံစားမှု…။ အဲဒီလို ခံစားမှုလေးမခံစားရတာများ ဆယ်စုနှစ်လောက်တောင် ကြာရောပေါ့…။ ဒီတော့လဲ… ဒီခံစားမှုလေးကို လွမ်းမိတာ ဆန်းသလားနော်…။

လက်ရှိအခြေအနေမှာ စာတွေနဲ့ များ ဝေးနေလို့ တော့ မဟုတ်ပါဘူး…။ စာတွေ စာတွေ တနေ့ တနေ့  ဖတ်လိုက်ရတာ မနဲ ပါဘူး…။ ပြန်လိုက်ရတဲ့စာတွေကလဲ မနဲပါဘူး…။ အဲဒီစာတွေက စာအိတ်မဲ့တဲ့စာတွေ… လက်ရေးမဲ့တဲ့စာတွေ… ထိတွေ့ ကိုင်တွယ်လို့ မရတဲ့စာတွေ…။ အဲဒီစာတွေထဲမှာ တောင်းဆိုမှုတွေ… တာဝန်တွေ… အလိုမကျမှုတွေ… မျှော်လင့်ချက်တွေ… မတော်လောဘတွေ… တိုက်ခိုက်မှုတွေနဲ့ … မွန်းကြပ်လို့ နေတယ်…။ အဲဒီစာတွေကို ကိုယ်မလိုချင် မဖတ်ချင် မပြန်ချင်ပေမယ့်လဲ… အဲဒီစာတွေက ကိုယ့်ဘ၀အတွက် ထမင်းတလုပ်ဖြစ်နေပြန်တော့…။ တနေ့ တနေ့ များပြားလှတဲ့ အဲဒီစာတွေကြားထဲမှာ ကိုယ်က စာရွက်ဖြူဖြူလေးပေါ်မှာ လက်ရေးလေးနဲ့ ရေးထားတဲ့ စာလေးတစောင်ကို အမောတကော ရှာဖွေနေတတ်တယ်…။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့  ထုံမွှမ်းထားတဲ့စာတစောင်… ဘယ်များ ပျောက်ဆုံးနေပါလိမ့်နော်…။

တိုးတက်လာတဲ့ခေတ်ကြီးမှာ ခလုတ်လေးတချက်နှိပ်လိုက်ရုံနဲ့  ဟိုးကမ္ဘာတခြမ်းကသူကို ဒီဘက်ကနေ ဆက်သွယ်လို့ ရနေမှတော့ စာတတန် ပေတတန်တွေ အလုပ်ရှုပ် အချိန်ကုန်ပါတယ်လို့  ပြောရတဲ့ခေတ်ကြီးမို့  ကိုယ့်ကို လူတွေက ကြောင်တောင်တောင် လို့  ထင်ကြမလားပဲနော်…။ email… facebook… viber… skype… အဲဒီလောက် လူတယောက်နဲ့ တယောက် လွယ်ကူစွာ ဆက်သွယ်လို့ ရနေတဲ့ခေတ်မှာ စာလေးတစောင်ရဲ့ အရေးပါမှုက မှေးမှိန်လို့ များ သွားခဲ့သလား…။ ဘာပဲဖြစ်ဖြစ် ရေးသူရဲ့ ကိုယ်ပိုင်လက်ရေးလေးတွေကို ကိုယ့်လက်လေးနဲ့ ထိတွေ့  ဖတ်ခွင့်ရတဲ့ စာတစောင်မှာ စာပို့ သူနဲ့ စာလက်ခံရသူရဲ့ကြားက မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေက တိတ်တိတ်လေး အသက်ဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး…။ ကိုယ့်ဘ၀မှာ စာအိတ်ပေါ်မှာ ကိုယ့်နာမည်လေးရေးပြီး တံဆိပ်ခေါင်းလေးကပ်လို့  ကိုယ့်ဆီ အရောက်ပို့ တဲ့ စာလေးပေါင်း များစွာ လက်ခံရခဲ့ဘူးတာမို့  ပြန်တွေးမိတိုင်း ကျေနပ်မိပါတယ်…။ ဒီခေတ်ကြီးမှာသာ မွေးခဲ့ရင် စာအိတ်ပေါ်ရော စာရွက်ပေါ်မှာပါ ကွန်ပြူတာပုံနှိပ်စာလုံးတွေနဲ့  ရေးထားတဲ့ စက်ရုပ်ဆန်တဲ့ ကွန်ပြူတာဆန်တဲ့စာတွေပဲ တွေ့ ဖူးမှာလို့  တွေးမိပါတယ်…။

စာလေးတစောင်ဟာ ရပ်ဝေးမြေခြားက ဘိုးဘွားဆွေမျိုးသားချင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ယူနိုင်စွမ်းရှိတယ်ဆိုရင် ယုံမလား…။ အညာက အဖိုး၊အဖွား၊ဆွေမျိုးသားချင်းတွေ သတိတရတလတခါလောက် ပို့ လိုက်တဲ့စာလေးတွေကလဲ အညာနဲ့ အမြဲထိတွေ့ နီးစပ်နေရသလို… ဆွေမျိုးတွေ ကိုယ့်နံဘေးရောက်ပြီး ဟိုကအဖြစ်အပျက်တွေ ပြောပြနေသလို ရင်ထဲကို နွေးထွေးမှုတွေ အရောက်ပို့ ပေးတတ်တယ်…။ ဖောင်တိန်အမဲရောင်လေးနဲ့  စာရေးစက္ကူလေးပေါ်မှာ သပ်သပ်ရပ်ရပ်… အဖြစ်အပျက်တွေ စီစီရီရီ ရေးတတ်တဲ့ စာလေးတွေက ကိုယ့်အဖိုး ( မေမေ့အဖေဆီက) စာလေးတွေပါ…။ အဖိုးစာလေးတွေမှာ ဆုံးမစာလေးတွေအမြဲထည့်ရေးတတ်သလို မြင်းခြံတမြို့ လုံးက အဖြစ်အပျက်လေးတွေလဲ ဝေေ၀ဆာဆာ ထည့်ရေးတတ်တာမို့  ရသစုံတဲ့ စာလေးတွေ ဖြစ်နေတတ်ပါတယ်…။ အဖိုးစာများရောက်လာပြီဆို ကိုယ်တို့ တမိသားစုလုံး အတူစိတ်ဝင်တစား ဖတ်ကြမြဲပါ…။ ကိုယ်တို့ ခေတ်က အရေးတကြီး အကြောင်းကြားစရာရှိရင် သံကြိုးရိုက်လေ့ရှိပါတယ်…။ သံကြိုးဆိုတာ စာလို စာအိတ်လေးတွေနဲ့  ကဗျာမဆန်ပေမယ့် စာတကြောင်းနှစ်ကြောင်းမှာ ပြောချင်တာ လိုရင်းတိုရှင်းဖြစ်အောင် ရေးရတာမျိုးပါ…။ စာပို့ သမားကလဲ သံကြိုးပါတယ်ဗျို့ ဆို နိုးနိုးကြားကြားရှိအောင် အိမ်ရှေ့ ကနေ စက်ဘီးဘဲလ်သံလေးတင်မက လူကပါအော်ပြောတတ်ပါတယ်…။ သံကြိုးလို့ ဆိုတာနဲ့  ပူပင်မှုတွေ ရောက်လာတတ်ပါတယ်… ဘယ်သူများနေမကောင်းလို့ လဲဆိုတဲ့ ပူပင်မှုမျိုးပါ…။ ဒါပေမယ့်… သံကြိုးက တခါတလေ ၀မ်းသာစရာ သတင်းတွေ သယ်လာတတ်သေးတာ…။ ဆယ်တန်းကို တော်တော်နဲ့ မအောင်တဲ့ ကိုယ့်ဦးလေး ဆယ်တန်းအောင်တဲ့နှစ်က “ကျောက်ခဲရေပေါ်ပေါ်ပြီ” ဆိုတဲ့ ကိုယ့်ဘကြီးရဲ့ ၆လုံးထဲသော သံကြိုးတစောင်က ကိုယ်တို့ တမိသားစုလုံးအတွက် ပျော်ရွှင်မှုတွေ သယ်ဆောင်လာတာ ခုထိကိုယ်အမှတ်ရနေတုန်း…။

စာလေးတစောင်ဟာ အကွာအဝေးဆိုတာတွေကို မေ့ပျောက်နိုင်အောင် ချုံ့ ယူနိုင်စွမ်းရှိနေပြန်ရော…။ ကျောင်းတွေပိတ်တုန်း သူငယ်ချင်းတွေ အချင်းချင်းလွမ်းကြလို့  တမြို့ တရွာကနေ တကူးတက အချိန်ကုန်ခံပြီး အလွမ်းတွေစာအိတ်လေးထဲထည့် ပို့ လိုက်တဲ့ စာလေးတွေက သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ပိုလို့ အမြစ်တွယ် ခိုင်မြဲစေအောင် အစွမ်းတွေထက်လွန်းလှတယ်…။ စာအိတ်ပေါ်က လက်ရေးလေးတွေကို ကြည့်ပြီး… ဘယ်သူငယ်ချင်းဆီက ဖြစ်မလဲဆိုတာ မှန်းဆကြည့်ရတာ ရင်ခုန်စရာပါ…။ ကိုယ်တို့ ခေတ်က အာအိုင်တီက တနိုင်ငံလုံး တကျောင်းထဲရှိတာမို့  … အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေဆီက စာလေးတွေ လက်ခံရရှိတာ ပျော်စရာပါ…။ တချို့ အနုပညာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေက ကဗျာတို ကဗျာစလေးတွေ ထည့်ရေးပေးတတ်တဲ့အခါ ကိုယ်ဖြင့်ပျော်လို့ မဆုံးပါဘူး…။ အဲဒီ သူငယ်ချင်းတွေဆီက တကူးတက ရေးပို့ တဲ့ စာလေးတွေကို တမြတ်တနိုး အမှတ်တရ သိမ်းထားပြီး လွမ်းတိုင်းဖွင့်ဖတ်တတ်ပါတယ်…။ အထူးသဖြင့်.. အရေးအခင်း ၃နှစ်ပိတ်တဲ့ အချိန်တွေက စာလေးတွေ ကိုယ့်သေတ္တာလေးထဲမှာ အများကြီးစုမိတဲ့အချိန်လေးပါပဲ…။

စာလေးတစောင်ဟာ ဘ၀နှစ်ခု အစပြုဖို့ လဲ ဖြစ်နေတတ်သေးတာ မဟုတ်လား…။ ပွင့်လင်းမြင်သာလာတဲ့ ဒီဘက်ခေတ်မှာ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို ဖုန်းထဲကပဲဖြစ်ဖြစ်… chattingလုပ်ရင်း ဖြစ်ဖြစ်…ဒါမှမဟုတ်… ကဗျာဆန်တဲ့ကော်ဖီဆိုင်လေးတခုမှာဖြစ်ဖြစ်… သူ့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ကြပါတယ်…။ ကိုယ်တို့ ခေတ်မှာတော့ တချို့ တွေက ရင်ထဲက ခံစားချက်တွေကို စာလေးတစောင်နဲ့  ရင်ဖွင့်တတ်ကြတယ်…။ ကိုယ်နဲ့  ကိုယ့်ချစ်သူ ( ခုတော့ ကိုယ့်ခင်ပွန်းပေါ့) ရဲ့ သူငယ်ချင်းဆိုတဲ့ နံရံလေးကို ဖြိုခွင်းလို့  ချစ်သူဘ၀အစပြုဖို့  စခဲ့တာလဲ ချစ်သူရဲ့ ရိုးသားလွန်းတဲ့… အဖွဲ့ အနွဲ့ မပါ.. လက်တွေ့ ဆန်ပေမယ့် ချစ်သူရင်ထဲက ခံစားချက်ကို ထိုးဖောက်မြင်နိုင်တဲ့ စာလေးတစောင်က စခဲ့တာပါ…။ အဲဒီစာလေးဟာ ကိုယ့်ဘ၀ရဲ့မှတ်တိုင်လေးတခုဆိုလဲ မမှားသလို ကိုယ်တို့ နှစ်ယောက်တဘ၀ထူထောင်ဖို့ အမှတ်တရ လှပတဲ့ နိဒါန်းလေးဆိုလဲ မမှားဘူးလေ…။

စာလေးတစောင်ဟာ မိုင်ပေါင်းများစွာ ဝေးနေတဲ့ ချစ်သူနှစ်ဦးရဲ့ အလွမ်းတွေဝေဒနာတွေကို ဖြေလျော့သက်သာသွားအောင်လဲ ကုစားတတ်သေးရဲ့လေ…။ တယောက်နဲ့ တယောက်ဝေးနေတဲ့ကြတဲ့ အချိန်မှာ သစ္စာတရားတွေ… ဂရုစိုက်မှုတွေ… နားလည်မှုတွေ… လွမ်းဆွတ်တမ်းတမှုတွေဟာ စာလေးကတဆင့် တယောက်နှလုံးသားကနေ တယောက်နှလုံးသားဆီ စီးဆင်းသွားတတ်တာ…။ ချစ်သူကိုယ်တိုင်ရေးတဲ့ ခပ်သော့သော့ ချစ်သူလက်ရေးလေးတွေက ချစ်သူကိုယ့်နံဘေးမှာ ရှိနေသလို နာကျင်ခါးသက်တဲ့ အလွမ်းဝေဒနာတွေက ခဏထွက်ပေါက်ရ သက်သာစေခဲ့တာ ကိုယ်တွေ့ ပါပဲ…။ ကိုယ့်အလွမ်းဝေဒနာတွေကို ကုစားသက်သာပေးခဲ့တဲ့ အဲဒီစာလေးတွေကို ကိုယ်မြတ်နိုးလွန်းလို့  ကိုယ့်ဘီရိုလေးထဲက ကတ်ထူပုံးလေးမှာ ယနေ့ ထက်ထိ မပျောက်မပျက်အောင် သိမ်းဆည်းထားဆဲပါ…။

စာလေးတစောင်ဟာ တခါတလေကျပြန်တော့ တီးတိုးတိုင်ပင် ရင်ဖွင့်စရာ နေရာလေးဖြစ်နေတတ်ပြန်ရော…။ ပို့ သူရဲ့ ဆုံးဖြတ်ရခက်နေတဲ့ အကြောင်းအရာတခုခု… ဒါမှမဟုတ် မွန်းကြပ်နေတဲ့ အခြေအနေတခုခု… ဒါမှမဟုတ် အားငယ်ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တခုခုကို သိစေချင်သူ တယောက်အတွက် အလုံခြုံဆုံး ရင်ဖွင့်စရာနေရာက စာလေးတစောင်ဖြစ်လို့ …။ လက်ခံရရှိသူရဲ့ ကိုယ်ချင်းစာတရား… မေတ္တာတရားတွေ အခြေခံတဲ့ ရင်နဲ့ ရင်းတဲ့ အကြံဥာဏ်လေးတွေ အပြည့်ပါတဲ့ ပြန်စာလေးတစောင်ဟာ ပို့ သူရဲ့ လက်ရှိအခက်အခဲကနေ လွတ်မြောက်စရာ နေရာလေးတခုပါပဲ…။

အဲဒီလို မျှော်လင့်နေတဲ့ ကိုယ့်ဆီကို စာရေးသူရဲ့ လက်လေးနဲ့ ရေးထားတဲ့ လက်ရေးစာလေးတစောင် တကယ်ကို့  ရရှိလာခဲ့ပါတယ်…။ ကိုယ်တခါမှ မမြင်ဘူးတဲ့ ပို့ သူရဲ့စာလေးဟာ ကိုယ့်ရင်ထဲကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တာ မဆန်းဘူးလား…။ စာလေးထဲမှာ ကျေးဇူးတရားတွေပါတယ်… အားငယ်မှုတွေပါတယ်… အနာဂတ်အတွက် ရည်ရွယ်ချက်တွေပါတယ်… အင်အားတွေပါတယ်… ကြိုးစားမှုတွေပါတယ်… နွေးထွေးရင်းနှီးမှုတွေပါတယ်… ပြီးတော့ စာလေးထဲမှာ ဘ၀တခုပါတယ်…။ အဲဒီစာလေးဟာ ကိုယ်မျှော်လင့်တောင့်တနေတာထက် ပိုတဲ့ အဓိပ္ပါယ်တွေ လေးနက်မှုတွေ ပေးနိုင်လွန်းတာမို့  စာပို့ သူလေးကို ကျေးဇူးတင်နေမိတော့တယ်...။



(စာကြွင်း…။ BPP အတွက် ကျွန်မကို တခုတ်တရ စာရေးဖြစ်အောင် တက်ဂ်ပေးကြတဲ့ ချစ်သူငယ်ချင်းစုချစ်သူနဲ့  ချစ်ညီမလေး မေဓာဝီ တို့ ကို ချစ်လို့  ဒီပို့ စ်လေးကို ရေးပါတယ်…။ BPP ရည်ရွယ်ချက်မပျက်ရအောင်.. တက်ဂ်ဂိမ်းတို့ ထုံးစံမပျက်အောင် ဆက်တက်ဂ်ချင်သူများကတော့.

၁) စာမရေးတာ အတော်ကြာနေတဲ့ ချစ်သမီးလေးနှစ်ယောက်မေမေ ညီမလေးနုစံ

၂) ဖဘပေါ်မှာ note လေးတွေရေးပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးခွန်မြလှိုင်နဲ့ 

၃) ဖဘပေါ် status လေးတွေမကြာမကြာတင်ပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးပေါက်

၎) ပျောက်နေတာကြပြီဖြစ်တဲ့ ချစ်သော အာအိုင်တီ မမ မသိဂီင်္

၅) အမိမြန်မာပြည်ရောက် ချစ်သောမမ မခင်ဦးမေ

၆) စာရေးကောင်းတဲ့ ကျွန်မနှစ်သက်သော စာရေးဆရာမမ မမေငြိမ်း

ရ) ဖဘပေါ်မှာ နေ့ တိုင်းတွေ့ နေရပေမယ့် ဘလော့ပေါ်မှာ လွမ်းမိနေတဲ့ မမ မခင်မင်းဇော်

တပုံကြီးတက်ဂ်တာ စာတွေတပုံကြီးဖတ်ချင်လို့ ပါ… စိတ်မဆိုးနဲ့ နော်…)

တန်ခူး

27-Sep-2014 8:20PM

5 comments:

မေဓာဝီ said...

တဂ်ပို့စ်အတွက် ချစ်စရာပို့စ်လေး ရေးပေးတာ ကျေးဇူးပါနော် … ။
အမရေးမှပဲ အရင်က စာပို့သမားဆီက စာမျှော်ခဲ့ရတဲ့ ဘဝလေးကို ပြန်သတိရမိတယ်။
စာတိုက်ပုံးနီနီလေး စာအိတ် တံဆိပ်ခေါင်းနဲ့ စာရေးစက္ကူလေးတွေ အသုံးမပြုဖြစ်တာ ဘယ်လောက်ကြာပြီလဲလို့ တွေးနေမိတယ်။

ဘိလပ်မှာတုန်းကတော့ စာတွေလာပါတယ်။ ဘဏ်က၊ ကျောင်းက၊ NHS ဆိုတဲ့ National Health Service က … တခါတလေ ကြော်ငြာ … စသဖြင့်ပဲ။ ကိုယ့်ကို ချစ်ခင်မြတ်နိုးစွာ ရေးတာရယ်လို့ မရှိသလောက် ရှားသွားပါပြီ။ အဲဒီမှာလဲ အဘိုးကြီး အဘွားကြီးတွေပဲ ခရစ်စမတ်တို့ နှစ်သစ်ကူးတို့ မွေးနေ့တို့ကို ပို့စ်ကဒ် ပို့လေ့ရှိတယ်။ နောက်ပိုင်း လူလတ်နဲ့ လူငယ်တွေကတော့ မပို့ကြတော့ဘူး ထင်ပါရဲ့။

အမဆီကို ရောက်လာတဲ့ စာလေးကို ဖတ်ပြီး ကြည်နူးမိတယ်။ ရိုးသားပြီး ချစ်စရာကောင်းတဲ့ စာလေး တစောင်ပါပဲ။ အမတို့ မိသားစုရဲ့ ကုသိုလ်ဒါနကိုလဲ သာဓု ခေါ်မိပါတယ်။

ခွန်မြလှိုင် said...

အမတန်ခူးလိုပဲ စာတိုက်က ပို့တဲ့ စာလေးတွေ၊ မွေးနေ့ ကဒ်လေးတွေကို သိပ်မြတ်နိုးတာ။ ထိုင်းကို ထွက်လာတော့ သံသေတ်တာနဲ့ တလုံး သော့ခတ်ထားခဲ့တာ။ နာဂစ်အပြီး အိမ်အမိုးလန်လို့ တအိမ်လုံး ရေရွှဲတော့ အဲဒီ သံသေတာကို ထုတ်နေလှမ်းမယ်ဆိုတော့ သော့ခတ်ထားလို့။ ဘာမို့လို့ သော့ခတ်ရတာလဲဆိုပြီး အိမ်က စိတ်ပူပြီး သော့ဖျက်ဖွင့်ကြည့်တာ... စာတွေ ကဒ်တွေ ထွက်လာလို့ အံ့သြရောတဲ့။ :P

Anonymous said...

အဖွဲ့အနွဲ့မပါတဲ့ လက်တွေ့ဆန်တဲ့ စာလေးလည်း လက်ဖက်သုတ်လေးစားရင်း ဖတ်ချင်လိုက်တာ

tg.nwai said...

နွေးထွေးပြီး ခံစားမှုတွေ စုံလင်လှတဲ့ စာလေးတွေအကြောင်းဖတ်ရင်း အဲဒီ့စာလေးတွေကို ပြန်လွမ်းမောရင်းနဲ့ ...အင်း ...အဲဒီ့ အတိတ်က သူငယ်ချင်းတွေဆီက စာတွေကို ဒီတပတ် ပိတ်ရက်မှာ ပြန်မွှေဖြစ်ဦးမယ်ထင်ရဲ့ တန်ခူးရေ... အဲ... တဂ်ထားတာလေးကိုလည်း ရေးဖြစ်အောင် ကြိုးစားပါ့မယ်နော်...သတိတရ တဂ်တဲ့ အတွက် ချစ်တဲ့ ညီမလေးကို ပိုချစ်... :)

ဆုမြတ်မိုး said...

မတန်ခူး

သတိရလည်းရနေပါတယ် ။

ချစ်ခင်လျက်
ဆုမြတ်

လိပ်စာ ပြောင်းလိုက်ပါပြီ ။