Friday, September 5, 2014

ကင်းတဲလေးနဲ့ ဂီတသံ



ကျွန်မညဘက်တွေ ညည့်နက်တဲ့အထိ အလုပ်လုပ်ရတဲ့အခါမျိုးမှာ ကြောက်တတ်တဲ့ ကျွန်မကို အမျိုးသားက တီဗွီကြည့်ရင်း စိတ်ရှည်လက်ရှည်စောင့်ပေးတတ်ပါတယ်…။ ဒါပေမယ့် သူပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆို ကျွန်မသူ့ ကို အိပ်ခိုင်းပြီး တယောက်ထဲ သားနဲ့ အမျိုးသား အိပ်နေတဲ့ ကုတင်နံဘေးမှာ အလုပ်လုပ်တတ်ပါတယ်…။ အဲဒီအခါတိုင်း ပတ်ဝန်းကျင်က ဆိတ်ငြိမ် နေတတ်တာကြောင့် တခါတခါ ဟိုးအဝေးက ဂီတသံလေးကို လွမ်းမိတတ်တယ်…။ ကျွန်မလွမ်းပုံ ဆန်းချက်များ ဆိတ်ငြိမ်တတ်လွန်းမှုကို သည်းမခံနိုင်တဲ့အခါ ခွေးဟောင်သံတောင် တမ်းတမိတဲ့အထိပဲ…။

ကျွန်မက ငယ်ငယ်က သိပ်ကြောက်တတ်ခဲ့တာ…။ ညည့်နက်သန်းခေါင် စာကျက်တဲ့အခါ ကျွန်မကြီးကြီးက ကျွန်မနံဘေးမှာ အိပ်ရင်းစောင့်ပေးရတဲ့အထိ…။ ခုမှသာ အသံတွေကို မက်မက်မောမော တောင့်တတတ်နေပေမယ့် အဲဒီတုန်းက အသံလေး ချွတ်ချွတ်ကြားတာနဲ့  ကြီးကြီးကို နှိုးပါလေရော…။ ကြီးကြီးခမျာ ကျွန်မစာမေးပွဲနီးတဲ့အချိန်ဆို အိပ်ရေးဝတယ် မရှိပါဘူး…။ ကြီးကြီး အညာကို အပြီးပြန်သွားတော့ ကျွန်မကြောက်ကြောက်နဲ့  တယောက်ထဲစာကျက်ရတဲ့ညတွေမှာ ကျွန်မအဖော်က ဂီတသံလေးပါပဲ…။ အဲဒီတုန်းက လမ်းတိုင်းလမ်းတိုင်းမှာ ရပ်ကွက်လုံခြုံရေး၊ မီးရေး၊ ထင်းရေး အတွက် ကိုယ်ထူကိုယ်ထနဲ့  ကင်းစောင့်ဖို့  ကင်းတဲလေးတွေရှိတတ်ပါတယ်…။ ခုတော့ အဲဒီလိုရှိသေးလား မသိဘူးနော်…။ ကင်းတဲလေးတွေက များသောအားဖြင့် ခြေတံရှည် ၀ါးခင်း၊သက်ကယ် သို့  ဓနိမိုးလေးတွေပါ…။ ကင်းတဲထဲမှာ အရေးဆို အချက်ပေးလို့ ရအောင် သံပြားဝိုင်းကြီးတခုနဲ့ သံချောင်းတခုရှိပါတယ်…။ အဲဒီသံချောင်းသံကြားပြီဆို ရပ်ကွက်က မီးလား သူခိုးလားဆို နိုးနိုးကြားကြားရှိကြပါတယ်…။

ရပ်ကွက်ထဲက ယောင်္ကျားသားရှိတဲ့ အိမ်တိုင်း ညဖက် အလှည့်ကျ ကင်းစောင့်လေ့ရှိပါတယ်…။ ယောင်္ကျားသားမရှိတဲ့အိမ်တွေကို ရပ်ကွက်ထဲက အကိုကြီးတွေက စောင့်ပေးပါတယ်…။ ရပ်ကွက်လေး ငြိမ်းချမ်းနေပြီဆို ကင်းစောင့်တဲ့အကိုကြီးတွေက ဂီတာလေးကို တိုးတိုးလေးတီးပြီး သီချင်းလေးတွေ ဆိုတတ်ပါတယ်…။ ကျွန်မတို့ အိမ်က လမ်းထောင့်မှာမို့  ၀ရန်တာကကြည့်ရင် ကင်းတဲလေးကို လှမ်းမြင်ရပါတယ်…။ ညဖက်တွေမှာ လတ်ဆတ်တဲ့လေအေးအေးရတဲ့ ၀ရန်တာမှာ ကျွန်မစာကျက်လေ့ ရှိပါတယ်…။ ကြောက်တတ်တဲ့ ကျွန်မအတွက် ကင်းတဲက ဂီတာသံတိုးတိုးလေးနဲ့  သီချင်းသံတိုးတိုးလေးက ဒီညမှာ ငါတယောက်ထဲမဟုတ်ပါလားဆို ကြောက်စိတ်ပြေစေတာမို့  ကင်းတဲထဲက ကင်းစောင့်တဲ့ အကိုကြီးတွေကို ကြိတ်ကျေးဇူးတင်မိပါတယ်…။

လူခြေတိတ်ချိန်မို့  ဂီတာကို အကျယ်ကြီး မတီး… သီချင်းကို အကျယ်ကြီးမဆိုပေမယ့် ကျွန်မတို့ အိမ်က အနီးလေးမို့  သူတို့ ဆိုတဲ့ သီချင်းတိုင်းကို သေချာကြားရပါတယ်…။ ခဏခဏ ကြားရတတ်တဲ့သီချင်းလေးတွေက မွန်းအောင်ရဲ့ ရိုးရိုးလေး၊ ၀တ်မှုန်၊ ယု၊ လွမ်းရတဲ့ညတွေ လွန်ပါစေ၊ ၈/၈၂ အင်းလျား၊ စိုင်းထီးဆိုင်ရဲ့ မေမြို့ မိုး၊ မောင့်လပြည့်ဝန်း၊ လေညာအရပ်ကအချစ်၊ မောင့်အရိုင်းပန်း၊ ခိုင်ထူးရဲ့ သိလား၊ တချို့ တွေနေနိုင်လွန်းတယ်၊ စစ်ကိုင်းလမ်း၊ ထူးအိမ်သင်ရဲ့ ခေါင်းလောင်းလေးတွေ မြည်နေပြီ၊ ဝေးသွားတဲ့အခါ၊ ဂျေညီညီရဲ့ အရိပ်ကလေး… စတဲ့ သိပ်ဆူဆူညံညံကြီး မဟုတ်ပဲ ညရဲ့ ငြိမ်းချမ်းမှုထဲမှာ စီးဝင်မျောပါသွားနိုင်တဲ့ သီချင်းလေးတွေပါ…။ တချို့ ဆို တကယ့်ကို အဆိုတော်ကြီးတွေလို ဆိုနိုင်တာ အံ့သြစရာပါ…။ စာမေးပွဲနားနီးလို့  ပင်ပန်းနေတဲ့စိတ်တွေက အဲဒီကင်းတဲက ပျံ့ လွင့်လာတဲ့ ဂီတသံလေးကြောင့် ပြန်လည်ကြည်လင်တတ်လာလို့  ကင်းတဲလေးနဲ့  ဂီတသံဟာ ကျွန်မအဖော်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်…။ တိတ်ဆိတ်တဲ့ညတွေမှာ ဂီတာသံလေးပျောက်နေရင် တခုခုလိုအပ်နေသလို ခံစားရတဲ့အထိပါ…။

ခေတ်တွေပြောင်းလာပြီး ကျွန်မမောင်လေးတို့ ခေတ်ရောက်လာတော့ မွန်းအောင်၊ ခိုင်ထူး၊ စိုင်းထီးဆိုင်ကနေ ဇော်ဝင်းထွတ်၊လေးဖြူ၊အငဲ၊မျိုးကြီး၊ မျိုးကျော့မြိုင်ဖြစ်လာခဲ့ပါတယ်…။ စာမကျက်ရတော့တဲ့ ကျွန်မက အိပ်ယာထဲကနေ အဲဒီသီချင်းလေးတွေလဲ နှစ်သက်စွာနားထောင်မြဲပါ…။ ညနဲ့ ဂီတ ဘယ်လောက် ပနံရလိုက်ဖက်လိုက်ပါသလဲနော်…။ ညရဲ့ ငြိမ်သက်ငြိမ်းချမ်းမှုကြောင့် သီချင်းသီဆိုသူတွေကလဲ ငြိမ်းချမ်းအေးဆေးတဲ့ သီချင်းလေးတွေ ရွေးဆိုတတ်ကြတယ်…။ ကျွန်မက အဆောင်မနေဘူးသူဆိုတော့ အဆောင်ရှေ့ ဂီတ၀ိုင်းလေးတွေဆို ပိုလို့ တောင် အသက်ဝင် နားထောင်ကောင်းလိမ့်မယ်ဆိုတာ မှန်းဆလို့ ရပါတယ်…။

ဒီရောက်ပြီးမှ အိမ်အလည်ပြန်တဲ့အခါ အိပ်မပျော်တဲ့ညတွေမှာ အိမ်ရှေ့ က ပျောက်ဆုံးသွားတဲ့ ကင်းတဲလေးနဲ့  ဂီတသံကို လွမ်းမိတတ်ပါတယ်…။ အမေ့စံပယ်ရုံလေးက ခုံတန်းရှည်လေးအောက်မှာ ထိုင်ရင်း ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကျော်လောက်က ၀ရန်တာမှာ စာအော်ကျက်တတ်တဲ့ ကောင်မလေးဖြစ်ခဲ့တဲ့ ကိုယ့်ပုံရိပ်လေးကို ကိုယ်မြင်ယောင်မိပါတယ်…။ အိမ်ဘေးလမ်းဈေးဆိုင်လေးမှာ လူငယ်လေးတွေ ဂီတာတီးသံကြားတော့ ကျွန်မနှစ်အတော်ကြာကြာ လွမ်းဆွတ်နေခဲ့တဲ့ ဂီတသံလေးမို့  နှစ်ခြိုက်စွာ နားစွင့်မိပါတယ်…။ စိုင်းစိုင်းခမ်းလှိုင်ည… ရဲလေးည… ဆိုတေးည… ဘန်နီဖြိုးည… ခေတ်တွေ အခါခါပြောင်းလာပေမယ့်… ပါးပေါ်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ်ဆိုတာလေးနဲ့  ခေတ်သစ်ညရဲ့ဂီတကိုလဲ ကျွန်မက နှစ်သက်မြတ်နိုးဆဲပါ…။ ကင်းတဲလေးက ဂီတသံအလွမ်းပြေပေါ့လေ…။

တန်ခူး

12:01 am 5 Sep 2014

3 comments:

Anonymous said...

အဲ့ဒီလို ဂစ်တာသံလေးနဲ့ ညတွေကို ကူပြီးလွမ်းသွားတယ်။ ငယ်တုန်းက ဘုမသိဘမသိနဲ့ အစ်ကိုတွေနောက် တကောက်ကောက်လိုက် အာပြဲကြီးနဲ့ စည်းဝါးမကိုက် သီချင်းတွေဆိုခဲ့ဖူးတယ်..

Anonymous said...

အမပိုစ့်လေးဖတ်မိမှလွန်ခဲ့သော25နှစ်ကဘ၀လေး
ကိုပြန်လွမ်းမိတယ်... ကင်းတဲမှာဂစ်တာတီးတဲ့
အကိုတွေလည်းပြန်လွမ်းမိတယ်..
ပြန်မရတော့တဲ့အချိန်တွေထဲကဘ၀အမှတ်တရတွေ
ပေါ့အမရယ်..တခါတခါရန်ကုန်ကိုလွမ်းရင်းငယ်ငယ်
က ကလေးဘ၀လေးကိုပြန်လွမ်းရင်....အမပိုစ်လေးကိုဖတ်မိတော့တိုက်ဆိုင်မှုတွေနဲ့အလွမ်း
ဓာတ်ခံလေးနဲ့အမိမြေရန်ကုန်ကိုလွမ်းနေမိတယ်...

မောင်မျိုး said...

ဂီတဆိုတာလည်း ဖန်တီးနိုင်စွမ်း ရှိရှိ မရှိရှိ သူက လူတွေရဲ့ နှလုံးသား ကို နုညံ့စေတာတော့ အမှန်ပဲနော်

ကျနော်လည်း အပြောင်းလဲစိတ်တစ်ခုခုဖြစ်တိုင်း ဂီတလေးနဲ့ သာ ဖြေသိမ့်လိုက်တာပါပဲ ။