Sunday, January 19, 2014

သားနဲ့  သားကို အနိုင်ကျင့်ကြသူများ



ကျွန်မအိမ်ထောင်မကျခင်ကတည်းက ကြည့်မိတဲ့ တချို့ ရုပ်ရှင်ကားတွေမှာ ( အထူးသဖြင့် နိုင်ငံခြားရုပ်ရှင်ကားတွေ) ကလေးတယောက်ကို တခြားကလေးတယောက် သို့ မဟုတ် အုပ်စုလိုက်က ၀ိုင်းအနိုင်ကျင့်တာခံရတာတွေ့ ရင် ကျွန်မရင်ထဲ အတော်လေးနာနာကျင်ကျင် ခံစားမိပါတယ်… ။ အပြစ်တွေ ကင်းစင်သင့်သလောက် ကင်းစင်သင့်နေသေးတဲ့ ဒီကလေးအရွယ်လေးမှာ ဘာကြောင့်များ သူများကို အနိုင်ကျင့်တတ်တဲ့ မကောင်းတဲ့ စိတ်လေးတွေ ရှိတတ်တာလဲဆိုတာ ကျွန်မစဉ်းစားနေတတ်ခဲ့တဲ့အပြင်… ကိုယ့်ကိုကိုယ် မကာကွယ်တတ်တဲ့ သူများ လုပ်သမျှကြိတ်ခံတတ်တဲ့ ကြောက်ရွံ့ အားငယ်တဲ့ ကလေးတွေကိုလဲ စိတ်ထဲအားမလို အားမရနဲ့  အရမ်းသနားမိပါတယ်…။ အဲဒီအချိန်တုန်းက ဒါဟာရုပ်ရှင်ပါလို့  ကိုယ့်ကိုကိုယ် ဖြေတွေးတွေးပြီး နာကျင်မှုကို ဖြေဖျောက်လို့ ရပေမယ့် ကျွန်မမှာ အဲဒီလို သူများအနိုင်ကျင့်တာကို မကာကွယ်တတ် သူများလုပ်သမျှကြိတ်ခံတတ်တဲ့ သားကလေးတယောက်ရှိလာတဲ့အခါ ကျွန်မရဲ့ နာကျင်မှုက အတော်လေးကို ပြင်းထန်လွန်းပါတယ်…။

ကျွန်မငယ်ငယ်က သူများ အနိုင်ကျင့်တာ ခံခဲ့ရဘူးပါတယ်…။ မှတ်မိသလောက် ပြောရရင် ကျွန်မ မူလတန်းကျောင်းသူအရွယ် လသာ(၂)မှာ နေစဉ်က ကျွန်မအတန်းဖော် ၂ယောက်က သူတို့ ကိုယ် သူတို့  မြန်မာနိုင်ငံရဲ့ ပါဝါအကြီးဆုံးသူရဲ့ မြေးလို့  လိမ်ညာပြောပြီး ခြိမ်းခြောက်တာမို့ ကျွန်မရဲ့မုန့် တွေကို သူတို့ ကို ကြောက်ကြောက်နဲ့  ကျွေးခဲ့ရတဲ့ အဖြစ်အပျက်ရယ်… ကျွန်မတို့ လမ်းထဲက ကစားဖော်က ကစားဖော်မဖြစ်ခင် ကျွန်မကို တမင်သက်သက် ပေးမကစားခဲ့တာရယ်… အတူကစားတော့လဲ ရိုးရိုးသားသားမဟုတ်ပဲ ညစ်နည်းမျိုးစုံနဲ့  အနိုင်ရရုံသက်သက် ကစားခဲ့တာရယ်… အဲဒီအဖြစ်အပျက် ၂ခုပဲ သတိရတာမို့  ငယ်ငယ်က ကျွန်မ သိပ်အနိုင်ကျင့် မခံခဲ့ရဘူးလို့  ပြောလို့ ရပါတယ်…။ ပြီးတော့ ကျွန်မရဲ့ နဂိုသဘာဝက မတရားဘူးထင်ရင် နဲနဲလေးမှ သည်းမခံတတ်တာမို့  ကျွန်မမိဘတွေတောင် မသိလိုက်ပဲ ကျွန်မဘာသာ မတရားတဲ့ အနိုင်ကျင့်တဲ့ ကိစ္စတွေကို ဖြေရှင်းလိုက်တာလဲ ပါပါတယ်…။ အဲဒီလို သူများအပေါ် မတရားတဲ့ ကိုယ်ချင်းစာတရားမရှိတဲ့ အနိုင်ကျင့်တတ်တဲ့ သူတွေရဲ့ အနိုင်ကျင့်မှုကို လက်မခံတတ်တဲ့ ဇတ်ဇတ်ကြဲကျွန်မရဲ့သားလေးက အနိုင်ကျင့်တတ်သူတို့ ရဲ့ မျက်စိကျစရာဖြစ်လာတဲ့အခါ ကျွန်မအတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်…။

ကျွန်မကိုယ်တိုင် ပြဿနာတွေကို ဖြေရှင်းပြီး သူငယ်ချင်းတွေ အနိုင်ကျင့်တာ ခံရရင်တောင် ကျွန်မကရှေ့ နေလိုက် ဖြေရှင်းတတ်ပေမယ့် သားကိုယ်တိုင် ကြုံလာရတဲ့အခါ ကျွန်မအတွက် အခက်အခဲတွေ အများကြီးဖြစ်လာရပါတယ်…။ အဲဒါကတော့ သားလေးရဲ့ ရိုးသားလွန်းတဲ့ အတွေးအခေါ်နဲ့  ဘာသာတရားရဲ့ အဆုံးအမကို အလေးအနက်ထားတတ်တဲ့ အကျင့်ကောင်းလေးတွေကို ပျက်စီးမသွားစေချင်တဲ့စိတ်က အရင်းခံတာမို့ ပါ…။ မေတ္တာတရားကို အခြေခံပြီး သည်းခံခွင့်လွှတ်တာဟာ အငြိမ်းချမ်းဆုံးလို့  သားကိုငြိမ်းချမ်းစေချင်တဲ့ ကျွန်မဆုံးမခဲ့ပါတယ်…။ ဒါပေမယ့် သားရဲ့ သည်းခံခွင့်လွှတ်တတ်ခြင်းဟာ အနိုင်ကျင့်သူတို့ အတွက် အကောင်းဆုံး ၀င်ပေါက်ဖြစ်လာတဲ့ အခါ ကျွန်မရင်ထဲ အတော်ခံပြင်းမိပါတယ်…။

သားခမျာ ဟိုးကျောင်းနေစ အရွယ် ကတည်းက သူများအနိုင်ကျင့်တာ ခံခဲ့ရတာ ခုထက်ထိပါပဲ…။ ကျွန်မရင်ထဲ တွေးမိတိုင်း နာကျင်နေမိတဲ့ အဖြစ်အပျက်တွေ…။ သားလေး ဒုတိယတန်းမှာ ကျောင်းကို ကျောင်းကားနဲ့  လွှတ်ခဲ့ပါတယ်…။ ပထမတန်းတုန်းက ကျောင်းကားပေါ်မှာ အဖော်တွေနဲ့ ပျော်ပြီး အဆင်ပြေနေခဲ့တာမို့  ဒုတိယတန်းမှာ ဘယ်လို ပြဿနာမျိုးကိုမှ ကျွန်မမျှော်လင့်မထားခဲ့ပါဘူး...။ ဒုတိယတန်းမှာ သားကျောင်းကားပြောင်းသွားတာမို့ သားကျောင်းကားပေါ်က အဖော်တွေလဲ ပြောင်းသွားပါတယ်…။ အဲဒီကျောင်းကားပေါ်မှာ မလေးကလေး၅ယောက်ရယ် တရုတ်ကလေး ၁ယောက်ရယ် သားရယ်ပါပါတယ်…။ မလေးကလေး ၅ယောက်က သားကို ဘာစကားမှမပြောရလို့  ၀ိုင်းအနိုင်ကျင့်ပါတယ်…။ သားက ကလေးပီပီစကားပြောချင်ရင် သူတို့ က ( I don’t want to hear your voice. Shut up your mouth) ဆို အကုန်ဝိုင်းပြီး လက်ညှိးထိုးအနိုင်ကျင့်ကြပါတယ်…။ သားက သူတို့ စကားနားမထောင်လို့  စကားဆက်ပြောရင် ဒီနေ့ ည နင့်အမေနဲ့ အဖေ ခေါင်းပြတ်တဲ့ အိပ်မက်မက်ပါစေ… ဒီနေ့ ည နင်လက်တွေခြေထောက်တွေပြတ်ပြီး မီးတောင်ထိပ်ရောက်တဲ့ အိပ်မက်မက်ပါစေ… လို့ ကျိန်ဆိုကြပါတယ်…။ ညဘက်တွေ အိပ်ခါနီးမှာ အိပ်ဖို့ ကို သားကကြောက်ပြီး အလန့် တကြားငိုတဲ့အခါ ကျွန်မရော သားအဖေပါ စိတ်ပူပြီး သားကို မေးမှ သားက ဇာတ်လမ်းကို ပြောပြတတ်ပါတယ်…။ အဲဒီအခါ ကျွန်မက သားကို သူတို့ နဲ့ ရှောင်ဖို့  မေတ္တာတရားနဲ့  တုန့် ပြန်ဖို့ သာ အကြံပေးခဲ့ပါတယ်…။ ဒါပေမယ့် နေ့ တဓူဝ ကျောင်းကားပေါ်မှာ အနိုင့်ကျင့်တာ ခံရတာကြာတော့ ဒုတိယတန်းကျောင်းသားလေးခမျာ မေတ္တာနဲ့ တုန့် ပြန်ဖို့  အတော်ခက်ခဲလာပြီး သူ့ ဘာသာ သူ့ နည်းနဲ့  ဖြေရှင်းခဲ့ပါတယ်…။ အဲဒါကတော့ သူ့ ကို နေတိုင်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့  ခပ်ရိုင်းရိုင်းဆက်ဆံတတ်တဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ မလေးကလေး၅ယောက်ထဲက တယောက်ကို လက်သီးနဲ့ ထိုးပစ်ခဲ့တာပါပဲ…။ တကယ်တော့ သားက လက်သီးမထိုးတတ်ပါဘူး…။ ဒါကြောင့် သားထိုးတဲ့လက်သီးဟာ လက်ကလေးနဲ့ တွန်းသလောက်တောင် မပြင်းထန်ဘူးဆိုတာ သိနေပေမယ့် ကျောင်းကားပေါ်က ဆင်းတာနဲ့  သားလက်သီးနဲ့  ထိုးပစ်ခဲ့တယ်လို့  ကျွန်မကို တန်းပြောတာကြောင့် ကျွန်မက သားကိုဆူရင်း အထိုးခံရတဲ့ကလေးကို တောင်းပန်စကားဆိုခဲ့ပါတယ်…။ အဲဒီကလေးကလဲ လက်သီးနဲ့ အထိုးခံရသူမဟုတ်သလို လန်းဆန်းတက်ကြွနေပါတယ်…။ အဲဒီအဖြစ်အပျက်ပြီး ၂ရက်ကြာတဲ့အခါ ကျောင်းက စည်းကမ်းကြီးကြပ်သူ ဆရာမက ကျွန်မကို ဖုန်းခေါ်ခဲ့ပါတယ်…။ သားထိုးလိုက်တာမို့  အထိုးခံရတဲ့ကလေးက လက်သီးဒဏ်နဲ့  အတွင်းဒဏ်ရာ ရသွားလို့  ကလေးမိဘတွေက လျော်ကြေးလိုချင်လို့ ပါဆိုပဲ…။ Mental torture တောက်လျှောက် သူတို့ လုပ်လာတဲ့ ပြဿနာရဲ့ ဇစ်မြစ်ကို မသိပဲ ပိုက်ဆံညှစ်တဲ့ လုပ်ကြံမှုတခုကို ကျွန်မကိုယ်တိုင်ကြုံလိုက်တဲ့ အခါ ကျွန်မအသားတွေ တဆတ်ဆတ်တုန်တဲ့အထိ ဒေါသထွက်မိပါတယ်…။ ဒုတိယတန်း ခပ်ပိန်ပိန်ကျောင်းသားလေးလက်သီးတချက်က အဲဒီလောက် ပြင်းထန်တယ်ဆိုတာ သဘာဝကျပါသလားလို့  စည်းကမ်းကြီးကြပ်သူဆရာမကို ကျွန်မက ပြန်မေးတဲ့အခါ ကျွန်မဘာဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီး ဒါမျိုးအဖြစ်အပျက်တွေနဲ့  အတော်ယဉ်ပါးနေပုံရတဲ့ ဆရာမက လျော်ကြေးပေးလိုက်ဖို့ ပဲ တိုက်တွန်းပါတယ်…။ သားဖေဖေက မတရားတဲ့ ဒီအဖြစ်အပျက်ကို ရဲတိုင်ဖို့ ထိ စဉ်းစားပေမယ့် သားကလေးငယ်ငယ်လေးကို ရဲကစစ်တာဆေးတာတွေ ဖြစ်လာမှာကို ကျွန်မမလိုလားတာကြောင့် သူတို့ လိုချင်တဲ့ လျော်ကြေးငွေကို ကျွန်မပေးခဲ့ပါတယ်…။ လျော်ကြေးငွေထဲမှာ ကားရပ်နားခ ၂ဒေါ်လာပါ ထည့်ပေါင်းထားတာတွေ့ လို ကျွန်မက ပုခုံးတွန့် ပြုံးတဲ့အခါ ဆရာမက တောင်းပန်တဲ့ မျက်လုံးတွေနဲ့  ကြည့်နေ ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်က ရလိုက်တဲ့ သင်ခန်းစာကတော့ အနိုင်ကျင့်ခံရပြီဆိုတာနဲ့  ဆရာမကို အသိပေးသင့်တယ်ဆိုတာပါ…။ တကယ်လို့  ဆရာမကို အသိပေးခဲ့ရင် သူတို့ ဘက်က ရပ်ကောင်းရပ်ရင် ဒီအခြေအနေတွေထိ မရောက်နိုင်ဘူးပေါ့…။ ကျွန်မကလဲ ကလေးတွေ မေ့လွယ်ပျောက်လွယ် အဲလောက်ထိ ကြံစည်မယ်မထင်ပဲ လျော့ တွက်ခဲ့မိတာကိုး။ တဘက်က အဲဒီလောက် ဆိုးဝါးမယ်လို့ မထင် လျော့ တွက်ခဲ့မိလေတော့ သားကို ကျောင်းကားမပြောင်းပေးပဲ ဒီလိုလူမျိုးတွေကို ရှောင်တတ်အောင်ဆိုတဲ့ ကျွန်မရည်ရွယ်ချက်ဟာ အဆုံးမှာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်…။

သားက မိုးခြိမ်းတာကို အလွန်ကြောက်တတ်ပါတယ်…။ မိုးကြိုးပစ်မှာကိုလဲ စိုးရိမ်တတ်သူပါ…။ ကျောင်းမှာ မိုးတွေခြိမ်းရင် သူရတဲ့ ဘုရားစာတွေ ရွတ်နေတတ်သူပါ…။ သားဘုရားစာတိုးတိုးလေး ရွတ်နေတာကို တွေ့ တဲ့ သားသူငယ်ချင်းကောင်လေးက မင်းဘာလုပ်တာလဲလို့ မေးတဲ့အခါ သားက ဘုရားစာရွတ်နေတာလို့  ဖြေခဲ့ပါတယ်…။ အဲဒီအခါ ကောင်လေးက မင်းဘာသာကဘာလဲ… မင်းတို့ ဘုရားက လိမ်နေတာပဲလို့ … သားကို ခပ်ရိုင်းရိုင်းပြောတဲ့အခါ ဘာသာတရားကို စိတ်ဝင်စား ရိုသေတဲ့သား ဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး…။ သားက အဲဒီအဖြစ်အပျက်ကို ကျွန်မကိုပြောပြတဲ့အခါ ကျွန်မက သားကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပေးခဲ့ပါတယ်…။ မင်းနဲ့ ငါ ဘာသာတရားအကြောင်း မဆွေးနွေးဘူး… မင်းလဲ မင်းယုံကြည်ရာကိုးကွယ်… ငါလဲ ငါယုံကြည်ရာကိုးကွယ်တာပဲလို့  ပြန်ပြောရတယ်လို့  သားကို အကြံပေးခဲ့ပါတယ်…။ သားက ကျွန်မအကြံပေးတဲ့အတိုင်း ပြောတဲ့အခါ အဲဒီကလေးက လက်မခံပဲ ဆက်ဆက်ပြောပါတယ်…။ သားက မခံချင်လေ ဆက်ပြောလေပါ…။ အဲဒီဇာတ်လမ်းကို နေ့ တိုင်းကြားလာတော့ ခဲမှန်ဘူးတဲ့ စာသူငယ်ကျွန်မ သတိထားရပါပြီ…။ မင်းငါ့ဘာသာကို ဆက်မကောင်းပြောနေရင် ငါဆရာမနဲ့ တိုင်မယ်လို့  ပြော… တကယ်လို့ ဆက်လုပ်နေရင် ဆရာမနဲ့ သွားသာတိုင်တော့ သားရေလို့ သားကို နောက်ထပ် အကြံသစ်ပေးတော့ သားက ကျွန်မအကြံအတိုင်း လုပ်ပါတယ်…။ ဆရာမကို တိုင်လေ့တိုင်ထမရှိတဲ့ သားစကားကို ဂရုမစိုက်ပဲ ဆက်ပြောနေတဲ့အခါ သားက နေရာကထပြီး ဆရာမကို သွားတိုင်မလို့ လုပ်တော့မှ ဟေ့ကောင်… ဆရာမကို မတိုင်ပါနဲ့ ကွာ… ငါကမင်းဘာသာတရားကို ဘယ်လောက်လေးစားလဲ စမ်းသပ်ကြည့်တာပါတဲ့… ကဲ… အဲဒါဟာ ဒုတိယတန်းကျောင်းသားလေးတယောက်တဲ့လား…။ ကျောင်းကပြန်လာတော့ အမြဲတမ်း အရိုးခံတွေးတဲ့သားက ၀မ်းသာအားရနဲ့ ကျွန်မကို ပြန်ပြောပြပါတယ်…။ ပြုံးပြုံးရွှင်ရွှင်နဲ့  သူ့ သူငယ်ချင်းကို ယုံသွားတဲ့သားလေးကို ကျွန်မ ဘယ်လို စကားလုံးတွေနဲ့  ရှင်းပြရမှန်းမသိခဲ့ပါဘူး…။ အဲဒီကောင်လေးကပဲ သားကို သူခိုးပုလိပ်တမ်းကစားတဲ့အခါ သူ့ အမိန့် နဲ့  ကစားထောင်ထဲမှာ ချထားခဲ့ပါတယ်…။ တညနေ သားက ကျွန်မကို ငါးပြားပေးဖို့ တောင်းတော့ ဘာလုပ်ဖို့ လဲမေးတဲ့အခါ သားထောင်ကျနေတာ ၃ရက်လောက်ရှိပြီ… ငါးပြားပေးမှ လွှတ်မယ်ဆိုလို့ လို့  သားကရှင်းပြပါတယ်…။ သားက အဲဒီကောင်လေး မတရားထုတ်ထားတဲ့ ကစားဥပေဒေကို နာခံနေလိုက်တာ… ငါးပြားတောင်ပေးဦးမတဲ့…။ အဲဒီအခါ ကျွန်မသားကို အဲဒီကောင်လေးနဲ့  မကစားဖို့  အဲဒီကလေးဟာ သားအတွက် ဘယ်လိုမှ သူငယ်ချင်းကောင်းမဖြစ်နိုင်ဘူးရှင်းပြရပါတယ်…။ သားတတိယတန်းအရောက်မှာ အဲဒီကောင်လေးက သားနဲ့ တန်းခွဲမတူတော့တာမို့  စိတ်အေးရပြီထင်တာ ကံမကောင်းစွာ ကျောင်းကားတူပြန်တော့တယ်…။ သားကို သူ့ ကို သတိထားဖို့ သတိပေးရင်းက တနေ့ မှာ သားခမျာ ဘာမှ မလုပ် ဘာမှမပြောပဲ အဲဒီကောင်လေးရဲ့ အဆင့်ဆင့် ရင်ဘတ်ကို လက်သီးနဲ့ ထိုးတာကို ခံခဲ့ရပါတယ်…။ တကြိမ်မဟုတ်ပဲ အကြိမ်ကြိမ်ထိုးပြီး ငါအရမ်းနာပြီး အသက်ရှုလို့ မ၀တော့လို့ ပါကွာဆို သားတောင်းပန်မှ ဟိုကောင်လေးက ရပ်ခဲ့ပါတယ်…။ အဲဒီအဖြစ်အပျက်ကို သားကျွန်မကို မပြောပြခဲ့ပါဘူး။ သူ့ အမက သူ့ ကို ရေချိုးပေးတော့ ရင်ဘတ်ကနာတယ်လို့ ပြောမှ ဘာဖြစ်တာလဲ မေးမှပြောပြခဲ့ပါတယ်…။ ကိုယ့်ကို သူများက လက်သီးနဲ့ အဆင့်ဆင့်ထိုးတာတောင် ဘာမှ ပြန်မခုခံခဲ့တဲ့သားကို ကျွန်မအတော်လေးကို အားမလို အားမရလဲဖြစ် စိတ်မကောင်းလဲဖြစ်မိပါတယ်…။ တကယ်တော့ ပထမအဖြစ်အပျက်ကတည်းက ပြဿနာကို လက်နဲ့ မဖြေရှင်းရဘူးလို့  ဆုံးမခဲ့တဲ့ကျွန်မစကားကို သားက နားထောင်ခဲ့တာပါ…။ အဲဒီကောင်လေးစိတ်ထဲ သားကို ဒီလို အနိုင်ကျင့်လို့ ရတယ်ဆို ဆက်အနိုင်ကျင့်မှာ စိုးရိမ်တာနဲ့  ကျွန်မနဲ့ သူ့ အဖေ ဆရာမကို တိုင်ခဲ့ပါတယ်…။ ဆရာမက သူ့ မိဘတွေကို တိုင်ခဲ့ပြီး ပြဿာနာက ရပ်သွားခဲ့ပါတယ်…။

သားရဲ့ ယုံလွယ်တတ်တဲ့ သူများလှည့်ကွက်တွေကို နားမလည်လောက်အောင် မပါးနပ်တဲ့ အားနည်းချက်တွေကို ဆရာဆရာမတွေပါ သိလာတော့ သားကို ကူညီကြပါတယ်…။ တတိယတန်းတုန်းက သားတို့  မလေးရွာကို လေ့လာရေးခရီးထွက်တုန်း သားနှစ်သက်တဲ့ ကစားစရာလေး ၂ခု ၀ယ်ခဲ့ပါတယ်…။ အပြန်လမ်းမှာ သားက သူ့ ကစားစရာလေးတွေနဲ့  ပျော်နေတုန်း တခြားကလေးတယောက်က သားကစားစရာတခုကို ရေမွှေးပုလင်းနဲ့  လဲဖို့ ပြောပြီး မလဲရင် သားကို သူငယ်ချင်းအဖြစ်က ရပ်မယ်လို့ ခြိမ်းခြောက်ပါတယ်…။ သားခမျာ သူမြတ်နိုးတဲ့ ကစားစရာလေးကို သူငယ်ချင်းဆုံးမှာကြောက်လို့  လဲပေးခဲ့ပြီး အိမ်ရောက်တော့ ငိုပါတယ်…။ သားပစ္စည်းကို သားလဲခြင်းမလဲခြင်းဟာ သားရဲ့အခွင့်အရေးဖြစ်ကြောင်း သားကှိုရှင်းပြရပါတယ်…။ အဲဒီကလေးကပဲ ခု လေးတန်းနှစ်မှာ စာရွက်ပေါ် ကာလာစုံနဲ့  ထုတ်ထားတဲ့ ပုံလေးတွေကို ၁ဒေါ်လာနဲ့ ရောင်းပါတယ်…။ သားက ၂ဒေါ်လာပေးတဲ့အခါ ပြန်မအမ်းနိုင်ဘူးဆိုပြီး မကောင်းတဲ့ နောက်တပုံကို ပေးပါတယ်…။ သားကတော့ သူပြုသမျှနုပြီး ပြန်လာခဲ့ပေမယ့် ဘယ်လိုမှ ၁ဒေါ်လာမတန်တဲ့ ပုံတပုံနဲ့  သားညာချခံလိုက်ရတာကို ကျွန်မ အတော် ကသိကအောက်ဖြစ်မိပါတယ်…။ ဈေးဆိုတာ ဆစ်လို့ ရကြောင်းနဲ့  ပစ္စည်းတခုမှ သူ့ တန်ရာတန်ကြေးရှိကြောင်း သားကို ရှင်းပြခဲ့ပါတယ်…။ သားကျေနပ်လို့  သားဝယ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ကို ကျွန်မသည်းခံလို့ ရပေမယ့် နောက်အဖြစ်အပျက်ကတော့ တဆိတ်လွန်လွန်းတာမို့ ကျွန်မရဲ့ သည်းခံနိုင်မှု အင်အားတွေ ကုန်ခမ်းကုန်ပါတယ်…။ အဲဒီကလေးပါပဲ… သားဆီက ခဲဖျက်ငှားပြီး သားက ပြန်တောင်းတဲ့အခါ သူ့ ခဲဖျက်လို့ လိမ်ညာပြီး အနိုင်ယူသွားပါတယ်…။ ဒီတခါတော့ သားအညာခံရတယ် အနိုင်ကျင့်ခံရတယ်ဆိုတာ အသေအချာသိလိုက်တာမို့  အိမ်ရောက်တော့ သူ့ အမကို ငိုပြီးပြောပါတယ်….။ ဒါပေမယ့် သားဆရာမကို ထုံးစံအတိုင်း မတိုင်ခဲ့ပါဘူး။ သားက သူ့ သူငယ်ချင်းကို ဆရာမဆူပြီး သူ့ ကို မုန်းသွားမှာ စိုးရိမ်သူမို့ ပါ…။ အရင်ကလို အလားတူအဖြစ်တွေ မဖြစ်ဖို့  ကျွန်မဆရာမကို အကြောင်းကြားရပါတယ်…။ သားကိုလဲ အဲဒီကလေးနဲ့  အတူမထိုင်ဖို့  သင်ကြားပေးတဲ့အခါ သားက လိုလိုချင်ချင် လက်ခံပါတယ်…။

သားလေးကို အနိုင်ကျင့်တတ်တဲ့ နောက်သူငယ်ချင်းတယောက်ကတော့ သားခမျာ သူ့ သူငယ်ချင်းအရင်းလို့  ယုံယုံကြည်ကြည်ချစ်တဲ့သူမို့  အနိုင်ကျင့်တာတွေကို နားလည်လာတဲ့အခါ သားအတော်ကို ခံစားခဲ့ရတာ သားရဲ့စိတ်နုနုလေးမှာ စိတ်ကျရောဂါလို ဖြစ်သွားတဲ့အထိပါပဲ။ အဲဒီကလေးက သားကို ဘယ်လောက်များ သစ္စာမရှိ အနိုင်ကျင့်လိုက်သလဲဆိုရင် စိန်ပြေးတမ်းကစားတဲ့အခါ သားကို အမြဲလိုက်သူဖြစ်အောင် တခြားသူတွေလိုက်ကလှည့်မှာပါ သူက တခြားလူဘက်က လိုက်ပေးပါတယ်…။ ရိုးအလွန်းတဲ့သားကတော့ သူအမြဲလိုက်နေရတဲ့ အဖြစ်နဲ့  သူ့ သူငယ်ချင်းရဲ့ သစ္စာမရှိမှုကို သတိမထားမိပဲပျော်နေခဲ့တာပါ။ အဲဒါကို သားအဖေသတိထားမိတော့ သားအဖေအတော် ဒေါသထွက်ပြီး သားကို ဆက်မကစားခိုင်းတော့ပါဘူး။ အဲဒီကလေးကပဲ ကလေး၃ယောက်ရှိရင် ငယ်ငယ်ရွယ်ရွယ်နဲ့  အုပ်စုခွဲတတ်ပြီး တခြားကလေးတယောက်ကို သူ့ ဘက်ပါအောင် သွေးထိုးတတ်ပါတယ်…။ သားတယောက်ထဲ ဖြစ်အောင် သက်သက်ချန်ထားခဲ့တာတွေ များတဲ့အခါ သားမျက်ရည်ကျပြီး သူ့ သူငယ်ချင်းရဲ့ ရက်စက်မှုကို ခံစားခဲ့ပါတယ်…။ သားမြတ်မြတ်နိုးနိုးလုပ်ထားတဲ့ အရုပ်လေးတွေကို ဖျက်ဆီးလားဖျက်ဆီးရဲ့… သားမလုပ်ချင်တဲ့အလုပ်ကို မင်းမလုပ်ရင် မင်းနဲ့ ငါသူငယ်ချင်းမလုပ်တော့ဘူးဆို ခြိမ်းခြောက်ပြီး လုပ်ခိုင်းလား လုပ်ခိုင်းရဲ့… ကစားကြတဲ့အခါ တခြားလူတွေကျ အခွင့်အရေးအပြည့်အ၀ပေးပြီး သားကို အခွင့်အရေးတွေ လျှော့ချလား လျှော့ချရဲ့… သားကချစ်သလောက် သားကိုချည်းရည်ရွယ်တိုက်ခိုက်တာတွေ များလာတော့ သားခမျာ အတော်ခံစားပြီး သူနဲ့ တွေ တိုင်းငိုနေရပါတယ်…။ ကျွန်မက သားကို ကိုယ့်အပေါ်ကောင်းတဲ့သူ ဖြစ်ဖြစ် ကိုယ့်အပေါ်ဆိုးတဲ့သူဖြစ်ဖြစ် အဲလောက်ထိ စိတ်ထိခိုက်အောင် မခံစားတတ်ဖို့  လေ့ကျင့်ပေးရင်း အကွက်ချအနိုင်ကျင့်မှုတွေကို ရှောင်တတ်အောင်လဲ သင်ပြပေးပါတယ်…။ သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုလူမျိုးဆိုတာ ကျွန်မအတွေ့ အကြုံနဲ့  သားကို ရှင်းပြပေးပါတယ်…။

ဘယ်အရွယ်ထိများ သားမှာ ဒီလို အနိုင်ကျင့်တတ်သူတွေနဲ့  ဆုံနေဦးမှာလဲ…။ ဘယ်အရွယ်မှာများ သားကိုယ့်ကိုကိုယ် ကာကွယ်တတ်လာမလဲ…။ ဘယ်အရွယ်ထိများ သားအယုံလွယ် ရိုးအနေဦးမလဲ…။ ဒီလောကကြီးထဲမှာ သူတော်ကောင်းတွေချည်းမဟုတ်ပဲ ကောက်ကျစ်စဉ်းလဲသူတွေရှိသေးတယ်ဆိုတာ ကျွန်မသားကို သတိပေးရပြီ…။ သူငယ်ချင်းကောင်းနဲ့  သူငယ်ချင်းဆိုး ဘယ်လို ခွဲခြားရမလဲဆိုတာ သားကို ခွဲခြားပြရပြီ။ မကောင်းသူတွေနဲ့ ကြုံရင် သူတို့ ဆီက အနိုင်ကျင့်မှုကို ကိုယ်ခံစားရသလို ကိုယ်ကိုယ်တိုင်လဲ သူများကို ကိုယ်ချင်းစာပြီး အနိုင်မကျင့်တတ်ဖို့  ကျွန်မသင်ပြရပြီ။ ကျောင်းမှာ ကျောင်းစည်းကမ်း၊ ကျောင်းဥပေဒေ… နေရာတိုင်းမှာ ဥပဒေတွေနဲ့  အနိုင်ကျင့်မှုတွေကို ကြိတ်မခံစေအောင် မတရားမှုကို ခေါင်းငုံမခံအောင် သားကို လမ်းပြရပြီ…။ သားထင်ခဲ့တဲ့ ကမ္ဘာလေးက ကျွန်မငယ်ငယ်က ပြောပြခဲ့တဲ့ ပုံပြင်ထဲကလို မေတ္တာတရားတွေချည်း လွှမ်းခြုံထားတဲ့သူတွေ သက်သက်နေကြတာမဟုတ်ဘူးလို့  စိတ်မကောင်းစွာနဲ့ ပဲ ကျွန်မစခဲ့တဲ့ ဇာတ်လမ်း ကျွန်မတာဝန်ယူရပြီ။ ကြီးနိုင်ငယ်ညှင်းဆိုတာ လောကကြီးမှာ မရှိအောင် ကြိုးစားရမယ်သားရဲ့လို့  တက်တက်ကြွကြွ ပြောပြခဲ့တဲ့ ကျွန်မရဲ့ ရည်ရွယ်ချက်ဟာ လက်တွေ့ ကျမကျ ကျွန်မကပဲ သားကို ၀န်ခံရပြီ...။ အနိုင်ကျင့်တတ်မှုတွေဟာ အသက်အရွယ်နဲ့ အမျှ ပုံစံပြောင်းသွားတတ်ကြပြီး ဘယ်နေရာ ဘယ်ဒေသမှာ မဆိုရှိနေတတ်တယ်ဆိုတာ သားကို ကြိုပြောရပြီ…။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေဖို့  မကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံရစေဖို့  သားကို သွန်သင်ရပြီ…။ တချိန်ကျရင်တော့… သားဘေးက အနိုင်ကျင့်သူတွေကို သားရဲ့ ခါးသက်တဲ့ အတွေ့ အကြုံနဲ့ စစ်ထုတ်ပြီး သားကို သစ္စာရှိတဲ့ သူငယ်ချင်းစစ်စစ်တွေနဲ့  လုံခြုံငြိမ်းချမ်းတဲ့ဘ၀လေးကို သားရကို ရရမှာပါလို့  သားကို အားပေးရင်း သားရဲ့ ဓာတ်ခံအကောင်းစိတ်လေးတွေ မပျက်စီးအောင် ကျွန်မ နေ့ တိုင်းကြိုးစားအားထုတ်နေမိတော့တယ်…။

သားလေး အနိုင်ကျင့်ခံရမှုမှ လွတ်မြောက်ပါစေ…။

တန်ခူး

19-Jan-2014 10:30pm

25 comments:

Anonymous said...

သားသားရေ ဖတ်ရတာ စိတ်ထဲမကောင်းဘူး။
သားသားကြီးလာရင်လည်း အဲ့ဒီလို အနိုင်ကျင့်စရိုက်ဆိုးတဲ့ လူတွေထပ်ကြုံရဦးမှာမို့ပါ။ ဆက်ဆံရအခက်ဆုံး၊ လုပ်ရကိုင်ရ အခက်ဆုံးအရာဟာလည်း အဲ့ဒီလူသားတွေပါပဲ။
တချို့အချိန်တွေမှာ ပါးနပ်ရမယ်၊ တချို့အချိန်မှာ ကာကွယ်ရမှာ၊ တချို့အချိန်တွေမှာ ငြိမ်နေရမယ်..စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေရဦးမယ်။ သားသားဟာ ပတ်ဝန်းကျင်ကို အလိုက်အထိုက်၊ လျော့သင့်တာ လျော့၊ တင်းတဲ့အခါ မာ သူတပါးကိုလည်း မစော်ကားပဲ ကိုယ့်ကို စော်ကားတာကိုလည်း လွယ်လင့်တကူ ခေါင်းငုံ့မခံတတ်တဲ့သူ စိတ်အေးချမ်းတတ်သူ တယောက်ဖြစ်ပါစေလို့ဆန္ဒပြုပါတယ်..

Anonymous said...

အစ်မတန်ခူး... အစအဆုံးဖတ်ပြီး သက်ပြင်းချတယ် ၊ ရင်မောတယ် အစ်မရေ ..။
ကိုယ့်သမီးကလဲ လူကြောက်တတ် ၊ မျိုသိပ်တတ်တဲ့ ကလေးဖြစ်နေလို့ ကျောင်းမထားရသေးခင်ကို စိတ်ပူနေတာ ။
ညီမရှေ့မှာ တစ်ခါကြုံဖူးတယ်။ အမေလုပ်သူဆေး၇ုံကို လိုက်လာရင်း အလှည့်စောင့်နေတုံး သမီးကစားချင်တယ်ဆိုလို့ ဆေးရုံကလေးဆေးခန်းထဲက ကစားစရာတွေ ထားပေးတဲ့ အခန်းထဲ သွားကစားတုံး ဆေးခန်းလာပြတဲ့ကလေး(ယောကျာ်းလေး) တစ်ယောက်က အခန်းထဲ သူ့ဘာသာသူ ကစားနေတဲ့ ကလေးအားလုံးကို လိုက်ပြီး နှောက်ယှက်တာလေ.. သမီးထိုင်ကစားနေတာကို အကျီရင်ဘတ်စ ကိုဆောင့်ဆွဲပြီး အတင်း ထ ခိုင်းတယ်။ ကျန်တဲ့သူတွေ (အားလုံးလိုလို သူ့ထက်ကြီးတဲ့ကလေးတွေ) ကိုလဲ ကစားစရာတွေ လိုက်လုလိုက် ၊ ဆောင့်တွန်းလိုက်နဲ့ လုပ်တာ ။ သူ့အဖေ ခေါ်လိုက်မှ ငြိမ်သွားတာ ။ တခြားကလေးတွေက သူ့ကို ဝိုင်းရယ်ကြ ဘာညာလုပ်ပေမဲ့ သမီးက သူ့ကို အဲလိုဆက်ဆံတာ တစ်ခါမှမကြုံဖူးတော့ တော်တော်ကို လန့်သွားတာ ..။ သမီးကို ဘာမှ မဖြစ်ဘူး.. သမီး ဆက်ကစား ဆိုပြီး အားပေးမှ ခဏနေတော့ သူဆက်ကစားရဲတယ်။ ကျန်တဲ့ ကလေးတွေက ထွက်သွားပြီ ။ ခုနက ကလေးက သူ့အဖေနားမှာဆိုတော့အေးဆေးပဲ ထင်တာ ..သူက ပြေးလာပြီး သမီးကို ခုံပေါ်က တွန်းချတာလေ ။ ခုံကလေးက နိမ့်တော့ မနာပေမဲ့ သမီးအရမ်းလန့်ပြီး ငိုတာ အိမ်အပြန်ထိ ချော့မရတော့ဘူး။ ဟိုကလေးအဖေက အဲဒီတော့မှ အဲဒီကောင်လေးကို ချီပြီး ထွက်သွားတယ်။ သူ့ကလေး နကိုယ်ဗီဇက သူများကို နှောက်ယှက်ချင်တာလား၊ နေမကောင်းဖြစ်နေချိန်မို့ လုပ်သလားတော့မသိဘူးရယ်...။

ခုထိ စဉ်းစားနေတာ ... အဲလိုမျိုး ကိုယ့်ရှေ့ကြုံရင် ဘယ်လိုဖြေရှင်းရမလဲလို့ ..။
သမီးလေး စိတ်ထဲမှာ မေမေရှိလိုက်သားနဲ့ အနိုင်ကျင့်ခံရတယ် လို့ အမေကိုတောင် အားမကိုးရဘူးဆိုပြီး အားကိုးရာမဲ့ စိတ်ဝင်သွားမလားဆိုတာ တော်တော်ပူမိတယ်။ တဘက်က ကလေးကလဲ ကလေးပဲ ဖြစ်နေတော့ ကိုယ်က ဘာမှ ပြောလို့ မဖြစ်ဘူး၊ သူ့မိဘလဲ ရှိသားနဲ့ဆိုတော့လေ ။

pifpif

Anonymous said...

ကိုယ့်ဘ၀အကြောင်းပြန်ဖတ်နေရသလိုပဲ မတန်ခူးရေ။ သားလေးရဲ့ရိုးဖြောင့်တဲ့စိတ်ဓာတ်ကို လေးစားတယ်။ ဒါကို အခွင့်အရေးယူ အနိုင်ကျင့်တတ်တဲ့လူတွေကို သည်းမခံဖို့၊ ကိုယ်မှန်ရင် လုံးဝ ငုံ့မခံဘူးဆိုတဲ့ စိတ်မွေးဖို့၊လူဆိုတာ သဘောကောင်းမယ်ထင်ရင် ဗိုလ်ကျချင်တာမို့ သဘောကောင်းပေမယ့် မတရားရင် မခံဘူးဆိုတဲ့ စရိုက်နဲ့နေဖို့ အကြံပေးပါ။ ကျွန်တော်ကိုယ်တိုင် ဘ၀မှာ အကြိမ်ကြိမ်ခံခဲ့ရတာ ကိုယ်တွေ့မို့ မာရေကြောရေအသွင်ကိုတောင် လိုအပ်တဲ့အခါ လုပ်ယူခဲ့ရတယ်။ သားလေး ကြီးလာရင် ကျွန်တော့်လို ခါးသည်းတဲ့ အနာတွေ မရစေချင်လို့ပါ။

Anonymous said...

ဖြစ်ရလေ သားရယ်

JuneOne said...

အိမ်​က သားကိုလဲ အဲ့လို အနိုင်​ကျင့်​ခံရမှာ စိုးရိမ်​ ​နေတာ မမေ၇။အက်​၀င်​ လဲ သူ​ဆော့​နေတဲ့ ကစားစရာ သူများ လာလုရင်​​ပေးလိုက်​တာပဲ။သူ​ဆော့​နေတဲ့​နေရာ သူများလာ​ဆော့ရင်​ အတင်း ကပျာကယာ ဖယ်​​ပေးတာပဲ..သားသား လိုသာ ဆို သများ​တော့ အိပ်​ရမယ်​ မထင်​​တော့ဘူး

Yuya Mon said...

move to the United States.......Try it...sister!!!!

Anonymous said...

poor little boy. :( I need to read it bcz I'm a mother of boy too. Wish all the kids can avoid these things wisely.

စုချစ် said...

သားသားသုတ က သဘောကောင်းတယ်ဟ... သူ့မျက်နှာကိုကြည့်တာနဲ့ စိတ်ထားနူးညံ့မှန်းသိသာတယ်... အားလဲအားနာတတ်တဲ့ပုံပဲ... နင်က အမေပီသပါတယ်ဟယ်... ငါ့မှာ သားသမီးမရှိပေတဲ့ နင်ဘယ်လိုခံစားရမလဲ ငါနားလည်တယ်...
ဒါပေတဲ့ အဲ့လို ကလေးလေးတွေကြီးပြင်းလာရင် စိတ်ထားကောင်းပြီး အောင်မြင်တဲ့သူတွေ ဖြစ်လာမှာ...

ဒါထက် စကားမစပ် လသာ၂မှာ တစ်တန်းတုန်းက နင်နဲ့ငါ အတန်းချင်းတူသလားဟ... ငါလည်း အဲ့ဒီ လူကြီးသားသမီးဆိုသူ၂ယောက်ရဲ့ အနိုင်ကျင့်တာကို တောက်လျှောက်ခံခဲ့ရတယ်...

pandora said...

မတန်ခူးရေ
ဖတ်ရတာ သားလေးအတွက် စိတ်ထဲမကောင်းသလို ငယ်ငယ်လေးတွေနဲ့ ညစ်တတ်တဲ့ စိတ်ပိုင်ရှင် ကလေးတွေအတွက်လည်း ရင်မောမိတယ်။ ဒီပုံစံဆိုရင် ငယ်ငယ်ကလေးတည်းက သူများမတရားလုပ်ရင် ဘယ်လိုတွန်းလှန်ရမယ် ဆိုတာကို သင်ပေးရမှာပေါ့နော်။ ကလေးတစ်ယောက်အဖို့ ဖိစီးမှုများလှပါတယ်။ ကိုယ့်ကလေးက တခြားနိုင်ငံကိုရောက်နေတဲ့ နိုင်ငံခြားသားလေး ဖြစ်နေလို့ ဒီလို အနိုင်ကျင့်ခံရတာလားလို့စဉ်းစားမိတယ်။ ဒါပေမယ့် ကိုယ့်ပြည်တွင်းမှာလည်း ဗွီအိုင်ပီသားသမီးတွေကြားမှာ ဒီလိုကိစ္စတွေ ရှိနေဦးမှာပဲလေ။

မောင်မျိုး said...

ဖတ်ပြီး စိတ်ညစ်လိုက်တား( အိမ်ကအစ်မတွေကတော့လေ အစ်မတို့လိုလည်း အများကြီး ဗဟုသုတ မကြွယ်လေတော့ သူ့သားတွေ ခံရခဲ့လို့ကတော့ နင် လက်မပါဘူးလားဆိုပြီး တီးကော နောက်တစ်ခါ ခံခဲ့ရလို့ကတော့ သေမယ်သာမှတ်တဲ့ ကိုယ့်သာ အရင်လာစလို့ကတော့ ပြန်သာတီးခဲ့နောက်မှ ငါရှင်းမယ်ဆိုတာကြီးပဲ အဲ့တော့ ခဏခဏ ကျောင်းအုပ်ကြီးရုံးခန်းရောက်ရတာပေါ့ ဟိုမှာနာမှာထက် အိမ်မှာ ပိုနာမှာစိုးတော့ တူတွေက ပြန်ဆော်ခဲ့တာကြီးပဲ ။

သားက အစ်ကို အစ်မတွေရှိရင်လည်းကောင်းသား ကျနော့်တုန်းကလည်း အနိုင်ကျင့်ခံရတာပဲ ကိုယ်ကသေးတာကိုး ကျနော့်အပေါ်က အစ်မက စွာတယ် ကျနော်ခံရပြီဆိုလို့ကတော့ ဆရာမ ရိုက်မှာလည်းမကြိုက် တစ်ခြားသူမှာ အစ်ကို အစ်မရှိမှာလည်းမကြောက်တော့ နပန်းဝင်သတ်တော့တာပဲ ။

ဆရာမတွေရဲ့ သြဇာလွှမ်းမိုးမှုလည်းပါမယ် ပြည်တွင်းမှာက ဆရာမကို တစ်ခါလောက်မိဘ ကိုယ်တိုင် စကားပြောထားပြီးရင် နောက်ဆို ဒီလိုမျိုးမဖြစ်လောက်ဘူး ။

အဲ့တော့ သားကိုပြောပါ လိမ်မာတာတော့လိမ်မာတာပေါ့နော် ဘာမှလည်းမလုပ်ရပဲနဲ့ လျော်ကြေးပေးရတာမတန်ဘူး ဆိုတော့ကာ ခလေးလည်းခံရ မအေလည်းစိတ်ညစ်ရ ဘယ်ဟုတ်မတုန်း သားရယ် အမေစိတ်ပြေအောင် နည်းနည်းဖြစ်ဖြစ်တော့ ပြန်တီးခဲ့ပါလို့ ။ ဒါမှမဟုတ် သား အခန်းဖော် ကျောင်းကားဖော်တွေနဲ့ သားကိုအဖွဲ့ကျဖို့ အစ်မက မိတ်ဖွဲ့ပေးရင်ကော ခုဟာက အုပ်စုနဲ့မို့ပါ တစ်ယောက်ချင်းဆို အဲ့ခလေးတွေလည်းမစွာလောက်ဘူး ။

ရွာမှာကျန်ခဲ့တဲ့ တူမလေး ပို့လိုက်၇မလားး) သူက သူ့အမေခြေရာနင်းသူမို့ ဖြစ်လိုက်လို့ကတော့ လူကြီးပါ ၀င်တားရတယ် အဲ့တာတောင် ၁၀ နှစ်ကျော်လေးမို့ ။

ဖတ်ပြီး စိတ်မကောင်းဘူး သားကို နည်းနည်းလောက်တော့ တွန်းအားပေးပါလေ ပြန်ဆော်ခဲ့ဖို့ ကြီးလာတော့သူ့ပါသာ လိမ်မာလာလိမ့်မယ် သည်းခံစိတ်က ကြီးတဲ့အထိ အကျင့်ပါသွားရင် သိပ်မကောင်း တစ်ခါတလေ ထုံသလိုဖြစ်သွားတတ်တယ် ။

Ya Minn said...

အစ်မရေ.. ကျွန်မသားလေးလည်း ဒီလိုပဲ ဘာပဲလုပ်ခံရ လုပ်ခံရပြန်မပြောဘူး.... လက်မှာကုပ်ခြစ်ထားတဲ့ဒဏ်ရာတွေကို အမေတွေ့မှ သူများလုပ်တာလို့ပြောတယ် နှစ်နှစ်ရှိပြီ အဲဒီကောင်မလေးလုပ်တာပဲ ခံလာရတာ.... ဆရာမကိုတော့ တိုင်လိုက်တယ်..... ကျွန်မဖေ့စ်ဘွတ်ခ်မှာပြန်ရှယ်ချင်ပါတယ်နော်... ခွင့်ပြုပါ....

Anonymous said...

အမရယ် ဖတ်ပီးနင့်ကနဲပဲ ကျနော်သာဆိုရင် လျော်ကြေးမပေးဘူး ပြသနာထပ်ရှာဖြစ်မလားပဲ
အမဆီကနေ အသိတခုထပ်ရလိုက်တယ် သမီးလေးကို ဘာဖြစ်ဖြစ် မအေကိုပြန်ပြောပြဖို့အကျင့်လုပ်ပေးရမယ်
ဘာဖြစ်ဖြစ်ကျိတ်မခံဖို့သင်ပေးရမယ် သမီးလေး ၅နှစ်လောက်ရောက်ရင်ကို ကရာတေးဖြစ်ဖြစ် ဂျူဒိုဖြစ်ဖြစ် သင်ပေးမယ်လို့အစထဲကစိတ်ကူးထားတာ အခုဆို သင်ကိုသင်မှဖြစ်မှာ ကိုယ့်ကိုလာထိရင် ထိတာနဲ့ ဆရာမ အရင်တိုင် ထား လို့ပြောမယ် ဆရာမက ဘာအက်ရှင်မှမယူရင် သူ့ကိုရှောင် ရှောင်လို့မှမရရင် သမီးရေ မခံနဲ့ မေမေလိုက်ရှင်းမယ်လို့ပြောမယ်
နောကိထပ် သတိထားရမှာက သမီးလေးကို အသိပညာသင်ပေးတဲ့အခါ လူကောင်းတွေကြီးပဲ မပြောပြပဲနဲ့ လောကကြီးမှာ လူဆိုးတွေလဲရှိသေးတဲ့အကြောင်းပြောပြမယ် လူတွေ စိတ်ထားအမျိုးမျိုးရှိကြောင်း လူကောင်းယောင်ဆောင်တဲ့လူဆိုးတွေရှိကြောင်းသင်ပေးရမယ်
သမီးလေးကို စိတ်ထားကောင်းဖို့နဲ့ အနိုင်မကျင့်တတ်ဖို့ သင်ပေးရမယ် အမသားလို အရမ်းအေးသွားမှာစိုးရိမ်မိတယ် အမရယ်
ဒီမှာလဲ သိပ်အနိုင်ကျင့်တာပဲ တနှစ်ကို အနိုင်ကျင့်ခံရလို့သတ်သေတဲ့ကလေးတွေ မနဲဘူးအမရေ ဒီကြားထဲ အလုပ်တွေထဲမှာပါ အဲလိုလူတွေရှိလို့ homelessလူငယ်တွေတောင်ရှိတာ တီဗွီမှာပြဖူးတယ် အမရေ
သားလေးကို သေချာပြောပြပါ အမ အနိုင်ကျင့်တယ်ဆိုတာ မကောင်းဘူးဆိုတဲ့အကြောင်းနဲ့
အနိုင်ကျင့်မခံရအောင် အဆွယ်ပြန်ထုတ်ပြဖို့လိုလိမ့်မယ်ဆိုတဲ့အကြောင်း
အနိုင်ကျင့်သူတိုင်းဟာ စိတ်ထားမကောင်းတာတို့ သူတပါးကို မနာလိုတာတို့အပြင် မိဘတွေကြောင့်အနိုင့်ကျင့်ကြတာဖြစ်ပီး အနိုင့်ကျင့်သူတွေဟာ ငြိမ်ခံတာတို့ ကျိတ်ခံတာတို့ဆို အမြဲ အနိုင်ကျင့်လေ့ရှိကြောင်း သူတို့လုပ်တာမခံပဲပြန်လုပ်ရင်ကြောက်သွားတတ်တာကြောင့် မှတ်လောက်အောင်ပြန်လုပ်ဖို့လိုကြောင်းပြောပြ သင်ပေးပါလား အမ
MN

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ပြီးတော့ စိတ်မကောင်းလိုက်တာ၊ ဝမ်းနည်းလိုက်တာ။

သားသားက မြတ်မောင်လေးနဲ့ တူတယ်။ မောင်လေး ငယ်ငယ်တုန်းက အေးလွန်းပြီး သူငယ်ချင်းတွေကို အားနာသနားတတ်တာကြောင့် အမြဲတမ်း အနိုင်ကျင့် ခံရတာပဲ။ သူ့အကြောင်းကို သိနေလို့ အမြဲတမ်းလိုလိုပဲ သူ့မျက်နှာကို အရိပ်လို ကြည့်နေခဲ့ရတယ်။ သူ့ကို အနိုင်ကျင့်တယ်လူဆိုရင် အသားကုန် ဆော်ပလော်တီးပစ်ခဲ့ရော။ ကိုယ့်ထက် သုံးနှစ်လောက် ငယ်တဲ့ ကလေးတွေကို ကိုယ့်မောင်ကို ထိတော့လည်း မညှာနိုင်ခဲ့ဘူး။ ဒါတောင့် ကိုယ့်အတွက်က မောင်လေးပဲ ရှိသေးတယ်။ တန်ခူးအတွက်က သားလေးဆိုတော့ တန်ခူးရင်ထဲက နာကျင်မှု၊ သားအတွက် စိုးရိမ်မှုတွေ ဘယ်လောက်တောင်များ များပြားလိုက်မလဲဆိုတာ ကိုယ်ချင်းစာ ခန့်မှန်းမိပါတယ်။

တန်ခူးရဲ့ ဆုတောင်းလေးလည်း အမြန်ဆုံး ပြည့်ပါစေ။ သားလေးလည်း မိတ်ကောင်းဆွေမွန်တွေ၊ သူငယ်ချင်းကောင်းတွေ အမြန်ဆုံး ရပါစေလို့ မြတ် ထပ်ဆင့်တောင်းဆုချွေပါတယ်။

ချစ်တဲ့
မြတ်

ဇွန်မိုးစက် said...

အစ်မရေ... ဇွန်တို့မောင်နှမယောက်လုံးလည်း ငယ်ငယ်က ကိုယ့်ထက်ကြီးတဲ့ ကျောင်းသားတွေရဲ့ အနိုင်ကျင့်ခံရဖူးတယ်။ ညီမက လသာ၂မှာ၊ သူက စိန်ပေါမှာ။ ကျောင်းချင်းလည်းမတူ၊ အသက်လည်း ငါးနှစ်ကျော်ကွာခဲ့ပေမယ့် ကျောင်းကားပေါ်မှာ အနိုင်ကျင့်ခံရတာချင်းတော့ တူကြတယ်။ ကိုယ်ဦးထားတဲ့ခုံနေရာကို အတင်းဝင်လုပြီး ထိုင်တာမျိုး၊ မကြိုက်မှန်း သိရက်နဲ့ မခံချင်အောင် နာမည်ပြောင်တပ်ပြီး အော်ခေါ်တာ၊ မုန့်လုစားတာ... အမျိုးမျိုးပါပဲ။ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မှာမဆို အဲလိုအနိုင်ကျင့်တတ်တဲ့ ကျောင်းသားအတန်းအစားတွေ အမြဲ ရှိနေတာပါပဲလားလို့တောင် တွေးမိတယ်။ ဇွန်ငယ်ငယ်က အရမ်းအေးတော့ ကိုယ့်ကိုလာအနိုင်ကျင့်ရင် ဘာမှမပြော၊ ဘာမှမလုပ်ဘဲ အိမ်ပြန်ရောက်တော့မှ အမေ့ကို ငိုပြီးတိုင်တာ။ အဲဒါနဲ့ အမေကနောက်ရက်မှာ ကျောင်းကားပေါ်မှာ ပါတဲ့ ဆရာမတွေကို အကျိုးအကြောင်း ပြောပြ၊ အနိုင်ကျင့်တဲ့ ကျောင်းသူအကြီးတွေကို သူ့မျက်နှာပြပြီး ဇွန့်ရှေ့မှာ သူရှိကြောင်း သူတို့နားလည်အောင် ပြောပြပေးခဲ့တာ အမှတ်ရမိတယ်။

ဇွန့်အနေနဲ့ကတော့ အစ်မသားလေးကို ရန်ကိုရန်ချင်း မတုံ့ပြန်စေချင်ဘူး။ သူ့စိတ်ရင်းကောင်းလေးအတိုင်းနဲ့ပဲ ရှေ့ဆက်သွားပြီး ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်မှုမရှိအောင် ကာကွယ်နိုင်တဲ့ ကလေးတစ်ယောက်ပဲ ဖြစ်စေချင်မိတယ် အစ်မတန်ခူး။

Anonymous said...

Ama
So sad to read that.. I have a little boy too and also similar experience in SG.
We , mostly myanmar parents have like this mental torture case at schools and also i face at my office.
Special pray for your son not to meet again this bad kids.
With love
Esther

Anonymous said...

Hi ma yay..
I am feeling touched after reading your post. I also have one year old baby girl and do not know what I will be facing in future.

I like sharing my idea to you. Instead of teaching how to react his problem, take his own idea how to response. If his idea is needed something, try adding on.The important thing is to build his own confidence and can stay away from bully friend. Trust him " he has parents who love him v much and teacher to protect him.dun worry to unfriend one or two bully friends and he will have so many good playmates.

it is easy talking naw...

Jasmine

khinlay said...

အမေ၇ ညီမသမီးလေးလည်း အဲလိုဘဲကျောင်းမှာ အနိုင်ကျင့်ခံ၇တာ ခု P6ေ၇ာက်တဲ့ ထိဘဲ၊ သူက အ၇မ်းသည်းခံတတ်တယ်၊ သူငယ်ချင်းကို ဘယ်တော့မှ မကောင်းမမြင်ဘူး၊ အမေကတော့ စိတ်တွေတိုလိုက်၇တာ။

ခင်လေး

ဆုမြတ်မိုး said...

သုတလေးအကြောင်းဖတ်ရတာစိတ်မကောင်းလိုက်တာအမရယ်...။
ဆုမြတ် ငယ်ငယ်က မောင်လေးအတွက် ဇတ်ဇတ်ကြဲပြန်သွားတိုင်းခဲ့တာကိုလည်းသတိရမိတယ်..။ သုတလေးအတွက်အကောင်းဆုံးကတော့...ဆရာမ ဒါမှမဟုတ် ကျောင်းအုပ်ကို အဲဒီကလေး သုတလေးကိုခဏခဏအနိုင်ကျင့်တဲ့အကြောင်း ၊ ကလေးကိုအနိုင်ကျင့်ခံရင်းနဲ့ depress ၀င်နိုင်တဲ့အကြောင်းကို အတိအလင်းသတိပေးပြီးတိုင်သင့်ပါတယ် အမ ။ နောက်ပြီးတော့ သုတလေးကို မကောင်းတဲ့သူငယ်ချင်းကိုမပေါင်းဖို့ ၊ သုတလေးနဲ့လိုက်လျောညီထွေဖြစ်မယ့်သူငယ်ချင်းမျိုးလေးတွေကို မတန်ခူးကိုယ်တိုင် ရွေးပေးပါအမ ။ ကလေးတွေ မွေးနေ့လိုမျိုး ၊ အိမ်မှာဆော့တာမျိုးလေးတွေလုပ်ပြီး အပေါင်းအသင်းကောင်းလေးတွေရွေးပေးလိုက်ရင် အဆင်ပြေသွားမှာပါ ။
အမတို့ရဲ့မေတ္တာအပြင် ညီမတို့တွေရဲ့မေတ္တာနဲ့ပေါင်းပြီး သုတလေးတစ်ယောက်သူငယ်ချင်းကောင်းတွေမြန်မြန်ရပါစေလို့..။

ချစ်ခင်စွာနဲ့
ဆုမြတ်

Anonymous said...

မယ်ဆင်..

အဲဒီကလေးအဖေကို နင်ချဲခဲ့သင့်တာ။ နင်က ငကြောက်....

သက်ဝေ said...

တန်ခူးရေ... ဒီပိုစ့်လေးကို တန်ခူး တင်လိုက်ထဲက ကိုယ် အခေါက်ခေါက် လာဖတ်ပါတယ်... ပြိးတော့ ကွန်မန့်တွေ တက်လာသမျှကိုလည်း ဖတ်ပါတယ်... ကော်မန့်အများစုက သူတို့ သား သူတို့ သမီးတွေလည်း အနိုင်ကျင့်ခံရသူတွေချည်း ဆိုတာ တွေ့ရတော့ ဘာပြာရမှန်းမသိအောင် အံ့အားသင့်မိပါတယ်...။

ကိုယ့်သား အသက် ၁၆ နှစ်ပါ... စကာင်္ပူမှာ K1 က စတက်ပါတယ်... အခု Secondary 4 ပါ...။ သားရဲ့ ကျောင်းသားဘ၀တလျောက်မှာ ကိုယ် ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးခဲ့ရဘူး... ဒါကြောင့် အံ့အားသင့်စွာဖတ်ပြီး ဘာတွေများ လွဲချော်နေတာပါလိမ့်လို့ အပြန်ပြန် အထပ်ထပ် စဉ်းစားပါတယ်... အဖြေကတော့ မရေရာပါဘူး... တခုပဲ ကိုယ်ပြောလို့ရတာက ကျောင်းရွေးချယ်မှုပါ...။

လူမျိုးရေးခွဲခြားတာ မဟုတ်ပေမဲ့ မလေး များတဲ့ကျောင်းဆို လူမကြိုက်ကြပါဘူး... မလေး ကလေးလေးတွေဟာ တခြားကလေးတွေထက် နည်းနည်း ပိုပြီး ဆိုးကြလို့ပါ...

သား သုတလို ကလေးတစ်ယောက်ရဲ့ နုနယ်တဲ့ စိတ်အတွေးထဲမှာ အခုလောက်တောင် ဒါဏ်ရာတွေရှိနေတာ ကိုယ့်စိတ်ထဲ ထိခိုက်လို့ မဆုံးပါ...။ ဘာသာတရား အဆုံးအမရှိတာကို သိပ်နှစ်သက်ပါတယ်.. ဒါပေမဲ့လည်း ဒါဟာ သူများအနိုင်ကျင့်တိုင်း ငုံ့ခံနေရလောက်အောင်၊ အားလုံးကို မေတ္တာတရားနဲ့ တုန့်ပြန်နေရလောက်အောင်တော့ မဖြစ်သင့်ပါဘူး…။ ဒါကြောင့် ကျောင်းပြောင်းလို့ရရင် ပြောင်းပေးလိုက်စေချင်ပါတယ်...။

နောက်တခုကတော့ သားလေးကို ရွယ်တူကလေးတွေကြားမှာ flexible ဖြစ်တတ်အောင် နေခိုင်းဖို့ပါ… ပြီးတော့ တော်ရုံ သေးသေးမွှားမွှား ကိစ္စတွေကို ခရေစေ့တွင်းကျ သိရအောင် မိဘက အရမ်း pressure ပေးပြီး မမေးပါနဲ့... primary 4 ဆိုတော့ သူ ၁၀ နှစ် ကျော်ပေါ့… ကလေးဆိုပေမဲ့ သိပ်တော့ အငယ်ကြီး မဟုတ်လှတော့ဘူး… ဒီတော့ တခုခုဆို သူ့ဟာသူ ဖြေရှင်းတတ်အောင်… ပြောရရင် နည်းနည်း mature ဖြစ်အောင် မသိမသာလေး လွှတ်ထားပေးလိုက်ပါ... အခုကြည့်ရတာ သားက ဖေဖေ မေမေနဲ့ အမ ကြားမှာ သိပ်ဘေဘီဖြစ်နေတယ်လို့ ထင်တယ်... မိုးခြိမ်းရင် သားက ကြောက်တတ်တယ်လို့ မကြာခဏ repeat လုပ်နေမဲ့အစား မိုးခြိမ်းနေချိန်မှာ သူ့ကို မသိချင်ယောင်လေး ဆောင်ပြီး တခြားအာရုံတစ်ခုခု ပြောင်းပေးထားတာမျိုး လုပ်ကြည့်ပါ…။

ပြီးတော့ သားနဲ့ အရွယ်တူမှာ သားထက်ပိုပြီး လည်ဝယ်ပါးနပ်တဲ့ကလေးတွေဟာ သားရဲ့ အားနည်းချက်ကိုလည်း မြင်နေကြပြီလေ… သူတို့ စ တိုင်း သူတို့ အနိုင်ယူတိုင်း ၀မ်းနည်းတတ် မျက်ရည်ကျတတ်တာကို သူတို့ သိနေမယ် ထင်တယ်… သားကို ဒီ့ထက် strong ဖြစ်အောင် ကျင့်ပေးပါ တန်ခူးရေ… တန်ခူးကိုရော သားဖေဖေကိုရော ရင်းရင်းနှီးနှီး သိကျွမ်းခင်မင်တဲ့သူတစ်ယောက်မို့ ဒီအဖေ ဒီအမေက မွေးတဲ့သားဟာ အင်မတန်စိတ်ကောင်းရှိပြီး နူးညံ့မယ်ဆိုတာလည်း တွက်ပြီးသားပါ… ဒါပေမဲ့ စိတ်ကောင်းရှိတာနဲ့ စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့ဟာ နည်းနည်းတော့ ကွာတယ်မဟုတ်လား…

နောက်ပြီး ကိုယ့်ကို လက်သီးနဲ့ ဆင့်ဆင့် ထိုးနေတာမျိုးဆိုရင်တော့ ငါအသက်ရှူမ၀လို့ တော်တော့လို့ တောင်းပန်နေမဲ့အစား ဆရာမသာ ပြေးတိုင်လိုက်တော့ လို့ သင်ပေးလိုက်ပါ…

လောလောဆယ် စိတ်ထဲရှိသမျှ အကုန် ချရေးခဲ့တယ် တန်ခူးရေ…း)

တန်ခူး said...

ဒီပို့ စ်ကို ရေးရခြင်း ရည်ရွယ်ချက်က ဘ၀တူတွေချင်း အတွေ့ အကြုံဖလှယ်ပြီး တယောက်နဲ့ တယောက် အကြံပေးကြ ဝေမျှကြဖို့ မို့  ကော်မန့် လေးတွေကို တိတ်တခိုးမျှော်လင့်မိပါတယ်… ကော်မန့် လေးတွေနဲ့  ဝေမျှခံစား အကြံပေးတာတွေ တွေ့ ရတော့ အရမ်းဝမ်းသာပြီး သားလေးကို သံယောဇဉ်ရှိကြတာကိုလဲ အရမ်းကျေးဇူးတင်မိပါတယ်… ဒီပို့ စ်ကို ဖတ်ပြီး တချို့ မိဘတွေ စိုးရိမ်သွားတာမျိုးတွေ့ ရလို့  နဲနဲရှင်းပြပါရစေ… တကယ်တော့ ကလေးတိုင်း ဒီလို ကြုံတွေ့ ရမှာမဟုတ်ပါဘူး… အများစုက လယ်လယ်ဝယ်ဝယ်နဲ့  ရှောင်တတ်တိမ်းတတ်ပါတယ်… ကျွန်မကိုယ်တိုင်တောင် ငယ်ငယ်က သားလို မကြုံတွေ့ ခဲ့ရပါဘူးလို့ ပို့ စ်ထဲမှာရေးထားပါတယ်…သားလို ကလေးမျိုးက ဒီဘက်မှာ အားနည်းလို့ ပါ… ကလေးတယောက်နဲ့ တယောက် အားနည်းချက် အားသာချက်က ကွဲပြားပါတယ်… လူကြီးတွေလိုပါပဲ… ဒီပို့ စ်ကို အရမ်းရှည်သွားမှာ စိုးလို့  ကျွန်မသားကို ဘယ်လို train လဲ ဆိုတာ အသေးစိတ်မရေးထားပါဘူး… ကျွန်မနဲ့ ဘ၀တူ မိဘများအတွက် ရည်ရွယ်ပြီး နောက်ပို့ စ်တခုရေးပါ့မယ်…
ကော်မန့် ၁ - ကောင်းသောအကြံမို့  သားနဲ့ ဆွေးနွေးတဲ့အခါ ထည့်ပြောဖြစ်မှာပါ… ကျေးဇူးပါ bro… ပတ်ဝန်းကျင်ကို အလိုက်အထိုက် ဆက်ဆံတတ်တဲ့ စိတ်အေးချမ်းတတ်သူတယောက်ဖြစ်ဖို့  မိခင်တယောက်အနေနဲ့  အချိန်တိုင်းကြိုးစားနေမှာပါ
ကော်မန့် ၂ - ညီမ pifpif ရေ… ဟုတ်ပါ့ညီမရယ်… အမ အဲဒီလို ကလေးမျိုး ကစားကွင်းမှာ မြင်ဖူးတယ်… အဲဒီတုန်းက သားက အရမ်းငယ်သေးတာ… အမကတော့ သူ့ မိဘကို သွားတိုင်ပလိုက်တယ်… အဲဒီမိဘက သူ့ ကလေးထက်တောင် ပိုဆိုးနေလို့  နောက်ဆို သားကို အဲဒီကစားကွင်း သွားမကစားခိုင်းတော့ဘူး… ငယ်သေးတော့ ထိမိခိုက်မိမှာ စိုးလို့ လေ… အမှန်က ကလေးအဖေက ညီမကို တောင်းပန်သင့်တယ်.. အမရဲ့ ပတမဆုံးအတွေ့ အကြုံလို မဖြစ်ရအောင် ကလေးအဲလိုမျိုးဖြစ်ပြီဆို ညီမက ကာကွယ်ပေးနိုင်တယ် အကြံပေးနိုင်တယ် အခက်အခဲက ထွက်ပေါက်ပေးနိုင်တယ်ဆိုတာ ပြရမယ်ညီမရေ… နို့ မို့ သူတို့ စိတ်ထဲမှာ အားငယ်ပြီး ယုံကြည်ချက်နည်းသွားလိမ့်မယ်… သမီးက ငယ်ပါသေးတယ်… ညီမအချိန်ရပါတယ်…
ကော်မန့်  ၃ - ကိုယ်တွေ့ လေးကို ဝေမျှပြီး အကြံပေးတာ ကျေးဇူးအများကြီးတင်ပါတယ် bro… သားက သူ့ ခံစားချက်တွေ မဖွင့်ပြတတ်တော့ သူ့ ရင်ထဲ ခါးသက်တဲ့ဒဏ်ရာတွေ ဘယ်လောက်တောင်များနေမလဲ မသိပါဘူးလေ
ကော်မန့် ၎ - သားအတွက် ဝေမျှခံစားပေးလို့  ကျေးဇူးပါ
ကော်မန့် ၅ - ညီမရေ( JuneOne) … သူတို့ ရဲ့ သဘောကောင်းတဲ့ စိတ်ဓါတ်ဓါတ်ခံလေးတွေကြောင့်ပေါ့… ခက်တာက လောကကြီးမှာ သဘောကောင်းတာကို အခွင့်အရေးယူတတ်တဲ့သူတွေကလဲများတော့ ကိုယ့်rightဆိုတာကိုတော့ သိအောင် ပြောပြထားညီမရေ…
ကော်မန့် ၆ - ကျေးဇူးပါညီမ( Yuya Mon) ရေ… အဲဒီမှာ အဲဒါမျိုးတွေ နည်းသလားဟင်
ကော်မန့် ရ - ညီမရေ… ကလေးတိုင်းတော့ အဲလို မဖြစ်ကြပါဘူး… တချို့ ကလေးတွေဆို ငယ်ငယ်ကတည်းက အတော်သွက်လက်ချက်ချာ မဟုတ်မခံလေးတွေပါ
ကော်မန့် ၈ - သူငယ်ချင်း စုချစ်ရေ… ကျေးဇူးပါသူငယ်ချင်းရယ်… သူ့ အဖေကတော့ ဘုန်းကြီးအပြီးဝတ်မလား မသိဘူးလို့ သားကို ခန့် မှန်းနေတာ… ကြည့်တာပေါ့ဟာ… တခါတခါကျပြန်တော့ ကြီးရင်မိန်းမယူမယ်ပြောနေတာ…. လသာ၂က အဖြစ်အပျက်က တတန်းမှာလား ၂တန်းမှာလား မမှတ်မိတော့ဘူးဟ… ငါပြောတဲ့ ၂ယောက်နင်သိပါတယ်… ငါတို့ ပြန်ပြောဖြစ်ကြဘူးတယ်လေ… ဟီးဟီး
ကော်မန့် ၉- ညီမပန်ရေ…. သိပ်ကြီးစိတ်မပူပါနဲ့ နော်… တချို့ ကလေးတွေက ဘယ်လို manageလုပ်ရမယ်ဆိုတာ မိဘတောင် သင်စရာမလိုအောင် smart ဖြစ်ကြပါတယ်… လူမိုက်ကို ရှောင်တတ်အောင် ကိုယ့်ကိုကိုယ် ကာကွယ်တတ်အောင်တော့ သင်ပေးရမှာပေါ့ညီမရေ… အဲဒီလိုမျိုးတွေက နေရာတိုင်း နိုင်ငံတိုင်းမှာ ရှိမယ်ထင်တယ်ညီမရေ…
ကော်မန့် ၁၀ - မောင်မျိုးရေ… မောင်မျိုးကော်မန့် လေးဖတ်ပြီး အမတို့ အရင်က လမ်းထဲမှာ မိသားစု တစုသွားသတိရတယ်… အဲဒီမိသားစုထဲက တယောက်ကို ထိလို့ တော့လား တအိမ်လုံးချီတက်လာကြတာ… အမမောင်လေး ငယ်ငယ်က ရန်ဖြစ်ပြီးဆို အိမ်ကို ပြန်လာတော့တာပဲ… ဘယ်တော့မှ ရန်မဖြစ်ဘူး… အဲဒီတုန်းက အမက ငယ်သေးတော့ မောင်မျိုးအမတွေလိုပဲ သူများလုပ်တာတော့ ခံမလာနဲ့ လို့  မြှောက်ပေးတာ… နဲနဲကြီးလာတော့ သွေးထွက်သံယိုတွေ ဖြစ်မှာကြောက်လို့  ကိုယ့်စကားကိုယ်သိမ်းရတယ်… သားကို ကိုယ့်အခွင့်အရေးကို ကာကွယ်တတ်အောင် ကိုယ့်လုံခြုံရေးအတွက် ခုခံတတ်အောင် သင်ပြပေးနေပါတယ်… သားလေးကို အမြဲအကိုအရင်းတယောက်လို သံယောဇဉ်ရှိတာ ကျေးဇူးပါမောင်မျိုးရေ…

တန်ခူး said...

ကော်မန့် ၁၁- ညီမ ( Ya Minn)… ကိုယ်ထိလက်ရောက် လုပ်တာမျိုးတွေကို ကြိတ်မခံတတ်အောင် သင်ပေးပါညီမရယ်… အမက ကိုယ်ချင်းစာလို့ ပြောတာပါ… ဆရာမကို တိုင်ကိုတိုင်ရမှာပါ… ရှယ်ပါညီမရေ… ရှယ်လို့ ရပါတယ်…
ကော်မန့် ၁၂ - ညီမမြတ်နိုးရေ… သမီးလေးအတွက် စိုးရိမ်စိတ်တွေ planတွေ အချစ်တွေပြည့်နေတဲ့ မိခင်တယောက်ရဲ့ မေတ္တာကို ညီမကော်မန့် လေးထဲမှာ တွေ့ လိုက်ရတယ်… ညီမသမီးလေးက ထက်ထက်မြက်မြက်လေးဖြစ်မှာပါညီမရေ… ငယ်ငယ်က အိပ်ယာဝင်ပုံပြင်တွေကို သားလေးငြိမ်းချမ်းစေမယ့် ပုံပြင်လေးတွေ ရွေးပြောတာများတာများ ပါနေမလားတော့ မသိဘူးညီမရေ… အမကိုယ်တိုင်ကလဲ ရုပ်ရှင်ဆို ကြည်ကြည်နူးနူးကားလေးတွေ ကြည့်တာမိုလား… ကိုယ့်ကိုကိုယ် ကာကွယ်ခုခံတတ်ဖို့ နဲ့  ရန်ကိုရန်ချင်းမတုန့် ပြန်ဖို့ နဲ့ ကြားထဲမှာ ဆုံးမရတာ နဲနဲတော့ ခက်တယ်ညီမရယ်
ကော်မန့် ၁၃ - မြတ်ရေ… တို့ ငယ်ငယ်ကလဲ အဲလိုပဲ… မောင်နဲ့ ညီမတွေ ရှေ့ မှာ မားမားရပ်ပြီး ခုခံတာ… ညီမလေးဆို တခုခုဖြစ်လာရင် အမကို တန်းပြောတာ ဒီနေ့ ထက်ထိပဲ… သားက သူ့ အဒေါ်နဲ့ တော်တော်တူပါတယ်… ခုချိန်ထိ ညီမလေးလဲ အဲလိုခံနေရတုန်း… သူ့ ကို အကြံပေးနေရတုန်းပါ… မြတ်ဆုတောင်းလေးအတွက် ကျေးဇူးပါ မြတ်ရယ်…
ကော်မန့် ၁၄ - ညီမဇွန်ရေ… ညီမမေမေနဲ့ အမဘ၀တူထင်ပါရဲ့… 8-) … အမလဲ အဲလိုပဲ… ကိုယ့်သားလေးက မကာကွယ်တတ်တော့ ကျောင်းကားမောင်းတဲ့သူရော ဆရာတွေရော စုံနေအောင် ပြောပြရတာ… ခုတော့ ကျောင်းကားနဲ့ မသွားခိုင်းတော့ဘူး… အိမ်က လိုက်ပို့ ကြိုပဲလုပ်တော့တယ်လေ… အမလဲ ဇွန်ပြောသလိုပဲ သားရဲ့ နဂိုကောင်းတဲ့စိတ်ကလေးတွေ ပတ်ဝန်းကျင်ကြောင့်ပွန်းပဲ့သွားမှာစိုးလို့ အတော်တော့ ဂရုစိုက်ရတယ် ညီရေ
ကော်မန့်  ၁၅ - ညီမ Estherရေ… တို့ လူမျိုးတွေက စိတ်ရှည်သည်းခံတတ်တဲ့ စိတ်ဓါတ်အခံကောင်းလေးတွေရှိတာကိုး ညီမရဲ့… လုပ်ငန်းခွင်မှာလဲ အနိုင်ကျင့်မှုတွေ ရှိတာပဲနော်… စလုံးမှာနေတာကြာတော့ စိတ်ရှည်သည်းခံတဲ့စိတ်တွေတောင် အတော်ယိုင်နဲ့ ကုန်တာ
ကော်မန့် ၁၆ - ညီမ jasmine ရေ… ညီမပေးတဲ့ အကြံလေးက ကောင်းလိုက်တာ… အမလဲ တခုခုဖြစ်လာရင် သူဘယ်လို ဖြေရှင်းမလဲဆိုတာ မေးကြည့်ဖူးတယ်… သူ့ အဖြေက အမြဲအားမရစရာဖြစ်တဲ့အခါ ကိုယ်က အားမလိုအားမရနဲ့ သင်မိသွားရော… ညီမပြောသလို စိတ်ရှည်ရှည်နဲ့ ကျင့်ကြည့်ဦးမယ်ညီမရေ… ကျေးဇူးပါ
ကော်မန့် ၁ရ - ညီမခင်လေးရေ… p6ထိအောင် ခံရတာလား… သမီးလေးက အတော့်ကို သဘောကောင်းတယ်ထင်တယ်… တခါတလေ သူတို့ နဂိုဗီဇလေးကိုက အဲလို အေးဆေးသည်းခံတတ်တာဆိုတော့ အတော်တော့ ပြင်ရခက်တယ် ညီမရေ… စလုံးကတော့ သိတဲ့အတိုင်းညီမရေ… ခံနေလို့ ကတော့ ခံပေဦးတော့နော်… မိဘအချင်းချင်းမို့ ကိုယ်ချင်းစာပါတယ် ညီမရယ်
ကော်မန့်  ၁၈ - ညီမဆုမြတ်ရေ… အမလဲ ညီမလိုပဲ… မောင်တွေညီမတွေ အတွက် ဇတ်ဇတ်ကြဲခဲ့တာ… ညီမပြောသလိုပါပဲ အမလုပ်နေပါတယ် ညီမရေ… အကြံပေးတာ ကျေးဇူးပါ… အမအပေါ်မှာ ရှင်းပြခဲ့သလို အမရဲ့ အသေးစိတ် follow upကို ဒီပို့ စ်ထဲမှာ မရေးလိုက်ဘူး.. အရမ်းရှည်သွားမှာ စိုးလို့ ပါ… နောက်ပို့ စ်တပုဒ်ရေးပါ့မယ်… သားကို ကျောင်းကားနဲ့ မပို့ ဖြစ်တော့ပါဘူး… သားဆရာမတွေအားလုံးနဲ့ အမြဲ contactရှိပါတယ်… ညီမလေး ပေးတဲ့ဆုနဲ့ ပြည့်ပါစေ
ကော်မန့် ၁၉ - စင်စင်က ကြောက်တာတော့ မဟုတ်လောက်ပါဘူး ညီမရယ်… ရုတ်တရက်ကြီးဆိုတော့ သူလဲ ဘာလုပ်ရမှန်းမသိဖြစ်သွားတာ နေမှာပါ
ကော်မန့် ၂၀ - သက်ဝေရေ… အပေါ်မှာ ပြောခဲ့သလိုပဲ ကလေးတယောက်နဲ့ တယောက် အားနည်းချက် အားသာချက်မတူကြပါဘူး… လူကြီးတွေမှာလဲ ဒီလိုပါပဲ… သက်ဝေကံကောင်းတာက သက်ဝေမှာ အရမ်း perfectဖြစ်တဲ့ သားလေးတယောက် ရှိတာပါပဲ… သက်ဝေတို့ မောင်နှံရဲ့ဆုံးမသွန်သင်မှုကြောင့်လဲပါမှာပါ.. တချို့ ကလေးတွေက မွေးကတည်းက တချို့ နေရာတွေမှာ အားနည်းကြပါတယ်… သားက သူ့ အဒေါ် တန်ခူးညီမလေးနဲ့  တော်တော်တူပါတယ်… သူ့ အဒေါ်က ခုဆရာဝန်ဖြစ်တဲ့အထိ bully လုပ်ခံနေရတုန်းပါပဲ… အဖေ အမေ အမက အဲဒီလိုမဟုတ်ပဲ သူ့ ကို တောက်လျှောက်သွန်သင်နေတဲ့အထဲက သူ့ မှာ အတော်အားနည်းနေတာပါ… အမှန်ပဲ သက်ဝေရေ… သားအပေါ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ ထဲမှာ မလေးကလေးတွေနဲ့ များပါတယ်... သားကို အဲဒီကိစ္စတွေဖြစ်တော့ သက်ဝေပြောသလို ကျောင်းပြောင်းဖို့ စဉ်းစားပါတယ်… အကြိမ်ကြိမ်ပါ… ဒီနှစ်မှာ အခွင့်အရေးရလို့ ပြောင်းမယ်လုပ်တော့ သားက လက်မခံပါဘူး… သူက သူ့ ကျောင်းကို အရမ်းသစ္စာရှိလွန်းပါတယ်… တချို့ သားစရိုက်တွေက သာမာန်ကလေးတွေမှာ မတွေ့ ရအောင်ထူးခြားပါတယ်… နက်နက်နဲနဲ အရမ်းခံစားတတ်ပါတယ်… သားကို independent ဖြစ်အောင် အမြဲကြိုးစားနေပါတယ်… နောက်ပို့ စ်တခုမှာ သားလို အားနည်းချက်ရှိတဲ့ကလေးကို မိခင်တယောက်အနေနဲ ့ ဘယ်လိုနည်းတွေသုံး train လဲဆိုတာ ရေးပါ့မယ်… လိုတာရှိလဲ အားလုံး ၀ိုင်းပြင်ပေးလို့ ရအောင်ပါ… ခုချိန်မှာ ဘာအလိုချင်ဆုံးလဲမေးရင် သားလေး strongဖြစ်ဖို့ နဲ့  ကာကွယ်ခုခံတတ်ဖို့ အလိုချင်ဆုံးပါ… မိခင်တယောက်အနေနဲ့ ကိုယ့်ကလေး ဒီလိုခံနေရတာ အလွန်နာကျင်လှပါတယ်… ဒီတော့ အဆုံးထိနည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်… သက်ဝေရဲ့ မေတ္တာတွေ အပြည့်နဲ့ ကော်မန့် အရှည်ကြီးအတွက် ကျေးဇူးပါ

Anonymous said...

တဦးတည်းသားတွေရဲ. အားနည်းချက်က အဖော်ခင်တတ်တယ် သူတို.ကို နိုင်နေတာကို သီးခံပြီးပေါင်းနေတာ.. မြန်မာပြည်က ကျောင်းမှာတုန်းက အဲလိုအဖော်တွေက အနိုင်ကျင်.တာ ခံရတယ် စလုံးမှာတော. ကံကောင်းစွာ ရတဲ.ကျောင်းက တရုတ်များတယ်.. မလေးမရှိသလောက်ပဲ. ဒါတောင်ရောက်စနှစ်က ဆိုးတဲ.ကလေးတွေရှိတဲ.အတန်းထဲဆိုတော. သားကို အတန်းထဲကကောင်လေးတွေနဲ. သူ.အကိုတွေပေါင်းပြီး ကျောင်းပြန်ရန်စတာတို.ဘာတို. လုပ်လာလို. နောက်နေ.ကျောင်းလိုက်သွားပြီး decipline teacher ကိုတိုင်လိုက်တာ ပြသနာအေးသွားလို.တော်သေးတယ် တခုခုဆို အဲလိုတိုင်လိုက်ပါ

Anonymous said...

I like ama thet wai's comment that how to treat. and also like ama takhu comment that thuta lay will become strong!!!!

mn

Anonymous said...

post နဲ့ ကွန်မန့်တွေဖတ်ပြီး စိတ်မောသွားတယ် အမရဲ့ လေးကိုလည်းမျှော်နေပါတယ်နော်