Sunday, January 26, 2014

သတို့ သမီးအရံ



မနေ့ က မကြည့်တာကြာတဲ့ 27 Dresses ရုပ်ရှင်ကားလေး ပြန်ကြည့်ဖြစ်တယ်…။ ရုပ်ရှင်ဆို အဲဒီလို ချစ်စရာကောင်းတဲ့ ဇာတ်ကားနုနုလေးတွေသာ ရွေးကြည့်တတ်တဲ့ကိုယ်က ကိုယ်ကြိုက်တဲ့ကားလေးတွေဆို အလွတ်တောင် ရနေတတ်တာ…။ မင်္ဂလာပွဲတွေကို ငယ်ငယ်ကတည်းက ချစ်တတ်တဲ့ ကောင်မလေး… သတို့ သမီးအရံ ၂၇ခါတောင် လုပ်ခဲ့တဲ့ ကောင်မလေးတယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့…။ ကိုယ်တို့ ဆီမှာတော့ အရံ၃ခါလုပ်ရင် လူပျိုကြီး အပျိုကြီးဖြစ်တတ်တယ်လို့  ပြောကြတာ ကြားဖူးတယ်…။ လူ့ ဘ၀ရဲ့ အကြည်နူးဆုံးအချိန်လို့  ပြောလို့ ရတဲ့ မင်္ဂလာပွဲလေးတွေကို ကိုယ်လဲ ချစ်တယ်…။ အလှဆုံးပြင်ထားတဲ့နတ်သမီးလေးလို သတို့ သမီးလေးတွေကလဲ ကြည့်လို့ မ၀…။ နတ်သမီးလေးဘေးကနေ နတ်သမီးမျက်တောင်တခတ်တောင် အလွတ်မပေးပဲ မြတ်မြတ်နိုးနိုးကြည့်နေတတ်တဲ့ သတို့ သားမျက်ဝန်းတွေလဲ အနူးညံ့ဆုံးအချိန်…။ သတို့ သမီးအရံလေးတွေကလဲ လန်းဆန်းလတ်ဆတ်ပြီး ချစ်စရာ…။ ရောင်စုံပန်းလေးတွေနဲ့ အခင်းအကျင်း… လာသမျှဧည့်သည်တွေကလဲ အရောင်အသွေးစုံ ထည်ထည်ဝါ၀ါ…။ ဘယ်လောက်များ ကြည်နူးစရာကောင်းတဲ့ အချိန်ကာလလေးလဲ…။ ဒါကြောင့် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ မင်္ဂလာဆောင်ဖိတ်ရင် ကိုယ်က သွားဖို့ အမြဲတက်ကြွနေတတ်တာ…။

အဲဒီလို မင်္ဂလာဆောင်လေးတွေချစ်တတ်တဲ့ ကိုယ့်ဘ၀မှာ မှတ်မှတ်ရရ တခါပဲ သတို့ သမီးအရံလုပ်ခဲ့ဖူးပါတယ်…။ မင်္ဂလာဆောင်မှာ ပန်းကြဲ၊ ဗန်းကိုင်၊ သတို့ သမီးအရံ အဲဒီလိုလုပ်ဖို့  လာကမ်းလှမ်းတိုင်း ကိုယ်အိမ်ထောင်ပြုမှာ ကြောက်တဲ့အဖေက ကိုယ်အားကျသွားမှာကြောက်လို့  အမြဲတမ်း ငြင်းလွှတ်တတ်ပါတယ်…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းလဲဖြစ် အဲဒီအချိန်ကိုယ်ကိုတိုင်လဲ ဘွဲ့ ရပြီး အဖေသိပ်စိတ်မပူတော့တဲ့အချိန်… ပြီးတော့ မိဘချင်းပါ ရင်းနှီးတော့ ပေါက် မင်္ဂလာဆောင်မှာ ကိုယ့်ကို အရံလုပ်ဖို့  အဖေခွင့်ပြုခဲ့ပါတယ်…။ အဖေ့ခွင့်ပြုချက်ရတော့ ပျော်လိုက်တာ…။ ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ အပျော်ရွင်ဆုံးပွဲမှာ ကိုယ်လဲ ပါဝင်ခွင့်ရတာမိုလား….။ နောက်တခုက ကိုယ်နဲ့ အတူ အရံလုပ်မှာကလဲ ကိုယ့်ချစ်သူငယ်ချင်းဆိုတော့ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲနော်…။ ကိုယ်နဲ့ အရံအတူလုပ်တာက နာမည်ကြီးblogger စုချစ်သူပါ…။ သတို့ သားအရံတွေကတော့ တယောက်က သတို့ သားရဲ့ ကျောင်းနေဖက် သူငယ်ချင်း နောင် နာမည်ကြီး blogger ပန်ဒိုရာရဲ့ ခင်ပွန်း ပန်ဒိုရီဖြစ်လာမယ့်သူဖြစ်ပြီး နောက်တယောက်ကတော့ သတို့ သမီးရဲ့မောင်လေးပါ…။

အဲဒီနေ့ က မိတ်ကပ်ပြင်ဖို့ အတွက် အစောကြီး မင်္ဂလာပွဲရှိရာသွားရပါတယ်…။ မိတ်ကပ်စိုးစိုးက သတို့ သမီးလေးကို ယမင်းရုပ်လေးနဲ့ တူအောင် ပြင်ပေးနေတုန်း ကိုယ်တို့ အရံ၂ယောက်ကိုလဲ သူ့ တပည့်တွေက ပြင်ပေးကြပါတယ်…။ သတို့ သမီးပေါက်က စိုးစိုးမိတ်ကပ်နဲ့ အရမ်းလိုက်ဖက်ပြီး သူ့ နဂိုအလှလေးက ပိုပြီးထင်းသွားတာ ဘွဲ့ ယူတုန်းကတည်းကပါ…။ ဘွဲ့ ယူတုန်းက မိတ်ကပ်လိမ်းတဲ့လူတွေနဲ့ လဲ အတွေ့ အကြုံက သိပ်မရှိ… အဲဒီခေတ်က ဟေမာ့မျက်နှာလှလှလေးကြောင့် စိုးစိုးနာမည်ကြီးနေတဲ့အချိန်လဲဖြစ်… ပြီးတော့ ပေါက်ကိုလိမ်းပေးတာလဲလှဆိုတော့ ကိုယ်လဲပေါက်နဲ့ အတူ စိုးစိုးနဲ့ ပြင်ခဲ့ဖူးပါတယ်…။ ဒါပေမယ့် ထွက်လာတဲ့ရုပ်ကိုကြည့်ပြီး နောက်ဘယ်တော့မှ စိုးစိုးနဲ့ မပြင်တော့ဘူးလို့  ဆုံးဖြတ်မိခဲ့ပါတယ်…။ ကိုယ့်မျက်နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်လို့ ပါ…။ ခုအရံမှာ စိုးစိုးနဲ့ ပြန်တွေ့ ရမယ်ဆိုတော့ နဲနဲတော့ စိုးရိမ်မိပါတယ်…။ ဒါပေမယ့် စိုးစိုးက အရံတွေကို အဓိကမလိမ်းပဲ သူ့ တပည့်တွေလိမ်းတာမို့ ကိုယ့်ရုပ်က စိုးရိမ်သလောက်မဟုတ်ပဲ ကြည့်ပျော်ရှုပျော်ရှိသွားလို့ တော်သေးရဲ့လို့ ဟင်းချနိုင်ပါတယ်…။ သတို့ သမီးဝတ်တဲ့ သခွါးမသီးနဲ့ ပုဇွန်ဆီရောင်လေးကြားက အရောင်နဲ့ လိုက်ဖက်အောင် ကိုယ်တို့ အရံ ၂ယောက်အတွက် ရွှေအိုရောင်ဝမ်းဆက်လေးတွေ ဆင်ပေးပါတယ်…။ ၂ယောက်လုံးကို ဆံထုံးမြင့်မြင့်လေးတွေ ထုံးပေးပြီး သစ်ခွပန်းလေးတွေ ဝေနေအောင် ပန်လိုက်တော့ ဆင်တူဖြစ်နေတဲ့ ကိုယ်တို့ အရံ၂ယောက် သင်္ကြန်ယိမ်းတောင် ကချင်သွားပါတယ်…။ စိုးစိုးရဲ့ အနုပညာလက် ခပ်သွက်သွက်နဲ့  ပြင်ဆင်အပြီးမှာ ကိုယ်တို့ ရဲ့ သတို့ သမီးလေးက နတ်မိမယ်လေးလား ထင်ရောင်မှားအောင် အလှဆုံးဖြစ်လို့ နေတော့တယ်…။ နဂိုက အရပ်ခပ်မြင့်မြင့်နဲ့  ကိုယ်လုံးကိုယ်ပေါက်လှလှလေးကလဲ သတို့ သမီး ၀တ်စုံလေးနဲ့  အရမ်းကို လိုက်ဖက်ပြီး ပြီးပြည့်စုံအောင် လှနေတာမို့  ခေါင်းပေါင်းစတထောင်ထောင်နဲ့ သတို့ သားက ကြည့်မ၀ဖြစ်လို့ နေပါတယ်…။

အထက်မှာပြောခဲ့သလို အရံဆိုတခါမှ မလုပ်ဖူးတဲ့ ကိုယ့်အတွက်တော့ ရွှေအိုရောင် ခပ်တောင့်တောင့် ၀တ်စုံကြားမှာ ယားကျိကျိခံစားရသလို… ဒီလောက်လူအများကြီးကြည့်နေကျတဲ့ပွဲမှာ အမှားအယွင်း တခုခုဖြစ်မှာလဲ စိုးရိမ်စိတ်နဲ့  ကိုယ့်မျက်နှာက တကယ့်မအီမသာဖြစ်နေမှာ သေချာပါတယ်…။ လက်ဝတ်ရတနာ သိပ်ဝါသနာမပါတဲ့ ကိုယ့်အတွက် အမေ့ဆီက ငှားဝတ်လာတဲ့ လက်ဝတ်ရတနာတွေကလဲ ကျများပျောက်သွားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်ကတဘက်…။ မဖြစ်သေးပါဘူး…။ အဲဒီစိတ်တွေမေ့… သတို့ သမီးလေးနောက်က ခပ်ပြုံးပြုံးလေးလိုက်လို့  ကိုယ့်ကိုကိုယ် သတိပေးရပါတယ်…။ ပွဲထွက်ခါနီး ကိုယ်တို့ သူငယ်ချင်း သတို့ သမီးအသစ်စက်စက်လေးက အခမ်းအနားမှူးကို “အန်ကယ်… လက်ကိုင်ရမှာလား” လို့  ထ မေးလိုက်တော့ အားလုံး စိတ်လက်ပေါ့ပါးပြီး ရယ်မောနိုင်ကြပါတယ်…။ သတို့ သားအရံပန်ဒိုရီက သတို့ သားကို “ညံ့ပါ့ကွာ” လို့ ကောင်းချီးပေးတော့ ကိုယ်တွေ့ တွေ ပွဲတက်ဝတ်စုံလေးလေးတွေကြားမှာ တဟားဟားရယ်ဖြစ်ကြပါတယ်…။

အခါတော်ပေးတဲ့အခါ ရှေ့ ကခပ်ရွရွလေးလှမ်းနေတဲ့ ချစ်စရာသတို့ သမီးလေး သူငယ်ချင်းပေါက်ကို နှမျောပြီး မျက်ရည်က ၀ဲချင်တင်တင်ဖြစ်နေတုန်း… ကိုယ်တို့ အရံ၂ယောက်ကို ပြုံးဖြီးဖြီးကြီးတွေ ကြည့်နေကြတဲ့ အတန်းထဲက သူငယ်ချင်းတွေအတွေ့  ခွီးကနဲမရယ်မိအောင် သတိထားရပါတယ်…။ သူတို့ ရုပ်ကြီးတွေကြောင့် ငါ့ဆံထုံးများစောင်းနေသလား… ဒါမှမဟုတ် အမြဲမျက်ခုံးမရိတ်တတ်တဲ့ကိုယ့်ကို ခုနက နဲနဲလေးအဖျားလေးကြည့်ကောင်းအောင် ရိတ်လိုက်မယ်နော်ဆိုတဲ့ မာမီ့လက်ချက်ကြောင့် မျက်ခုံးမွှေးများစောင်းနေသလား… ကိုယ့်ကြောကိုယ်မလုံဖြစ်ရပါတယ်… ကိုယ့်သူငယ်ချင်းစုချစ်လဲ ကိုယ့်လို ခံစားရမယ်ဆိုတာ မပြောလဲသိနေတယ်လေ…။ စင်ပေါ်ရောက်တော့မှ သူငယ်ချင်းစုချစ် နံဘေးထိုင်ရင်း နဲနဲစိတ်သက်သာရာရပါတယ်…။ အမြဲတတွတ်တွက်ပြောနေကျ သူငယ်ချင်းတွေမို့  စင်ပေါ်မှာ ငြိမ်ငြိမ်တောင့်တောင့်လေး ထိုင်ပြီး ပြောချင်တဲ့စကားမှန်သမျှ အောင့်ထားရပါတယ်…။

မင်္ဂလာစကားပြော… မင်္ဂလာပန်းကုံးစွတ်… ကိတ်မုန့် လေးတွေ အပြန်အလှန်ကျွေးနဲ့ … သတို့ သားနဲ့ သတို့ သမီးတို့ ရဲ့ လှုပ်ရှားမှုလေးတွေကို စင်ပေါ်က မြင်ရတွေ့ ရတာမို့ … ဒါအရံလုပ်ရခြင်းရဲ့ တပန်းသာမှုလို့  ကိုယ့်ကိုကိုယ်ကျေနပ်နေတုန်း ပြဿနာက စပါတော့တယ်…။ ကိုယ့်လက်ချောင်းလေးတွေ ကိုယ်ပြန်ကြည့်နေမိတုန်း အမေ့ဆီက ငှားလာတဲ့ လက်စွပ်ဆီ အကြည့်အရောက်မှာ မျက်လုံးတွေပြာသွားပါတယ်…။ ဘုရားရေ… အမေ့လက်စွပ်က စိန်တလုံး ဘယ်နားပြုတ်ခဲ့ပါလိမ့်…။ ခုနက လျှောက်လာတဲ့ လျှောက်လမ်းပေါ်မှာလား… ဒါမှမဟုတ် အလှပြင်ကတည်းကလား… ။ လူက သိပ်မငြိမ်တော့ပဲ ကိုယ့်လုံချည်ကို အသာပွတ်ပြီး ရှာမိတယ်…။ စင်ပေါ်မှာ မသိမသာ ဟိုကြည့်ဒီကြည့်ပေါ့…။ တကယ်တော့ လက်စွပ်က စိန်သေးသေးလေးတွေစီပြီး ဘဲဥပုံအ၀ိုင်းလုပ်ထားတာပါ…။ အဲဒီစိန်သေးသေးလေးတလုံး ကျပျောက်တာ ဘယ်လိုရှာလို့ လွယ်ပါ့မလဲ…။ စိတ်လျော့လျော့… ကိုယ့်စိတ်ကို အားပေးနေရင်း… မဖြစ်ဘူး… ရှာကိုရှာရမယ်.. နိုမို့ အမေဆူမှာပေါ့… တဘက်က စိတ်က တမျိုးပေါ်လာပြန်…။ ငါ့နဲ့ ဒါကြောင့် အဲဒီလက်ဝတ်လက်စားတွေ မုန်းတာပေါ့… လှတာကနဲနဲ ရှုပ်တာကများများ… လွတ်လွတ်လပ်လပ်ကိုမရှိဘူး…။ အတွေးတွေနဲ့ ယောက်ယပ်ခပ်နေတုန်း စင်ပေါ်က ဆင်းရပါတယ်…။ သတို့ သမီးသတို့ သားတို့ ဧည့်သည်တွေ တ၀ိုင်းချင်းနှုတ်ဆက်နေတုန်း ကိုယ့်မျက်လုံးတွေက စိန်မွစိနောက်တောက်ကို ကျီးကန်းတောက်မှောက်ရှာနေမိတယ်…။

အဲဒီနောက်လှုပ်ရှားမှုတွေက ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို မသိတော့အောင် လက်စွပ်က ကိုယ့်ကို ဒုက္ခအတော်ပေးပါတယ်…။ သတို့ သားသတို့ သမီးနဲ့ ဓာတ်ပုံတွေရိုက်… သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်.. ကိုယ့်တို့ အရံ၂ယောက်ကို လှောင်နေကြတဲ့သူငယ်ချင်းတွေတောင် သိပ်ရန်ပြန်မထောင်နိုင်…။ နောက်ဆုံးဧည့်သည်ကုန်မှ ရှာရပါတော့တယ်…။ အဲဒီစိန်မွစိလေးကို ပြန်တွေ့ နိုင်ဖို့ ဆိုတာ အတော်ခက်ခဲမှာ သိရက်နဲ့  ချစ်သူငယ်ချင်းစုချစ်နဲ့ သတို့ သားအရံ၂ယောက်ပါ ၀ိုင်းရှာပေးကြပါတယ်…။ ပေါက်အန်တီတချို့ လဲ ၀ိုင်းရှာကြတယ်…။ တွေ့ မယ်လို့ မထင်တော့ … စိတ်လျော့လိုက်ရပါတယ်…။ ကိုယ်အဖြစ်ကို ချစ်သူငယ်ချင်းပေါက်ကတော့ သိရှာမှာမဟုတ်…။ ပေါက်တို့ အိမ်လိုက်… ဆွေမျိုးတွေနဲ့ အတူ ရွှေကြိုးတားနဲ့  သူငယ်ချင်းပေါက်အပျော်တွေပါကူးစက်ပြီး လက်စွပ်ကိစ္စလုံးလုံးကြီး မေ့သွားပါတော့တယ်…။

အိမ်ရောက်တော့ စိန်တလုံးဟောင်းလောင်းနဲ့  အမေ့လက်စွပ်ပြန်ပေးရင်း ဖြစ်ကြောင်းရယ် ကုန်စင်ပြောပြတော့ အမေက အတော်စိတ်မကောင်းဖြစ်သွားပါတယ်…။ သမီးရယ်.. အဲဒီစိန်သေးသေးလေးက ဘယ်လောက်မှ တန်ဖိုးမရှိပါဘူး… ငါ့သမီးမယ် တော်တော် စိတ်ပင်ပန်းသွားတာပဲ ဆိုမှ ဟင်းချနိုင်ပါတော့တယ်… အော်… ငါ့နဲ့  လက်ဝတ်ရတနာတွေနဲ့  ဝေးပုံများ တုံးပုံများလို့ ကိုယ့်ကိုကိုယ် တွေးမိပါတယ်…။ အရံလေးရှားရှားပါးပါး တခါလုပ်ပါတယ်… စိန်တလုံးနဲ့ ပြည့်ပြည့်၀၀ မပျော်နိုင်တာ တွေးမိတိုင်း ပြုံးမိပါတယ်…။

ဘာပဲဖြစ်ဖြစ် ဘ၀မှာ တခါပဲ သတို့ သမီးအရံလုပ်ဖြစ်တဲ့ အဲဒီအချိန်လေးကတော့ မှတ်မှတ်ရရပါပဲ…။ သူများမင်္ဂလာဆောင်တွေမှာ လွတ်လပ်ပေါ့ပါးတဲ့ အရံချောချောလေးတွေတွေ့ တိုင်း ရွှေရောင်ဝတ်စုံနဲ့  မအူမလယ် ကိုယ့်ပုံရိပ်ကို ပြန်မြင်ယောင်မိပါတယ်…။ အနောက်တိုင်းစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်… အိန္ဒိယစတိုင် မင်္ဂလာဆောင်ကိုပြေးလိုက်နဲ့  မင်္ဂလာဆောင် ၂ခုကြား ဗျာများနေပေမယ့် အောင်အောင်မြင်မြင်လှလှပပလေး အရံလုပ်ပေးသွားတဲ့ 27 dresses ထဲက မင်းသမီးလေးလို အရံတွေ အခါခါလုပ်ရရင် ဘယ်လိုများနေမလဲလို့  တွေးမိရင်းပြုံးမိပါတော့တယ်…။ စာဖတ်သူတို့ ရော လူပျိုရံ အပျိုရံ ဘယ်နှစ်ခါလုပ်ဖူးကြသလဲဟင်…။

တန်ခူး

9:40pm 27-Jan-2014

6 comments:

ဆုမြတ်မိုး said...

တစ်ခါမှမလုပ်ဖူးသေးဘူးအမ.... သူငယ်ချင်းတွေက ခုမှမင်္ဂလာဆောင်ကြမယ့်အချိန်ရောက်တာကြောင့်ရယ်..နောက်တစ်ခုက ဆုမြတ်အရံလုပ်ရင်သတို့သမီးမှိန်သွားမှာစိုးတာကြောင့်ရယ်...ခစ်ခစ်..(ဒါကနောက်တာပါ..)
တစ်ခါလောက်တော့အရံလုပ်ကြည့်ချင်ပါသေးတယ် :P

စုချစ် said...

တိုက်တိုက်ဆိုင်ဆိုင်ပဲ... ပန်ပန်က အဲ့ဓါတ်ပုံတွေပို့ထားတာ သိပ်မကြာသေးဘူး... :)

ဇွန်မိုးစက် said...

ဇွန် တစ်ခါမှ အရံမလုပ်ဖူးဘူး အစ်မ။ မင်္ဂလာဆောင်ကို ဧည့်သည်အနေနဲ့ပဲ တက်ဖူးတာ။ တစ်ခါလောက်တော့ လုပ်ကြည့်ချင်တဲ့ ဆန္ဒရှိပေမယ့် ခုချိန်မှာ သူငယ်ချင်းတော်တော်များများကလည်း မင်္ဂလာဆောင်ပြီးပြီ၊ ကျန်နေတဲ့ သူငယ်ချင်းတွေထဲကလည်း အပျိုကြီးလုပ်မယ့်သူတွေဆိုတော့... မျှော်လင့်ချက် သိပ်မရှိဘူးရယ်။ :D

Kay Thwel said...

သတို့သမီးက..ဟို အရပ်ရှည်ရှည် ဘလော့ဂါ အမကြီး မဟုတ်ဘူးလား။ ဖတ်ရင်း ကျန်တဲ့ ဇာတ်လိုက်တွေနဲ့ အကုန်ဟပ်နေလို့..။ ကွက်ရှင်းတွေ ကျန်ခဲ့...????

နောင်ဂျိန် said...

တခါမှလုပ်ဖူးဘူး...။ လှမှမလှတာကိုးးး ပီးတော့ မိဘမစုံဘူး..သမီးလေးအလှည့်ကျရင်တော့ လုပ်ကြည့်စေချင်တယ်..



မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ပြီး အစက ပြုံးမိတယ်။ နောက် စိန်လေးတစ်ပွင့်ပျောက်သွားတော့ တန်ခူးနဲ့အတူ ရင်မောမိတယ်။ မြတ်လည်း အလှူတစ်ခုမှာ အဲလိုလေး ပျောက်သွားတဲ့အကြောင်းကို ဝတ္ထုရေးထားတယ်။ ဘလော့မှာ မတင်ဖြစ်သေးတာ။ :) တန်ခူးပြောထားတဲ့ ဇာတ်ကားလေးကိုတော့ လာမယ့် ပိတ်ရက်မှာ ကြည့်လိုက်ဦးမယ်။

ခင်တဲ့
မြတ်