Friday, March 27, 2009

ဝါသနာလေးများ

ခုတလော အိမ်မှာရော ရုံးမှာပါ အလုပ်အရမ်းများနေလို့  မောင်လေးမောင်မျိုးတက်ဂ်ထားတဲ့ ၀ါသနာလေးများကို ခုမှပဲ ရေးဖြစ်ပါတော့တယ်။ နောက်ကျသွားတာ ခွင့်လွှတ်ပါ မောင်မျိုးရေ။ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ။

**********

ဝါသနာတွေက အများသားဆိုတော့ ကိုယ့်ဘာသာ ခေါင်းစဉ်လေးတွေ ခွဲပြီး ဒီလို ချရေးကြည့်မိတယ်။

အသက်မွေးဝမ်းကျောင်း

အဖေနဲ့ အမေက ဆရာ၊ဆရာမ ဖြစ်ခဲ့ဘူးလို့ လား မသိ။ ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ဆရာမ။ ဖြစ်လာတော့ အင်ဂျင်နီယာ။ လုပ်နေတာက ကွန်ပြူတာ။ ကျောင်းတုန်းက အထိ စိတ်ကမလျော့သေးဘူး။ ကျောင်းပြီးရင် ကျောင်းမှာ ဆရာမ ပြန်လုပ်မယ်ပေါ့။ ဒါပေမယ့်…။ ခုလဲ စိတ်မလျော့သေးပါဘူး။ သားရဲ့ ဆရာမလေ။

အနုပညာ

မြန်မာအကကို အရမ်းဝါသနာပါတာ။ ငယ်ကတော့ အမေ့ကို မြန်မာအက သင်ပေးဖို့  ခဏခဏ ပူဆာဖူးတယ်။ အမေက အားမပေးဘူးလေ။ အဖေက မကြိုက်လို့ ။ သူများတွေ TV မှာ က တာတွေ့ ရင် သိပ်အားကျတာ။ ဘယ်သူမှ မသင်ပေးတော့ ကိုယ့်ဘာသာ ကြိတ်လေ့ကျင့်တာ။ သင်္ကြန်အကလောက်တော့ ရတယ်။ သမီးလေးမွေးရင် မြန်မာအကကို စနစ်တကျ အကဆရာမနဲ့  သင်ပေးမယ်လို့  စိတ်ကူးထားတာ။ မွေးလာတော့ သားလေး။

စာရေးဝါသနာပါတာတော့ မပြောတော့ဘူးနော်။ အရင်ကတော့ စာမူလေးတွေပိုက်ပြီး တတိုက်ဝင် တတိုက်ထွက်။ လကုန်ရင် ကိုယ့်စာလေးများ ပါမလားလို့ မျှော်လင့်။ မပါရင်မျှော်။ ပါလာရင်ပျော်။ ခုတော့ ဘလော့ဂ်ကြီးရှိနေတော့။ ရေးစမ်းပါလေ့နော်။

အားကစား

ငယ်တုန်းက ကစားသန်သလောက် ကြီးတော့ အပျင်းကြီးသွားတယ်။ အပြေးကတော့ ၀ါသနာပါဆုံး အားကစား။ အပြေးလဲသန်တယ်။ ငယ်တုန်းကပါ။ ခုတော့ နဲနဲလေး လမ်းသုတ်သုတ်လျှောက်ရင်တောင် ဟောဟဲနေပြီ။ ငယ်တုန်းက လွတ်လပ်ရေးနေ့  အပြေးပြိုင်ပွဲဆို ဆုချိတ်နေကျ။

အလှအပ

အကျီင်္လေးတွေ ဖက်ရှင်ထွင်တာ ၀ါသနာ အရမ်းပါတယ်။ ဒီဇိုင်နာ သိပ်ဖြစ်ချင်တာ။ ကိုယ့်ဘာသာတော့ သိပ်အချိုးကျအောင် မ၀တ်တတ်ပေမယ့် သူများကို ပုံဆန်းလေးတွေ ထွင်ပေးချင်တယ်။ ငယ်တုန်းကတော့ အရုပ်မလေးတွေ ၀တ်စုံမှာ ကိုယ်က ဒီဇိုင်နာပေါ့။ ကြီးလာတော့ ညီမလေးရဲ့ ဒီဇိုင်နာ။ ခုထိ အိမ်ပြန်ရင် သူ့ ချူပ်ဖို့  အကျီင်္ပုံလေးတွေ ဆွဲပေးနေရတုန်း။ တခါတလေ သူ့ သူငယ်ချင်းတွေပါ အဆစ်ပါတယ်။ မြန်မာအင်္ကျီရင်ဖုံးဆန်းလေးတွေ ထွင်ရတာ အပျော်ဆုံးပဲ။

နားဆွဲလှလှလေးတွေ စုရတာလဲ ၀ါသနာပါတယ်။ ကိုယ့်မှာ နားပေါက်တော့ မရှိဘူး။ ကပ်နားကပ်ခေါင်းလေးတွေ ၀ယ်ပြီး ပြောင်းတတ်တာ။ တတ်နည်းသိချင်ရင် ပို့ စ်အနေနဲ့  တင်ပေးမယ်နော်။

အိမ်တွင်းမှု

ဇာထိုး၊ ပန်းထိုး ၀ါသနာပါတယ်။ အရင်က ပန်းထိုး၊ သိုးမွှေးထိုး၊ တက်တင်းထိုး အကုန်လုပ်တယ်။ ခုတော့ မျက်စိပျက်မှာ ကြောက်လို့  သိပ်မလုပ်ဖြစ်ဖူး။

ငယ်က ၀ါသနာမပါခဲ့တဲ့ ပန်းပင်စိုက်တာ ခုတော်တော် ၀ါသနာပါလာတယ်။ စိတ်ကို အတော်ကြည်နူးမှုပေးနိုင်တဲ့ ၀ါသနာပါ။

အပန်းဖြေ၀ါသနာ

ခရီးသွားရတာ တမိသားစုလုံး ၀ါသနာပါတယ်။ မြန်မာပြည်ကြီးမှာတုန်းက ဘယ်လောက်သွားသွား မနှံ့ ဘူး။ သွားပြီးရင်း သွားချင်ရင်း။ အဲဒီလိုလူမှ ကျွန်းသေးသေးလေးပေါ် ရောက်နေတာ။ တခါလာလဲ sentosa၊ တခါလာလဲ shopping centre။ မလေးရှားဗီဇာလျှောက်ဦးမယ်။ သွားစရာဆိုလို့  မလေးရှားပဲ ရှိတာကို။ လေယာဉ်မူးတတ်တော့ လေယာဉ်အရှည်ကြီးစီးရမယ့် ခရီးဆိုကြောက်တယ်။ ပိုက်ဆံလဲ နဲနေတာ ပါပါတယ်။

ဆက်တက်ဂ်ချင်သူများကတော့

၁) မမသိဂီၤ
၂) မမသီတာ
၃) သူငယ်ချင်းသက်ဝေ
၎) ညီမလေးပေါက်
၅) ညီမလေးနုစံ

တို့ ဖြစ်ပါတယ်။ ရေးပေးနော်။ မျှော်နေမယ်။

တန်ခူး
4:00pm 27-Mar-2009

Monday, March 23, 2009

ပန်းပျိုးလက်

ညှောင်နာနာ စံပယ်ပင်လေးကို ကြည့်ပြီး တအိမ်လုံးမေမေ့ကို ၀ိုင်းပြောကြတယ်။ ရှင်မှာ မဟုတ်ပါဘူး၊ မေမေ့အပင်လေးက မနက်ဖြန်တောင်ခံပါ့မလား၊ အရွက်တွေ အတော်တောင် ခြောက်နေပြီ… စုံနေအောင် ၀ိုင်းပြောတော့ မေမေက ကြည့်နေ ရှင်အောင်စိုက်ပြမယ်လို့  ယုံကြည်ချက် အပြည့်နဲ့ ပြောတယ်။ ပထမတော့ မေမေ့စံပယ်ပင်လေး အသက်ငွေ့ ငွေ့ နဲ့ ။ မကျန်းမာ။ ကျွန်မတို့  တအိမ်လုံးကလဲ စိတ်ဝင်တစားစောင့်ကြည့်လို့ ။ မေမေကတော့ ရေလောင်းမပျက်၊ ပေါင်းသင်မပျက်၊ မြေဆွမပျက်။ ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲဆို အဲဒီနှစ် စံပယ်ပွင့်ချိန်မှာ အဲဒီညှောင်နာနာကနေ ကျန်းမာသန်စွမ်းသွားတဲ့ စံပယ်ပင်လေးက စံပယ်တွေ လှိုင်နေအောင် ပွင့်ခဲ့တာ။ ခုဆို ကျွန်မတို့  ခြံထောင့်မှာ စံပယ်ရုံကြီး အကြီးကြီး ဖြစ်နေပေါ့။ စံပယ်ပွင့်ချိန်ဆို ဘုရားကို အများကြီးကပ်လို့  ရတဲ့အပြင် တအိမ်လုံးက မိန်းခလေးတွေခေါင်းမှာ ဝေနေအောင်ပန်… အိမ်နီးနားချင်း ၄ ၅အိမ်အထိ ဝေလို့  ရပါသေးတယ်။ ကျောင်းတက်တုန်းက စံပယ်နံ့ သင်းတဲ့ စံပယ်ရုံအောက်က တန်းလျားလေးပေါ်ထိုင်ပြီး စာကျက်ရတာ စိတ်တွေကြည်ပြီး ပိုရလွယ်သလိုပဲ။ အဲဒီက စလို့  မေမေရဲ့ ပန်းပျိုးလက်ကို အံ့သြမိခဲ့ပါတယ်။

***********

ကျွန်မ မေမေရှိတဲ့ကျောင်းကို စပြောင်းတဲ့ နှစ်မှာ နောက်ထပ် ပန်းလေးတအိုး မေမေပျိုးခဲ့တယ်။ အဲဒီပန်းလေးနာမည်က စန်းစန်းဦးတဲ့။ သူ့ မျက်လုံးတွေက သူ့ ကျောင်းစိမ်းလုံချည်လေးလို အရောင်ခပ်ဖျော့ဖျော့။ သနပ်ခါးမရှိတဲ့ သူ့ မျက်နှာလေးက အမြဲပင်ပန်းနွမ်းရိလို့ ။ သူငယ်ချင်း မရှိတဲ့ သူ့ ကို အစက ကျွန်မလို ကျောင်းသူအသစ်လို့  ထင်ခဲ့သေးတာ။ ကျွန်မပြုံးပြရင် တခါတခါမှ ပြန်ပြုံးပြတတ်တဲ့သူက မေမေ့စာသင်ချိန်တွေဆို အမြဲပြုံးပြီး နားထောင်တတ်တယ်တဲ့။ ပထမတော့ မေမေက တခြားစိတ်ရောက်လို့  ပြုံးနေတယ် ထင်ခဲ့တာ။ နောက်ပိုင်း သူ့ ပုံစံလေးကို စိတ်ဝင်စားပြီး မေမေက ပန်းအိုးလေးလို ပျိုးထောင်ခဲ့တယ်။ ကျွန်မတို့  ကျောင်းရှေ့ မှာ ရာသီပေါ်သီးနှံတွေ အထမ်းနဲ့ ရောင်းတဲ့ ဦးလေးကြီး သမီးဟာ စန်းစန်းဦးဖြစ်နေခဲ့တယ်ဆိုတာ မေမေပြောမှ သိခဲ့ရတယ်။ သူ့ မေမေက အိမ်ကထွက်သွားကတည်းက သူ့ ဖေဖေက သားသမီး ၃ ယောက်ကို ပင်ပင်ပန်းပန်း လုပ်ကျွေးရှာရတယ်တဲ့။ ဘ၀ဟာ ငွေပါပဲလို့  အထင်ရောက် အားငယ်နေတဲ့ စန်းစန်းဦးရဲ့ မှုန်ဝါးနေတဲ့လမ်းကို ကျွန်မမေမေက အလင်းရောင်ပေးခဲ့တယ်။ ယုံကြည်ချက်တွေ ပါးလျနေတဲ့ စန်းစန်းဦးမျက်လုံးတွေ နှစ်ဝက်လောက်မှာ အရောင်ပြောင်းလာတယ်။ လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံပြီး သွက်လက်တဲ့ အပြုံးတွေ ပြုံးတတ်လာတယ်။ အဲဒီနှစ်က ကျွန်မတို့ အတန်းထဲမှာ ပထ၀ီအမှတ်အများဆုံးက ဘယ်သူလို့ ထင်သလဲ။ ကျွန်မမေမေရဲ့ ပန်းကလေး စန်းစန်းဦးပါပဲ။ အဲဒီကစလို့  နှလုံးသားရှိတဲ့ ပန်းပွင့်လေးတွေကို ပျိုးထောင်တတ်တဲ့ မေမေ့ပန်းပျိုးလက်ကို နှစ်သက်အားကျမိခဲ့ပါတယ်။

***********

အဖေမကြိုက်တဲ့ ယောင်္ကျားလေးပေါတဲ့ RITမှာ တက်ရတဲ့ ပထမနှစ်တနှစ်လုံးက အတော်စိတ်လေခဲ့တယ်။ အဖေက ဦးလူပေါဂိတ်ကနေ ကျောင်းထဲကို ကားဝင်ကွေ့ လိုက်တာနဲ့  ဆူတာ နေ့ တိုင်းနီးပါး။ ဒီကျောင်းကြီးမြင်တိုင်း အဖေက ဒေါသထွက်။ ကြာလာတော့ ကျောင်းတောင် ဆက်မတက်ချင်တော့တဲ့ အထိ။ ခဏခဏငိုခဲ့ရတဲ့ နေ့ တွေပေါ့။ ပထမနှစ်မှာ စိတ်တွေလေတော့ အမှတ်မကောင်း။ အဖေက တိုးလို့ ဆူ။ အဖေနဲ့ ကျွန်မကြား ပဋိပက္ခတွေ အတော်များခဲ့တဲ့ အချိန်ပေါ့။ ဘာမေဂျာရရ အကြောင်းမထူးပါဘူးဆို စိတ်တွေ အောက်ဆုံးထိ လျော့ချထားတာ။ စိတ်ရော လူရောကို ဆွဲတင်ခဲ့တာကတော့ ကျွန်မရဲ့ မွေးသမိခင်၊ ကျွန်မရဲ့ဆရာမ ကျွန်မမေမေပါ။ သူပြောခဲ့တဲ့ ရိုးလွန်းတဲ့ စကားလေးတခွန်းကို ယနေ့ ထက်ထိ မမေ့မလျော့ လိုက်နာနေဆဲပါ။ ဘယ်နေရာရောက်ရောက် ထူးချွန်အောင် ကြိုးစားရင် ကိုယ့်ကြိုးစားမှုက ကိုယ့်ကို ပြန်အကျိုးပြုမှာပဲတဲ့။ မယုံရင် ဒုတိယနှစ်မှာ ကြိုးစားပြလိုက် အနားမှာရှိနေတဲ့ ဖေဖေ ဘယ်လိုပြောင်းလဲသွားမလဲ စမ်းကြည့်ရအောင်တဲ့။ လေနေတဲ့စိတ်တွေကို စာထဲနှစ်ပြီး ကြိုးစားခဲ့တာ အမှတ်အကောင်းဆုံး မေဂျာကို ရခဲ့ပါတယ်။ ကျွန်မဘာလိုင်းရရ ၆နှစ်လုံးလုံး ဆူနေမယ်လို့  ကျွန်မထင်ခဲ့တဲ့ ဖေဖေက ကျွန်မအောင်မြင်မှုအတွက် ကျေနပ်နေခဲ့ပါတယ်။ အဲဒီကစလို့  RITကို စိတ်ချမ်းချမ်းသာသာနဲ့  တက်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်မက မေမေ့ပန်းပျိုးလက်ကလေးရဲ့ ဂရုစိုက်မှု၊ ပျိုးထောင်မှုကို အမြဲမပြတ်ခံရတဲ့ ကံကောင်းလွန်းတဲ့ မေမေ့ရင်သွေးပန်းကလေး မဟုတ်ပါလား။

(ချစ်တဲ့မေမေရဲ့ March 22 မှာ ကျရောက်တဲ့ မွေးနေ့ အတွက် ဒီပို့ စ်လေးနဲ့ ကန်တော့ပါတယ်)

တန်ခူး
5:24pm 23-Mar-2009

Friday, March 20, 2009

နွေဦးကံ့ကော်

ဒီမှာ ကံ့ကော်တွေ ပွင့်ပြန်ပေါ့…တပင်လုံးခဲနေအောင် ပွင့်တဲ့ ကံ့ကော်လေးတွေကြည့်ပြီး ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော် သီချင်းလေးကို သတိရသွားမိတယ်… မနှစ်က ရိုက်ထားတဲ့ ပုံလေးတွေနဲ့  ကိုယ့်ဘာသာ စမ်းကြည့်ထားတာလေး ခံစားကြည့်ပါဦး…

video

တန်ခူး
10:24pm 20-Mar-2009

Tuesday, March 17, 2009

ငယ်ငယ်ကနွေ

ညီမလေးပေါက်က သူ့ သမီးချောလေးအကြောင်းရေးတဲ့ပို့ စ်လေးမှာ ငယ်ငယ်က နွေရာသီကျောင်းပိတ်ရင် ဘယ်လို အချိန်ကုန်သလဲတဲ့။ ပေါက်ဆီမှာ ကော်မန့် ဝင်ရေးရင်း နွေကျောင်းပိတ်ရက်အကြောင်းလေး ပို့ စ် တခုရေးဦးမယ်လို့  စိတ်ကူးပေါက်သွားပါတယ်။

ဘာကြောင့်မှန်းမသိ။ ငယ်ကတည်းက နွေရောက်ရင် ပျော်တယ်။ ကျောင်းပိတ်တာ တခုထဲကြောင့်တော့ မဟုတ်။ ကဗျာဆန်ဆန် ပြောရရင်တော့ နွေလေရူးလေးကိုလဲချစ်တယ်၊ ပရစ်ဖူးလေးတွေလဲချစ်တယ်။ နွေမှာပဲ မွေးလို့  နွေကိုပဲ သိပ်သံယောဇဉ်ကြီးနေမိလားမသိ။ ပူပူလောင်လောင် ရာသီဥတုကြီးတောင် နှစ်သက်မိနေတော့တာ။ နွေမှာ ပွင့်တဲ့ပန်းလေးတွေ ဆိုလဲ အရမ်းကြိုက်။ ဒီမှာ ငု၊ပိတောက်၊ ကံ့ကော်တွေ ပွင့်တာတွေ့ ရင် အိမ်သိပ်ပြန်ချင်တာပဲ။ မိုးစိုစိုစွတ်စွတ်ကြီးနဲ့  နွေပန်းတွေပွင့်နေတဲ့ ဒီနိုင်ငံမှာ နွေမှ မပီပြင်ပဲ။

ငယ်က ဒီနေ့  စာမေးပွဲပြီးလို့  ကျောင်းပိတ်တာနဲ့  အဲဒီညနေကစ ဆော့တော့တာပဲ။ ဆော့လွန်းလို့  ဦးလေးတွေတင်နင်းတဲ့ စက်ဘီးကြားထဲ ခြေထောက်ညပ်ခဲ့တာလဲ ဒီနွေမှာပဲ။ သစ်ပင်ပေါ်တက် တလုံမကျည်းသီးခူးလို့  အဆင်း ခွေးကိုက်ခံရတာလဲ ဒီနွေမှာပဲ။ ၆နှစ်သမီးနဲ့  အဖော်ကောင်းလို့  မုန့် ဖိုးရတဲ့ တမတ်နဲ့  ပထမဆုံးရုပ်ရှင်ခိုးကြည့်ခဲ့လို့  အဖိုးရဲ့ ချယ်ရီသား ဒုတ်ကောက်စာစားခဲ့ရတာလဲ ဒီနွေမှာပဲ။ ကြက်တောင်အရိုက်ကောင်းလို့  အောက်က ခွေးကိုမမြင် ချော်လဲပြီး လက်ကျိုးခဲ့တာလဲ ဒီနွေမှာပဲ။ ဟဲဟဲ… ဒီလောက်ဆို ဘယ်လောက် အဆော့သန်လဲ ဆိုတာ ရိပ်မိလောက်ပါပြီ။

မနက်မိုးလင်းက မိုးချုပ် ကစားနည်းပေါင်းစုံနဲ့  ကစားခဲ့တာ ထမင်းတောင် ခပ်မေ့မေ့။ သေချာမ၀ါးပဲ ထမင်းမြန်မြန်ကုန်မှ ဆက်ကစားရမှာမို့  မြန်မြန်စားခဲ့တာ။ ရေဆိုလဲ ပြီးစလွယ်ချိုး။ မနက်နေအေးချိန် အဖော်တွေ မနိုးသေးရင် အိမ်ခေါင်မိုးပေါ်တက် တယောက်ထဲ စာသင်တိုင်းကစားပါတယ်။ ကားဂိုဒေါင်အထက်က ခေါင်မိုးက အပြန့် ဖြစ်ပြီး အိမ်မကြီးထပ်ခိုးက အပေါက်လေးက ထွက်လိုက်ရင် ခေါင်မိုးပေါ်တန်းရောက်တာမို့  ကစားလို့ သိပ်ကောင်းတဲ့ နေရာပါ။ အိမ်မကြီးနံရံက ကျောက်သင်ပုန်းဖြစ်၊ သရက်ဖူးတွေက တပည့်။ စာမရကောင်းလားဆို သရက်ဖူးတွေ ကြိမ်လုံးနဲ့  ရိုက်ပစ်လို့  အမေသိရင် အရိုက်ခံရပါတယ်။ မချစ်စုမျိုးသရက်တွေမို့  ကြီးလာရင် အပင်ပေါ်ကမခူးပဲ ဆားဗူးလေး အနားမှာထား ဒီတိုင်းစားတာလဲ ကိုယ်ပါပဲ။

အဲဒီသရက်ပင်က သရက်ကင်းလေးတွေ ကြွေချိန်ဆို ခြေတံရှည်အိမ်အောက်က ဂုံနီအိတ်ကာထားတဲ့ ကစားစရာ သရက်သီးရောင်းတဲ့ဆိုင်က ကိုယ့်ဆိုင်ပါ။ သရက်ပင် ၅ပင်ရှိတဲ့ အိမ်မို့  သရက်ကင်းတွေက ပေါမှပေါ။ သရက်ကင်းလေးတွေကို ဆိုက်စုံ ခင်းကျင်း ထားတာ မြင်ရသူဝယ်ချင်စရာပါ။ ဒါကြောင့်လဲ ဆိုင်က အမြဲလူစည်ပြီး ညနေဆိုင်သိမ်းချိန်ဆို ထီလက်မှတ်တွေ၊ ကြွေပန်းကန်စေ့တွေနဲ့  ပိုက်ဆံတွေ မနိုင်မနင်း။ ရှေ့ က သရက်သီးက တဖက်ရောင်းရင်း နောက်ကလဲ အိုးပုတ်တမ်း ချက်ရပြုတ်ရ ပါသေးတယ်။ ကိုယ့်ဆီ သူငယ်ချင်းတွေက လာဝယ်တော့ သူတို့ ရောင်းတဲ့ သဲကို စကာစိတ်စိတ်လေးနဲ့ စစ်ထားတဲ့ ဆန်၊ ဗူးရွက်ခြောက်တွေကို ရေနဲ့ ဖျော်ထားတဲ့ ငံပြာရည်၊ ပိတောက်ရွက်(သို့ ) ခေါင်ရမ်းရွက်ကို ရေနဲ့ ဖျော်လို့  ခပ်ချွဲချွဲဖြစ်နေတဲ့ ဆီ၊ ငှက်ပျော်ခွံကို ခြစ်နဲ့ ခြစ်ထားတဲ့ ငါးဖယ်ခြစ်လေးဝယ် အိမ်မှာ ဟင်းတွေချက်ပေါ့။

ရေချိုးပြီးရင် ကြီးကြီးက သဲတွေ၊ ရွံ့ တွေနဲ့  အိုးပုတ်တမ်း မဆော့ခိုင်းတော့ပါဘူး။ အ၀တ်ဖြူဖြူလေးပေါ်မျက်လုံးလေးတွေ၊ ပါးစပ်လေးတွေ တပ်ထားတဲ့ အရုပ်လေးကို စက်ချူပ်ဆိုင်က တောင်းလာတဲ့ အစပြတ်လေးတွေနဲ့  ချုပ်ထားတဲ့ အကျီင်္လေးတွေ ၀တ်ပေးရင်း အရုပ်တိုင်းဆော့ချင်ဆော့။ ဒါမှမဟုတ် ကတ်ထူပြားပေါ်မှာ လှလှလေးဆွဲထားတဲ့ အရုပ်လေးတွေကို အကျီင်္ဒီဇိုင်းလှလှလေးတွေ ချုပ်ပေးတိုင်းဆော့ချင်ဆော့ပေါ့။ သူတို့ အတွက် ခေါင်းအုံးလေးတွေ၊ မွှေ့ ရာလေးတွေ ချုပ်ပေးတတ်တဲ့ သူငယ်ချင်းအမဆို မုန့် တွေပေးပြီး သွားသွားမျက်နှာလုပ်ရတာ။

ညနေစာစားပြီးတဲ့အခါ အိမ်ရှေ့ မှာ အဖော်တသင်းက အဆင်သင့် ရောက်ပြီ။ သွေးလေးပူသွားအောင် “ဒီ” နဲ့  စကြမလား၊ ခို လား၊ ကုန်းလားရေလား နဲ့ စမလား၊ ကျောက်ရုပ်ကျောက်ပြတ်လား။ နဲနဲလေး သွေးပူလာ၊ လူစုံလာရင် ထုတ်ဆီးတိုးဖို့  ပြင်ကြရော။ ထုတ်ဆီးတိုးကလဲ အရှိန်ရလေ တိုးလို့ ကောင်းလေ။ ငြင်းသံတွေနဲ့  လမ်းထဲမှာ စည်စည်ကားကား။ ညနဲနဲမှောင်လာရင် ဗူးသီးခိုးတိုင်း၊ ရုပ်ရှင်ဖွက်တိုင်းပြောင်းဆော့။ အိမ်က အိပ်ဖို့  မခေါ်မချင်းပေါ့။ မောလာရင် ၀ိုင်းထိုင်ကြပြီး သရဲကြောင်းပြောတိုင်း ကစားကြတာ။ တနေ့ လုံး အဆော့လွန်လို့ လား၊ သရဲကြောင်းကြောင့်လားမသိ ညကျတော့ တော်တော်နဲ့ အိပ်မပျော်၊ အိမ်သာတောင် မသွားရဲ။

ရန်ကုန်မှာ ဆော့လို့ မှ အားမရသေး၊ အညာကို ပြန်ရပါပြီ။ အညာရောက်တော့လဲ ဟိုက သူငယ်ချင်းတွေနဲ့  မနားပါဘူး။ စည်းကမ်းကြီးတဲ့ အမေ့အဖေ၊အမေတွေ အိမ်မှာ စဥ့်အိုးပုတ်လေးတွေနဲ့  အိုးပုတ်တမ်းဆော့… ဒါမှမဟုတ် မကျည်းစေ့တောက်တမ်းဆော့။ တ၀မ်းကွဲမောင်နှမတွေ ပေါတဲ့ အဖေ့အဖေ၊အမေတွေ အိမ်မှာတော့ ပြောင်းဆန်အောင် ဆော့တော့တာပါပဲ။ ညဘက်ဆို သစ်ရွက်ခြောက်တွေကို စင်လို အပုံကြီးပုံ ကတိုင်း၊ ခုန်တိုင်း ကစားကြတာပျော်စရာပါ။ ကိုယ်ကတော့ အမြဲမင်းသမီးလုပ်ရမှလေ။ အဖိုးကျက်ခိုင်းထားတဲ့ အလီတွေရလို့ ကတော့ ကြိုက်သလောက်ဆော့။ အဖွားကတော့ ထမင်းလေးတွေကို သေချာနယ်ဖတ်၊ အသားဖတ်သေးသေးလေးတွေကို ပန်းကန်ဘောင်ပေါ်တင်၊ ထမင်းတလုပ်၊ အသားတဖတ် မြေးတွေကို တန်းစီကျွေးတတ်ပါတယ်။ အညာက ပြန်တော့ မျက်ရည်လေး စို့ တို့ တို့ ။

ဒီလိုနဲ့  အိမ်က ရေတွင်းလေးခမ်းသွားတဲ့ နွေက ကုန်ဆုံးသွားပြီး ရေတွင်လေးလဲ ရေပြန်ပြည့်။ ကျောင်းတွေလဲ ပြန်ဖွင့်။ အချိန်ကာလက အမြန်ကုန်ဖို့  ဆုတောင်းလို့  ရသလား မသိတဲ့ အရွယ်မို့  ဘုရားမှာ နောင်နှစ်နွေကျောင်းပိတ်ရက် မြန်မြန်ရောက်ပါစေဘုရားလို့  ဆုတောင်း။ ခုတော့ အဲဒီဖြူဖြူစင်စင် နွေရက်တွေ လွမ်းလွန်းလို့  အချိန်တွေ နောက်ပြန်ဆွဲလိုက်ချင်တာလဲ ကိုယ်ပါပဲ။ နွေနဲ့ ဝေးခဲ့တာ အတော်ကြာပေါ့လေ။

တန်ခူး
3:21pm 17-Mar-2009

Thursday, March 12, 2009

သားသား ကြီးရင် ဘာလုပ်မယ်

ဟိုတနေ့ က သားကျောင်းက ပြန်လာတော့ သားက သားသားကြီးရင် cook လုပ်မယ်လို့  ထူးထူးဆန်းဆန်း ပြောလာပါတယ်။ ဘယ်လိုကနေ ဒီအတွေးရသွားခဲ့သလဲလို့  မသိခင် ကျွန်မကလဲ အမေပီပီ လောဘလေးနဲ့  cook တော့ မလုပ်ပါနဲ့ သားရယ်… သား ဟင်းချက်တာ ၀ါသနာပါရင် chef လုပ်ပေါ့လို့  ပြန်ပြောမိပါတယ်။ သားက မရပါဘူး cook မှ cook ဖြစ်နေတော့ သားစိတ်ချမ်းသာရင် cook သာ cook လို့  ပြန်ဖြေမိပါတယ်။ နောက်မှ သိရတာက အဲဒီနေ့ က ကျောင်းမှာ cook အကြောင်းသင်တာကို။ အရင်က ဖေဖေနဲ့  မေမေလို အင်ဂျင်နီယာကြီး လုပ်မယ်လို့  ပြောနေကျပါ။ အဲဒါလဲ သင်မထားပဲ သူ့ ဘာသာ ဖြစ်ချင်တာကို ပြောတာပါ။ သူက ကျွန်မတို့ ငယ်ငယ်ကလို ကြီးရင်ဆရာဝန်ကြီးလုပ်မယ်လို့  ပြောလို့  သင်လို့  မရပါဘူး။ သူ့ စိတ်ထဲ လုပ်ချင်တာပဲ ပြောတတ်ပါတယ်။ အင်ဂျင်နီယာကနေ ကာတွန်းထဲက မောင်တီထွင် စက်ရုပ် တီထွင်တာ အားကျပြီး မောင်တီထွင် ဖြစ်ချင်တယ် ဖြစ်သွားပြန်ရော။ ခုတော့ cook ပေါ့။

သားရဲ့ အသက်မွေးဝမ်းကျောင်းနဲ့  ပတ်သက်ပြီး သားဝါသနာပါတာကိုသာ ရွေးချယ်ခိုင်းဖို့  ကျွန်မတို့  ၂ယောက်လုံး သဘောတူပြီးသားပါ။ မိဘတိုင်းက သားသမီးတိုင်းကို အကောင်းဆုံး၊ အမြင့်ဆုံးကို ဖြစ်စေချင်ကြပေမယ့် သားသမီးက ၀ါသနာမပါတဲ့ အခါ တသက်လုံး စိတ်ပျော်ရွှင်မှုမရတဲ့အပြင် တခြားဆိုးကျိုးတွေပါ ရစေနိုင်ပါတယ်။

ကျွန်မငယ်ငယ်ကတော့ ကျွန်မအဖေက ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ပုံစံခွက်ထဲကို သွင်းခဲ့တာမို့  ဆရာဝန်မဖြစ်ခဲ့ရင် ငါလူဖြစ်တော့မှာ မဟုတ်တော့ဘူးလို့  စိုးရိမ်ခဲ့မိဘူးပါတယ်။ အချိန်တိုင်း ဆရာဝန်မဖြစ်မှာ ကြောက်စိတ်နဲ့  စိတ်ဖိစီးမှုကို သိတတ်တဲ့ အရွယ်ထဲက ခံစားခဲ့ရတာပါ။ ကိုယ့်ဝါသနာ ဘာလဲဆိုတာတောင် မေ့လျော့နေခဲ့တဲ့ အထိပါပဲ။ မှတ်မိသလောက် ကျွန်မငယ်ငယ်က တခါမှ ဆေးကုတမ်း မကစားခဲ့ဖူးပါဘူး။ ကျွန်မ အများဆုံး ကစားတာက စာသင်တမ်းပါ။ သွေးထွက်သံယိုလဲ မကြည့်ရဲပါဘူး။ သူများ ရောဂါဝေဒနာ ခံစားနေရရင် ကိုယ်ပါ စိတ်ဆင်းရဲနေတတ်ပါတယ်။ ကံကောင်းစွာ ကျွန်မ ဆရာဝန် မဖြစ်ခဲ့ပါဘူး။ အဖေ့ဆန္ဒကို မဖြည့်နိုင်ခဲ့လို့  ယူကျူံးမရ ဖြစ်ခဲ့ပေမယ့် ကျွန်မ ကိုယ်တိုင် ခံစားချက်က လွတ်လပ်ပေါ့ပါးနေခဲ့တာကို တအံ့တသြ သိလိုက်ရပြီးမှ… သြော်… ငါမှ ၀ါသနာမပါခဲ့တာကိုး လို့  တွေးမိတော့တယ်။

ကျွန်မညီမကတော့ ငယ်ကတည်းက ဆေးကုတမ်း အတော်ကစားတတ်သူပါ။ သွေးထွက်သံယိုတွေလဲ မကြောက်တတ်သူ။ တခုခုဆို ကျွန်မလို စိတ်ဆင်းရဲလိုက်ဖို့ က အရင်မလာပဲ ဆုံးဖြတ်ချက် ရဲရင့်သူပါ။ ကျွန်မတုန်းက ဆရာဝန် မဖြစ်ခဲ့လို့  စိတ်ဓါတ်ကျသွားတဲ့ အဖေက အငယ်ဆုံးကျတော့ သိပ်မတွန်းတော့ပါဘူး။ ဒါပေမယ့်လဲ သူ့ ဝါသနာက သူ့ ကို တွန်းအားပေးခဲ့တာမို့  ဆရာဝန်ဖြစ်ခဲ့ပါတယ်။ သူက အံ့သြစရာ ကောင်းလောက်အောင် ဆရာဝန်ကို ၀ါသနာပါသူပါ။ လူနာတွေကြားမှာ ပျော်နေတတ်တဲ့သူ၊ ခွဲခန်းဝင်ရမှာ အမြဲတက်ကြွနေတတ်သူပါ။ ကျွန်မပြန်ရင် သူ့ လူနာတွေ အကြောင်း၊ သူ့ ဆေးရုံ အကြောင်းကို သွားလေရာ တကောက်ကောက်လိုက်ပြီး ပြောတတ်သူပါ။ ကျွန်မကတော့ စိတ်မခိုင်သူပီပီ နားထောင်တိုင်း စိတ်မကောင်းဖြစ်တတ်ပါတယ်။

ကျွန်မ အထက်က ပြောတဲ့ ၀ါသနာနဲ့  အသက်မွေးဝမ်းကြောင်း တထပ်ထဲ မကျတဲ့ အခါ ဖြစ်လာတဲ့ ဆိုးကျိုးကို သူ့ ဆီက အတော်ကြားရပါတယ်။ တခြားနေရာတွေမှာ ဆိုးကျိုးတွေ အနည်းနဲ့ အများရှိပေမယ့် ကျန်းမာရေးလောကကတော့ အတော်အန္တရာယ်ကြီးလွန်းပါတယ်။ ကျွန်မတို့  နိုင်ငံမှာ အမှတ်များမှ ဆရာဝန်လိုင်းကို ၀င်နိုင်တာမို့  ဂုဏ်ရှိရုံသက်သက် ဆရာဝန် ဖြစ်ချင်သူတွေ အတော်များပါတယ်။ အိမ်ထောင်ပြုရင်တောင် မိဘတွေက ဆရာဝန်လေးနဲ့ မှ ဆိုတာမျိုးပါ။ ကျွန်မညီမ ဆေးရုံမှာ ဟောက်စ်ဆင်းတဲ့ ဆရာဝန်လောင်းလေးတချို့ က အဲဒီလို ထင်ပါရဲ့။ လူနာကို ဒရစ်သွင်းပြီး လူနာစောင့်ကို ကုန်ရင် ဒီလိုဖြုတ်လိုက်လို့  ပြောပြီး ပစ်သွားတယ်တဲ့။ လက်လွတ်စပယ်နိုင်လွန်းတဲ့ တာဝန်မဲ့မှုပါ။ ဆေးတည့်မတည့် သေချာမစမ်းပဲ ရမ်းသမ်းထိုးလိုက်တယ်တဲ့။ အကြီးတွေက မသင်လို့  မဟုတ်ပါပဲ သူတို့ ရဲ့ ပေါ့ဆမှုပါ။ ဂျူတီကုတ်လေးဝတ်၊ နားကြတ်လေးကိုင်ရုံလောက်တင် ဆရာဝန်ဖြစ်ပြီလို့ များ ယူဆထားလေသလား။ တခြား ဒီထက်ဆိုးထက် အသေးစိတ်တွေကိုတော့ မပြောသင့်လို့  မပြောတော့ပါဘူး။ ဒါဟာ ၀ါသနာနဲ့  အသက်မွေးဝမ်းကြောင်း တထပ်ထဲမကျတဲ့ အကြောင်းကြောင့် အပြင် စေတနာဆင်းရဲကြလို့ လဲ ပါပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို ၀ါသနာ ပါပါ မပါပါ စေတနာလေးထည့်လုပ်ရင် အကျိုးရှိမှာ အမှန်ပါပဲ။

ဟိုတလောက ဒီနိုင်ငံမှာ ဆရာမနဲ့ ဆယ်ကျော်သက်ရွယ်လေးရဲ့ ဇာတ်လမ်းက ဟိုးလေးတကြော်ဖြစ်သွားခဲ့ပါတယ်။ အိမ်ထောင်ရှိကလေးအမေ ဆရာမက သူ့ တပည့် ဆယ်ကျော်သက် အရွယ် ကောင်လေးနဲ့  ဖောက်ပြန်တဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်လမ်းမှာ ဆရာမက တာဝန်အရှိဆုံးပါ။ ဆရာအလုပ်ဆိုတာ နာ ၃ နာ ရှေ့ ထားပြီး ကိုယ့်တပည့်တွေကို လမ်းမှားမရောက်အောင် ဆုံးမသွန်သင်ရမယ့် အလုပ်ပါ။ ကိုယ်ကျင့်တရားက အရမ်းအရေးကြီးတဲ့ အလုပ်ပါ။ ဒီဆရာမကတော့ အသက်မွေးဝမ်းကျောင်း သက်သက် အတွက် ထမင်းဝရုံ ဆရာမလုပ်သူ ဖြစ်ပုံရပါတယ်။ ဒါဟာ ၀ါသနာနဲ့  အသက်မွေးဝမ်းကျောင်း တထပ်ထဲ မကျတဲ့အပြင် စေတနာဆင်းရဲမှုရဲ့ အကျည်းတန်တဲ့ ပြယုဂ်ပါ။

ဒါတွေကြောင့်ပဲ သားသားကြီးရင် သားဝါသနာပါတဲ့ အလုပ်ကိုသာ လုပ်ခိုင်းဖို့  ရည်ရွယ်ထားတာပါ။ ဆရာဝန်ကြီးဖြစ်ဖို့ မလို၊ အင်ဂျင်နီယာကြီးဖြစ်ဖို့ မလိုပါဘူး။ သူ့ အလုပ်က သူ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ရင် ကျေနပ်ပါပြီ။ အခြေအနေမပေးလို့  သူဝါသနာပါတဲ့ အလုပ်များ လုပ်ခွင့်မရခဲ့ရင်တောင် ကိုယ်လုပ်တဲ့ အလုပ်ကို စေတနာ ထားတတ်ဖို့  ခုကတည်းက ဖြေးဖြေးချင်း သင်ယူဖို့  ဆုံးဖြတ်မိပါတယ်။

တန်ခူး
5:43pm 12-Mar-2009

Monday, March 9, 2009

ဖျာလိပ်နတ်

ငယ်ငယ်က မိန်းခလေးတွေ ဆုံကြပြီလားဆိုရင် ဖျာလိပ်နတ်မေးဖို့  ကြံတာပဲ။ အိမ်မှာ လူကြီးတွေ မရှိတဲ့အချိန် အရွယ်မတိမ်းမယိမ်း မိန်းခလေးတွေလဲ များနေပြီဆို ကျွန်မကြီးကြီးက ဖျာလိပ်နတ်မေးကြမလားဟေ့လို့  အဖော်စပ်လိုက် အားလုံးက သဘောမတူတဲ့သူ မရှိ။ ကြီးကြီးကလဲ လူကြီးတွေ ပြန်မလာခင် ကဗျာကရာ ဖျာလေးကို သပ်သပ်ရပ်ရပ်လေးလိပ်၊ သူ့ ပစ္စည်းကိရိယာတွေနဲ့  ဖျာလိပ်နတ်လှလှလေး ဖြစ်အောင် လုပ်တော့တာပဲ။ ဒီဇင်ဘာကာချယ်တံနဲ့  ပုံဖော်ထားတဲ့ မျက်ခုံးကွေးကွေးလေး မျက်လုံးဝိုင်းဝိုင်းလေး… မျက်တောင် ထူထူလေးတွေတောင် ပါလိုက်သေး။ နှုတ်ခမ်းနီလေး မခို့ တရို့ ဆိုးလို့ ။ ဖျာလိပ်ပေါ်မှာ သူ့ ဆံပင်တုတွေထဲက လှပေ့ဆိုတဲ့ ဆံပင်တုလေး တခုတင်။ အက်ီၤက်ေတာ့ ေမေမ့အက်ီၤ (သို ့) ကြ်န္မအက်ီၤနဲ ့ လုံချည်လေး ၀တ်ပေး။ ဖျာလိပ်နတ်ချောချောလေး ဖြစ်ရော။ ကျွန်မထင်တယ်… ကျွန်မတို့ ဖျာလိပ်နတ်က ကြီးကြီးရဲ့ အပြင်အဆင်ကောင်းမှုကြောင့် ကွင်းပဲဖြစ်လိမ့်မယ်။

အဓိကက ဖျာလိပ်နတ်မေးရင် အနားမှာ ယောင်္ကျားလေး မရှိရဘူး။ တကယ်လို့ များ မေးနေတုန်း ယောင်္ကျားလေးသံကြားရင် ယောင်္ကျားလေး တယောက်ယောက်များ ၀င်လာရင် ဖျာလိပ်နတ်က စိတ်ဆိုးပြီး ထွက်သွားရောတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ သူ့ စည်းမျဉ်းတော့ လိုက်နာလိုက်တာပဲ။ တခါက မေးနေတုန်းတန်းလန်းကြီး ကျွန်မမောင်လေးက ဟိုဘက်ခန်းက ချောင်းကြည့်လို့ ဆို ဖျာလိပ်နတ် စိတ်ဆိုးသွားဖူးတယ်။ စိတ်ဆိုးတာ ဘယ်လိုလဲဆိုတော့ ဟိုယမ်းဒီယမ်း မယမ်းတော့ပဲ ရပ်သွားတာ။ သူ့ အလိုလို ထွက်သွားတာပေါ့။ ကြီးကြီးကတော့ ဟိုရွတ်ဒီရွတ်နဲ့ တောင်းပန်။ မောင်လေးက ရယ်လိုက်တာ အူတွေတက်နေရော။ အဲဒါ ကြီးကြီး စိတ်ဆိုးပြီး ရပ်လိုက်တာ.. ဖျာလိပ်နတ်ရပ်တာ မဟုတ်ဘူးတဲ့။

တခါတုန်းကတော့ မေးနေတုန်း တန်းလန်းကြီး ဖေဖေတို့  မေမေတို့ ပြန်လာလို့  အတင်းရပ်ပစ်လိုက်ရတာ။ အဲဒီတုန်းက ဖျာလိပ်နတ်က မထွက်ဘူးတဲ့။ ကြီးကြီးက ပြန်ကြွပါ… ပြန်ကြွပါနဲ့  အတင်းပြန်လွတ်… ကျွန်မကတော့ ဖေဖေဆူမှာစိုးလို့  မြန်မြန်ပြန်ထွက်စေချင်နေတာ.. နောက်ဆုံး… ဆံပင်ဖြုတ် ဆံပင်ဖြုတ်ဆို ကြီးကြီးပြောတော့ ဆံပင်ကြီး ၀ိုင်းဖြုတ်ကြရော။ အဲဒီမှပဲ ရပ်တော့တယ်။ မောင်လေးကတော့ ထုံးစံအတိုင်း ကြီးကြီးရပ်တာတဲ့။

ကျွန်မတို့ က ပျော်စရာကောင်းလို့  မေးသာမေးချင်တာ မပင့်တတ်ဘူး။ ရယ်ဒီဖြစ်သွားတဲ့ ဖျာလိပ်နတ်ကို အားလုံးလက်ပေါ်မှာတင်ပြီး ကြီးကြီးက ပင့်။ ခဏကြာတော့ ယိမ်းလာရော။ တကယ်ပဲ နတ်ဝင်လို့  ယိမ်းထာလား ကျွန်မတို့  စိတ်တွေကြောင့် လက်တွေပဲ မငြိမ်လို့  ယိမ်းတာလား။ ဘာပဲဖြစ်ဖြစ် ယိမ်းနေတာတွေ့ တော့ စိတ်တော့ အလှုပ်ရှားသား။ မေးခွန်းတွေကတော့ စုံနေတာပဲ။ စာမေးပွဲမှာ ဂုဏ်ထူးပါသလောက် အရေအတွက် ယိမ်းပြပါဆို ယိမ်းတယ်။ roll ကောင်းရင် ဘယ်နှစ်ချက်ယိမ်းပါ။ ကျွန်မ ဒီနေ့ ထက်ထိ မှတ်မိနေတာ RITကသူငယ်ချင်းတွေနဲ့  မေးတဲ့အခေါက်ပဲ။ အဲဒီတုန်းက ကျွန်မတို့ သူငယ်ချင်းလေးယောက်အပြင် အရမ်းအေးတဲ့ နောက်သူငယ်ချင်းနှစ်ယောက်လဲ ပါတယ်။ ဒီအုပ်စုထဲက အရင်အိမ်ထောင်ကျမယ့်သူကို အစဉ်လိုက် ယိမ်းပြပါလို့  ကျွန်မတို့ က မေးကြတယ်။ အရမ်းအေးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲမှာမှ ပိုအေးတဲ့ သူငယ်ချင်းက ပထမဆုံးအိမ်ထောင်ကျမယ်ဆိုတော့ ကျွန်မတို့  အတော်အံ့သြသွားကြတယ်။ အဲဒီသူငယ်ချင်းလေးကလဲ ရှက်လို့ ပေါ့။ ကျောင်းပြီးတော့ အဲဒီသူငယ်ချင်းလေးက တကယ်ကို အရင်ဆုံးအိမ်ထောင်ကျသွားခဲ့ပါတယ်။ ဘယ်လောက် ရယ်စရာကောင်းတဲ့ တိုက်ဆိုင်မှုလဲနော်။ ခုဆို သားသမီး ၃ ယောက်နဲ့  အိမ်ရှင်မကြီးလုံးလုံးဖြစ်နေတဲ့ သူငယ်ချင်းလေးအကြောင်းကြားမိတိုင်း ဖျာလိပ်နတ်မေးတာ သွားသွား သတိရမိပါတယ်။

ကျွန်မအဖေက ဗေဒင်မေးတာ၊ နတ်မေးတာ လုံးဝမကြိုက်ဘူး။ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်အောင်နေလို့  အရမ်းသတိပေးတယ်။ ကျွန်မအဖေနဲ့ အမေ အိမ်ထောင်ကျပြီး ရန်ကုန်မှာ နေတော့ အိမ်နီးနားချင်းတွေက နတ်အုန်းဆွဲခိုင်းတယ်။ ကျွန်မအဖေက အိမ်မှာ ဘုရားစင်ကလွဲရင် ဘာမှမထားဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းက ဖေဖေ ပြောတာ သိပ်နားမလည်သေးတော့ အကုန်ခိုးလုပ်တာ။ ဖျာလိပ်နတ်မေး.. ခဲတံနတ်မေး… အကြားအမြင် ၃ခွန်းမေး… ကာလီမယ်တော်… ကွိုင်ရင်မယ်တော်… စုံနေတာပဲ။ ကျွန်မအိမ်ထောင်ကျတော့ အမျိုးသားကလဲ ဖေဖေ့အတိုင်း။ ဒီရောက်ခါစက တခုခုဆို ကွိုင်ရင်မယ်တော်ဆီ စာသွားသွားချတယ်။ သူ့ ကို အဖော်စပ်ရင် ဘယ်တော့မှ မလိုက်လို့  စိတ်ကောက်ရသေးတယ်။ ခုတော့ အသက်နဲနဲလဲရလာတော့ ဖေဖေတို့ လောက်မတွေးတတ်တောင် နဲနဲတော့ သဘောပေါက်လာတယ်။ သိပ်မလုပ်ဖြစ်တော့ဘူး။ ဗေဒင်ဆိုလဲ အရင်ကလို အသဲအသန် ယတြာချေတာတွေ ဘာတွေ သိပ်မလုပ်ဖြစ်တော့ဘူး။ စံဇာဏီဘိုတနှစ်စာ စာအုပ်လေးတော့ ဒီနှစ်ဝယ်သေးတယ်။ နောင်နှစ်တော့ မ၀ယ်တော့ဘူးလားလို့ ။ ဘာပဲဖြစ်ဖြစ်လေ… ငယ်ဘ၀က ဖျာလိပ်နတ်မေးတဲ့ အတွေ့ အကြုံလေးတော့ ရုပ်ရှင်ခိုးကြည့်တဲ့ အတွေ့ အကြုံလေးလို ပြန်တွေးမိ ပြန်ပြုံးမိ ပြန်လွမ်းမိတာ အမှန်ပဲ။

တန်ခူး
12:34pm 11-Feb-2009

Tuesday, March 3, 2009

လွမ်းတဲ့အလွဲများ

မမသိင်္ဂီက တက်ထားတော့ အလွဲတွေ အတော်များတဲ့ အူလည်လည်တွေ တော်တော်ဖြစ်တတ်တဲ့ ကိုယ့်အတွက် ရေးစရာတွေက အစီအရီဖြစ်လာတယ်။ နောက်ဆုံးတော့ ကျောင်းပြီးအလုပ်ဝင်ကာစက ခုထိလွမ်းနေဆဲ အလွဲလေးတွေကို ရေးပေးလိုက်ပါတယ်။ မမသိင်္ဂီရေ မှတ်မှတ်ရရ တက်ဂ်ပေးတာ ကျေးဇူးပါနော်။

**********

ကျောင်းပြီးတာနဲ့  အလုပ်တန်းဝင်တော့ လူကြီးမဖြစ်၊ ကလေးမဖြစ်။ အတော်တော့ ကိုးလို့ ကန့် လန့် နိုင်သည်။ အလုပ်ဝင်ကာစက အပျိုကြီး အင်ဂျင်နီယာမမက အခြောက်တိုက် ခေါ်ဆူသည်။ ကလေးလို မနေရ၊ မ၀တ်ရတဲ့။ တနှစ်ကြီးတနှစ်ငယ် အင်ဂျင်နီယာအငယ်တွေက အုပ်စုလိုက်ဆိုတော့ ကျောင်းတုန်းက ဘရုတ်ကျသည့် အကျင့်တွေက အလုပ်ထိပါချင်သေးသည်။

အလုပ်ကလဲ ယောင်္ကျားလေးဆို လက်ချိုးရေလို့ ရသည်။ မိန်းခလေးတွေချည်းဆိုတော့ အတော် လွတ်လပ်သည်။ ကလေးတွေရှေ့  မှင်သေသေနေရပေမယ့် ကလေးတွေ ကွယ်ရာကျတော့ ကိုယ်က ကလေးပြန်ပြန်ဖြစ်နေတတ်သည်။ ဒီဘက် စက်ရုံမှာ လုပ်စရာနည်းရင် ဟိုဘက်စက်ရုံက အမအခန်းမှာ အောက်စက်(VCR) တွေ သွားသွားပြင် (တကယ်တော့ ဆော့တာပါ) သည်။ ပြင်ချင်ယောင်ဆောင်ရင်း အခွေလေးလဲကြည့်ရင်း၊ လစ်ရင်လစ်သလို ဂိမ်းလေးလဲ ဆော့တတ်ပါသည်။ ကိုရီးယားအင်ဂျင်နီယာဘော့စ်က တခါတခါတော့ လွှတ်ပေးထားသည်။ တခါတခါတော့ ကြိတ်ကြိတ်ဆူသည်။ သူ့ ကို ကိုယ်တို့ က အင်ဂျင်နီယာ အပျိုကြီးမမတွေလောက်တော့ မကြောက်။

တနေ့  အောက်စက်ပြင်သည့် အခန်းထဲမှာ တိတ်တိတ်လေး ဂိမ်းဆော့နေရင်း စိတ်တွေပါလာလိုက်တာ ဆော့နေသည့် ဂိမ်းမှလွဲပြီး ဘာမှမသိတော့။ နောက်ကနေ နာမည်လာခေါ်တာကို နေစမ်းပါ ဒီမှာနိုင်ခါနီးနေပြီတွေဘာတွေ ပြန်ပြောလို့ ။ အခန်းရှင် မမက ဘာမှ မပြောနိုင်လောက်အောင် ရယ်နေပြီ။ မမက ဘာလို့ ဒီလောက် သဘောကျနေတာလဲ လို့  ကိုယ်ကတောင်ပြန်မေးလိုက်သေးတယ်။ နောက်က ခေါ်သံနဲနဲကျယ်မှ ဂိမ်းကို လွှတ်ချပြီး ကမန်းကတန်း နောက်လှည့်ကြည့်တော့ ကိုရီးယားဘော့စ်။ အိုးမိုင်ဂေါ့။ သူ့ ကို လုပ်ဖော်ကိုင်ဖက်ထဲက တယောက်ထင်ပြီး ဂိမ်းဆော့မပျက်ခဲ့တာ။ ဆူမယ့်ပြင်တဲ့ သူ့ မျက်နှာကလဲ ပြုံးဖြီးဖြီးကြီး။ ဒါပေမယ့် အဲဒီနေ့ ကစပြီး အမိန့် ထုတ်လိုက်တာက ဟိုဘက်ရုံကို မကူးရတဲ့။ ကျောင်းထဲက တတွဲတွဲ သူငယ်ချင်းကြီးနဲ့  ဟိုတရုံ၊ ဒီတရုံဆိုတော့ လွမ်းလိုက်တာ။ ထမင်းစားချိန်ပဲ တွေ့ ရတော့တယ်။ ကိုယ်လုပ်မိတဲ့ အလွဲက ကောင်းကောင်းဒဏ်ခတ်ခံရတာ။

အမှတ်မရှိတော့ လစ်ရင်လစ်သလို ရုံကူးဖို့  ကြံသေးတာ။ ကိုရီးယားဘော့စ်ကလဲ သူခိုးဖမ်းဖို့  သူ့ စားပွဲပေါ်မှာ မှန်လေးတောင် ထောင်ထားလိုက်သေး။ သူမရှိဘူးထင်ပြီး ခိုးကူးလိုက်တာ မှန်ထဲက မျက်လုံးသေးသေးလေးတွေလဲ တွေ့ ရော ပြုံးပြပြီး ခပ်တည်တည်နဲ့  နောက်ပြန်လှည့်ရတဲ့ အခါပေါင်းက မနည်းဘူး။ ဟိုဘက်ရုံက သူငယ်ချင်းကြီးက အချက်ပေးရင် ရုံခိုးကူး။ တရက်တော့ ရုံခိုးကူးကောင်းတာ ဘော့စ်က ရိပ်မိပြီး လိုက်ရှာပါလေရော။ TV ရုံက လိုင်းထဲမှာ အင်ဂျင်နီယာတန်မယ့် ဘော့စ်နဲ့ တူတူပုန်းတမ်းဆော့တာ။ လိုင်းထဲက လူကြီးတွေက ကိုယ့်ထက်အကြီးတွေဆိုတော့ သူတို့ ကတောင် ဖွက်ပေးသေးတယ်။ လာနေပြီ၊ သွားပြီ အချက်တွေပြပေးရင်း အဲဒီနေ့ က ဘော့စ်လက်ထဲက သီသီလေးလွတ်သွားတာ။

ရုံမကူးရတော့ ဟိုဘက်ရုံ၊ ဒီဘက်ရုံ တယ်လီဖုန်းနဲ့  ဆက်သွယ်ရတယ်။ ဘယ်လောက်ထိ ဘရုတ်ကျလဲဆို ဟိုဘက်ရုံက သူငယ်ချင်းက ဘာစကားမှ မပြောပဲ တယ်လီဖုန်းထဲကို လေနဲ့ မှုတ်တယ်။ လူမမြင်ရပေမယ့် သူလုပ်တယ်ဆိုတာ တတ်အပ်သိတော့ စိတ်ထဲမခံချင်။ ၂ ခါ ၃ခါ ခံရတော့ နောက်တခါလာရင် ကိုယ်က ဦးအောင် လေနဲ့ မှုတ်မယ်လို့  ကြံထားတာ။ နောက်တခါ ဖုန်းလဲလာရော ဟိုဘက်က အသံမကြားခင် ဒီဘက်က လေနဲ့ ဖူးဖူးဆိုမှုတ်တာ။ ကိုယ်နိုင်ပြီဆိုပြီး ပျော်နေတုန်း ဟိုဘက်က အသံထွက်လာတယ် “ဒေါ်…. ကျွန်တော်အောင်ငွေပါ… အလုပ်ကိစ္စဆွေးနွေးချင်လို့ ပါ” တဲ့။ သေတော့။ ကိုယ်လေနဲ့  မှုတ်တဲ့အချိန်ကျမှ အလွဲကြီးလွဲ။ ကားတွေအုပ်ချူပ်သူက ကိုယ့်ကို လေးလေးစားစား ဒေါ်တပ်ခေါ်။ ကိုယ်က လေနဲ့ မှုတ်။ မှင်သေသေနဲ့  အလုပ်အကြောင်း ဆက်ပြောချင်နေပေမယ့် ရယ်ချင်လိုက်တာ စိတ်ထဲကလိလိ။ အဲဒီအလွဲလေးကတော့ ဒီနေ့ ထက်ထိ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ တိုင်း ပြောမိနေတဲ့ အမှတ်တရအလွဲလေးပါ။

(စာကြွင်း။ အဲလောက် ဘရုတ်ကျလို့  ဘယ်ချိန်သွားအလုပ်လုပ်လဲ မထင်လိုက်ပါနဲ့ နော်။ စက်တွေ စိတ်ကောင်းဝင်နေတဲ့ အချိန်ပဲ ဘရုတ်ကျတာပါ။ စက်တွေ စိတ်ပုပ်တဲ့အခါကျရင် ခြေသလုံးတွေ တောင့်တဲ့အထိ ပြင်ခဲ့ရတာပါ။ တကယ်)

တက်ဂ်ဂိမ်းမကစားရတာကြာလို့  ချစ်တဲ့ မောင်လေး ညီမလေးတွေကို အားရပါးရဆက်တက်ဂ်ပါရစေ

၁) ညီမလေးချိုသင်း
၂) နိနိတို့ စုံတွဲ
၃) မောင်လေးမောင်မျိုး
၎) ညီမလေးမြတ်နိုး
၅) ညီမလေးပုံရိပ်

တန်ခူး
3:02pm 03-Mar-2009