တော်ရာက ပျော်ရာကို သွားခဲ့တဲ့ ခြေလှမ်းတွေ သွက်သလောက်
ပျော်ရာက တော်ရာကို ပြန်ခဲ့တဲ့ ခြေလှမ်းတွေက အရမ်းနှေးကွေးနေတယ်…
သိလိုက်ရတာက ကိုယ်သာ တော်ရာပြန်ရောက်ခဲ့ပြီး စိတ်တွေက ပျော်ရာမှာ ကျန်နေခဲ့တုန်း…
အသွားတုန်းက အပျော်မျက်နှာတွေက အပြန်လမ်းမှာ အလွမ်းမျက်နှာတွေ အဖြစ်ပြောင်း..
သြော်… ချစ်သောသူတွေနဲ့  ချစ်သော အရပ်နဲ့  ကွေကွင်းရခြင်း ဒုက္ခ ဘယ်တော့များမှ လွတ်မြောက်နိုင်ပါ့မလဲ…
အိမ်မဟုတ်တဲ့ အိမ်မှာ ဆယ်စုနှစ်တွေကြာတဲ့အထိ နေသားမကျသေးတာတော့… ကိုယ်ကိုယ်တိုင်က အစွဲအလန်းကြီးလွန်းလို့ လား…
ရုပ်ဝတ္ထုတွေ ချို့ တဲ့တဲ့ အဲဒီနေရာမှာ နွေးထွေးမှုတွေ ချမ်းသာနေတုန်းပါ…
သနားစရာကောင်းအောင် ရောင့်ရဲတတ်ခြင်းကပဲ အကြောင်းရင်းလားလို့  တွေးနေမိတယ်…
ဒါမှမဟုတ် ရောင့်ရဲခြင်းမှာ နေသားကျသွားတာလား…
သူတို့  အိုဘားမားကို စိတ်မ၀င်စားဘူး… သူတို့  economic crisis ကို တွေးမပူဘူး… သူတို့  climate change ကို မကြောက်အားဘူး…
ကိုယ်နေခဲ့ဘူးတယ်… ကိုယ်ပြန်နေကြည့်ခဲ့တယ်… အဲဒီဘ၀ကို… သတင်းနားမထောင်ခဲ့ဘူး… အင်တာနက် မသုံးခဲ့ဘူး… လေနုအေးနဲ့ တောင် အတော်ဝေးနေခဲ့တာသာကြည့်…
အတော်ငြိမ်းချမ်းတာပဲလို့  ဆိုတော့ အမေက ပြောတယ်… ညည်းအိတ်ထဲမှာ သုံးစရာ ပိုက်ဆံရှိနေသ၍ပေါ့တဲ့…
အညာက ဆွေမျိုးတွေ ကြက်သွန်ဈေးကျလို့  စီးပွားရေး မပြေလည်တာတွေ့ တော့ ဘာများလုပ်ပေးနိုင်မလဲလို့  စဉ်းစားရင်းချာချာလည်… ကိုယ့်ကန်တော့ငွေလေးက ဘယ်လောက် အသုံးခံမှာမို့ လဲ…
အစာအိမ်ကင်ဆာဖြစ်တာ ဆေးကုဖို့  ပိုက်ဆံမရှိလို့  အိမ်အသဲအသန် လိုက်ပေါင်နေရတဲ့ လူနာအကြောင်းကြားတော့ ညီမလေးက တဆင့် ဆေးကုသစရိတ်လှူခဲ့တယ်…
လူနာက မျက်ရည်တွေဝဲတဲ့ အထိပျော်နေခဲ့တယ်တဲ့… လူဆင်းရဲဆေးရုံက ညီမလေးက ပြောတယ် ပိုက်ဆံက အသက်တဲ့… ရင်ထဲမှာ ဆို့ နင့်နင့်ကြီး…
မန္တလေးက စားသောက်ဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးသလို တောင်းရမ်းသူတွေ ကြိတ်ကြိတ်တိုးလာတာ အတော်သိသိသာသာ… လဘက်ရည်ဆိုင်တခုမှာ လူတွေ အမှိုက်ပစ်တာတွေကို လိုက်ကောက်ဖို့  ဆိုင်က ခန့် ထားတဲ့ ကလေးရဲ့ လစာကို မေးကြည့်မိတော့ တလ တသောင်းခွဲတဲ့… အဲဒီကလေးက ရှိလှမှ ၁၀နှစ်ပေါ့… ခပ်လှမ်းလှမ်းမှာ တောင်းရမ်းနေသူလေးကလဲ သူနဲ့  မတိမ်းမယိမ်း… မလိုက်သင့်တဲ့ ဖြတ်လမ်း လိုက်မိနေတာများလား…
ပုဂံမှာ ဘုရားသမိုင်းပြောရင်း အသက်မွေးတဲ့ ကလေးတွေ ဘုရားသမိုင်း မပြောလဲ မုန့် ဖိုးတောင်းနေတာ တွေ့ တော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ်…
ဒါပေမယ့်လဲ… သူတို့ ဆီမှာ ငွေနဲ့  ၀ယ်လို့  မရတဲ့ လှိုက်လှဲခြင်းတွေ ရှိတယ်…
သည်းခံခွင့်လွှတ်တတ်တဲ့ မေတ္တာတရားတွေ ရှိတယ်… ကူညီဖေးမတတ်တဲ့ နွေးထွေးခြင်းတွေ ရှိတယ်…
ခံစားချက်တွေနဲ့ လူပီသတဲ့ မျက်နှာတွေကြားထဲမှာ သားက ပျော်နေပုံများ… ပြန်မလိုက်တော့ဘူးတဲ့… ဖိုးဖိုးဖွားဖွားနဲ့  နေခဲ့မယ်တဲ့….
သားနှလုံးသား ပုစိလေးလဲ ခံစားတတ်ရှာတာပဲလေ…
လူတွေ အပေါ်ယုံကြည်စိတ်ချခြင်းတွေက ဘယ်လောက်များခံမလဲ…
စက်ရုပ်မျက်နှာတွေနဲ့  မတော်တဆထိမိတာတောင် သည်းညည်းမခံနိုင်တဲ့ မသိနားမလည်တဲ့ ကလေးကိုတောင် ခွင့်မလွှတ်နိုင်တဲ့ အရပ်က ကိုယ့်အတွက်တော်ရာတဲ့…
ထုံးစံအတိုင်း ကိုယ်က ဘာကို လိုချင်တာလဲ… ကိုယ်က ဘာဖြစ်ချင်တာလဲ… လိုချင်တာတွေရော ရပြီလား… ဖြစ်ချင်တာတွေရော ဖြစ်ခွင့်ရပြီလား… သားကို ခြင်မကိုက် ယင်မနား လေအေးစက်နဲ့  ထားချင်သော်ငြားလဲ သူပျော်ရဲ့လား… သူလိုချင်တာဒါလား… မိဘတွေကို လုပ်ကျွေးပြုစုခြင်းဆိုတာ ငွေတခုထဲလား… ကိုယ် အိပ်မပျော်ဘူး…. ပြီးတော့ လူကလဲ မပျော်ဘူး…
(စာကြွင်း- မပြောမဆိုနဲ့  ပြန်သွားရတာက ပြန်ခါနီးနဲ့ ပြန်မယ့်ရက်တွေမှာ သားရော သူ့ အဖေပါ နေမကောင်းဖြစ်နေတာနဲ့  လုပ်စရာရှိတာတွေ တယောက်ထဲလုပ်ပြီး နှုတ်ဆက်ဖို့ အချိန်မရဖြစ်သွားရတာပါ။ လာလည်နှုတ်ဆက်သူတွေ၊ နှစ်သစ်ဆုတောင်းပေးသူတွေ အားလုံးကို အရမ်းကို ကျေးဇုးတင်ပါတယ်။ အားလုံးကို အရမ်းသတိရလွမ်းနေမိတာ အမှန်ပါပဲ။ ပျော်ရွှင်ငြိမ်းချမ်းဖွယ် နှစ်သစ်ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်နော်။)
တန်ခူး
11:50am 12-Jan-2009
24 comments:
တော်ရာမှာ မပျော်ပဲနေရသူချင်းမို့ ခံစားနားလည်ပါတယ် အစ်မရေ့။ မြန်မာ့ပုံရိပ်တစ်ချို့ကိုလည်း မြင်ယောင်လာအောင်ရေးနိုင်ပြီး ထပ်တူရင်မောသွားတယ်။ သူတို့အတွက်တော့ ဒီအဖြစ်တွေက နေသားတကျပဲဖြစ်နေပြီးထင်တယ်။ သူ့တို့လေးတွေ စိတ်မလျှော့ပဲ ဘ၀ကိုရင်ဆိုင်နေတာတွေ့တော့ ခဏခဏစိတ်ညစ်တက်တဲ့ ကိုယ်တိုင်ပြန်ရှက်မိတယ်။ သားသားက မြန်မာ့သွေးကြွတော့ ပျော်နေတယ်ထင်ပါ့ သွားဖြစ်ခဲ့တဲ့နေရာတွေေ၇းပါအုံးဗျ ဓာတ်ပုံတွေလည်းကြည့်ချင်သေးတယ် ။
အမရေ စက်ရုံဘ၀ထဲက ကြိုဆိုပါတယ်ခင်ဗျာ
post အတင်ကျဲနေတာ ပြန်သွားလို.ကိုး။လာလည် ပါတယ်။
မတန်ခူးရေ- ပြန်လာပီလား
အတွေ့အကြုံလေးတွေ မျှော်နေတယ်။ ခုတောင် အမြည်းနဲ့ တော်တော် ပြည့် ( စိတ်မကောင်း) ဖြစ်သွားပီ။
မမ စာပြန်ရေးပြီ၊ ၀မ်းသာလိုက်တာ။
ပျော်ရာက ပြန်လာသူတိုင်း ဒီလို ခံစားကြတာ သိရတိုင်း ဆို့နင့်နင့်ကြီး.. ဒီကလူတွေရဲ့ အသည်းနှလုံးတွေကို ဟိုမှာ ထားခဲ့ကြရပြီ။
သနားစရာကောင်းအောင် ရောင့်ရဲတတ်ခြင်းကပဲ အကြောင်းရင်းလားလို့  မမနဲ့အတူ တွေးနေမိတယ်…
တန်ခူးရေ.. ကျိုက်ထီးရိုးရော ရောက်ခဲ့သလား။ ဟုတ်တယ်.. မြန်မာပြည်မှာနေရတာ ကိုယ့်အိတ်ထဲ ပိုက်ဆံရှိနေသရွေ.တော့ မပူရပါဘူး။ အိုဘားမားကိုလည်း စိတ်မ၀င်စားနိုင်ကြဘူး။ ရာသီဥတုပြောင်းလဲ ပျက်စီးနေတာကိုလည်း ကရုမစိုက်နိုင်ဘူး။ စီးပွားရေးcrisis ကိုလည်း မသိကြဘူး။ ဒါပေမယ့် လက်တွေ.ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုပဲ လက်တွေ့ကျကျ ဖြေရှင်းဖို့က အဓိက ဖြစ်နေတာကိုး။
တန်ခူး ပျော်တဲ့နေရာနဲ့ တော်တဲ့နေရာ တစ်နေရာထဲ ဖြစ်လာပါစေဖို့ ဆုတောင်းရင်း....
အစ်မရေ ပြန်လာပြီလား။ နည်းနည်းတောင် စိတ်ပူနေတာ...။ ဘလောက်ကမ္ဘာက ကြိုဆို ပါတယ်။ ဒီလိုပါပဲလေ... လူဆိုတာ အကြောင်းကြောင်းတွေကြောင့် တော်ရာမှာ နေနေရတာ။ တခါတလေ စိတ်ကုန်စရာပါ။
I THINK U DONT HAVE GOOD FRIEND IN HERE. I HATE MYANMAR PPL. EVERY TIME THEY COMPARE EVERYTHING. A PAW YAN TWE A YAN MYA TAE. MA NAR LO TAT BU. MU DI TAR MA PWA NAING BU. SINGAPOREAN IS NOT LIKE THAT. THEY DONT CARE WHO U R?
Ma Tha Ku,
Happy for your donation and ur good trip....
pls write more post
အမ လေနုအေးပေးထားတဲ့ ခေါင်းစဉ်လေးကိုက မလေးတို့ လူသားတွေရဲ့ စိတ်ထက် ရုပ်ကို ပိုပြီးဦးစားပေးတတ်မှုကို သိပ်ပေါ်လွင်စေပါတယ်။
မလေးလဲ ပြန်လာပြီးကတည်းက စိတ်က ဒီမှာကို မရှိပါဘူး။ မလေးတစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ၊ စကားရှိတဲ့ လူတွေသန်းငါးဆယ်ကျော်ကျော် ကိုယ်ပိုင် တိုင်းပြည်ကြီးကို ပစ်ပြီး မလေး ဒီနိုင်ငံမှာ ဘာလာလုပ်နေတာလဲ စဉ်းစားမိတယ်။ ဒီလိုနဲ့ပဲ ပညာရှာတယ်၊၊ ငွေရှာတယ်၊ စတေးတပ်စ် ရှာတယ်၊ ကိုယ့်ရဲ့နောက်လာနောက်သားတွေရဲ့ ရှေ့ရေးဆိုတဲ့ ကိုယ့်ကိုကိုယ် ပြန်လည်လှဲ့စားမှုတွေကို ထမ်းပိုးလို့...
မလေး လေ... အနှစ်နှစ်ဆယ်နားကို တစ်ဖြည်းဖြည်းနဲ့ ကပ်လာပါပေါ့
မတန်ခူး ပြန်သွားတာမသိလိုက်ဘူး
မမရေ.. အချိန်အားတိုင်း .. laynuaye.blogspot.com ကို ဖွင့်ကြည့်ရတာလဲ အမောပါဘဲ..
အားပေးနေတယ်နော်...
ပျော်ရာအရပ်ကို တော်ရာအရပ်အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ၀ိုင်းဝန်း အားထုတ်ကြစို့ တန်ခူးရေ…. ကိုယ့်လက်ထက်မှာ မပြောင်းနိုင်ခဲ့တောင် ကိုယ့် သားမြေးမြစ်တွေကျရင် ကိုယ့်လိုအဖြစ်မျိုးနဲ့ မကြုံကြရလေအောင် အခုကတည်းက စပြီး ကြိုးစားကြတာပေါ့။
အမရေ.. လေနုအေးနဲ့ မတန်ခူးကို သတိရနေတာ.. စာမရေးတာကြာတော့ အမ ရန်ကုန်ပြန်နေတယ်လို့တော့ တွေးမိတယ်.. တရုတ်နှစ်ကူးပြီးမှတောင် ပြန်လာမယ်ထင်တာ.. :)
ဒီလိုပါပဲ အမရယ်.. ပျော်တဲ့နေရာမှာ အားလုံးနေချင်ကြတာပေါ့.. မတတ်သာလို့ တော်တဲ့နေရာ နေကြရတာ.. တွေးမိရင် ရင်နာတယ်.. များများတွေးမိရင် ဒေါသထွက်ရတယ်..
အမဆီက အတွေ့အကြုံအသစ်တွေ အများကြီး စောင့်ဖတ်နေမယ်...
ဟော... တန်ခူး ပြန်လာပြီ...
မျှော်နေတာ... သိလား..
အင်း... တန်ခူးရေးထားတာဖတ်ပြီးတော့ ပျော်ရာနဲ့  တော်ရာ အကြောင်းကို ဆက်စဉ်းစားနေမိတယ်... ကိုပေါပြောသလိုပဲ ပျော်ရာအရပ်ကို တော်ရာအရပ်အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစားကြည့်ကြတာပေါ့နော်...
ပိုစ့်အသစ်ပေါင်း များစွာ များစွာကို စောင့်မျှော်နေပါတယ်...
U r absolutely right. Thanks sis..
မတန်ခူးရေ..
ပြန်လာပြီလား..
မေမြို့ရောက်ခဲ့သေးလား..
အမရေ..သတိရနေတာ
မျှော်နေတာ လည်ပင်းရှည်လှပီ။ မအားပေမဲ့ လာချောင်းနေကျ...အမှန်က reader ကအမြဲဖတ်နေတာ။ ဒါပေမဲ့ သတင်းစကားမှာဘာများ တွေ့ရမလဲဆိုပီး လာလာချောင်းရတာအမော။ နောက်တော့ တော်တော်နဲ့ပေါ်မလာတော့ နေများမကောင်းဘူးလားပေါ့..စိတ်ပူနေတာ။
ဒီနေ့ကျောင်းကပြန်လာမှ အသစ်တွေ့ပီး တော်ရာမှာနေတဲ့ဘဝကိုလာဖတ်သွားတာ။ ဘာပဲဖြစ်ဖြစ် အမရဲ့စာတွေကို မျှော်မိနေတယ်အမရေ..။ နေကောင်းပါစေ။
မြတ်နိုး
ဒီလိုပါပဲ.. တခါပြန်တိုင်း..။
ပို့စ်အသစ်တွေ မျှော်နေပါတယ် အမရေ။ စိတ်ကြည်လင်တဲ့ အခါ အတွေ့အကြုံတွေ ရေးပါဦး။
ဘ ၀ ဆို တာ ဒီ လို ပါ ဘဲ လို့  ဖြေ လည်းးး.....
ဟို မှာ တစ် ကယ် ကို ဘဲ ဘ ၀ တွေ ကို ရက် ရက် စက် စက် ကိုယ် ကျိုး မ ဖက် , ဘ၀ စွန့် , အ များ အ တွက် , ကိုယ့်  နိုင် ငံ အတွက် , လက် တွေ့  ကျ ကျ မတွေ ဝေ ကြ ဘဲ ပေး ဆပ် နေ ကြ သူ အ တွက် ....
အ ပြင် မှာ ဒီ လို ဘဲ စု ပေါင်း ငြီး တွား ကြ ပြီး..
နောက် ဆုံး တော့  သာ ယာ နေ ကြ တာ ဟာ ...
တစ် ကယ် တမ်း က အ မြင် ရှိ ရင် ...
ကိုယ့် ကို ကိုယ် မြင် သင့်  တဲ့  အ ရွ ယ်ေ၇ာက် နေ ကြ ပါ ပီ....
ရှိ နေ သေး တဲ့ အချိန် တွေ ကို အ သုံး ချ ပြီး ...
လက် တွေ့  ကျ ကျ ဘ ၀ ကို မြင် ကြ ပါ အုံး.....
ဘယ် လို ဘဲ ဖြစ် ဖြစ် ...
ပျော် နိုင် ကြ ပါ စေ.....
အမတန်ခူး မနေ့ကတည်းက ရောက်ဖြစ်တယ်။ အပြင်သွားနေလို့ ကွန်းမန့်ခုမှရေးရတာ။
အမရေ သားလေးရော ပျော်ရာအရပ်မှာ နေတတ်လား။
သူပျော်နေလား။
အညာကိုလည်း ပြန်ဖြစ်တယ်ပေါ့။
ခဏပျော်ခဲ့တယ်ဆိုလည်း စိတ်အပမ်းပြေတာပေါ့နော်။
မိသားစုအားလုံး ပျော်ရွှင်ကြပါစေ
ခင်မင်စွာ
နိနိ
မောင်မျိုးရေ… တို့ တတွေက တကယ် သူစိမ်းတွေကြားမှာပါ… ဟုတ်တယ်နော်… သားလေးကိုယ်ထဲက မြန်မာသွေးတွေ ကြွလာတာ အမှန်ပဲ… ခုထိ ရန်ကုန်ပြန်မယ်ပြောနေတုန်း… ရောက်ရောက်ချင်းဆိုတော့ နဲနဲmoodပျက်နေလို့ … ဓာတ်ပုံတွေ ခုထိမစီဖြစ်သေးဘူး… ရောက်ခဲ့တဲ့ နေရာတွေ အကြောင်းရေးမယ် စိတ်ချ… ရေးစရာတွေ ပြည့်နေလို့  ဘယ်က စ ရေးရမှန်းမသိဘူး…
ရွာသားလေးရေ… chargingပြန်လုပ်ဖို့ သွားတာ မပြည့်ပဲ ပြန်လာရသလို ဖြစ်နေတယ်…
ဟုတ်ပါတယ် JuneOneရေ… ပြန်ခါနီး ၀ရုန်းသုန်းကားမို့  နှုတ်ဆက်မသွားရတာ ခွင့်လွှတ်ပါ… လာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်…
ကေရေ… ပြန်လာပြီ… ပျော်စရာလေးတွေလဲ ဝေမျှဦးမယ်နော်…
ချိုသင်းရေ… ဟုတ်ပါရဲ့နော်… နှလုံးသားမပါတဲ့ စက်ရုပ်ဘ၀နဲ့  အလုပ်လုပ်နေရသလိုပဲ… ခုလဲ ဖုန်တက်နေတဲ့ နှလုံးသားလေးကို ဖုန်သွားသုတ်တာလေ… ပြန်လာတော့လဲ ထားနေကျနေရာလေးမှာ ပြန်ထားခဲ့ရတာပေါ့ ညီမရယ်…
မ ရေ… ကျိုက်ထီးရိုး မရောက်ဖြစ်လိုက်ဘူး မ ရယ်… သားနဲ့ ဆိုတော့ တောင်တက်ခရီးမို့  မသွားဖြစ်ဘူး… မ တို့  ဘ၀ကို အားကျမိတယ်… အားလဲယူကြည့်နေတယ်…
ပုံရိပ်ရေ… မှန်လိုက်တာ ညီမရယ်… အကြောင်းကြောင်းကြောင့်ပေါ့နော်… အမလဲ အတော်ကို စိတ်ကုန်မိတယ်…
Anonymousရေ… ကျွန်မရဲ့ မြန်မာ သူငယ်ချင်း တော်တော်များများ ဒီကို ရောက်နေကြတာမို့  ကျွန်မမှာ မြန်မာသူငယ်ချင်းတွေ အများကြီးပါပဲ… ဒါကြောင့်မို့ လဲ ဒီနိုင်ငံမှာ ဒီလောက်ကြာကြာ နေနိုင်တာပေါ့… ကျွန်မ အတွေ့ အကြုံအရ မြန်မာတော်တော်များများ တယောက်နဲ့ တယောက် ဖေးမကူညီကြပါတယ်… ကျွန်မဆိုလိုချင်တာက ဒီကလူတွေ ယေဘူယျ အားဖြင့် မနွေးထွေးကြတာကိုပါ…
တကူးတက လာလည်တာရော အားပေးတာအတွက်ပါ ကျေးဇူးပါLife is for successရေ…
အိမ့်ရေ… အဲဒီမေးခွန်းတွေနဲ့  အိပ်ပျက်ရတာ များပေါ့ညီမရယ်… ထမ်းပိုးထားတဲ့
လှည့်စားမှုတွေကို ဟိုးအဝေးပစ်ချလိုက်ချင်ပြီညီမရယ်… အနှစ်နှစ်ဆယ်ဆိုတော့ ဒီဒုက္ခကို ခံစားရတာ တို့ ထက် ၁၀နှစ်ပိုတာပေါ့နော်…
sin dan lar ရေ… ပြန်ခါနီးပြာနေလို့  နှုတ်ဆက်မသွားမိတာ တောင်းပန်တယ်နော်…
မရွှေမိလေးရေ… အချိန်အားတိုင်း အားပေးနေတယ်ဆိုတာ သိရလို့  ကျေးဇူးပါညီမရေ…
ကိုပေါရေ… ခုလို အားပေးတာ ကျေးဇူးပါ… အားထုတ်ကြပါစို့ နော်…
နုရေ… တတ်နိုင်ရင် နှစ်ကူးပြီးမှ ပြန်လာချင်တာ… အလုပ်ပြုတ်မှာ စိုးလို့ …
သက်ဝေရေ… ပြန်လာပြီလေ… ကျောင်းထဲတော့ မရောက်ခဲ့ဘူး… ကျောင်းဘေးက ဖြတ်ပြီး အပြန်မှ ၀င်မယ်ဆို အပြန်မိုးချူပ်လို့  မ၀င်ဖြစ်ခဲ့ဘူး… ၀င်မိရင် ငိုမိမယ်ထင်တယ် သက်ဝေရယ်… ဘာနဲ့ တူသလဲဆိုတော့ အိုမင်းရင့်ရော် နာမကျန်းဖြစ်နေတဲ့ အဘိုးအိုတယောက်လိုပဲ….
ကျေးဇူးပါ Anonymousရေ…
ပေါက်ရေ… ပြန်တုန်းက ပေါက်ဆီ messageမပို့ လိုက်ရဘူး… ကလေးရော သူ့ အဖေပါ နေမကောင်း တော်တော်ဖြစ်လိုက်လို့ လေ… မေမြို့ တက်မယ့် မနက်မှာ သားက ၀မ်းတွေသွားလို့  မတက်ဖြစ်လိုက်ဘူးညီမရေ… မန္တလေးမှာပဲ သောင်တင်သွားတယ်…
မြတ်နိုးရေ… နှုတ်မဆက်ဖြစ်လိုက်တာ sorryနော်… ဟိုမှာလဲ အင်တာနက်ကို မ၀င်ဖြစ်တာ… ညီမ project တွေရော အဆင်ပြေလား… နေရောကောင်းလား…
ဟုတ်ပါ့ပန်ရေ… တခါပြန်တိုင်း ဒီလိုဖြစ်… ခက်တာက အခါခါပြန်လဲ မရိုးနိုင်ပဲ အသစ်သစ်ဖြစ်…
ကျေးဇူးပါမီယာရေ… ပို့ စ်အသစ်တွေ ရေးဖို့ အားပေးတာ အားရှိသွားတယ်…
Anonymousရေ… တချို့ ခံစားချက်တွေကျတော့ စကားလုံးအဖြစ်ချမရေးလဲ အလိုလို နားလည်ခံစားလို့  ရတယ်နော်… ပြင်းထန်လွန်းရင် စကားလုံးတွေ အဖြစ် စုစည်းလို့  မရတော့ဘူးလေ… ကျွန်မကို ကျွန်မ အားမလို အားမရဖြစ်မှုတွေ ရိုးသားစွာ မျှဝေမိခြင်းပါ… အမှန်အတိုင်း ၀န်ခံရရင် မတတ်သာလို့  တခြားနိုင်ငံရောက်နေပေမယ့်  ကိုယ့်မြေကိုယ့်ရေ ကိုယ့်လူမျိုးတွေ မရှိတဲ့ အရပ်မှာ ရောက်တဲ့ နေကစလို့  ယနေ့ ထက်ထိ တရက်ကလေးမှ သာယာမှုကို မခံစားခဲ့ရပါဘူး… ယုံကြည်တာကတော့ ဘယ်သူမှ ငြီးတွားရုံ၊ သာယာရုံနဲ့  ရပ်တန့် နေလောက်အောင် စေတနာမွဲကြမှာ မဟုတ်ပါဘူး… ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့  ကူညီဖြည့်ဆည်းနေသူတွေချည်းပါ… ကျေးဇူးပါ…
နိနိရေ… သားက ပျော်တာတော့ မပြောနဲ့ … အညာဖုန်ထူထူတွေတောင် ချစ်တတ်နေတယ်… အညာစာတွေ စားခဲ့တယ်… အညာလေကို ရှုခဲ့တယ်… အညာဆောင်းကို ခံစားခဲ့တယ် ညီမရေ…
တန်ခူးရေ သိနေတယ်လေ ပြန်သွားလို့ပဲ ဖြစ်မယ်ဆိုတာ... လာနှုတ်ဆက်တာ နောက်ကျနေတယ်... အထိုင်အထ လေးတယ်လေ...(ခုဆို ဗိုက်ပူပူကြီးကပါ လေးနေလို့...)
ပို့စ်တွေနဲ့ တွဲခေါ်ဦး..ဦးနှောက်တွေ..စိတ်တွေ..လေပြီး မလေးအောင်...
Post a Comment