Thursday, January 15, 2009

ငွေပေး၍လည်းမရနိုင်…

ညက ပိန်းပိတ်အောင် မှောင်နေသည်။ ပတ်ဝန်းကျင်မှာ ဘာအလင်းရောင်မှ မရှိ။ လမ်းတဘက် တချက်မှာ လယ်ကွင်းတွေပဲ ဖြစ်မည်။ ရွာဆိုလျှင် အလင်းရောင်လေး လူသံလေး ဒါမှမဟုတ် ခွေးဟောင်သံလေးတော့ ကြားရနိုင်သေးသည်။ ခုတော့ ခွေးတကောင် ကြောင်တမြီးမှ မတွေ့ ။ အချိန်က ၈နာရီ ဆိုပေမယ့် အညာဆောင်းက နေအ၀င် အတော်စောသည်။ ပါသွားသည့် GSM ၂ လုံးလုံး ဘာsignal မှ မပြ။ လိုင်းပြတ်သည့်နေရာ မှာမှ ကားက ပျက်သည်။ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်တွေနှင့် ဆိုနေသည့် ဘုရားစာက ဟိုရောက် ဒီရောက်။ ငယ်ငယ်ကဆို သရဲကြောက်မိမှာ။ ခုတော့ သူခိုး၊ ဓားပြကို ပိုကြောက်မိသည်။ ပြီးတော့ မြွေပါး၊ ကင်းပါး။

အဖေက နောက်တခေါက်လောက် တွန်းကြည့်ပါဦးဆိုတော့ မောင်နှင့်  ညီမလေးက ဟောဟဲ၊ဟောဟဲ နှင့် တကြော့တွန်းရပြန်သည်။ ဒိုင်နမိုကြောင်၍ မြစ်သားက ၀ပ်ရှော့ အသေးလေးမှာ သွားပြင်မိကာမှ ဒိုင်နမိုက ဘက်ထရီကို လုံးလုံး charging မလုပ်တော့တဲ့။ အမေက အဖေ့ကို လမ်းကို မြင်အောင် ဓာတ်မီးထိုး၊ ကျွန်မက အိပ်နေတဲ့သားပေါ်က အဖေ့ကို လမ်းပြောရသည်။ ကားအသွားအလာကလဲ ပြတ်လိုက်တာ မပြောပါနဲ့ ။ ဟော… နားထဲမှာ စပီကာသံလိုလို ကြားရသည်။ ဒါဆို ရွာတရွာနဲ့  နီးလာတာပေါ့။ ငယ်ငယ်က ကြီးကြီးပြောပြတတ်တဲ့ သရဲကြောင်းထဲက ကြပ်ဆိုတဲ့ သရဲတွေ အကြောင်း သွားသတိရမိသေးသည်။ ကြပ်တွေက ရွာပုံဖန်ဆင်းပြီး အုံနဲ့ ကျင်းနဲ့  ခြောက်တတ်ကြသည်တဲ့။ မနက်ကျတော့ သင်္ချီုင်းကုန်းကြီးဖြစ်နေရောတဲ့။ ခုဟာကတော့ တကယ့် စပီကာသံစစ်စစ် ဖြစ်နိုင်သည်။ ကားက နဲနဲရွေ့ လာလေ ပိုပို ကျယ်လာလေ။
မောင်နဲ့  ညီမလေးက အမောဆို့ နေပြီ။ အဖေနဲ့  မောင်က နည်းလမ်းလေးရှာ ဟိုနှိုက် ဒီနှိုက် လုပ်ကြည့်ကြပြန်သည်။

“ဟယ်… ဟိုမှာ မီးရောင်လေးတွေ… လူသံတွေလဲ ကြားသလိုပဲ”

ညီမလေးရဲ့ အားတက်သရော ပြောသံကြောင့် အားလုံး ၀မ်းသာအားရ ကြည့်မိကြသည်။ ဟုတ်ပါရဲ့။ လူလေးတွေ တန်းစီလာနေပုံပါပဲ။ လက်ထဲမှာ ဓာတ်မီးလေးတွေလား မှန်အိမ်လေးတွေလား မသိ။ လူတွေကို ထိုင်စောင့်ကြသည်။ နီးလာတော့ ကားလေးနဲနဲတွန်းပေးဖို့  အကူအညီတောင်းရသည်။ ပထမတအုပ်က မိန်းမတွေချည်း။
အလှူအိမ်က အကြိုည တရားနာပြီး ပြန်လာကြတာတဲ့။ မိန်းမတွေဆိုတော့ အားနာလှသည်။ ကျေးဇူးတင်စကားဆိုပြီး နောက်တသုတ် ယောင်္ကျားတွေကို စောင့်ကြသည်။ လူငယ်၊ လူကြီးတွေ စုံလင်စွာနှင့် အလှူအိမ်ထိ အားကြိုးမာန်တက် တွန်းပေးကြသည်။ တွေ့ ပါပြီ။ ခန့် ညားလွန်းသည့် အလှူမဏ္ဍာပ်ကြီး။ မီးစက်ထွန်းထားသည့် မီးရောင်အောက်မှာ ရွှေရောင်တ၀င်းဝင်းနဲ့ ။ အလှူအိမ်ရှေ့ မှာ ကားကို ရပ်လိုက်တာနဲ့  မဏ္ဍာပ်ထဲကလူတွေ ပြာပြာသလဲ ထွက်လာသည်။ ကားတွန်းပေးသူတွေကလဲ ဘာများထပ်လုပ်ပေးရမလဲဆို စိတ်ရှည်လက်ရှည် စောင့်ပေးနေကြသည်။ ခုနက မိသားစုတခုထဲ အားငယ်နေရသည့် ဘ၀က ခုတော့ ဘေးမှာ အားတက်သရော ကူညီသည့် လူအုပ်ကြီးနဲ့ ဆိုတော့ ချက်ချင်း အားတွေ ပြန်တက်လာသည်။

ခေါင်းပေါင်းကြီးနဲ့  အလှူရှင်က အတော့်ကို ဖော်ရွေလွန်းသည်။ မျက်နှာငယ်လေးတွေနဲ့  ကျွန်မတို့ ကို ဘာမှ မစိုးရိမ်ဖို့  အားပေးနေသေးသည်။ ဒီရွာနာမည်က “ရှော်ဖြူ” ဖြစ်ပြီး မြင်းခြံနှင့် ၁၆မိုင် ဝေးသေးသည်တဲ့။ ကြိုးဖုန်းက ၉နာရီထိ သုံးလို့ ရသေးတာမို့ 
အလှူရှင်ကြီးက အဖေ့ပုခုံးဖက်ပြီး ကြိုးဖုန်းဆီ လိုက်ပို့ ပေးသည်။ အဖေမြင်းခြံနှင့် ဖုန်းအဆက်အသွယ် ရပြီး စိတ်ချသွားရမှ ကားတွန်းပေးသူတွေ ပြန်သွားကြသည်။ ဘယ်လောက် ကျေးဇူးတင်စရာ ကောင်းလိုက်ပါသလဲ။ တာဝန်ကျေရုံ မဟုတ်တဲ့ နှလုံးသားထဲက စေတနာစစ်စစ်တွေ။ တမိသားစုလုံး ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကြသည်။ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ကျွန်မကတော့ သားက ပေါင်ပေါ်မှာ အိပ်နေတာမို့  ကားပေါ်က လှမ်းပြီး ကျေးဇူးတင်ကြောင်း ပြောရသည်။
နှလုံးသားဖြူသူတို့ ရဲ့ မီးရောင်လေးတွေက တဖြေးဖြေးနဲ့ ဝေးသွားသည်။ အဲဒါကျွန်မ ချစ်တဲ့ အညာသူ အညာသားတွေပေါ့။

မြင်းခြံမှ ဆွေမျိုးတွေ အလာကို ကားထဲမှာ ထိုင်စောင့်ကြသည်။ အလှူရှင်ကြီးရော ရွာမှ လူကြီးတချို့ ထွက်လာပြီး မဏ္ဍာပ်ထဲမှ ရေနွေးသောက်ရင်း စောင့်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြပေမယ့် အားနာလို့  အဖေနဲ့  မောင်သာ သွားပြီး ကျွန်မတို့ တွေက ကားထဲမှာပဲ စောင့်ကြသည်။ သားကို ညီမလေးပေါ် ခဏတင်ပြီး ကားအပြင်ထွက်တော့ အညာဆောင်းက အရိုးစိမ့်အောင် အေးလှသည်။ ရွာထဲမှာ အလှူအိမ်မှ လွဲပြီး တခြားအိမ်တွေက မီးမှောင်နေသည်။ အလှူအိမ်ကတော့ မီးစက်နှင့် လင်းထိန်နေပြီး စပီကာမှ ဆိုင်းဝိုင်းသံကလဲ မြိုင်မြိုင်ဆိုင်ဆိုင်။ ဆိုင်းနောက်ထတွေရဲ့ ပြက်လုံးကလဲ မြူးစရာ။ အဖေ့ကို လဲလျောင်းနားဖို့  အိပ်ယာအိပ်ခင်း စီစဉ်ပေးတာ တွေ့ ရတော့ လိုလေသေး မရှိအောင် ဖော်ရွေမှုအတွက် အံ့သြရသည်။ အဖေက ကြာကြာမလှဲနိုင်ပဲ ကားကို ထွက်မျှော်လိုက် ပြန်ဝင်သွားလိုက်နှင့်။ သားကတော့ လူကြီးတွေ ဘာဖြစ်လို့  ဖြစ်မှန်းတောင် မသိ အိပ်မောကျနေလေရဲ့။

မှောင်မှောင်မဲနေသော ကားလမ်းမမှာ တခါတခါ ဆိုင်ကယ်လေး တစင်းတလေ ဖြတ်သွားတာက လွဲလို့  ငြိမ်သက်နေသည်။ အလှူ့ ရှင်ကြီးက မုန့် ဆီကြော်ပန်းကန်ကြီးနဲ့  ကားပေါ်က ကျွန်မတို့ ကို ဧည့်ခံတော့ အတော်အားနာမိသည်။ ဒီအချိန်ဆို ဆာနေရောပေါ့တဲ့။ မစားရတာကြာသည့် အညာမုန့် ဆီကြော်လေးက ချိုလိုက်ပါဘိ။ စေတနာတွေ အများကြီးနဲ့ မို့  ပိုချိုသလား ထင်မိတယ်။ မနက်ဖြန် အလှူကြီးနေ့ မှာ ဆိုင်းဝိုင်းနဲ့ ပါ ဖျော်ဖြေမည်တဲ့။ ဒီရာသီမှာ တော်တော်များများ အလှူပေးကြသည်။ လမ်းတလျှောက် အလှူ၎ ၅ ခု ထက်မနဲ တွေ့ ခဲ့ရသည်။ ပုံမှန်အားဖြင့် မီးစက်ပိတ်နားတော့မှာ ဖြစ်ပေမယ့် ကျွန်မတို့ အတွက် မီးစက်ဆက်ဖွင့်ပေးထားပြီး သူတို့ ပါ ဆက်စောင့်ပေးနေတာ သိရတော့ ရင်ထဲမှာ နွေးထွေးလုံခြုံ သွားမိသည်။

၁ နာရီကျော်စောင့်တဲ့အထိ မြင်းခြံက ကားအရိပ်အယောင် မတွေ့ ရတော့ စိတ်တွေက နဲနဲပြန်ပူလာပြန်သည်။ ရွာလူကြီးများကတော့ ဆွဲဖို့ ကား ငှါးချင်လဲ ရွာထဲမှာရှိကြောင်း၊ ဒါမှမဟုတ် ဘက်ထရီပြင်တတ်သူလဲ ရှိကြောင်း အမျိုးမျိုး နည်းလမ်းရှာပေးကြသည်။ တကယ်လို့  ဒီရွာမှာပဲ အိပ်ဖို့  စီစဉ်ချင်လဲ ဘာမှ မပူရကြောင်းအထိ အားပေးကြသည်။ ကျွန်မတို့ မှာ ကျေးဇူးတင်ပြီးရင်း တင်မိရင်းပါ။ ဟော… ကားမီးရောင်တွေ့ ရပြီ။ အချိန်ကလဲ ၁၁ နာရီရှိပြီ။ ဘုရား တရား မ လို့  မြင်းခြံက ကားဖြစ်ပါစေလို့  ဆုတောင်းရသည်။ ဓာတ်မီးရောင်ဖြင့် ပျက်နေသည့်ကားကို မြင်သာအောင် ပြကြသည်။ အမှန်ပါပဲ။ ကားက ကျွန်မတို့ ကားနံဘေးထိုးရပ်သည်။ ကားပေါ်က ဆင်းလာကြတာက ကျွန်မရဲ့ နို့ ညှာဦးလေး၊ အငယ်ဆုံးဦးလေး၊ ကျွန်မ၀မ်းကွဲညီမရဲ့ အမျိုးသား၊ ကျွန်မရဲ့ တ၀မ်းကွဲညီမနှစ်ယောက်။ တအုပ်ကြီးပါ။ အတော်ကို အားရှိဝမ်းသာသွားသည်။ ကျွန်မတို့ အတွက် စောင်တွေ ခေါင်းစွပ်တွေ အနွေးထည်တွေပါ သယ်လာကြသည်။

ကျွန်မဦးလေးတွေနှင့် အဖေ၊ မောင် တို့ က ကားပြင်ဖို့  လုပ်ကြသည်။ သူတို့ ယူလာသည့် ဘက်ထရီက အကြီးကြီးဖြစ်နေတော့ နည်းလမ်းရှာရပြန်သည်။ အလှူမဏ္ဍာပ်ထဲက သူတွေ အကုန်လုံး ကားပြင်တဲ့ နားမှာ ပွဲကြည့်သလို ငုတ်တုတ်လေးတွေ ထိုင်ပြီး ကြည့်နေကြသည်။ ဘက်ထရီအကြီးနဲ့ ဆက်ပြီး နှိုးလို့ ရပေမယ့် ဘက်ထရီအကြီးကို ဘယ်လို ဆက်မလဲ။ အတော် ကြိုးစားကြည့်ကြသည်။ ခက်တာက ကြိုးကလဲ အလုံအလောက်မပါ။ တနာရီလောက် ကြာတဲ့အထိ သိပ်မထူးတော့ ကားကို ဆွဲဖို့ စဉ်းစားကြသည်။ အော်တိုကားဆိုတော့ ဆွဲဖို့  ထင်သလောက် မလွယ်တဲ့။ လူတွေလဲ အတော်ပင်ပန်းနေတော့ ဦးလေး၂ယောက် နေခဲ့ပြီး ဘက်ထရီဆိုက်တူတာ မြင်းခြံပြန်ယူရင်း ဟိုဘက်ကားနဲ့  ကျွန်မတို့ ကို ပြန်ပို့ ဖို့  စီစဉ်ကြသည်။ စေတနာကောင်းမွန် ရိုးသားကူညီတတ်သော နှလုံးဖြူသည့် အလှူ့ ရှင်ကြီးနဲ့ တကွ ရွာသားတွေကို ကျေးဇူးတင်ကြောင်း ရန်ကုန်ရောက်ရင် အိမ်မှာတည်းနိုင်ကြောင်း အထပ်ထပ်ပြောပြီး ချစ်စရာကောင်းသည့် ရှော်ဖြူရွာလေးမှ ထွက်ခဲ့သည်။

မြင်းခြံရောက်တော့ ချမ်းလွန်းသည့် အညာဆောင်းမှာ စောင်ပုံကြီးတွေကြား တချိုးတည်း အိပ်လိုက်တာ မနက်မှနိုးသည်။ ကားက မနက်၅နာရီမှ မြင်းခြံရောက်သည်တဲ့။ ကျန်ခဲ့သည့် ဦးလေး ၂ယောက်ဆီမှ ရှော်ဖြူရွာရဲ့ ချစ်စရာ ဖော်ရွေမှုကို ကြားရပြန်သည်။ အချမ်းပြေအောင် မီးလှုံဖို့  မီးတောင်မွှေးပေးသေးသည်။ ရေနွေးကြမ်း၊ မုန့် ဆီကြော်နဲ့  မီးစက်ကြီး တညလုံးဖွင့်ပေးထားသည်တဲ့။ ကြားရသမျှ ရင်ထဲနွေးထွေး ကြည်နူးမိသည်။ တာဝန်ကျေရုံ သက်သက် မဟုတ်ပဲ နှလုံးသားထဲက လာသည့် အရိုးခံစေတနာ။ ငွေပေးဝယ်ယူလို့  မရတဲ့ ရိုင်းပင်းကူညီမှု။ ရှော်ဖြူရွာရွာသားတွေရဲ့ ကျေးဇူးကို တနေ့ နေ့ မှာ တနည်းနည်းနဲ့  ပြန်ဆပ်ဖို့  တွေးရင်း သူတို့ ရဲ့ စေတနာ၊ မေတ္တာတွေကို ဒီပို့ စ်လေးနဲ့  မှတ်တမ်းတင် အပ်ပါတယ်။

တန်ခူး
12:11pm 15-Jan-2009

20 comments:

မောင်မျိုး said...

မြန်မာ့စိတ်ရင်း ကူညီခြင်းဆိုတဲ့ စကားသိပ်မှန်တာပဲ တကယ်ပဲငွေပေးဝယ်လို့မရတဲ့ ချစ်စရာစိတ်ရင်းလေးတွေပါပဲ ။ မြို့ကြီးတွေက လွဲပြီး နယ်မြို့လေးတွေမှာ ဒီဓလေ့လေးတွေရှိနေသေးတာ ဂုဏ်ယူစရာ မြို့ကြီးတွေမှာတော့ ပိုက်ပိုက်မပါရင် မပေးကမ်း မစွန့်ကျဲရင် ဝေးသေးတယ်။

စိတ်ဝင်စားစရာပို့စ်လေးအတွက် ကျေးဇူး အစ်မ ။

မဇနိ said...

အမ တန်ခူးရေ ဖတ်ရတာ မျက်ရည်တောင်လည်တယ်။
ငွေပေးလို့မရနိုင်တဲ့ စေတနာအရိုးခံတွေနော်။
အမပြန်တုန်းမှ ကြုံတတ်ပလေ။
အမတန်ခူးရဲ့ မောင် ကရော အညာမှာ ပျော်သလားဗျ။
အခု ပထမဆုံးခေါ်သွားတာဆိုလို့လေ။

ရွာသားလေးဝိုင်တီယူ said...

ရွှေညာသူ ရွှေညာသားနေထိုင်ပုံကြည့်ပါလား ရိုးရိုးသာ ပြောမယ် ရှင်းရှင်းသာပြောမယ် သဘောလည်းဖြူ မနောလည်းဖြူ ဆိုသကိုးဗျ။ ရှောဖြူရွာရေ ကျေးဇူးတင်ပါတယ်ဗျာ။

tg.nwai said...

ဒီလိုမျိုးလေးတွေ ကြားရရင် ကြက်သီးထ အောင်ကို ကြည်နူးတယ်..တကယ်..နာဂစ်ဖျက်ဆီးသွားတုန်းကလည်း မြန်မာပြည်က လူသားတွေမှာ အဲဒီစိတ်ဓာတ်လေးတွေ ရှိနေသေးတာ သိလိုက်ရတာနဲ့တင် အကုန်လုံးတွက် ကျေနပ်သွားခဲ့ရတယ်..။

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ဲမြန်မာ့ဓလေ့လေးတွေ ဖြူစင်တဲ့ စိတ်ရင်း စေတနာလေးတွေ ပေါ်လွင်အောင်ရေးပြထားလို့  ဖတ်ရတာ အရမ်းကောင်းပါတယ်...။
တန်ဖိုးမဖြတ်နိုင်တဲ့ စေတနာ မေတ္တာလေးတွေ နဲ့  ချစ်စရာ ပိုစ့်လေး တစ်ခုပါ...

Ko Paw said...

နယ်ဖက်မှာ လူတွေက အဲသလိုမျိုး ကူညီလေ့ရှိကြတယ်။ ဒါထက် သက်ဆိုင်ရာ အာဏာပိုင်များကရော ဘာအကူအညီပေးရမလဲ လာမမေးဘူးလားဗျ။း-)

Anonymous said...

အမရေ ပြီးရင် သည်းထိပ်ရင်ဖို DATA တွေနောက် လိုက်ရတဲ့ စွန့်စားခန်းလေးလဲ ရေးပါအုံးး)

nu-san said...

အမရေ. ဒီပို့စ်လေးဖတ်ပြီးတော့ ရင်ထဲနွေးသွားတာပဲ.. အမှန်ပဲနော်.. ဒုက္ခရောက်နေချိန်မှာ အခုလို အစစ ကူညီပေးတာ အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်... အားတက်တာပေါ့.. အမရဲ့ ကိုယ်တွေ့ ခရီးသွားပို့စ်တွေ မျှော်နေမယ်.. :)

khin oo may said...

လည်ပတ်ဖတ်

PAUK said...

အညာကိုတောင် သွားလည်ချင်စိတ်ပေါက်တယ်...

Moe Cho Thinn said...

ဒါ..မြန်မာ..

Craton said...

ပျော်စရာကြီး.. ကြည်နူးလိုက်တာဗျာ...

မီယာ said...

ကြည်နူး ဆွတ်ပျံ့ဖွယ်ကောင်းပါသည်။ စေတနာကောင်းတဲ့ တို့မြန်မာအပေါင်း ဖြစ်ပါသည်။

ပုံရိပ် said...

ချစ်စရာ ကောင်းတယ်နော်။ လိုအပ်တုန်း ရတဲ့ အကူအညီဟာ ဘာနဲ့မှ မလဲနိုင်ဘူး။

myatnoe said...

အမရေ...

စေတနာ...ဆိုတာ တောမှာနေတဲ့သူအများစု မှာရင်ထဲက စိတ်အခံမှာကိုက ပါပီးသားလေ..။

တောမှာပဲနေနေ မြို့မှာပဲနေနေ ..စိတ်ထားအမှန်ရှိတဲ့သူ ကူညီတတ်သူတွေက နေရာမရွေးကြပါဘူး အမရယ်..

ဒါနဲ့ အမသက်ဝေရဲ့ ပန်း၃ပွင့် အကြောင်းဖတ်ရသေးဘူးလားအမ..

ကောင်းကင်ကို said...

အညာမြေကို အလည်သွားချင်လာပြီ။

pandora said...

ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ကျေးလက်မှာ ရှိနေတုန်းပဲ။ ကြုံကြိုက်ရင် ပြန်စဉ်းစားပြီး ဒါမျိုးလေးတွေ ရေးချင်ပါသေးတယ်။

မခ said...

တကယ်ကိုလွမ်းစရာပါပဲ ပြန်ချင်ပေးမယ့်လဲ မပြန်နိုင်တဲ့ဘ၀မှာ ....

maicher said...

ganjiang240
moyan463
juque290
goujian398
pier362