Tuesday, January 20, 2009

ဘီလူးကို ရှိခိုးကြသူများ

စိန်နားကပ် ပြူးပြူးကြီးတွေနှင့် မိန်းမကြီးနှစ်ယောက် လှပသော အုန်းပွဲ၊ငှက်ပျောပွဲကြီး ကိုင်ပြီး အဲဒီဘက်ထဲ ၀င်သွားသည်။ လက်ကိုင်ဖုန်း ပုဆိုးမှာထိုးထားသည့် ရှပ်အဖြူလက်ရှည်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတယောက်နှင့် ပိုးပုဝါပါးလေး မခို့ တရို့ ပတ်ထားသည့် အမျိုးသမီး လက်ထဲမှာတော့ ပုဝါပါးပါးအသစ်တစုံနဲ့  အဲဒီဘက်ထဲ ၀င်သွားပြန်သည်။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားပြီး ရွှေတွေ ညွှတ်နေအောင် ၀တ်ထားသည့် ပါတိတ်ဝမ်းဆက် အဆင်ကြီးကြီးနှင့် ပုံစံတူ အန်တီကြီးတို့  အုပ်စုလက်ထဲမှာတော့ သာသနာပွဲအပြင် ဦးထုတ်လို စွတ်ရသည့် ဘီလူးခေါင်းလေးပါ ယူလာပြီး အဲဒီဘက်ထဲ ၀င်သွားတော့ သိချင်စိတ် တွေက ပိုလို့ များသွားသည်။

များသောအားဖြင့် ၀င်သွားသူတွေက ဘုရားဆီ အရင်မသွားပဲ အဲဒီဘက်ထဲ ၀င်ဝင်သွားကြတော့ သူတို့ လာတာ ရွှေတိဂုံဘုရားဆီမှ ဟုတ်ပါရဲ့လားလို့  သံသယ၀င်သွားမိသည်။ တချို့ က ဘုရားရှိခိုးပြီးပြီလားတော့ မသိ။ အဲဒီဘက်ထဲက ထွက်လာပြီး သုတ်သုတ် သုတ်သုတ်နဲ့  လှေကားမှ ပြန်ဆင်းသွားကြသည်။ အဲဒီဘက်ထဲမှာ ရှေးဟောင်း တန်ခိုးကြီးဘုရား တဆူဆူများ ရှိနေလျော့သလား။ သေချာတာက ရွှေတိဂုံဘုရားကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးသည့် ကိုယ်မသိသေးသည့် နေရာတခုပါပဲ။

လူတွေ ၀င်လိုက် ထွက်လိုက်နှင့် အတော်စည်ကားနေတော့ နောက်ဆုံးမနေနိုင်။ အဲဒီဘက်ထဲဆီ သွားစပ်စုမိသည်။ ဘုရား…ဘုရား။ အားလုံးက သာသနာပွဲကြီး၊ ပွဲငယ်နှင့် တရိုတသေ ရှိခိုးနေကြသည်မှာ မြတ်စွာ ဘုရားဆင်းတုတော်လဲ မဟုတ်၊ စေတီတဆူလဲ မဟုတ်။ အစွယ်ပြူးပြူးနဲ့  ဘီးလူးရုပ်ထုကြီးပါလား။ ရွှေရောင်တ၀င်းဝင်းနှင့် အလွန်ကြည်ညိုစရာကောင်းလှသော၊ မြန်မာတင်မက ကမ္ဘာက သိအောင် တန်ခိုးကြီးလှသည့် သမိုင်းဝင် ဆံတော်ရှင် လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံစေတီကြီးကို မေ့လျော့ပြီး ဘီလူးကြီးကို ယုံကြည်သက်ဝင် ရှိခိုးနေသူများ ကြည့်ပြီး ဘာစကားဆိုရမှန်း မသိအောင် ရင်ထဲမှာ အတော်ဝမ်းနည်းမိသွားသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေလို့  ဆုတောင်းပေးရုံမှလွဲ၍....။

တန်ခူး
10:50am 20-Jan-2009

24 comments:

Anonymous said...

အဲဒါ ဘယ်လို လုပ်ကြမလည်း။
း(

JuneOne said...

ဟူး မလွယ်ပါလား ခေတ်ကြီးသည် တဖြေးဖြေး >>>

ကိုပေါ said...

ဘီလူးတွေ ကောင်းစားတဲ့ ခေတ်ပေကိုးခင်ဗျ။

Anonymous said...

ဘီလူးရုပ်တုထက် ဘိုးတော် ပုဂ္ဂိုလ်တွေကိုမှ ဘုရားထက်ရိုသေကြတဲ့ နှလုံးထီသမား သုံးလုံးထီသမားတွေကို တွေ့ရင်ပိုအံ့သြမှာသေချာတယ်။ ““ဘုရားမှ တစ်ပါး ကိုးကွယ်ရာမရှိ ”” ကျနော်ကတော့ အဲ့စကားလေး လိုက်နာကျင့်သုံးလျှက် ။

Anonymous said...

ချဲထီသမားတွေနဲ့တူပါရဲ့အမရယ်။ လောဘဆိုတာက ဘယ်အရာကိုမဆို ကွယ်စေတယ်လေ။ လူဆိုတဲ့နောက်မှာ အင်း...အသိဥာဏ်တွေလည်းေ၀၀ါးကုန်ပြီပေါ့.

Moe Cho Thinn said...

ချိုသင်းတော့ အဲဒါတွေ စိတ်ညစ်လွန်းလို့။ ကိုယ့်လိုဘအတွက်နဲ့ မကိုးကွယ် မဆည်းကပ် သင့်တာတွေကို လောဘတကြီး လုပ်နေကြတယ်လို့ပဲ မြင်တယ်။ အံ့လဲ သြမိတယ်။
ကိုယ့်အဖို့မှာတော့ ရတနာ ၃ပါးကိုသာ အကြွင်းမဲ့ ယုံကြည်ပါတယ်။

Anonymous said...

အင်း အဲဒီရွှေတိဂုံဘုရားက ဘီလူးမ (ဘီလူးယောက်ျားမဟုတ်)ရုပ်ကြီးက နာဂစ်မဖြစ်ခင်က မျက်ရည်တွေကျလာသေးတယ် ဆိုလား ကောလာဟလ ထွက်သေးတယ်။ အဲသည်နောက်ပိုင်းမှာ ပိုပြီး ပူဇော်တဲ့သူတွေများလာတာ။ ဘာဖြစ်စေသလဲတော့မသိဘူး။

pandora said...

မတန်ခူးရေ.. လောဘတွေတက် ကြောက်လန့်မှုတွေ ဖိစီးနေတဲ့ ခေတ်ကြီးမှာ လုပ်မိလုပ်ရာတွေ ပိုလုပ်လာကြတယ် ထင်ပါတယ်။

tg.nwai said...

အင်းလေ.. ဘာပြောရမှန်းတောင် မသိတော့ပါဘူး တန်ခူးရယ်... ဘုရားပေါ်တောင် အေးအေးဆေးဆေး မတက်ဖြစ်တာတောင်ကြာ..။

Sonata Cantata said...

သြော် ဒီတိုင်းပြည်မှာ… ဘီလူးကို ကိုးကွယ်ကြသတဲ့လား။ ကြောက်လို့ပဲလား …. လာဘ်လာဘအတွက်လား။ ဘီလူးကိုးကွယ်သူတွေက ဗုဒ္ဓဘာသာ အမည်ခံတော့ … ဘီလူးတွေက ဘယ်အမည်များ ခံနေကြမှာပါလိမ့်။ လူတွေက သာသနာအစစ်အမှန်နဲ့ ထိုက်တန်အောင် မတွေး, မကျင့်ကြံရင်၊ သာသနာအစစ်ဆိုတာလည်း အဲဒီလူတွေနဲ့ ဝေးသထက်ဝေး … ။ ခပ်ပေါ့ပေါ့လေးတော့ မတွက်နဲ့ဗျို့…။

ဇနိ said...

ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်.... စိတ်တောင် မကောင်းဘူး..

RePublic said...

ကိုးကွယ်ယုံကြည်မှု တစ်ခုခု လွဲနေပုံရပါတယ်၊၊

nu-san said...

အမရေ.. ရွှေတိဂုံဘုရားမှာ အဲဒီလို ဘီလူးရုပ်ကို ကိုးကွယ်တာ အခုနောက်ပိုင်းမှ ဖြစ်လာတာလားမသိ.. အရင်ကတော့ မကြားမိဘူး.. ကိုယ်မသိတာလည်း ဖြစ်မယ်..

ရွှေဂျမ်း said...

ဟုတ်တယ်။ ဂျမ်း ရန်ကုန်သွားတုန်းကလည်း ရွှေတိဂုံသွားတာ အဲဒီလိုလူမျိုးတွေ တွေ့ခဲ့တယ်။ အားကိုးတကြီးကို ကိုးကွယ်နေကြတာ တွေ့တော့ စိတ်မကောင်းဖြစ်မိတယ်။

Anonymous said...

ဘာပြောရမှန်းတောင် မသိတော့ပါဘူး အစ်မရယ်။ ခေါင်းကုတ်ပြီး ပြန်သွားပါတယ်။

သက်ဝေ said...

ဘီလူးကို ရှိခိုးနေကြတယ် တဲ့လား...
တစ်ခါမှ မကြားဖူးလို့  ဖတ်ပြီး အတော်အံ့သြနေမိတယ်။ မေမေ့ကို ပြောပြတော့ သူလဲ မသိဖူးတဲ့... မကြားဖူးဘူးတဲ့...
အယူဝါဒတွေ လွဲမှားနေကြတာ တွေးကြည့်ရင်
ကြောက်စရာကြီးနော်...

ATN said...

ကိုယ့် ကိုးကွယ်ရာနဲ့ ကိုယ် ရှိခိုးကြတာကိုးဗျာ...
ဘာသွားပြောလို့ရမလဲ...
တခုပဲ ဘီလူးရှိခိုးနေတဲ့သူတွေက ကျန်တဲ့လူတွေကို သေနတ်နဲ့ ချိန်ပြီး ဘီလူးရှိခိုးခိုင်းနေမှာပဲ စိုးရတယ်လေ...

ဒါနဲ့ စကားမစပ်ဗျာ ဆီပုံးလေး တပ်ထားပါလား....း)

စူး said...

အမ ယက္ခမယ်တော်တဲ့ စိတ်အထင် ၂ပြားတန်ဆောင်းလား မသိဘူး
မြတ်နိုးလည်း သူငယ်ချင်းခေါ်လို့ရောက်သွားသေးတယ်

စီးပွါးတက်တယ်ဆိုပီး အဓိဌာန်နဲ့ စီးကရက်ကပ်တဲ့သူတွေ ပွဲပေးတဲ့သူတွေ ကိုယ့်မှာတအံ့တသြ..အခုခေတ်ကလဲ လူတွေကခက်သားပဲလေ.. သကြားသာသနာဆိုတော့လဲ ကိုးကွယ်ရာမှားနေကြလို့သာ နတ်တွေနေရာယူလာကြတာလေ..။

အမြဲ လူစည်ကားတယ် အဲ့ဒီနေရာ။နောက် ဘိုးမင်းခေါင်ရုပ်ထုနဲ့ ဘိုးမင်းခေါင်ဘုရား ..အထူးသဖြင့် စီးပွါးရေးသမားတွေ အများဆုံးပဲ။

မြတ်နိုးကတော့ ရွှေတီဂုံဘုရားရယ် အင်္ဂါထောင့်က ဆယ်တော်မူဆုတောင်းပြည့်ဘုရား နောက် ပိဒုန်းပဒိုင်းဘုရား နောက် ပတ္တမြားမျက်ရှင် ဘုရား နေလဘုရား ဓမ္မစေတီဘုရား နောက်အံ့ဖွယ် ၉ပါးထဲက ဘုရားတွေကို အချိန်ရရင် ပူဇော်လေ့ရှိပါတယ်။ အောင်မြေရှေ့က ချမ်းသားကြီးတန်ဆောင်း ရှင်စောပုစေတီ .. အိုးးးး လွမ်းလိုက်တာ .. သတိရလိုက်တာ ..
ရွှေတိဂုံဘုရားက အမရေ နောင်တော်ကြီးဘုရားရှေ့က ကြေးသွန်းခေါင်းလောင်းကြီး ပြုတ်ကျတာရော ပြန်တပ်ထားတာ တွေ့လားဟင်
ရွှေတိဂုံစေတီကို မျက်စိထဲမှာတောင် မြင်ယောင်လာပီ
အနောက်ဘက်တန်ဆောင်းက
စနေဥယျာဉ်မှာ မုန့်စားရတာတွေ ကြေးသွန်းဘုရားရှေ့က လိပ်ကန်မှာ အစာကျွေးခဲ့တာတွေ နောက် အနောက်ဘက်တန်ဆောင်းမရောက်ခင် လှိုဏ်ဂူလိုလိုထဲက မြေအောက်ကိုဆင်းပီး သွားခဲ့ရတဲ့ ဘု၇ားလေးတွေ.. သတိရတမ်းတလိုက်ပါဘိတော့ အမရေ..။

ကလိုစေးထူး said...

ကျနော်တော့ အခုမှပဲ စာတွေလိုက်ဖတ်ဖြစ်ရတယ် အမတန်ခူးရေ။ မတန်ခူး မြန်မာပြည်ပြန်သွားတာလဲ မသိလိုက်၊ ပြန်ရောက်လာတာလဲ မသိလိုက်။
ဘုရားကို အနားထား ဘီလူးကို ရှိခိုးတယ်ဆိုတာတော့ အထူးအဆန်းပဲ။ မကေ ညည်းသလိုပဲ အဲဒါ ဘယ်လိုလုပ်ကြမလဲ လို့သာ ညည်းရုံရှိတော့တယ်။

khin oo may said...

ရောက်ရှိခဲ့ဖတ်သွားပါသည်။

Kaung Kin Ko said...

:-(

P.Ti said...

အဲဒါ လောဘဇောတွေကြောင့် စဉ်းစားနိုင်တဲ့ အသိဥာဏ် နည်းပါးလာတယ်ထင်တာပဲ...

သစ်နက်ဆူး said...

မတန်ခူးရေ...
အခုမှ ရောက်ဖြစ်တယ်...
ကျနော်ရွှေတိဂုံဘုရားသွားဖူးတော့ တွေ့ ခဲ့ ဘူးတယ်...။
ခိုးလို့ ဝှက်လို့ ရတဲ့ ငွေနဲ့ ဘုရားစေတီတည်ထားတာကို
သာသနာပြုတယ်လို့ ထင်သူတွေ အုပ်ချုပ်နေမှတော့
.....
ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က
သရဏဂုံပျက်နေတဲ့ တိုင်းပြည်ကြီးပေါ့ဗျာ...။
ရှက်ဘို့ ကောင်းတယ်..။

တန်ခူး said...

ဘယ်လိုလုပ်ရမှန်းမသိလို့  ချရေးလိုက်တာပါ ကေရယ်…

ဟုတ်ပါ့ JuneOne ရေ… တဖြေးဖြေးနဲ့ …

ကိုပေါရေ… အင်းးးးးးးးး…..

မောင်မျိုးရေ… ဘိုးတော်တွေ ကိုးကွယ်တဲ့သူတွေ မြင်ဘူးတယ်… အမှုတွေ ဘာတွေဖြစ်တဲ့အထိပြဿနာတွေ ရှုပ်သွားတာ တွေ့ ဘူးတယ်…

လောဘလား… အယူမှားတာလား… တို့ လဲ မကွဲပြားတော့ပါဘူး ရွာသားလေးရယ်…

ဟုတ်ပါတယ်ချိုသင်းရေ… ရတနာ ၃ ပါးကို မေ့လျော့နေကြမှာ စိုးမိတယ်…

Anonymous ရေ… နောက်ကြောင်းက ဒီလိုလား… ကျေးဇူးပါ…

ပန်ရေ… ဟုတ်မှာပါ… ဘုရားတရားမြဲတာက ပိုပြီးထိရောက်မယ်ဆိုတာကို မေ့လျော့မိနေတဲ့ အထိ ကြောက်လန့် မှုတွေ ဖိစီးနေကြပြီပေါ့နော်…

မ ရေ… ဘုရားပေါ်တက်ဖြစ်ရင် သွားကြည့်လိုက်ပါဦး… မ လဲ အံ့သြသွားလိမ့်မယ်…

ဟုတ်ပါ့ မ ရယ်… ကျွန်မဖေဖေလဲ မ ပြောတဲ့ အတိုင်း ပြောတယ်… ပေါ့ပေါ့လေးမတွေးသင့်တဲ့ အရာပါ…

စိတ်မကောင်းတာတော့ အရမ်းပဲ ကိုဇနိရေ…

သူတို့ က ဗုဒ္ဓဘာသာဝင်တွေဆိုရင် အတော်ကို လွဲမှားနေတာ Republic ရေ…

ဟုတ်တယ်နုရေ… တို့ လဲ ဒီတခေါက်မှ သတိထားမိတာ…

ဂျမ်းရေ… တို့ မေမေက ပြောတော့ တဖြေးဖြေးနဲ့  ကိုးကွယ်သူတွေ ပိုပို စည်ကားလာတယ် ဆိုပဲ…

ပုံရိပ်ရေ… စကားလုံးတွေမဲ့တဲ့အထိ တကယ်စိတ်မကောင်းဖြစ်ရပါတယ်…
ဟုတ်တာပေါ့… သက်ဝေရယ်… တကယ်ကြောက်စရာပါ… ဘယ်ဘက်မုခ်လဲဆိုတာ မေမေ့ကို ပြန်မေးကြည့်ဦးမယ်… တို့ မေ့သွားလို့ …

ကိုအောင်သာငယ်ရေ… ရင်ထဲက လှိုက်လှိုက်လှဲလှဲ ယုံကြည်မှုက တော်ရုံနဲ့ တော့ မပျောက်ပျက်နိုင်ဘူးထင်တယ်နော်… ဆီပုံးလေးနဲ့  ဝေေ၀ဆာဆာ ထားချင်ပေမယ့်… ဧည့်ဝတ်မကျေမှာစိုးလို့ ပါ… ခုတောင် ကော်မန့် တွေကို နောက်ကျမှ ပြန်ရတာ အတော် အားနာနေတာ…

မြတ်နိုးပြောတာ ဟုတ်မယ်ထင်တယ်… တို့ က ရှင်စောပုစေတီကို အမြဲ ပူဇော်တယ်… အနောက်ဘက်တန်ဆောင်းမရောက်ခင် လှိုဏ်ဂူလိုလိုထဲက မြေအောက်ကိုဆင်းပီး သွားခဲ့ရတဲ့ ဘုရားလေးတွေတော့ မရောက်ဖူးဘူးညီမရေ… ဒီတခေါက်ပြန်ရင် သွားဦးမယ်…

ကိုစေးထူးရေ.. အလုပ်တွေ ရှုပ်နေတယ်ထင်တယ်… ဟုတ်ပါတယ်… ကျွန်မလဲ ဘုရားအနားထားပြီး ဘီလူးကို ရှိခိုးတာကို အံ့သြတာ…

ကျေးဇူးပါမမရေ…

ကောင်းကင်ကိုရေ… 8-((

လောဘဇောတွေက အမှောင်ဖုန်းသလို ဘာမှ မြင်နိုင်စွမ်းမရှိတော့တာပဲလား ကိုပီတိရေ…

ကိုသစ်နက်ဆူးရေ… နာမည်အသစ်ဆိုတော့ ဘယ်သူများလဲလို့ … သရဏဂုံပျက်နေတဲ့ တိုင်းပြည်ကြီးတဲ့လား… ကျွန်မငိုနေမိတယ်…