Sunday, January 25, 2009

စောင့်နေတယ်မောင်….



(ဒီပုံလေးကို ဒီနေရာက ယူပါတယ်။)

အဲဒီတုန်းက အချစ်နဲ့ နိုးထပြီး အချစ်နဲ့ အိပ်ရာဝင်တတ်တဲ့ အရွယ်။ အချစ်သီချင်းတွေခံစား အချစ်ဝတ္ထုတွေမှာ မျောပါတတ်တဲ့ အရွယ်။ ပန်းကလေး ပွင့်တာ၊ သစ်ရွက်လေး လှုပ်တာ၊ ခန်းစီးစလေး လွင့်တာက အစ ရင်ခုန်သံတွေ ဖြစ်ဖြစ်သွားတတ်တဲ့ အရွယ်။ လွန်ခဲ့တဲ့ ၁၇နှစ်က ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ရင်ခုန်ပွင့်က ကျွန်မရဲ့ ၀တ္ထုတိုလေးပါ။ အိမ်ပြန်တော့ စာအုပ်စင်ကို မွှေနှောက်ရင်း ပြန်တွေ့ ခဲ့လို့  အမှတ်တရ အနေနဲ့  ပြန်တင်ပေးလိုက်ပါတယ်။ တကယ်ချစ်တဲ့သူနဲ့ တွေ့ တဲ့ အခါ အတော် အချိုးပြေသွားတဲ့ ပတ်ဝန်းကျင်က လူပွေလေးတယောက် အကြောင်းကို ချရေးမိခဲ့တာပါ။ ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ ငါရေးတာ အတော်ကို ကလေးဆန်တာပဲလို့  ပြုံးမိပါတယ်။ ကျွန်မရဲ့ လူငယ်ဘ၀က ကလေးဆန်တဲ့ လက်ရာလေး မျှဝေခံစားကြည့်ပါဦး။

************************
မောင်… မောင် သိပ်မှားနေပြီ။

မောင့်ရဲ့ မိန်းခလေး တဦးပေါ် မြင်တဲ့ ခေတ်နောက်ကျလွန်းတဲ့ ဟောင်းနွမ်းတဲ့ အမြင်ကြီးကို ပြုပြင် လိုက်စမ်းပါ။ အားမနာတမ်း ပြောရရင်တော့ မိန်းခလေးတွေရဲ့ အသည်းကို လမ်းခင်းလျှောက်နေသူလို့  နာမည်ကြီးနေတဲ့ မောင့်ပညာတွေ သိပ်နုသေးတယ်…မောင်။

ဘယ်နဲ့ မောင်ရယ်…။ မိန်းခလေး တယောက်ကို သူ့ ရဲ့ ပြင်ပ အမူအရာတင် ကြည့်ပြီး စိတ်ဓာတ်လည်း တထပ်တည်း ဖြစ်မယ်လို့  ခန့် မှန်းရနိုင်မယ်တဲ့လား။ မောင့်ကို ဘယ်သူကများ ဒီအယူအဆကြီးကို နားသွင်းပေးခဲ့လဲ။ အဲဒီယူဆချက်ကြီးဟာ ကျွန်မနဲ့ ကျမှ အလွဲကြီး လွဲသွားတာကိုများ မောင် ယူကျူံးမရ ဖြစ်နေလား။

သိမ်မွေ့ ဖြေးညှင်းစွာ လမ်းလျောက်တတ်သော၊ နူးညံ့သော စကားတွေကိုသာ ဆိုတတ်သော၊ ပန်းပွင့်တွေကို မပန်ရက်နိုင်အောင် ချစ်မြတ်နိုးတတ်သော၊ ရှုပ်ထွေးသော လူအုပ်ကြီးထဲမှာ လမ်းမလျှောက်ရဲသော၊ မြတ်နိုးသော အရာများကို အစွဲလမ်းလွန်သော… ကျွန်မကို မောင်ဟာ သာမာန် မိန်းခလေး တယောက်လို ထင်လိုက်တယ်လေ။ မောင်ဟာ ကျွန်မကို ပျော့ညံ့တဲ့ နှလုံးသားပိုင်ရှင်လို့  တထစ်ချကြီး တွက်ခဲ့တာကိုး။ မောင့်ရဲ့ ကျွန်မမှာ မာနတရားတွေ ရောနှောနေတဲ့ ခပ်မာမာနှလုံးသားတခုကို ပိုင်ဆိုင်ထားတာ မောင်မှ အကဲမခတ်နိုင်ပဲ။

ကျွန်မပိုင်နိုင်စွာ ပြောနိုင်သေးတာ တခုရှိတယ်။ ဒါဟာ ကျွန်မကိုမောင် တကယ် ချစ်မိသွားခဲ့တယ် ဆိုတာ။ မငြင်းနဲ့ မောင်။ ကျွန်မတို့  မိန်းခလေးတွေမှာ မောင်မသိသေးတဲ့ ကျွမ်းကျင်မှုတွေ အများကြီး ရှိနေတယ်။ ကျွန်မလား။ ကျွန်မလဲ မောင့်ကို သိပ်ချစ်ခဲ့တာပဲပေါ့။ မောင်ဟာ ကျွန်မရဲ့ ဦးဆုံးချစ်သူပဲ။ ရူးရူးမူးမူးကို အစွဲလမ်းကြီးစွာ ချစ်တာ။ မောင် မေးဦးမလား။ ဒါဖြင့် ဘာလို့ မောင်ကျောခိုင်းသွားချိန်မှာ မျက်ရည်တစက်မကျခဲ့လဲလို့ ။ ပြောပြီးပါရောလား။ ကျွန်မမှာ မာနနှလုံးသားရှိတယ်လေ။ သစ္စာမဲ့တဲ့ အချစ်တခု အတွက် ကျွန်မ နှမျောတသ လွမ်းနေလဲ အပိုပဲပေါ့မောင်။ မောင်ဟာ သစ္စာတရားကို နားလည်လာတဲ့နေ့  ကျွန်မဆီ ပြန်လာမှာပဲ ဆိုတာ ယုံကြည်နေတယ်လေ။

ရယ်တော့ ရယ်ရတယ်မောင်။ လူတွေဟာ ကိုယ့်ကိုယ်ကို လိမ်နေကြတာကို မသိမသာ နေနေကြတာလေ။ အဲဒီလူတွေထဲမှာ မောင်ဟာ ထိပ်ဆုံးကပဲ။ မိန်းခလေး တယောက်ကို လပိုင်းလောက်သာ တွဲတယ်ဆိုတဲ့ မောင့်ရဲ့ အထင်မကြီးလောက်တဲ့ ဂုဏ်ပုဒ်ကြီးတခုကို ဘာလို့ များ လက်လွှတ် ဆုံးရှုံးရမှာ ကြောက်နေလဲ။ ဘာများ မက်စရာရှိလို့ လဲ။ သူငယ်ချင်းတွေကြားမှာ ရည်းစားများသူလို့  လက်မထောင်နေတဲ့ မောင့်အကျင့်ဆိုးတခုက မောင့်နှလုံးသားကို နှိပ်စက်လိမ့်မယ်။

မောင်…. တခြားသူတွေတုန်းကလို သံယောဇဉ်ကင်းစွာ ကျွန်မကို ပြတ်တောက်လိုက်ပါလား။ ဘာလို့ များ ကျွန်မ မသိအောင် တိတ်တဆိတ် ယူထားတဲ့ ဓာတ်ပုံကို မောင်ပြန်မပေးသလဲ။ ဘာလို့  ကျွန်မရဲ့ မျက်စိနဲ့  မြင်သာတဲ့ နေရာတွေမှာ ကျွန်မ မဟုတ်တဲ့ တခြားမိန်းခလေး တယောက်နဲ့  မြူးတူးပြနေသလဲ။ ဒါဟာ သံယောဇဉ် မကုန်တဲ့ အမူအရာလို့  ကျွန်မယူဆတယ်။ မောင့်အပြုံးတွေ မောင့်အပျော်တွေဟာ ဟန်ဆောင်ထားတဲ့ အတုအပတွေပါလို့  ကျွန်မ စွတ်စွဲတယ်။ မောင် ဘာလို့  သူငယ်ချင်းတွေကြားမှာ အပြုံးတုတွေကို ပင်ပန်းခဲယဉ်းစွာ ဖန်တီးနေလဲ။ သူလဲ သွားတာပါပဲကွာ ဆိုတဲ့ စကားကို ပြောနေချိန်မှာ မောင့်အသံဟာ အနည်းငယ်တော့ တုန်နေရမယ်။ သုံးလဆိုတဲ့ အလွန်တိုတောင်းတဲ့ ကာလလေး တခုမှာပဲ မောင့်အမူအရာ မောင့်လှုပ်ရှားမှု မောင့်ခံစားမှုတွေက်ု တက်နိုင်သမျှ လေ့လာပြီး အကဲခတ်နိုင်အောင် ကြိုးစားခဲ့တယ်။ မောင်ဟာ ကျွန်မထက်စာရင် အကဲခတ်ရလွယ်တဲ့ လူတယောက်ပဲ။ ဘာလို့ လဲဆိုတော့ မောင်ဟန်မဆောင်တတ်ဘူး။

မောင်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတဲ့ အတွက် အတော်ခံပြင်းမှာပဲနော်။ တစုံတရာ အရိပ်အငွေ့ ကို ကြိုတင်မပြပဲ ရုတ်တရက်ကြီး ကောင်မလေး တယောက်ကို တွဲလာပြီး ဒါတို့ ချစ်သူလေးဆိုပြီး ကျွန်မကို မိတ်ဆက်ပေးတဲ့ မောင့်အမူအရာက သိပ်ကလေးဆန် လွန်းပါတယ်။ မောင် မေ့လွယ်တာလား။ ကျွန်မမောင့်ကို အဖြေပေးခဲ့တဲ့ နေ့ တုန်းကလဲ မောင်က ကျွန်မလက်ကိုတွဲပြီး ကျွန်မထက် အသက်ကြီးမယ့် အမကြီး တယောက်ရှေ့ မှာ ဒါကိုယ့်ချစ်သူလေးလို့  မိတ်ဆက်ပေးခဲ့ဖူးတယ်လေ။ အဲဒီတုန်းက အမကြီးရဲ့ မျက်ဝန်းမှာ မျက်ရည်စို့ နေတာကို တွေ့ မိသေးတယ်။ တယောက်သုံးပြီးသားနည်းကို ထပ်သုံးလိုက်တာဟာ သိပ်ကို ပေါ့လျော့လွန်းပါတယ်။ ဒီနည်းနဲ့ ပဲ နှစ်ခါမိတ်ဆက်ခံရဖူးတဲ့ ကျွန်မကတော့ မောင့်ရဲ့ လှည့်ကွက် နှစ်ခုမှာတင် မောင့်ကို သိပ်သနားသွားမိတယ်။ မောင် သိပ်ကို မတည်မငြိမ်ဖြစ်နေတယ်လေ။ အဲဒီနေ့ က မောင်ဟာ အချစ်ကို တန်ဖိုး မထားတတ်သူ၊ သစ္စာကင်းမဲ့သူဆိုတာ သိလိုက်ရတော့ ရင်ထဲမှာ စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမယ့် ကျွန်မမျက်နှာပေါ်မှာတော့ မောင်သိပ်နှစ်သက်တဲ့ အပြုံးတခု ဖုံးအုပ်လို့  ထားတယ်လေ။ ကျွန်မရင်ဘတ်မှာ ထိုးထားတဲ့ ရင်ထိုးသေးသေးလေးဟာ မောင်အမြတ်တနိုး ၀ယ်ပေးထားတာ။ အဲဒီရင်ထိုးလေးကိုပဲ မောင့်ချစ်သူ အသစ်လေးကို လက်ဆောင် ပေးလိုက်တယ်။ မောင့်မျက်နှာ အပျက်ကြီးပျက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာ ကျွန်မမြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။ မောင်ထင်ထားတဲ့ ပျော့ညံ့တဲ့ အမူအရာတခုမှ ကျွန်မဆီမှာ ငြိစွန်းမနေတာ တွေ့ လိုက်ရတော့ မောင် တော်တော်များ အခံရခက်သွားလားဟင်။

မောင်ရယ်… မောင်က သိပ်စိတ်ပျော့လွန်းတဲ့ မိန်းခလေးလို့  အထင်ကြီးထင်တားခဲ့တဲ့ ကျွန်မစိတ်ဟာ သိပ်ကို မာနေပါရောလား။ “ဝေနုက သိပ်စိတ်ပျော့တဲ့ မိန်းခလေးပါ.. မယုံရင်ကြည့်.. သူငါ့ဆီကို အသနား ခံလာမှာ”… ဆိုတဲ့ စကားတခွန်းကို ဘာကြောင့်များ ကျွန်မဆီ ရောက်အောင်ဆိုတဲ ရည်ရွယ်ချက်နဲ့  မောင်ပြောခဲ့သလဲ။ ဒါဟာ မောင်ဖြစ်စေချင်နေတဲ့ ဆန္ဒတခုလို့  ကျွန်မ ဝေဖန်တယ်။ ဒီစကားကို ကျွန်မပြန်ကြားချိန်မှာ မောင်ဟာ မိန်းခလေး တယောက်ရဲ့ မာနကို ထိပါးတဲ့ စကားတွေမျိုးလဲ သုံးနှုန်းတတ်တဲ့ လူတယောက်ပါလားလို့  အံ့သြမိရုံ အပြင် ဘာခံစားချက်မှ မရှိခဲ့ဘူး။

မောင်သိထားစမ်းပါ။ ခုခေတ်မိန်းခလေးတွေဟာ အချစ်ကို ဘ၀လို့  မသတ်မှတ်ကြတော့ဘူး။ အချစ်တခုထဲနဲ့  ဘ၀ကို မိုက်မဲစွာ ရေစုန်မမျှောတတ်ကြဘူး။ အချစ်ကြောင့် မိန်းမ မာနကို မပျက်ပြားစေကြဘူး။ နှလုံးသားကွဲအက်ခဲ့ဘူးသူတွေကလဲ ဝေဒနာကို လျစ်လျူရှုပြီး ဘ၀ကို မခံချင်စိတ်နဲ့  ရဲရဲကြီး ဆန်တက်ကြတယ် အချစ်ဆိုတဲ့ တခုထဲမှာတင် ဘ၀ကို နှစ်မြုပ် မထားပဲ တိုးတက်မှုကို ရှာကြတယ်။ အချစ်ကို တန်ဖိုးထားပေမယ့် အချစ်ကြောင့်တော့ အောက်ကျမခံဘူး မောင်။ အဲဒီလို မိန်းမမျိုးထဲမှာ ဝေနုပါတယ်။ မောင် စွပ်စွဲပါဦးလား။ မင်းတို့  တကယ် မချစ်တတ်ကြသေးလို့ ပါကွာလို့ ။ ချစ်တတ်တာပေါ့မောင်ရယ်။ ဘယ်သူ တဦးတယောက်ကိုမှ ချစ်မလာနိုင်တော့တဲ့အထိ မောင့်အပေါ်မှာ အချစ်တွေပုံပြီး ချစ်ခဲ့တယ်။ အခုချိန်ထိလဲ ချစ်နေတုန်း။ အနာဂတ်မှာလဲ ချစ်နေဦးမှာ။ ဒါပေမယ့် အဲဒီအချစ်အတွက်နဲ့  တွေဝေတတ်တဲ့ မောင့်အပါးမှာ ၀န်ချတောင်းပန်ဖို့ ဆိုတာ စိတ်ကူးထဲတောင် မထည့်ခဲ့မိဘူး။ ယုံ…မောင်…။ ကျွန်မက မာန အကြီးသား မောင်ရဲ့။

အဖြူရောင်နဲ့ မောင့်ကို ဘယ်သူ့ ကို ပိုချစ်သလဲလို့  မောင်မေးခဲ့တုန်းက ကျွန်မ အဖြေမပေးပဲ ရယ်မောနေခဲ့တယ်နော်။ သက်မဲ့တခု ဖြစ်တဲ့ အဖြူရောင်နဲ့ တောင် အချစ်ပြိုင်နေလို့  မောင့်ကို ကျွန်မ ကျေနပ်ခဲ့ရသေးတယ်။ ကျွန်မကလဲ ကျွန်မပဲလေ။ ကျွန်မရဲ့ အ၀တ်အစား၊ အသုံးအဆောင်တွေ အကုန်လုံးမှာ အဖြူရောင်တွေချည်း နေရာယူထားတာကိုး။ ကျွန်မ အဖြူရောင်ကို အစွဲအလမ်း လွန်ပေမယ့် ခြေညှပ်ဖိနပ်ကိုတော့ အဖြူရောင် မစီခဲ့ဘူး။ ဘာလို့ လဲဆိုတော့ ကျွန်မနှစ်သက်လွန်းတဲ့ အရာကို ခြေထောက်အောက်မှာ မထားချင်လို့ လေ။ မောင်ကတော့ ကျွန်မအကြောင်းပြချက်ကို သဘောကျပြီး ရယ်မောပါလေရော။ ချစ်သူတယောက်ကို ဒီလိုစွဲမြဲစွာ ချစ်နေချင်တာပေါ့ မောင်ရယ်။ မောင့်မှာ သစ္စာတရား တခုသာ ပိုင်ဆိုင်ခဲ့ရင် အသက်ထက်ဆုံး မောင့်လက်ကို မဖြုတ်တမ်း တွဲထားမှာပါ။ မောင်ဟာ လူတယောက်ကို တကယ်ချစ်မိသွားပြီလို့  ၀န်ခံဖို့  ဘာလို့ ဆွံ့ အနေလဲ။ အချစ်ဟာ သတ္တိကို ဖြစ်ပေါ်စေတယ်လေ။ မောင့်ဆီမှာ သတ္တိတွေ ရှိလာနိုင်မှာပါ။ တချိန်ကျတော့ ကျောခိုင်းသွားတဲ့ မောင်ကပဲ ကျွန်မဆီကို ကျွန်မရဲ့ ဖိတ်ခေါ်မှုမရှိပဲ အပြေးရောက်လာမှာ သေချာပါတယ်။ မောင် ကျွန်မအပေါ် ချစ်နေတဲ့ အချစ်တွေ ထုထည်ကြီးမား ပေါက်ကွဲလာမယ့် တနေ့ ။ အဲဒီနေ့ ကို မျှော်နေမိတယ်။

မောင့်စိတ်ဓာတ်တွေ မပြတ်သားတာ၊ မောင့်ဆုံးဖြတ်ချက်တွေ မှားနေတာဟာ မောင့်ရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့်လားလို့  အဆက်အစပ်မရှိ လျှောက်တွေးမိသေးတယ်။ ယောင်္ကျားအချင်းချင်းတောင် ငေးလောက်တဲ့ မောင့်ရုပ်ရည်ကို ကျွန်မသိပ်မနှစ်သက်ဘူး။ ယောင်္ကျားလေး တယောက်မှာ ကြမ်းတမ်းမှု အနည်းငယ်တော့ ရှိရမယ်လေ။ အဆင်ပြေ ချောမွေ့ လွန်းနေတဲ့ မောင့်ရုပ်ကို ကျွန်မ တကယ့်ကို မနှစ်သက်ခဲ့တာ။ ဘာလဲ… မောင်က ကျွန်မကို ညာနေတယ် ထင်လို့ လား။ ကျွန်မမောင့်ကို ချစ်မိသွားတာဟာ ဒီရုပ်ကြောင့်တော့ မဟုတ်ဘူး။ သူ့ ဘာသာ ချစ်ချင်လို့  ချစ်သွားတာ။ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ခိုင်မြဲတဲ့ အချစ်တခုနဲ့ ချစ်သွားတာ။ မောင်နားလည်လား… မောင့်ရုပ်ရည်တခုကြောင့် မောင့်အနားကို ကျွန်မ အရှက်နည်းစွာ ရောက်လာဦးမယ် မထင်နဲ့ ။


မောင်… မပြတ်သားနိုင်ပဲ ပြတ်သားလိုက်တဲ့ ပုံစံနဲ့  မောင်ဟာ ကျွန်မဆီကို ဘာကြောင့် စတင်ဆက်သွယ်ချင်ရတာလဲ။ မောင့်ကိုမောင်ရော ဆန်းစစ်ကြည့်မိရဲ့လား။ ဆက်သွယ်ချင်လဲ ပေါ်ပေါ်ထင်ထင်ပေါ့ မောင်ရယ်။ ယောင်္ကျားပီပီ သတ္တိရှိရှိ ဆက်သွယ်လိုက်ပါလား။ အခုတော့ “ဟယ်လို” ဆိုတဲ့ ကျွန်မအသံလေးကို ကြားချင်ရုံသက်သက်နဲ့  ဘာအသံမှ မတုန့် ပြန်ပဲ ဖုန်းချပစ်တတ်တဲ့ မောင့်အကျင့်ကို ကျွန်မသိနေပြီလေ။ မောင်က မောင်မှန်းမသိအောင် တိတ်တဆိတ်နေလဲ အဲဒီလူဟာ မောင်ပါပဲလို့  ကျွန်မသေသေချာချာ ပြောနိုင်တယ်။ မောင် ကျွန်မနဲ့  နီးကပ်စွာ ရှိနေခဲ့စဉ် အချိန်တွေက ဘာစကားမှ မပြောပဲ တွေဝေနေချိန်ဆို မောင့်အသက်ရှုသံဟာ ပြင်းနေတတ်တယ်။ မောင်ဟာလေ… ကိုယ့်ကိုယ်ကို ဘာလို့ များ ဒီလောက်တောင် ဒုက္ခပေးချင်နေရတာလဲ။ ဒါပေမယ့် ကျွန်မက မောင့်လို အပေါင်းအသင်းတွေ ထဲမှာ ဂုဏ်မယူသင့်တာကို ဂုဏ်ယူပြီး မပြောတတ်ဘူး။ မောင် ဝေနုဆီ ဖုန်းဆက်တာ ၄ ခါရှိပြီးလို့  ပြောမိခဲ့ရင် ဒီစကားဟာ မောင့်ဆီပြန်ရောက်ပြီး မောင်သတ္တိနဲစွာနဲ့  ငြင်းနေဦးမှာ ကျွန်မသိနေတယ်။

မောင်သတိထားမိလား….မောင် ကျွန်မအပေါ်မှာ ကြိုတင်မြင်ထားတဲ့ အမူအရာတွေဟာ ကျွန်မဆီမှာ မရှိပဲ မောင့်ဆီကို ရောက်နေပြီလေ။ ယောင်္ကျားတွေဟာ မိန်းမတွေထက် ထိန်းချူပ်မှု အားနည်းတယ်မောင်ရဲ့။ ကျွန်မတို့  မိန်းခလေးတွေဟာ လူ့ ဘ၀ကို ထိန်းချူပ်မှုတွေနဲ့ အတူ ရောက်ရှိလာခဲ့လို့  တော်ရုံတန်ရုံ ခံစားရတာဆိုရင် အသားကျနေပြီ။ မောင်ဘာလို့ များ အောင့်အည်းထိန်းချူပ်လို့ မရတဲ့ အချစ်ဆိုတာကို ဖုံးဖိနေလဲ။ မောင့်အမူအရာတွေဟာ မောင့်အတွင်းစိတ်ကို ဖွင့်လှစ်ပြလိုက်သလိုပါပဲ။ မောင်ကျွန်မအတန်းရှေ့ မှာ ကျွန်မသိပ်နှစ်သက်တယ်လို့  ပြောခဲ့ဘူးတဲ့ ကုတ်အကျီင်္ ရှည်ရှည်ကြီးကို ၀တ်ပြီး ကျွန်မကို ဂရုမစိုက်သလိုနဲ့  အကြောင်းမရှိ အကြောင်းရှာပြီး ဘာလို့  လာနေရတာလဲ။ တချက်တချက် အလစ်ဖမ်းပြီး ခိုးကြည့်တတ်တဲ့ မောင့်အကြည့်တွေကို ကျွန်မသိသွားရင်တော့ နှုတ်ခမ်းကြီး ဖိကိုက်ပြီး မကျေမနပ် ဖြစ်နေတတ်တယ်လေ။ ဒီအချိန်မှာ ကျွန်မဟာ သူငယ်ချင်းတွေနဲ့  ရယ်စရာတခုကို အလျင်အမြန် ကြံဖန်ရှာပြီး ရယ်ပစ်လိုက်ရတယ်။

ဆေးလိပ်သောက်ကျင့် မရှိတဲ့ မောင်ဟာ သုခိတာ ဆေးပေါ့လိပ်ကြီးကို မကျွမ်းကျင်စွာ
ဖွာရှိုက်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေတာကရော။ မောင့်ရဲ့ မတည်ငြိမ်တဲ့ စိတ်ကို ဆေးလိပ်နဲ့ ဖုံးဖိဖို့  ကြိုးစားနေတာပဲ မဟုတ်လား။ ကျွန်မသိပ်ကြိုက်တဲ့ ရုပ်ရှင်ကားတကား ရုံတင်တာနဲ့  ရုပ်ရှင်လက်မှတ် ၃ စောင်ဟာ ကျွန်မလွယ်အိတ်ထဲ ရောက်ရောက် နေတတ်တာရော မောင့်လက်ချက်ပဲမိုလား။ လွယ်အိတ်ကို ဂရုတစိုက် အသေအချာ မထားတတ်တဲ့ ကျွန်မအကျင့်ကို မောင်သိထားတယ်လေ။ ကျွန်မဆီကို စာတိုက်ကနေ လက်နှိပ်စက်စာလုံးနဲ့  ကဗျာတွေ ရေးပေးနေတာရော။ မောင်ရယ်… ကျွန်မ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေ သိပ်ကြိုက်နှစ်သက်တယ် ဆိုတာ မောင်ကလွဲလို့  ဘယ်သူ့ ကိုမှ မပြောမိသေးဘူး။ ကျောင်းဆင်းချိန် ကျွန်မအိမ်က ကားလာမကြိုမချင်း ဆိုင်ကယ်အသစ်စက်စက်ကြီးကို ပြင်နေသလိုလို၊ သူငယ်ချင်းတွေနဲ့  စကားပြောနေသလိုလို… ဒါမှမဟုတ် ကျောင်းမှာ စာကျက်ကျင့် မရှိတဲ့ မောင်က စာအုပ်တအုပ်ကို သဲကြီးမဲကြီး ဖတ်နေသလိုလိုနဲ့  အလုပ်တွေ ကြံဖန်ရှုပ်နေတတ်တာရော။ မိန်းခလေးတွေကို အထင်သေးတတ်တဲ့… နောက်ပြီး ကိုယ့်ကိုယ်ကိုလဲ အထင်ကြီးလွန်းတဲ့ မောင်ဟာ အခုတော့ ကျွန်မဆိုတဲ့ ဝေနုကို တကယ်ချစ်မိသွားပြီး အကြီးအကျယ် ခံစားနေရပြီ မဟုတ်လား။ စိတ်မကောင်းပါဘူးမောင်ရယ်။ မောင့်ကို အချစ်က ပြုပြင်ပေးသွား ပါလိမ့်မယ်။

မောင် ကောင်မလေးတွေနဲ့  လုံးဝမတွဲတော့ဘူးဆိုတဲ့ သတင်းက ကျွန်မဆီကို မွှေးပျံ့ စွာ ရောက်လာတယ်။ မောင်ရယ်… ဒါနဲ့ များ ကိုယ့်ကိုယ်ကို နှိပ်စက်နေရသေးတယ်။ မောင်ရဲ့ မာနကြီးတဲ့ ချစ်သူဟာ မောင်ရှိရာကို ဘယ်တော့မှ လာမှာမဟုတ်ဘူး။ ကျွန်မဟာ အပြစ်ရှိသူ တယောက်မှ မဟုတ်တာ။ အပြစ်ရှိသူမောင်ကသာ ကျွန်မရှိရာလာပြီး ကျွန်မကို တောင်းပန်ရမှာပေါ့။ ကျွန်မကလဲ မောင့်ရဲ့ တောင်းပန်စကား တခွန်းနှစ်ခွန်းလောက်နဲ့ တင် ကျေအေးလိုက်မှာပါ။ မောင့်နှုတ်က တောင်းပန်စကား ထွက်လာမယ့်နေ့ ကို ကျွန်မစိတ်ရှည်စွာ စောင့်နေပါတယ်။ မလိုတော့ပါဘူး။ ခုပဲကြည့်လေ။ ကျွန်မ ပရယ်တီကယ်လုပ်တာကို အရင်တုန်းကလို ခိုးကြောင်ခိုးဝှက် မဟုတ်ပဲ မျက်တောင်မခတ် ငေးစိုက်ကြည့်နေတဲ့ မောင့်မှာ သတ္တိတွေ ရှိလာပြီလေ။ မောင် ကျွန်မနား ရောက်လာတော့မှာပါ။ ကျွန်မကတော့ မိန်းခလေးတွေ ထားသင့်တဲ့ မာနတခုနဲ့  ခွင့်လွှတ်ပါတယ် ဆိုတဲ့ စကားတခွန်းကို ပြောဖို့  စောင့်နေပါတယ်…မောင်။

************************
(စာကြွင်း။ ဒီထဲက မောင်က အပြင်က ကျွန်မရဲ့ မောင်မဟုတ်ပါကြောင်း)

တန်ခူး
11:00pm 24-Jan-2009

18 comments:

KK said...

ha..hah.. kyoe sar.. shar tal.. keep on blogging until the sun rising up..

Craton said...

အားရို့.. ကောင်းလိုက်တာ.. ဖတ်ရင်းနဲ့ကိုယ်ပါမျောသွားတယ်။း)
အန်တီတန်ခူးစာရေးအရမ်းကောင်းတာပဲ။ အားကျတယ်
"မောင်"ဆိုတာကို သနားလိုက်တာ.. ဒါပေမယ့် သူလည်း အချစ်တော့ကြီးရှာသား ဟိဟိ..
"ကျွန်မ"ဆိုတဲ့ဘက်ကတော့ သိပ်ထွေထွေထူးထူးကွဲပြားစွာ မခံစားမိပါဘူး။ အန်တီတန်ခူးဇာတ်ကောင်အတိုင်းပဲ တွေးမိတယ်
သူ့ဘက်ကမှန်သင့်သလောက်မှန်ပါတယ်လေ။ မိန်းကလေးပေကိုး..း)

ThuHninSee said...

ဖတ်လို့ကောင်းလိုက်တာ။ အစ်မရယ်

မီယာ said...

မိန်းကလေးက မောင့်ကိုပြောတဲ့ စကားတွေက ကောင်းလိုက်တာ...ရုပ်ရှင်ထဲမှာလိုပဲ စိတ်ကူးယဉ်လိုက်တယ် အဟဲ

နှင်းခါးမိုး said...

လာဖတ်သွားပါတယ်။ ဒီဝတ္ထုလေးနဲ့ပတ်သတ်လို့တော့ လူငယ်တွေပြောကြပါစေလေ။ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ရသစာနုလေးတွေ ဆက်လက်ဖန်တီးနိုင်ပါစေ။ အားပေးနေပါတယ်ဗျာ။

ပုံရိပ် / Pon Yate said...

မတန်ခူးရေ ၀တ္ထုထဲက မောင်ဟာ အပြင်က မောင် မဟုတ်ဘူး ဆိုတာ ၀မ်းသာပါတယ်။

မဇနိ said...

အေးအေးဆေးဆေး လာဖတ်ချင်လို့ ချန်ထားတာ။ ခုမှ တခေါက်လာဖတ်ရတယ် အမတန်ခူး။ အရင်တုန်းက ရေးခဲ့တာလည်း ဖတ်လို့ကောင်းလိုက်တာ အမရယ်။ ထားသင့်တဲ့မာနထားတဲ့ မိန်းကလေးကို သဘောကျတယ်။ ဒါပေမယ့် သူခွင့်လွှတ်ဖို့ စောင့်နေတာဆိုတာကိုလည်း ကြိုက်မိတယ် အမ။

sin dan lar said...

လွန်ခဲ့တဲ့ ၁၇နှစ်က ၀တ္ထုပေမယ့် အစ်မထင်သလို ကလေးမဆန်ပါဘူး...။ ဖတ်ကောင်းတယ်..။
သုခိတာဆေးပေါ့လိပ် ဆိုတာလည်း ခုနောက်ပိုင်းမှာ
ကြော်ငြာမှာရော၊ အပြင်မှာရော မတွေ့ရတော့ဘူးနော်..။
ရင်ခုန်ပွင့်နဲ့ ပန်းဝေသီမှာ ၀တ္ထုတိုတွေချည်းမို့
အမြဲဖတ်ခဲ့တာ....။

khin oo may said...

:D

pandora said...

အားကောင်းတဲ့ ၀တ္ထုလေး တစ်ပုဒ်ပဲ မတန်ခူး။
ရေးထားတဲ့ စာလုံးလေးတွေ တလုံးစီကိုက ကလေးဆန်တဲ့ လက်ရာ မဟုတ်မှန်း ပြောပြနေပါတယ်။

Moe Cho Thinn said...

အဲလိုလေး ရေးတယ်ပေါ့။
အဲဒီ ၀တ္ထုထဲက မိန်းကလေးကိုတော့ ကြိုက်သွားပြီ..:)

Kay said...

နောက်ဆုံး မှတ်ချက်ကို အကြိုက်ဆုံးပဲ။
ဒီလိုပဲ ဖြစ်ရမယ်..။း)
အင်း..အားလုံးပဲ ဒီလို အချိန်မှာ ဒီလို လေးတွေ..ရေးခဲ့ဘူး ကြတယ်နော်...။ရင်ခုန်ပွင့်က..ကာဗာ သရုပ်ဖော်ပုံလေး တော့ ဘာလုပ်မထဲ့တာလဲ..ကလောင်နံမယ် သိသွားမှာ စိုးလို့လား မတန်ခူးရဲ့။း)

nu-san said...

မတန်ခူးရေ.. လွန်ခဲ့တဲ့ ၁၇ နှစ်က ဆိုပေမယ့် ဖတ်လို့အရမ်းကောင်းတယ်.. မိန်းကလေးတိုင်းကိုလည်း ဝေနုလို စိတ်မျိုးတွေ ထားစေချင်တယ.်. :)

tg.nwai said...

ကောင်းတယ် တန်ခူးရေ..အဲလိုမိန်းကလေးမျိုးကို သဘောကျတာ...ချစ်တတ်သော နုးညံ့သလောက် ပြတ်သားသော..။ စာထဲကမောင်နဲ့ တန်ခူးမောင် မတူဘူးလို့ လာမယ့်အတွေးတွေ ကြိုပိတ်ထားတာကိုတော့ ပြုံးသွားပါတယ်..။

နောက်ထပ် တန်ခူးဆီမှာ ရှိသေးရင်လည်း တင်ပေးပါဦးနော်..

သက်ဝေ said...

ဝတ္ထုလေးက ကလေးမဆန်ပါဘူး တန်ခူးရဲ့ ..
ကောင်းပါတယ်... ချစ်စရာလေးပါ...
မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ကလေးကို ပေါ်လွင်အောင် ရေးပြထားတာ...

TNS said...

မတန်ခူးရေ..
ဖတ်လို့ ကောင်းတယ်ဗျာ....။
ဝေနုလိုမိန်းကလေးတွေ အများကြီးရှိစေချင်တယ်...။
မြန်မာမိန်းကလေးတွေအများစုက သနားတာ အားနာတာက “ မောင်” လိုလူတွေအတွက် နင်းယူတတ်တဲ့ အားပျော့တဲ့ အကွက်တွေ ဖြစ်နေတတ်လို့ ပါ...။
ခေတ်တွေကတော့ နည်းနည်းပြောင်းနေပြီ..။

တန်ခူး said...

KKရေ… ကျွန်မက မိခင်တယောက်ဖြစ်လို့  သားလေးအိပ်ချိန်မှ ဘလော့ခွင့်ရတာပါ… ကျေးဇူးပါ…

ကျေးဇူးပါပဲCratonရေ… လူငယ်သဘာဝလေးတွေပေါ့…

ကျေးဇူးပါညီမရေ… ပျောက်နေတယ်နော်…

မီယာရေ… ဟုတ်တယ်နော်… ရုပ်ရှင်နဲနဲဆန်သွားသလိုပဲ…

ကိုဝေလင်းရေ… ကျေးဇူးပါ… ကျွန်မကတော့ စိတ်ကူးတေးသီဆီ အမြဲရောက်ဖြစ်နေပါတယ်…

ပုံရိပ်ရေ… အဲဒီလိုမောင်မျိုး လက်မတွဲရဲပါကွယ်…

မဇနိရေ… အားပေးတာ ကျေးဇူးပါညီမရယ်…

ဟုတ်တယ်နော်… သုခိတာဆေးလိပ်က အဲဒီအချိန်တုန်းက အတော်ဟော့လိုက်တာ… ခုတော့ မတွေ့ ရတော့ဘူးနော်… sin dan lar ပြောမှ အမသတိထားမိတယ်…

မမ… အဲဒါပြုံးတာလား…

အားပေးတာ ကျေးဇူးပါပန်ရေ… အဲဒီတုန်းက ငယ်သေးတော့ ရေးချင်တယ်ဆို ဘာမှ သိပ်မစဉ်းစား ချရေးလိုက်တာ…

ချိုသင်းရေ… အဲဒီဝတ္ထုထဲက မိန်းခလေးက တယောက်ထဲ ဟုတ်ဘူးနော်… မိန်းခလေးတွေ ကိုယ်စား…

ကေရေ… ဘယ်လိုလုပ်သိ… ပထမကာဗာထည့်မလို့ စဉ်းစားသေးတယ်… ကလောင်နာမည်ကို ဖုန်းပြီးတော့လေ… နောက်တော့… တယောက်ယောက်ဆီမှာ ဒီစာအုပ်လေးရှိနေရင်လို့ တွေးမိသွားတာ…

ဖတ်လို့ ကောင်းတယ်ဆိုလို့ ဝမ်းသာပါတယ် နုရေ…

ဟုတ်ကဲ့ပါ မ ရေ… တင်ပေးမယ်လို့ စဉ်းစားထားပါတယ်… ရိုက်ရတာတော့ အပျင်းသား… ဟိဟိ…

သက်ဝေရေ… ခုလို အားပေးတာ ကျေးဇူးပါ….

ဟုတ်ပါတယ် TNS ရေ… အားနာလွန်ရင် ဘ၀နဲ့ ပါ ရင်းတတ်ကြရတယ်နော်… အင်း… ခေတ်တွေ ပြောင်းလာတာတော့ အမှန်ပဲ… ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်ပါစေလို့ ပဲ… ခုလို လာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

jacker said...

haimingwei
ruishi8732
sidegeermo
bolan540
wukelan