Thursday, September 18, 2008

အဆိပ်နို့ ရည်

လသားအရွယ်ကလေးငယ်တို့ ရဲ့ အဓိက အစာက နို့ ရည်ပဲဖြစ်သည်။ ခုတော့ အဲဒီနို့ ရည်က ကလေးလေးတွေရဲ့ ကျောက်ကပ်ကို ဖျက်ဆီးပစ်တတ်သည့် အဆိပ်ရည်တွေ ဖြစ်နေသတဲ့။ အပြစ်မဲ့တဲ့ ကလေးငယ်လေး ၃ ယောက်တောင် အသက်ဆုံးရှုံးရပြီ။ ဆေးရုံမှာ ကျောက်ကပ်ပျက်စီးနေသည့် ကလေးငယ်တွေ ဝေဒနာ အလူးအလဲ ခံစားနေရသည့် ကလေးငယ်တွေ အမြောက်အမြား။

မနှစ်ကပဲ အဲဒီနိုင်ငံက ထွက်တဲ့ တိရိစ္ဆာန် အစားအစာတွေ ကြောင့် တိရိစ္ဆာန် အတော်များများ သေဆုံးခဲ့ရသည်။ နေရာတကာ နိုင်ငံတကာ ပေါလိုက်တဲ့ တရုတ်ဖြစ်တွေ။ ဈေးကလဲပေါ၊ ပစ္စည်းကလဲပေါ။ ဒါကြောင့်လဲ လူတွေက ကြိတ်ကြိတ်တိုး အားပေးကြသည်။ ခုတော့ ဈေးပေါရခြင်းရဲ့ ဇစ်မြစ်တွေက ဗူးပေါ်သလိုပေါ်ပြီ။ စီးပွားရေးသမားတွေ အမြတ်ရဖို့  အဓိက ဆိုတာ နားလည်ပေးလို့  ရပေမယ့် လူသတ္တ၀ါတို့ ရဲ့ အသက်အန္တရာယ် ထိခိုက်လောက်သည် အထိတော့ မရက်စက်သင့်။ တနေ့ တနေ့  ထွက်တဲ့ ကုန်ပစ္စည်းတွေကို တကမ္ဘာလုံး တင်သွင်းဖို့ ပဲ စိတ်ဝင်စားပြီး အရည်အသွေးထိန်းသိမ်းဖို့  လျစ်လျူရှုထားသည့် ဖြတ်လမ်းလိုက် တိုးတက်နေသော နိုင်ငံကြီးရဲ့ အတ္တကြီးမှုကတော့ အတော်ကို ရုပ်ဆိုးလွန်းသည်။ ဒါကြောင့်လဲ… ရှေ့ ကဖုန်း… နောက်ကပေါ်… သိက္ခာတွေ ကျလိုက် …ကုန်းကုန်းကောက်လိုက်နှင့်။

သတင်းဖတ်လိုက်မိတော့ အဲဒီနို့ မှုန့် တွေကို ကျွန်မတို့ မြန်မာနိုင်ငံကိုလဲ တင်သွင်းသတဲ့။ ချို့ တဲ့သူမိသားစုက ပေါက်ဖွားလာတဲ့ ကလေးငယ် ဘယ်နှစ်ယောက်များ ထိခိုက်သွားပြီလဲ။ သူတို့ ဒီသတင်းရော ကြားသိကြပါသလား။ စိတ်ထဲမှာ အတော်ပူပန်သွားမိသည်။ တကယ်လို့ များ မသိသေးတဲ့သူများရှိရင် အောက်က ပုံလေးတွေကို ကြည့်ပြီး သက်ဆိုင်ရာ ကိုယ့်ပတ်ဝန်းကျင်ကို သတိပေးပေးကြပါ။ နို့ မုန့် တံဆိပ်နာမည်က Sanlu ပါ။ ဖြစ်နိုင်ရင်တော့ တရုတ်ကလာတဲ့ နို့ နဲ့ နို့ ထွက် ပစ္စည်းတွေ အားလုံး မသုံးပဲနေတာ ပိုစိတ်ချရပါလိမ့်မယ်။




ဒီအကြောင်းအရာလေးနဲ့  ဆက်စပ်ပြီး ကျွန်မသွားတွေးမိတာလေးကတော့ မိခင်နို့  တိုက်ကျွေးခံရတဲ့ ကလေးတွေက အန္တရာယ်ကင်းကင်းနဲ့  ကျန်းမာနေကြမှာကိုပါပဲ။ မိခင်နို့ က ကိုယ်ခံရည် အကောင်းဆုံး ကျန်းမာဆုံး ပြီးတော့ ဈေးသက်သာဆုံးလေ။ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ့်ရဲ့ ရင်သွေးတိုင်းကို မိခင်နို့ ရည် တိုက်ကျွေးဖို့ တိုက်တွန်း ပါရစေ။ သဘာဝတရားက ပေးထားတဲ့ အကောင်းဆုံးလက်ဆောင်လေးကို ဘာအကြောင်းပြချက်နဲ့ များ ကိုယ့်ရင်သွေးကို ပေးဖို့  ငြင်းဆိုမလဲ။ မိခင်နို့ ရည် တိုက်ကျွေးခြင်းအားဖြင့် ရင်သွေးနဲ့ မိခင် ပိုပြီး ရင်းနှီးနွေးထွေးမှုလဲ ရစေပါတယ်။ ပြီးတော့ ဘယ်နေရာသွားသွား နို့ ဗူးသယ်ရခြင်း၊ ရေနွေးသယ်ရခြင်း စတဲ့ ဒုက္ခတွေလဲကင်းတယ်။ နောက်တခုက… နို့ ချိုတိုက်ကျွေးတဲ့ မိခင်တွေက အဆီကျလွယ်ပြီး အပျိုဘ၀ကလို ပြန်လှစေပါတယ်။

အလုပ်လုပ်တဲ့ မိခင်များက မိခင်နို့ တိုက်ကျွေးရတာ အခက်အခဲ အနည်းငယ်တော့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် လှပစိတ်ချမ်းသာဘွယ် ကောင်းကျိုးတွေ အတွက် ဒီလောက်ရင်းနှီးမှုက ထိုက်တန်ပါတယ်။ တချို့ က အပင်ပန်းမခံနိုင်လို့ လို့  အကြောင်းပြကြပါတယ်။ တကယ်တန်းကျတော့ ညဘက် ကလေးဗိုက်ဆာလို့  နို့ ထဖျော်ရတာကတောင် ပိုပင်ပန်းပါသေးတယ်။ စမ်းကြည့်ဖို့  တိုက်တွန်းပါရစေ။ ထင်သလောက်ကြီး မပင်ပန်းလှပါဘူး။ တချို့ က နို့ မထွက်လို့ လို့  အကြောင်းပြကြတယ်။ သိပ်အံ့သြစရာကောင်းတာက တိုက်လေ ထွက်လေ၊ မိခင်နဲ့ ရင်သွေးကြားက မမြင်ရတဲ့ ဆက်သွယ်မှု။ ရင်သွေးဗိုက်ဆာနေပြီ ဆိုတဲ့ အသိ မိခင်ဆီ ရောက်သွားတာနဲ့  သူ့ အလိုလို သဘာဝက ထုတ်လုပ်ပေးတာပါ။ ကျွန်မတုန်းက သားကို မိခင်နို့ ရည် အပြည့်အ၀ (ဖော်မြူလာနို့ မှုန့် မရောပဲ) တိုက်ချင်တာကြောင့် အလုပ်ချိန်မှာ ရုံးက ခွင့်တောင်းပြီး နို့ ညှစ်ပြီး ရေခဲဗူးလေးထဲ ထည့်သိမ်းရပါတယ်။ ဒီက အလုပ်တော်တော် များများက မိခင်နို့ ရည် တိုက်ကျွေးဖို့  အားပေးတာကြောင့် တချို့ အလုပ်တွေမှာ ကလေးငယ်ရှိတဲ့ မိခင်တွေ အတွက် အခန်းတခန်းတောင် စီစဉ်ပေးထားတတ်ပါတယ်။ ထူးခြားတာက သားလေး ဗိုက်ဆာနေချိန်ရောက်ပြီလို့  စိတ်ထဲတွေးလိုက်တာနဲ့  နို့ တွေ အများကြီး ထွက်လာတတ်တာပါပဲ။ မိခင်မေတ္တာပေါ့နော်။ ဒါကြောင့် နို့ မထွက်ရင် များများတိုက်ကြည့်ပါ။ ကျိန်းသေပေါက် ထွက်ပါလိမ့်မယ်။ စိတ်ရှည်ဖို့ နဲ့  စိတ်ရှိဖို့ တော့ လိုတာပေါ့လေ။ အစထဲက အဲလောက်ကြီး စိတ်အားမထက်သန်ရင် ရည်ရှည်ဇွဲနဲ့  တိုက်နိုင်မှာ မဟုတ်ပါဘူး။

နို့ မှုန့် တိုင်းကို စိတ်မချရဘူးလို့ တော့ မဆိုလိုပါဘူး။ ရာနှုန်းပြည့် စိတ်ချလို့ တော့ မရတာ သေချာပါတယ်။ အနည်းလေး ၀မ်းချုပ်တဲ့ အကျိုးဆက်တော့ ခံရလိမ့်မယ်။ ကိုယ့်ဆီမှ ရာနှုန်းပြည့် စိတ်ချယုံကြည်ရတဲ့ သဘာဝတရားရဲ့ လက်ဆောင်တခု ရှိနေမှတော့ ဘာလို့ များ အဲဒီ အခွင့်အရေးကို လက်လွှတ်ခံပါ့မလဲ။ ကိုယ့်ရင်သွေးလေးဟာ ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့  ရှင်သန်ရမှာ ဖြစ်လို့  မသိနားမလည်သေးတဲ့ သူတို့ အတွက် ကိုယ့်အတ္တတွေ ခဏမေ့ထားလို့  အကောင်းဆုံးရွေးချယ်မှုလေး ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

(ပုံများကို ဒီနေရာ နဲ့  ဒီနေရာက ယူပါတယ် )

တန်ခူး
11:30am 18-Sep-2008

17 comments:

Kaung Kin Ko said...

လာဖတ်သွားတယ် အစ်မ။ ကလေးငယ်တိုင်း မိခင်ရဲ့ နို့ ရည်ချိုကို သောက်စို့ နိုင်ကြပါစေ။

Moe Cho Thinn said...

မတန်ခူးရေ
သိသင့်၊ ပြန့်နှံ့သင့်တဲ့ စာကောင်းလေး တပုဒ်ပါပဲ။ မတော်လောဘများရင် ထိခိုက်ကြရတာ အပြစ်မဲ့ ကလေးတွေနဲ့ ပြည်သူတွေပါ။
စာနာတတ်ကြပါစေ။

Anonymous said...

မတန်ခူးနာမည်ကို ကြားဖူးတာကြာပြီ စာအရေးလဲကောင်းတယ်၊ စေတနာလည်းထားတဲ့ အစ်မ နေကောင်းပါစေဗျာ. အဆိပ်နို့ရည် ကိုဖတ်ပြီး ကျွန်တော့် ရွာမှာ ရှိနေတဲ့ အမေ ကို သတိရလိုက်တာဗျာ. အလုပ်ပင်ပန်း ပေမယ့် သားသမီးကို အရမ်းချစ်တယ်.. အမေ့လို အမေတွေအားလုံးကို လေးစားပါတယ်..

Anonymous said...

အမတန်ခူးရေ ဒီသတင်းကြားရတော့ ကလေးတွေ သနားစရာ။ မြန်မာပြည်မှာလည်း ကလေးလေးတွေသောက်နေကြရင် ဒုက္ခနော်။ သူတို့တွေလည်း ဒီသတင်းကြားပြီး ရှောင်ရှားနိုင်ပါစေလို့ ဆုတောင်းရမှာပါပဲ။

Anonymous said...

မတန်ခူးနာမည်ကို ကြားဖူးတာကြာပြီ စာအရေးလဲကောင်းတယ်၊ စေတနာလည်းထားတဲ့ အစ်မ နေကောင်းပါစေဗျာ. အဆိပ်နို့ရည် ကိုဖတ်ပြီး ကျွန်တော့် ရွာမှာ ရှိနေတဲ့ အမေ ကို သတိရလိုက်တာဗျာ. အလုပ်ပင်ပန်း ပေမယ့် သားသမီးကို အရမ်းချစ်တယ်.. အမေ့လို အမေတွေအားလုံးကို လေးစားပါတယ်..

ကိုပေါ said...

ဗမာအစိုးရအနေနဲ့ရော ပြည်ပသတင်းဌာနများအနေနဲ့ပါ ဒီကိစ္စ မြန်မာပြည်သူများအကြားမှာ သိရှိအောင် လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။

(တောဘက်မှာ နေတဲ့ မြန်မာလူမျိုးအများစုကတော့ ဆင်းရဲတဲ့အတွက် နို့မှုန့်တောင် သိပ်တတ်နိုင်ကြမယ်မထင်ဘူး။)

nu-san said...

အမရေ.. ဒီပို့စ်လေးဖတ်ပြီး ဗဟုသုတလည်းရ ဒေါသလည်းဖြစ်ရပါ့.. အဓိကကတော့ တင်သွင်းလာတဲ့ ပစ္စည်းကိုလည်း အရည်အသွေးပြည့်မီ မမီဆိုတာ ကိုယ့်နိုင်ငံကလည်း မစစ်ဆေးနိုင်ဘူးဆိုတော့ သူများလုပ်သမျှ အပြစ်မရှိတဲ့သူတွေပဲ ခံရတာပေါ့... နောက်ပြီး ကိုယ့်ပြည်တွင်းက ဘာ ထွက်ကုန်မှ မရှိတာ.. မိဘတွေ အသိရှိပြီး ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါပဲ အမရယ်.... :(

တရုတ်ကနေ တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒီမှာလည်း အတော်လေး ဂယက်ရိုက်တယ်... တော်ကြာ ဘာပစ္စည်းက တရုတ်က သွင်းလို့ အဆိပ်ပါတာနဲ့ ပိုးသတ်ဆေးပါရတာနဲ့ စုံနေတာပါပဲ.. လောဘတွေပေါ့ အမရေ..

သစ်နက်ဆူး said...

မတန်ခူး..
ဒီဆောင်းပါးလေးက မိခင်စိတ် အပြည့် အ၀နဲ့ 
ရေးသားထားတယ်ဆိုတာနားလည်မိလို့ လေးစားပါတယ်...မိခင်တစ်တယာက်ရဲ့  စိတ်ထားနဲ့ 
တစ်ခြားကလေးတွေ အတွက်ပါ စိုးရိမ်မှုနဲ့ ကျမ္မာရေး
အသိပေးဆောင်းပါးလေးရေးသားတင်ပေးတဲ့ အတွက်
ကျေးဇူးတင်ပါတယ်..။

Anonymous said...

ဟုတ်ပဗျာ

အဲဒီနို့မှုန့် တွေမဖျက်ဆီးဘဲ မြန်မာနိုင်ငံ ထဲဝင်လာမှာဘဲ စိုးရိမ်ရတယ်
မြန်မာနိုင်ငံမှာက ဘာမှမစစ်ဆေးဘဲ တင်သွင်းလို့ရတယ်လေ
နို့မှုန့် company တွေကလဲ အရှုံးခံပြီး ဘယ်ဖျက်ဆီးမှာလဲ ရတဲ့ဈေးနဲ့ ရောင်းမှာ ပေါ့
မလွယ်ပါဘူး ဗျာ...

PAUK said...

မတန်ခူးရေ...
မိခင်မေတ္တာနဲ့ရေးထားတာအတွက်..
မတန်ခူးရဲ့မေတ္တာတွေကိုခံစားလို့ရပါတယ်...
ကျွန်တော်တို့ဆီမှာတော့..
ပေါင်မုန့်ဆိုင်..လမ်းဘေးခရင်မ်မုန့်ပေါင်းဆိုင်လေးတွေကအစ ထိကြပါတယ်..
အဓိကကတော့..လူမမယ်ကလေးလေးတွေပေါ့နော်..
ဒီမှာကမိခင်နို့တိုက်ကျွေးတာနည်းပါတယ်..
နို့မှုန့်အားကိုးတဲ့နိုင်ငံဆိုတော့..ပိုဆိုးတာပေါ့နော်..

P.Ti said...

မတော်လောဘတွေ...

အဲဒီနို့မှုန့်တွေ မြန်မာပြည်ကိုရောင်းတယ်လို့ပြောထားတယ်။ အထိအခိုက်မရှိပါစေနဲ့... ခက်တာက ကျွန်တော်တို့နိုင်ငံက စာရင်းမရှိ အင်းမရှိ...

တောင်ပေါ်သား said...

အဆိပ်နို့ရည်လေးကို လာဖတ်သွားပါတယ် မတန်ခူးရေ.. ကလေးငယ်များ အတွက် စိတ်မကောင်းဖြစ်ရပါတယ်ဗျာ... ကလေးငယ်တိုင်း စစ်မှန်တဲ့ မိခင်နို့ရည်သောက်သုံးနိုင်ပါစေလို့ ဆုတောင်းပေရင်း.....

ကလိုစေးထူး said...

ကျနော်က တခုကို သွားစိုးရိမ်တယ်။ ဘာကိုလဲဆိုတော့ တချို့သော မိခင်တွေကျတော့ မိခင်နို့ကို တိုက်ချင်ပါသော်လဲ ဘ၀ပေး အခြေအနေအရ အလုပ်လုပ်ရတာတွေ ရှိတဲ့အခါမှာ မတန်ခူးရေးထားတဲ့ အထဲက တရုတ်လုပ် နို့မှုန့်ကို သုံးမိလို့ ရင်နင့်စရာတွေ ဖြစ်လာမှာကို စိုးရိမ်တာ။ အခုတလော သတင်းတွေမှာ ဖတ်နေရတာလဲ ရင်ထိတ်တယ်ဗျာ။

တန်ခူး said...

ကောင်းကင်ကို တောင်းတဲ့ဆုနဲ့  ပြည့်ပါစေလို့  တို့ လဲ ထပ်ဆုတောင်းပါတယ်…

ကျေးဇူးပါ ချိုသင်းရေ… ဟုတ်တယ်နော်… လောဘကြောင့် လူ့အသက်ပေါင်းများစွာ သွယ်ဝိုက်သောနည်းနဲ့  သတ်နေတာ…

ကိုစန်းဝင်းရေ… ကျေးဇူးပါ… ကျွန်မတို့ အမေတွေရဲ့ ကျေးဇူး ဘယ်လောက်ကြီးလိုက်လဲနော်… နောင်လဲ လာလည်ပါဦးနော်…

ဟုတ်တယ်မဇနိရေ… သတင်းကြားကြပါစေလို့  ဆုတောင်းရတာပဲလေ… အိမ်ကို မေးကြည့်တော့ မသိကြဘူး….

ကိုပေါရေ… တရုတ်ပြည်ကတော့ အသိပေးထားတယ် ပြောတာပဲလေ…

နုရေ… အမှန်ပါပဲ… တရုတ်ဖြစ်ဆို သတိသာ ထားတော့ ညီမရေ… စေတနာ အလွန်မွဲ…

ကိုသစ်နက်ဆူးရေ… ခုလို အားပေးတာ ကျေးဇူးပါ…

ကိုတက်တူ… ဟုတ်တယ်… အဲဒါလဲ အတော်ကြောက်ရတယ်… အိမ်တွေကို နို့ နဲ့ နို့ ထွက် ပစ္စည်းတွေ သတိထားဖို့  ပတ်ဝန်းကျင်ကိုလဲ သတိပေးဖို့ ပြောသင့်တယ် ထင်တာပဲနော်… လာလည်တာ ကျေးဇူးပါရှင်… နောင်လဲလာလည်ပါဦး…

ကိုပေါက်က အဲဒီမှာလား… ဒီနေ့ ကလေးတယောက် ထပ်အသက်ဆုံးပြန်ပြီတဲ့… တော်တော် စိတ်မကောင်းဘူး….

ကိုပီတိရေ… အင်း… ဒါကြောင့်လဲ ကျွန်မ ဒီပို့ စ်ရေးဖြစ်တာပါ…

ကိုစိုးမင်းထိုက်ရေ… ကျွန်မဆို သားသမီးချင်း ကိုယ်ချင်းစာပြီး အတော်စိတ်မကောင်းပါဘူး… ကျွန်မလဲ အဲလို ဆုတောင်းပါတယ်…

ကိုစေးထူးရေ… ရင်နင့်စရာတွေ ဖြစ်များနေပြီလား… ကျွန်မလဲ စိုးရိမ်မိတယ်… ဒါပေမယ့် ကျွန်မ သိသလောက် မြို့ ကြီးတွေမှာ အဲဒီနို့ မှုန့် သုံးတယ်လို့ တော့ မကြားဘူးဖူး… တရုတ်ပြည်နဲ့ ကပ်နေတဲ့ မြို့တွေမှာတော့ မပြောတတ်ဘူးပေါ့… ကျွန်မတို့ တိုင်းပြည်ကို တင်သွင်းတာတော့ အမှန်ပဲလေ…

စူး said...

ဒီပို့စ်ကို ဖတ်ပီး ကော်မန့်ပေးတာ ပျက်သွားလိုံအမရေ..

အရမ်းကောင်းတဲ့ ပို့စ်လေးပါ။
မြနမာပြည်ကို လက်လှမ်းမှီသလောက်တော့ ပြောထားပါတယ်။

ကျေးဇူးအရမ်းတင်ပါတယ်။
မြတ်နိုးက နို့မှုန့်နဲ့ သကြားကို ခုအရွယ်ထိ ဒီမှာရောပါ စိတ်ကူးပေါက်တိုင်းစားပါတယ်။
ဒါပေမဲ့ ဒီမှာစားတာကတော့ ဂျပန်ပေါ့နော်။
မြန်မာပြည်တုန်းက တရုပ်တွေစားတာထင်တယ်။ တံဆိပ်သေချာသိဘူး အိမ်မှာရှိလို့
အိမ်ကိုတော့ပြောပြထားပါတယ်။

သက်ဝေ said...

တန်ခူးရေ...
အချိန်မရလို့  ဟိုနေ့ က ဖတ်ရုံသာဖတ်ခဲ့ပြီး Comment မရေးခဲ့ရဘူး..။ ရည်ရွယ်ချက်နဲ့  စေတနာ ကောင်းတဲ့ Post လေးတစ်ခုပါ။ သိပ်ဆိုးတဲ့ လောဘသမားတွေကြောင့် အပြစ်မဲ့ ကလေးတွေ ဒုက္ခရောက်ကြရတာ... တွေးကြည့်လေ.. စိတ်တွေတို ဒေါသတွေထွက်လေဘဲ...။

Anonymous said...

သူငယ်ချင်းတစ်ယောက်ပို့ ပေးလို့ မတန်ခူးရဲ့ website ကိုသိရပါတယ်။
သုတရော ရသပါ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။