Monday, July 14, 2008

Nickname

အသက်အရွယ်ရလာသည်နှင့် မေ့တတ်လာသည်ဖြစ်ရာ တခါတခါ မတွေ့ ဖြစ်တာ ကြာပြီဖြစ်သည့် သူငယ်ချင်းများ၊ အသိမိတ်ဆွေများ နာမည်ကို စဉ်းစားမရ။ ထူးဆန်းသည်မှာ နာမည်အရင်းများကို စဉ်းစားမရသော်လဲ နာမည်ပြောင်(Nickname) များကတော့ စဉ်းစားစရာမလို သူ့ အလိုလို ထွက်လာတတ်သည်။ တခါတရံ ကာယကံရှင်ပင် မသိသည့် Nicknameကို ခေါ်မိမလို ဖြစ်သွားပြီး အမြန်ဘရိတ်အုပ်ရသည်။ ငယ်သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ လျှင် နာမည်ရင်းတွေ မသုံးပဲ Nicknameတွေနှင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတော့ဘေးလူတွေ မျက်စိလည်ကုန်သည်။ ကျွန်မက Nicknameပေးရခြင်းကို ၀ါသနာပါလှပြီး Nicknameများကိုလဲ စိတ်ဝင်စားလှသည်။ လူတဘက်သား ထိခိုက်လောက်သည့် Nicknameတော့ မပေးပါ။

Nicknameများအောက်တွင် အမျိုးအစား အမျိုးမျိုးခွဲခြား၍ရသည်။ လူပုံပန်းအလိုက်ပေးသော Nickname၊ စိတ်အလိုက်ပေးသော Nickname၊ အကျင့်အလိုက်ပေးသော Nickname၊ အကြိုက် အလိုက်ပေးသော Nickname၊ ခံစားချက်အလိုက်ပေးသော Nickname၊ အစဉ်အလာအရ ပေးသော Nickname၊ အဖြစ်အပျက်ပေါ် လိုက်၍ ပေးသော Nickname… စသဖြင့် အမျိုးမျိုးကွဲပြားပေမယ့် Nicknameအများစုမှာ ကိုယ့်ကို သူတပါးက ပေးသော နာမည်သာဖြစ်သည်။ ကိုယ်ကိုယ်တိုင်ပေးသော Nickname လဲရှိတတ်ပါသည်။

လူပုံပန်းအလိုက်ပေးသော Nickname ကတော့ Nicknameကြားတာနဲ့  ဒီလူဘာပုံလဲ ဆိုတာ ခန့် မှန်းကြည့်လို့ ရသည်။ မင်းသမီးနှင့်တူသူက မင်းသမီးနာမည်လေးရသလို၊ လူရွှင်တော်နှင့် တူသူကလဲ လူရွှင်တော်နာမည်ရကြသည်။ ဆိုဖီနှင့်တူသော သူငယ်ချင်းလေးကို နာမည်ကြားတာနှင့် စိတ်ဝင်စားကြသလို ဗေလုဝလို့ ပေးခံရသောသူကတော့ အောင့်သက်သက်နှင့်။ ထိပ်ပြောင်သူကို ပြောင်ကြီး၊ အရပ်ပုသူကို ဂျပု(သို့ ) ခွေးပု၊ အရပ်ရှည်သူကို အရှည်ကြီး၊ အသားညိုသူကို ညိုကြီး(သို့ ) မဲကြီး၊ အသားဖြူသူကို တရုတ်ကြီး…ဒီလို Nicknameတွေက ဘယ်နေရာမဆို တွေ့ ရတတ်သည်။ တချို့ ကတော့ တိရိစ္ဆာန်ရုပ်နှင့် ဆင်သည်ဆိုကာ ကံမကောင်းအကြောင်း မလှစွာ ဘဲကြီး၊ ၀က်ကြီး၊ နွားကြီး၊ မြင်းကြီး၊ ပိုးဟပ်ဖြူ၊ ပုရွက်ဆိတ်၊ ဖား…စသဖြင့် အမေပေးသော နာမည်ပျောက်သွားတတ်သည်။ ကျွန်မသူငယ်ချင်းကို သူ့ အဖွားက မြတ်နိုးစွာ နာမည်နုနုလေးပေးထားသည်ကို သူငယ်ချင်းများက တိရိစ္ဆာန်နာမည်ခေါ်ကြတော့ သူ့ အဖွား တော်တော် ဒေါသထွက်သွားသည်တဲ့။ ထို့ အတူ ရီးစားအသစ်စက်စက်လေးနှင့် ကြည်နူးနေသော သူငယ်ချင်းကို “ဟေ့ကောင်..နွားကြီး” လို့ ခေါ်တော့ ကောင်မလေးမျက်စောင်းက မိုးကြိုးသွားအလား။

စိတ်အလိုက်ပေးသော Nickname၊ အကျင့်အလိုက်ပေးသော Nickname တွေကတော့ တခါတရံ ကာယကံရှင်ကို ပေးသိလို့ ရသကဲ့သို့  တခါတရံလျို့ ဝှက်ထားရသည်။ နေရာတကာ အတိအကျလုပ်ရမှ ကြိုက်သူကို စာအုပ်ကြီး၊ ဆရာလုပ်ရမှ ကျေနပ်သူကို ဆရာကြီး၊ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်ပါသူကို ပွကြီး၊ ကြောင်ရဲသူကို ကြောင်ကြီး၊ ညစ်ပတ်သူကို ဂျီးထူ၊ ဘယ်လောက်သောက်သောက် မမူးသူကို ကြွက်တွင်း ။ အကြိုက် အလိုက်ပေးသော Nicknameကတော့ ကာတွန်းဇာတ်ကောင်၊ အဆိုတော်၊ ရုပ်ရှင်မင်းသား နာမည်စုံလင်လှသည်။ တွတ်ပီ၊ ဗိုက်ကလေး၊ ကိုကိုကြောင်၊ ညောင်ရမ်းဂွတို…မှအစ ဆားပုလင်းနှင်းမောင်၊ဦးစံရှားအလယ်… ထူးအိမ်သင်၊ စိုင်းစိုင်း၊ ဖြူဖြူကျော်သိန်းထိရှိသည်။ ထို့ အပြင် ခေါက်ဆွဲအလွန်အကျွံ ကြိုက်သောသူကို ခေါက်ဆွဲ၊ အသုပ်စုံကြိုက်သောသူကို အသုတ်… စသဖြင့် အစားအသောက် အကြိုက်လိုက်ပြီး နာမည်ပေးသည်လဲ ရှိသည်။

ဖွင့်မပြောရဲပဲ ကြိတ်ကြိုက်နေသူတို့ ရဲ့  ကြိတ်ကြွေဆိုတဲ့ Nickname ကတော့ ခံစားချက်အလိုက်ပေးသော Nickname အတွက် အကောင်းဆုံး ဥပမာပင်။ ကျွန်မတို့ 
စက်မှုတဣသိုလ်တွင် ကွင်းသာနှစ်စဉ် မရွေးရင်နေမည်။ ရှင်ဂွမ်းဂွိကတော့ တနှစ်တယောက် ရွေးလေ့ရှိသည်။ ဒါကတော့ အစဉ်အလာအရပေးသည့် Nicknameပင်။ အဖြစ်အပျက်ပေါ် လိုက်၍ ပေးသော Nickname ကတော့ ရာဇ၀င်သိမှ အဓိပ္ပါယ် နားလည်နိုင်သည်။ ဥပမာ. ချမ်းသာလာကတဲ့ ညက မိန်းမခိုးပြေးသူက ချမ်းသာလို့ အမည်တွင်သလို၊ “သရဲသရဲ”ဟုယောင်တတ်သော သူက သရဲဟုအမည်တွင်တတ်သည်မျိုး။ ဒီ့အပြင် တခြားNicknameများကတော့ ကိုယ်နေတဲ့မြို့ အလိုက်၊ တိုင်းရင်းသားလူမျိုးအလိုက် ရှိသေးသည်။ ဘိတ်ကြီး၊ ရခိုင်ကြီး၊ မွန်ကြီး၊ ကရင်မ၊ ချင်းချင်း…. ။

တချို့ ကတော့ ကိုယ့်Nicknameကို နာမည်အရင်းထက်ပင် မြတ်နိုးကြသည်။ တချို့ ကတော့ အောင့်သက်သက်နှင့် နှုတ်ကျိုးနေလို့ သာ လက်ခံရသည်။ ဘာပဲဖြစ်ဖြစ် အမှတ်တရ
တချို့ ကို ဖော်ဆောင်သော၊ ရင်းနှီးမှုကို ပြသသော Nicknameလေးများသည်
လူ့ မှုဆက်ဆံရေးနှင့် နွေးထွေးစွာ ပတ်သက်နေသည့် အမည်နာမလေးများပင်။

တန်ခူး
4:30pm 14-Jul-2008

16 comments:

Anonymous said...

Nickname ပေး၇တာ သဘောကျတယ် ကျနော်လည်း ဒါပေမယ့် အရင်က လင့်ထားတဲ့သူတွေကို Nickname တွေပဲပေးမိသေးတယ် နောက်မှ အားနာသွားလို့  အဆောင်မှာတုန်းကတော့ သူငယ်ချင်းတွေကို မြို့ နာမည် သံဖြူဇရပ်၊ သထုံ၊ရေး အဲ့လိုပဲ ခေါ်မိကြတယ် ပျော်ဖို့ ကောင်းသား :)

စူး said...

အမရေ.. မြတ်နိုးကလဲ နစ်နိမ်း အများကြီးမှ အများကြီးရယ်..မှတ်မိသလောက် ၆ တန်းနှစ်ကတည်းက ရတာ .. တနှစ်၁ခုနှုန်း တခါတလေ ၂ခုနဲ့ ဟီး.. တက္ကသိုလ်ရောက်တော့လဲ နစ်နိမ်းနဲ့ အတော်နာမည် ကြီးခဲ့သား ကျော်ဟိန်းအတိုင်းပဲ လူတိုင်းက သိတယ် ကိုယ်ကတော့မသိ.. ဟီးဟီး.. ကျောင်းကို အမှတ်ပြန်ရစေတယ်.. အမရေ..
သူငယ်ချင်းတချို့ကပြောတယ် နစ်နိမ်းဆိုတာ ဘယ်တော့မှ မမေ့ဘူးတဲ့ သူတို့များ ရချင်တာတောင်ရဘူးတဲ့.. ဟီး... ဆရာတွေက အစ အဲဒီနစ်နိမ်းများ ပြောလိုက်ရင် ပြုံးနေတာပဲ.. သူတို့လည်းခေါ်တယ်လေ.. လွမ်းလိုက်တာ .. အခုထိလည်း သူငယ်ချင်းတွေ ခေါ်ကြတုန်းပဲ.. ရန်ဖြစ်တဲ့ အခါ ပိုဆိုးတယ် ဟီး...

တားမြစ် ထားသော... said...

အော်ပြောတတ်လိုက်တာ။ Nickname အကြောင်း ဘာများထူးအုံးမလဲ ထူးအုံးမလဲနဲ့ ဖတ်နေတာ။ ဖတ်ကောင်းတုန်း ရပ်သွားတယ်။

လေနုအေးလေးနဲ့ ရေးသွားတော့ ဖတ်လို့ကောင်းပြီပေါ့။ အဲ.. Nickname တောင်ပါသွားပြီ။ :P

nu-san said...

ဟုတ်တယ် တန်ခူးရေ.. တို့လည်း nickname ပေးရတာ ၀ါသနာပါတယ် အဟီး.. သူများကို နစ်နာစေတဲ့စိတ်မရှိတာ အမှန်ပါပဲ။ ကျောင်းတုန်းက သူငယ်ချင်းတွေဆို နာမည်ရင်းမသိတော့ဘူး.. မင်္ဂလာဆောင်ခါနီး ဖိတ်စာဖိတ်မယ်လုပ်တော့ သူ့နာမည်ရင်းလုံးဝ စဉ်းစားမရဘူး.. သူက ကျောင်းတုန်းက စာမရရင် ငိုလွန်းလို့ ပုလဲမျက်ရည်လို့ပေးထားတာ ။ ရှိသေးတယ် နွားကြီး၊ ဖားကြီး၊ ငုံးဥ (သူတို့က ငုံးခြံရှိတယ်)၊ ဘဲခေါင်း၊ ပဲကြော်၊ ခွေးချေးဆိုတာတောင်ပါလိုက်သေးတယ်.. ကျူရှင်အလာ တက်နင်းမိလို့လေ.. နာမည်ကိုတွင်ရော....

သူတို့နဲ့ပြန်တွေ့ရင် အခြေအနေလိုက်ပြီး စကားပြောရတယ်.. နို့မို့ဆို နာမည်ပြောင်ခေါ်မိရင် စိတ်ဆိုးမှာဆိုးလို့.. အားနာလာတာလည်း ပါတာပေါ့နော်.. အဟီး.. အခုထိ အဲဒီအကျင့်က ပါလာတုန်း။ ဂျပန်နာမည်တွေ မမှတ်မိတော့ နာမည်ပြောင်ပေးပြီး မှတ်ထားရတယ်.. :D

စကားမစပ်... Link ပေးထားတာ ကျေးဇူးပါနော်.. အခုတလော စာရေးပျင်းလို့ ဘာမှမရေးနိုင်သေးဘူး.. :P

Unknown said...

ဟုတ်တယ်-အမတန်ခူးရေ။ကျွန်မလဲnicknameတွေကိုပဲပိုမှတ်မိနေတာ။အမရဲ့Postဖတ်ပြီးကျွန်မတို့နှစ်ကရှင်ဂွမ်းဂွိကိုသတိရမိတယ်။
တရုပ်ကြီး၊ဂျပု၊အီးတီ၊မနှဲလေး၊သူရဲမ၊ပွကြီး၊ပဲကြီး၊
အုန်းမွေးလုံး-
စုံနေတာပဲအမရေ။ဘောင်းဘီရှည်အမြဲဝတ်ပြီးစာသင်တဲ့
ဆရာကိုတော့'ဘေဘီရှောင်း'-အဲဒီ့ဆရာရဲ့နာမည်ရင်းပြောခါနီးတိုင်းပြန်စဉ်းစားရတယ်-အမရေ။
တချို့nickname ကတော်တော်ကိုနှုတ်ကြိုးနေလို့အခုချိန်မှာမနည်းပြင်ယူရတယ်-အမရေ။

သက်ဝေ said...

အတန်းထဲမှာ အသား အလွန်မဲတဲ့ တစ်ယောက်ကို မဲကြီး...။ ဆံပင်ကို အုန်းဆီတွေ ရွှဲနေအောင် လိမ်းထားလေ့ရှိသူ တစ်ယောက်ကို ဆီရွှဲ...။
ဆံပင်ကို ထိပ်နား (ရှေ့ အစပ်နား) မှာ ပွနေအောင် ကောက်ထားတဲ့ သူတစ်ယောက်ကို ထိပ်တင်ပွ...။ နာမည်ရင်းက ထွန်းမြင့် သို့ သော် အရပ်က အလွန်အမင်း ပုသောကြောင့် ထွန်းပု၊ တစ်ခါတစ်ရံမှာ သူ့ ကို ၁၂ လက်မ တစ်ပေ၊ ၃ ပေ ကိုထွန်းမြင့် ဟုလဲ ခေါ်ကြ...။
ကောင်မလေး နှစ်ယောက်ကို တစ်ပြိုင်နက်ထဲ တွဲသောသူများကို နှစ်စီးတွဲ..။
ပါတိတ်ရှပ်များကို အမြဲတမ်း ၀တ်လေ့ရှိသော သူကို ပြိတ္တာ..။ တတန်းလုံးရဲ့  Nick Name တွေ အကြောင်းပြောရရင်တော့ ကုန်နိုင်မယ် မထင်ပါ...။
ပျော်စရာ ပိုစ့်လေးတစ်ခု အတွက် ကျေးဇူးပါ တန်ခူးရေ...။

ကိုပေါ said...

၉တန်းတုန်းက သူငယ်ချင်းတယောက်။ ကျောင်းအပေါက်ဝမှာ လာလာရောင်းတဲ့ ၀က်ဆီဖတ်သည်နဲ့ ဖောက်သည်ဖြစ်နေတော့ သူမို့ ၀က်ဆီဖတ် သွားဝယ်ရင် ဈေးသည်က သာသာထိုးထိုးပေးတတ်တယ်။ ဆရာဆရာမတွေကအစ ၀က်ဆီဖတ်စားချင်ရင် သူ့ကို ၀ယ်ခိုင်းကြတယ်။ တရက်မှာ သချာင်္ဆရာမက အတန်းထဲကို ၀င်လာပြီး “ဟိုအကောင်...၀က်ဆီဖတ် ဘယ်သွားနေလဲ” လို့ မေးလိုက်ရာက သူ့နာမည်လည်း “၀က်ဆီဖတ်” အမည်တွင်သွားလေသတည်း။

စက်မှုတက္ကသိုလ်တက်နေတုန်းကတော့ “ဘဲကင်” တို့၊ “ပက်ပ်စီ” တို့ ၊ ငုံးဥ၊ ဘဲဥ၊ စာဥ စတဲ့ နာမည်တွေ ကြားဘူးတယ်။ “ကိုပေါ” နာမည်လည်း ကြားလိုက်မိသလိုဘဲ...ဟိ။

ကလိုစေးထူး said...

ဖတ်နေရင်းနဲ့ တန်ခူး nick name များ ပါလာမလား၊ ပါလာမလားနဲ့ ဖတ်လိုက်တာ ဆုံးသာဆုံးသွားတယ်၊ တန်ခူးရဲ့ နာမည်ပြောင်က ဘာလဲဆိုတာတောင် မသိရဘူး။ :D ကျနော့်နာမည်ပြောင်ကတော့ ပြောပြစရာ မလိုတော့ဘူးထင်တယ်နော်။ အသံခပ်ကျယ်ကျယ်နဲ့ အကောင်လေ။

ကလိုစေးထူး said...

ကွန်မန့်တခုရေးပြီးတော့မှ ကျောင်းတုန်းက သူငယ်ချင်းတယောက်ရဲ့ နာမည်ပြောင်လေးက တော်တော် သဘောကျစရာကောင်းတာကို သတိရလို့ ထပ်ပြီး လေရှည်လိုက်ဦးမယ်။ :D
ကျနော်တို့ အထက်တန်း ကျောင်းသားဘ၀တုန်းက သူငယ်ချင်းတယောက်ကို နာမည်ပြောင် ပေးကြတာ `သကြားသီး´ တဲ့...။ ရုတ်တရက်နားထောင်လိုက်ရင်တော့ အသီးနာမည်လိုလို ဘာလိုလိုပေါ့။ အမှန်က မဟုတ်ဘူး။ သူ့အဖေက ရပ်ကွက်လူကြီး ဖြစ်ဖူးလို့ သူကြီးသား=သကြားသီး လို့ ခေါ်ကြတာ။ အဲဒီလို နာမည်ပြောင်တွေကျတော့ အသက်ဘယ်လောက်ကြီးကြီး ဘယ်လိုအချိန်ပဲ ပြန်ဆုံပြန်ဆုံ ခေါ်လို့ကောင်းတုန်းပဲ။

Kaung Kin Ko said...

Nick name တွေအကြောင်းဖတ်သွားပါတယ် အစ်မရေ

diLo said...

dar so..sis's nick name would be...?

တန်ခူး said...

ဟုတ်တယ်မောင်မျိုးရေ… တို့ လဲ Nicknameတွေခေါ်ရတာ ပိုရင်းနှီးတယ်လို့  ခံစားရတယ်….

မြတ်နိုးရေ… ချိုမြတဲ့ အတိတ်ကို သတိရစေတာလဲ အဲဒီNicknameလေးတွေပဲ မဟုတ်လား….

ဟုတ်ပါတယ်… ကိုတားမြစ်ထားသောရေ…ဒီpostကို ကျွန်မကိုယ်တိုင်လဲ မပြည့်စုံဘူးလို့  ခံစားရတယ်… ဘာလို့ လဲ ဆိုတော့ ကျွန်မကိုယ်တိုင် ပေးဖြစ်ခဲ့တဲ့ Nickname တွေကို တမင်ချန်ထားခဲ့ရလို့ ပါ….

နုရေ… Nicknameတွေပြန်တွေးကြည့်ရင် ပြူံးမိတာများတယ်နော်… တို့ လဲ နုလို ခဏခဏဖြစ်တယ်…

ဟိဟိ… ကျော့တို့ Nicknameတွေက ပျော်စရာနဲ့ ချစ်စရာနော်… ဆရာတောင် အလွတ်မပေးဘူး….

သက်ဝေ ပြောတဲ့ Nicknameတွေ ကြားဖူးသလိုလိုပဲ… သက်ဝေနဲ့ တို့ အတန်း သိပ်မကွာဘူး ဖြစ်ရမယ်… ဟုတ်တယ်ဟုတ်…

Nicknameကို အမြတ်တနိုးနဲ့ ယနေ့ တိုင်သုံးစွဲနေသူထဲမှာ ကိုပေါက ထိပ်ဆုံးကပေါ့….

ကိုစေးထူး(သို့ ) နဂျယ်ကောင်လေး ရေ… ကျွန်မရဲ့ Nicknameကို တမင်ချန်လှပ်ခဲ့တာပါ… ပြောပြလိုက်ရင် ကြေငြာစရာ မလို တန်ခူးဘယ်သူလဲ ဆိုတာ သိသွားမှာမိုလို့ ပါ… သကြားသီး..သူကြီးသား…တချို့ Nicknameက အဲလို နဲနဲစဉ်းစားမှ ရတယ်နော်…

ကောင်းကင်ကို Nicknameကရော???

ဒါလေးတခုတော့ ချမ်းသာပေးပါdiLoရယ်… ကျန်တာတွေ အကုန်ပြောပြမယ်နော်….

Anonymous said...

Hi

So pleased to read this one.

I think both of us batch may be near also.

I known these nick names including Ko Paw.

I am the one received nick name as "......" (like as yearly called .....)

SZM

Anonymous said...

အဟီးးးး ရထားသမျှ နာမည်ပြောင်တွေ ချရေး ရရင် A4 တစ်မျက်နှာ ပြည့်သွား မလားပဲ.. ပုံပန်း သဏ္ဍာန်ကို အစွဲပြုပြီး ရတဲ့ နာမည်ရယ် အမူအကျင့်ကြောင့် ရတဲ့ နာမည်ရယ် ပြီးတော့ ဟဲဟဲ... ပြောရင်း ဆိုရင်း များကုန်ပြီ။

တန်ခူး said...

SZM ရေ… ဖြစ်နိုင်ပါတယ်… Nickname ကိုသဘောပေါက်သွားပြီ… ခုလိုလာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

လှိုင်ရေ… အဲလောက်တောင် အများကြီးရထားတယ်ဆိုတော့ အရမ်းနာမည်ကြီးလို့  ဖြစ်ရမယ်…ဟုတ်?

A Linn Nyi said...

အမ ဒီပို့စ် ကို ခုမှ ဖတ်မိတယ်။ အမရေးဖူးတာ မသိပဲ ကျွန်မကို တက်ထားတဲ့အတိုင်း စက်တင်ဘာလတုန်းက Nickname ဆိုပြီး ပို့စ်ရေးထားမိတယ်...တိုက်ဆိုင်သွားတာကို comment ရေးခဲ့တယ်နော် အမ။