Saturday, June 28, 2008

ရင်ထဲ အစဉ်အမြဲစွဲငြိနေသည့် သီချင်းတချို့ 



“မောင်လေးရေ…ထပါတော့…ရောင်နီလာလှပေါ့…
ညီမလေးရေ… ထပါတော့…ရောင်နီလာလှပေါ့…
တစ်ကျော့နှစ်ကျော့တေးကိုသီ…ငှက်ကြားနှုတ်ပလီ…
တီတာခွန်းတွဲ့ …လဲ့လဲ့သံစဉ်ညီ…
မုန်းလျှင်အပြစ်ချစ်လျှင်အကျိုး…
မြတ်နိုးတော့သဒ္ဓါ့…
အိပ်မက်သံသရာမှနိုးထစေချင်သည်…”

ကျွန်မငယ်ငယ်က အဒေါ်ကျွန်မကို ချော့သိပ်သည့် သီချင်းတော်တော်များများက တင်တင်မြ၊ မာမာအေး၊ ချိုပြုံး တို့ ၏ သီချင်းများပင်ဖြစ်သည်။ ပုခက်အရွယ်ထဲက ရင်းနှီးရသော သီချင်းများ မို့ လားမသိ၊ အဲဒီသီချင်းများကို ယနေ့ ထက်တိုင် စွဲစွဲမက်မက် ရှိနေတုန်း။ ခုံခုံမင်မင် ညည်းမိတုန်း။

ကျွန်မသည် ဘယ်တူရိယာတခုကိုမှ မတီးတတ်ပေမယ့်၊ သီချင်းကို အပေါက်တည့်အောင်မဆိုတတ်ပေမယ့် သီချင်းတွေကိုတော့ အလွန်ချစ်သည်။ ခေတ်ဟောင်းတေး၊ အငြိမ့်သီချင်းမှသည် ယနေ့ ခေတ် Rapသီချင်းတွေထိ ခံစားနှစ်ခြိုက်လို့  ရနေသေးသည်။ (Hip Hopတော့ ခံစား ၍မရပါ) ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပြောင်းပြောင်း ရင်ထဲကျန်ရစ်နေသည့် သီချင်းအချို့ ကား ကျွန်မငယ်ငယ်ကအိပ်ရာဝင်တေး တွေပဲဖြစ်သည်။

အထူးသဖြင့်ပြောင်မြောက်သော စာသားများနှင့် လိုက်ဘက်ညီစွာ အဆွဲအငင်
အငိုအရှိုက်ကောင်းလှသော မာမာအေးသီချင်းများက ကျွန်မကို ပိုလို့ ဆွဲဆောင်သည်။ ငယ်ငယ်က မာမာအေးမို့  TVမှလာလျှင် အသက်ရှူဖို့ ပင်မေ့လျော့နေတတ်သည်။

“မောင့်အချစ်မြား…အသဲမှာဆူး
နှုပ်လဲနှုပ်ရက်ပါဘူး…
ချစ်ဦးသူမောင့်ကို…မောင့်ကိုချစ်တဲ့သက်သေ”

ဘယ်လောက်လှလိုက်တဲ့ စာသားလေးလဲ။ ခုပြန်နားထောင်တိုင်း ရင်ထဲမှာစို့ စို့ နင့်နင့်။

“ချစ်သူရေ…ကြေကွဲရခြင်းဆိုတဲ့ဝေါဟာရတွေ…
တလုံးတပါဒမှ…မကြားလိုမနာလို…
ငိုလဲမခွဲ…ရယ်လဲမကွာ…ချစ်သူနဲ့ သာဆိုရင်လေ…”

ရင်ခုန်တတ်စ အရွယ်က ဒီသီချင်းလေးကို ဆိုညည်းရင်း ဘယ်ဆီမှန်းမသိသည့် ချစ်သူရင်ခွင်ကို တမ်းတမိဖူးသည်။

“နီးဖို့ ရာဆိုရင်…၀ါဆိုတောင်မှပြာသိုနားတွင်ထားလိုက်ချင်” တဲ့။ ချစ်သူနဲ့ ခဏခွဲခွါတုန်းက လွမ်းလို့ ကောင်းတဲ့သီချင်း။

စန္ဒရားချစ်ဆွေရဲ့  အဖွဲ့ အနွဲ့ တွေက နှလုံးသားအစုံကို သိမ်းကျုံးယူတတ်သည်။

“သူ့ မျက်နှာ…ကိုယ့်အသဲစွဲနေတယ်…
သူသာကိုယ့်ဘ၀…သူသာကိုယ့်ရဲ့ ကမ္ဘာ…
တာဝန်မဲ့တယောက်လိုဖြစ်နေတဲ့သူမယ်…
အချိန်တိုင်းမှာသူသာဖြစ်နေတဲ့အထိ…
အစဉ်အမြဲ…ရင်ထဲငြိတွယ်…
သူနဲ့ တွေ့ လေတိုင်း…ဘာကြောင့်များစိတ်အားငယ်…
အလိုလိုဝမ်းနည်းလာတယ်ကွယ်…”

ရင်ထဲက ခံစားချက်ကို အဲလိုငြိတွယ်အောင် ရေးဖွဲ့ နိုင်တော့ တခါတခါ သီချင်းထဲမှာ စီးဝင်နစ်မျောနေသည်မှာ ပတ်ဝန်းကျင်ကို မေ့လျော့နေသည်အထိ။

ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူပါပဲတဲ့။ ဘယ်လောက်ချိုမြလိုက်သလဲ။ ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဖော်တယ်…ငွေနှင်းဖြူက သန့် စင်တယ်လို့  အဓိပ္ပါယ်ယူမယ်…ချစ်သူကကွယ် ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်…။ဒီသီချင်းလေးနဲ့ ဆို ချစ်သူက ဘယ်လိုအင်အားနဲ့  ရုန်းထွက်နိုင်ပါ့မလဲလေ။

နန်းတော့်ရှေ့ ရဲ့ သီချင်းလေးတွေကတော့ အံ့မခန်း အတွေးအရေးတွေမို့ ခေတ်အဆက်ဆက် ကျော်ကြားဆဲ။ အငြိမ့်သီချင်းလေးတွေက တမျိုးနှစ်သက်စရာ။
ဆရာတင်ရဲ့ အငြိမ့်သီချင်းလေးတွေ ဆိုညည်းမိတိုင်း စိတ်လက်ပေါ့ပါး ရွှင်မြုးသွားတတ်သည်။

“ကျွဲမကြည်အောင်…ဆရာနန်းရှေ့ ရဲ့ တပည့်အရင်းပါအကို…
ကျွန်မကိုခင်ရင်…မမြင်ချင်ပါနဲ့ .မကြည့်ချင်ပါနဲ့ …
ဥပမာပြောမယ်…ကျွန်မပုံကို…
အာပုံသည်လုပ်တဲ့…ကုလားမလေးရဲ့ မကျည်းငုတ်တို…”

အသားညိုကောင်မလေးနေရာမှာ ၀င်ရောက်ပူးဝင်ခံစားထားသည်မှာ ကာယကံရှင်ကိုယ်တိုင် ရေးဖွဲ့ ထားသည့်အတိုင်း။

“အစကတော့ဖြူဖြူ…ညိုသွားပြီ…အခုတော့ညိုသွားပြီ….
ပျိုမှားပါပြီကွယ်…ခေါ်လာမိတယ်….
အင်းယားရေတစည်လောက်တော့…လိုချင်ပါတယ်…၀ယ်ချင်ပါသူ
ရွှေမန်းသူတွေ ရေခေါ်ချိုးမယ်…တမျိုးနော်လှနော်…မိုးပေါ်ကျသူ”

ဒီသီချင်းလေးတွေ ညည်းမိတိုင်း ကျွန်မရောက်နေသည့် အရပ်ဒေသကို မေ့သွားတတ်သည်။ ကျွန်မ ပတ်ဝန်းကျင်မှာလဲ မြန်မာဂီတသံတွေနဲ့  မြန်မာဆန်ချင်တိုင်းဆန်နေတော့သည်။ မျက်လုံးလေးများမှိတ်ပြီးခံစားလိုက်လျှင် ကျူံးကြီးဘေးမှာ ရွှေခြေချင်းနဲ့ လမ်းလျှောက်။ သဌေးဝါဒ သီချင်းလေးဆိုရင်း။ ဒီလို ဆွဲဆောင်တွယ်ငြိစေတတ်တဲ့ နှစ်ဟောင်းသီချင်းလေးတွေကို ကျွန်မ အလွန်အကျွံစွဲလန်းမိတာ ဆန်းသလားရှင်….။

တန်ခူး
28-Jun-2008 11:21PM
(ကျွန်မမှတ်မိသည့်အတိုင်း ချရေးထားခြင်းဖြစ်သောကြောင့် သီချင်းစာသားများမှားယွင်းဖော်ပြမိလျှင် ကျွန်မ၏ပေါ့လျော့မှုကြောင့်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။)

12 comments:

wai lin tun said...

ကျနော်လည်း ငယ်ငယ်က သမင်မကုသိုလ် ကိုယ့်ကုသိုလ်.. လက်တိုဂျင် လူရည်ချွန် ငါ့လက်က ထွက်လိုက်ပါ့ချိုချို ဆိုတဲ့ အဖိုးရဲ့ တိတ်ရကော်ဒါကြီးဘေးမှာ ကြီးခဲ့ရတဲ့ကောင်မို့ တန်ခူးတူးဆွတဲ့ မြန်မာသံတွေကြားမှာ လာလွမ်းသွားတယ်ဗျာ။ ချမ်းမြေ့ပါစေ။

nu-san said...

တန်ခူးပြောတဲ့သီချင်းတွေကို အမေက တအားကြိုက်တာ။ တို့တွေက ငယ်ငယ်တုန်းက မကြိုက်တတ်ဘူး။ သီချင်းစာသားကို မခံစားတတ်တာ ပါမလား မသိဘူး။ နောက်အသက်နည်းနည်းကြီးလာတော့မှ စန္ဒယားချစ်ဆွေ၊ စန္ဒယားလှထွဋ်သီချင်းတွေ ကြိုက်တတ်လာတယ်။ နောက်ပြီး ခေတ်ဟောင်းသီချင်းတွေ ဟေမာနေ၀င်းတို့ အောင်ရင်တို့ပြန်ဆိုတဲ့အချိန်ကြတော့ အဲဒီသီချင်းတွေကို အရမ်းသဘောကျတယ်.. စာသားတွေက လေးနက်လို့..

စူး said...

အမ.. တူတူပဲ.. သီချင်းလုံးဝ မဆိုတတ်ပါ။
မိုနိုတုန်းပါ။ ဟီး

ကိုပေါ said...

မောင့်အချစ်မြားစူး ကလွဲလို့ ကျန်တာတွေ အားလုံး အကြိုက်ချင်းတူတယ်ဗျ။ မကြိုက်တာတွေလည်း တူပုံရတယ်။

ဘာကြောင့်လဲဆိုတော့…တန်ခူးမှတ်မိမလားမသိဘူး။ တခါက သူငယ်ချင်းလင်မယားတစုံရဲ့ အိမ်တက်မှာ သွားစားရင်း စောစောရောက်သွားတော့ အဲဒီအိမ်မှာ တွံတေးသိန်းတန် ကာရာအိုကေ သီချင်းတခွေသွားတွေ့တယ်။ တွံတေးသိန်းတန်သီချင်းတွေမှာ ကျနော်ကြိုက်တဲ့ သီချင်းတွေ ရှိပါတယ်။

ဒါပေမယ့် “စိမ်းသရဖူ စိမ်း” ဆိုတာကို ဘယ်လိုမှ နှစ်သက်လို့မရဘူးဗျာ။ ဒါပေမယ့် ဖြစ်ပုံက ကျနော်ရန်ကုန်ပြန် မဒမ်ပေါနဲ့ လက်ထပ်ကာစ လှိုင်ဆပ်ပြာစက်ရှေ့မှာ တိုက်ခန်းငှားနေတုန်း တိုက်လှေကားကနေ ဆင်းတိုင်းတက်တိုင်း အောက်ထပ်က တိုက်မှူးအခန်းရှေ့ကို ရောက်ရင် အဲဒီ စိမ်းသရဖူစိမ်း ကို တိုက်မှူးအန်ကယ်ကြီးက ကာရာအိုကေ ဆိုဆိုနေတာတွေ့တယ်။ အဲဒီကစလို့ အဲဒီသီချင်းကို ကွယ်ရာမှာ အပြောင်အပျက် ဆိုနေကျ။

သူငယ်ချင်း အိမ်တက်နေ့က အဲဒီ သီချင်းကို သွားတွေ့တော့ ကျနော်တို့လင်မယား အူမြူးပြီး ဆိုနေတုန်း တန်ခူးတို့ လင်မယားရောက်လာတာဘဲ။

တန်ခူးက ထမင်းစားပွဲမှာ ၀င်ထိုင်ရင်း ဘာပြောလဲဆိုတော့……….“ဟဲ့၊ အဲဒီသီချင်းကြီးမဆိုစမ်းပါနဲ့ဟာ” တဲ့။

အဲဒီတော့ မောင်က ………..“ဟာကွာ၊ သူကြိုက်လို့ ဆိုတာဘဲ၊ ဆိုစမ်းပါစေ” တဲ့၊ ၀င်ဟန့်တယ်။ တွေ့လား၊ ဘယ်လောက် ချစ်ဘို့ကောင်းလဲ။ ဒါပေမယ့် ကျနော့် စိတ်ထဲမှာ ရီချင်တာ အရမ်းအူယားနေပြီ။

တန်ခူးက………“မဟုတ်ပါဘူး။ တွံတေးသိန်းတန်သီချင်းမှာ ကြိုက်တာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အဲဒီသီချင်းကြီးတော့ လုံးဝ ခံစားလို့မရဘူး” တဲ့။

ဘာဘဲဖြစ်ဖြစ်လေ…………မော့မော့သံစဉ်ညီ၊ တီတာခွန်းသွဲ့ ငှက်ကျားနှုတ်ပလီ၊ ဒီတခါတော့လေ…..တကျော့နှစ်ကျော့ ကျော့ကျော့တေးကိုသီ………….။

သက်ဝေ said...

ချစ်သူရေ… ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရတွေ…
တစ်လုံး တစ်ပါဒမှ… မကြားလို မနာလို…
ငိုလဲမခွဲ… ရယ်လဲမခွာ… ချစ်သူနဲ့ သာဆိုရင်လေ…

တန်ခူးရဲ့ သီချင်းအဟောင်းလေးတွေက လွမ်းစရာ.. ပြီးတော့ အဲဒီ သီချင်းလေးတွေက ဘယ်တော့မှ မရိုးနိုင် မဟောင်းနိုင်ဘူးနော်...။

Anonymous said...

“မောင့်အချစ်မြား…အသဲမှာဆူး
နှုပ်လဲနှုပ်ရက်ပါဘူး…
ချစ်ဦးသူမောင့်ကို…မောင့်ကိုချစ်တဲ့သက်သေ”

သီချင်းစာသားလေးတွေနဲ့ ရေးဖွဲ့ ထားတာ တော်တော် လှတယ် အစ်မရေ့ အခုကော အသဲဆူးတုန်းလား :)

Kaung Kin Ko said...

ချစ်အားငယ်သူရယ် သီချင်းကို ကျွန်တော်လည်း အရမ်းကြိုက်တယ်။ သံစဉ်ကော စာသားကော

ကလိုစေးထူး said...

မောင်လေးရေ…ထပါတော့ ရောင်နီလာပါတော့…. ….. ….။ နီးဖို့ရာဆိုရင် ၀ါဆိုတောင်မှ.. ပြာသိုနားတွင်….။
အဲဒီ သီချင်းစာသားလေးတွေကို မြင်တော့ မေမေ့ကိုတောင် သတိရမိတယ် တန်ခူးရေ။ ကျနော့်ညီမအငယ်ဆုံးကို အဲဒီ ရေဒီယို သီချင်းတွေနဲ့ပဲ မေမေချော့ချော့သိပ်နေတာ ကြားရတတ်တာကိုး။

diLo said...

:d
sis yae..
those were the days naw..
where our lullaby were old golden and meaniingful!
how i misses the songs..
thanks for ur post...can once again relive back those songs :D

Anonymous said...

်ဒို့အကြိုက်ဆုံးက စန္ဒယားလှထွဋ် ရဲ့ "အလှသစ္ခာတရား"...အနုအလှလက်လေးတွေနဲ့,,,ယုယကြင်နာစွာ,,,,,သူဘယ်သွားသွား ကိုယ့်အနားရှိနေသည်မှာ....

kay said...

ခေတ်ပြိုင် ခံစားမူ တွေ ပဲ။း)
တကျော့ ၂ ကျော့ တေးကိုသီ ကတော့..တကယ်ကြိုက်တယ်.. ဘာကို ငိုချင်..လွမ်းချင် မှန်း ကိုမသိ တာ..အဲဒါလည်း..ဗမာသံ သီချင်း တွေ ရဲ့..အရသာပဲ..ဘာမှန်း မသိပဲကို..ငိုချင် သလိုလို ဖြစ် ရတာလေ.. တချို့တွေ ကတော့..အဲဒါကို..စိတ်ညစ်စရာ ကြီး တွေတဲ့.. သိတော့ပါဘူး။

ကျောင်းကြီး အကြောင်း လည်း ဖတ်သွားတယ်..နီးရက် နဲ့ ဝေး ခဲ့ ရလို့.. မလိုတမာ..လိုတမာ နဲ့ပဲ..ဖတ်သွားတယ်..း)

ခင်မင်လျက်-

တန်ခူး said...

ကိုဝေလင်းပြောတဲ့ သီချင်းတွေ အကုန်ကြိုက်တယ်… တကယ်တော့ ကျွန်မကြိုက်တဲ့ သီချင်းတွေ တော်တော်များတယ်… စာသားတွေမှားယွင်းမှာစိုးလို့  ထည့်မရေးဖြစ်တာ… တိတ်ရကော်ဒါခေတ်ကို လွမ်းမိတယ်… အထူးသဖြင့် အဲဒီခေတ်က အဓိပ္ပါယ်လေးနက်တဲ့ သီချင်းတွေကိုပေါ့…

ဟုတ်ပါတယ်နုရေ… အဲဒီတုန်းက သီချင်းတပုဒ်မွေးဖွားဖို့ ဆိုတာ အတော်ကို လေးနက်တဲ့အနုပညာ ဓာတ်ခံရှိမှပါ…

မြတ်နိုးရေ… ရေချိုးခန်းထဲမှာပဲ ဆိုရဲတယ်…

ကိုပေါရေ… အမှန်ပဲ… စိမ်းသရဖူစိမ်းကို ဘယ်လိုမှခံစားလို့ မရတာ… မောင့်အချစ်မြားကတော့ မာမာအေးsoulနဲ့  အကောင်းဆုံးဆိုထားတဲ့ သီချင်းမို့ ကြိုက်တာပါ…

ဟုတ်တယ်နော်သက်ဝေ… အဲဒီသီချင်းလေးတွေက ဘယ်တော့မှ ရိုးဟောင်းမသွားဘူး….

သိပ်လှတဲ့ အနုပညာ လက်ရာလေးတွေပါ မောင်မျိုးရေ…

သံစဉ်ရော စာသားရော အရမ်းကောင်းတဲ့ သီချင်းပါ ကောင်းကင်ကိုရေ… နားထောင်သူကို အတော်ဆွဲဆောင်အားကောင်းပါတယ်…

ကိုစေးထူးအမေလဲ သီချင်းလေးတွေ ချစ်တတ်တာပေါ့နော်… ကိုစေးထူးညီမလေးလဲ အဲဒီသီချင်းလေးတွေ နားရေ၀ပြီး သံယောဇဉ်တွယ်နေမှာ….

မဟောင်းနိုင်တဲ့ ရွှေရောင်တေးတွေပေါ့ dilo bearရေ…

"အလှသစ္ခာတရား"ကို တို့ လဲ ကြိုက်တယ်နှင်းပန်းရေ…ဒီသီချင်းလေးက ဒီဘက်ခေတ်က ကလေးတွေပါ ခံစားလို့ ရတဲ့သီချင်းလေး….

မကေရေ… ဟုတ်တယ်နော်… ကျွန်မညီမလေးဆို စိတ်ညစ်စရာလို့  အမြဲပြောတယ်… ခုခေတ် Hip Hopတွေ ခံစားလို့ မရတော့တာကိုက အသက်ကြီးလာတာကို ပြနေသလိုပဲ… ကိုယ့်ခေတ်မဟုတ်တော့ဘူးလေ….