Friday, June 13, 2008

ပေတံ




ငါနားလည်တာက
ပေတံဆိုတာ
တကမ္ဘာလုံးကလက်ခံထားတဲ့
တိကျတဲ့စံနှုန်းယူနစ်တွေနဲ့ 
ယုံယုံကြည်ကြည်သုံးစွဲကြတဲ့
တိုင်းတာမှုကိရိယာတခု…။


ငါတွေ့ နေရတာက
ပေတံဆိုတာ
လူတဦးချင်းစီကသတ်မှတ်ထားတဲ့
ကွဲပြားတဲ့စံနှုန်းယူနစ်တွေနဲ့ 
ငြင်းခုန်ဆဲဆိုသုံးစွဲကြတဲ့
ပဋိပက္ခကိရိယာတခု…။

တန်ခူး
9:00am 13-Jun-2008

13 comments:

Ko Paw said...

ပေတံမှာမှ အရင်က သုံးခဲ့တဲ့ “လက်မ၊ ပေ၊ ကိုက်၊ ဖာလုံ၊ မိုင်” စတဲ့ အင်ပီရီယယ်စနစ်နဲ့ အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ အများစု စတင်လက်ခံသုံးစွဲလာကြတဲ့ “စင်တီမီတာ၊ မီတာ” စတဲ့ မက်ထရစ် စနစ်ဆိုပြီး ကွဲပြားပါသေးတယ်။

ထုထည်(ကုဗ)တို့၊ အကွာအဝေးတို့၊ အလေးချိန်တို့ကို တိုင်းတာတဲ့ နေရာမှာ အင်ပီရီယယ်စနစ်ကို သုံးသုံး၊ မက်ထရစ်စနစ်ကို သုံးသုံး စနစ်တကျ မှန်မှန်ကန်ကန် သုံးစွဲရင် ဒီကမ္ဘာပေါ်မှာတော့ အသုံးဝင် စိတ်ချရတဲ့ မှန်ကန်တဲ့ ထုထည်၊ အကွာအဝေး၊ အလေးချိန် တခုကို သူ့နည်းသူ့ဟန်နဲ့ တိုင်းတာနိုင်မှာပါဘဲ။

သို့သော် စနစ်တခုတည်းကို သုံးစွဲပေမယ့် တခါတလေ လူတွေမှာ ပေတံနှစ်ချောင်း ဖြစ်နေတတ်တာကို တွေ့ရတယ်။

သိသာထင်ရှားတဲ့ ဥပမာကို ပေးရရင် ရန်ကုန်မှာ ဓါတ်ဆီမှောင်ခိုရောင်းသူများ။ ကိုယ်ကနေ ဓါတ်ဆီ သွားရောင်းရင် ခြင်တဲ့ ဂါလံပုံးက နည်းနည်းကြီးတယ်။ ကိုယ်က သူ့ဆီက ပြန်ဝယ်ရင် ခြင်တဲ့ နည်းနည်းဂါလံပုံးက သေးတယ်။ ဒါပေမယ့် နှစ်မျိုးစလုံးမှာ သုံးတဲ့အခေါ်အဝေါ်ကျတော့ “ဂါလံပုံး” တဲ့။ အလားတူ ပိဿလေးကို သွေးထားတာနဲ့ သွေးမထားတာ၊ ဂိုက်တံ ကို နည်းနည်းပိုထားတဲ့ အတံနဲ့ လျှော့ထားတဲ့ ဂိုက်တံ။

ဒီအရွယ်အစား စံချိန်စံညွှန်းနဲ့ မပြည့်မီတဲ့ ဂါလံပုံး၊ ဂိုက်တံ၊ ပိဿလေးတွေကြောင့် ထိခိုက်နစ်နာရတာက ၀ယ်ယူစားသုံးသူ အများပြည်သူ။

ဒီနေ့ခေတ်မှာ အင်တာနက်ကတဆင့် လူတိုင်း လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့အလျောက် မိမိတို့ရဲ့ အယူအဆတွေကို အများကို ဝေငှကြတယ်။ အဲဒီလို ဝေငှကြတဲ့နေရာမှာ တချို့က စောစောကပြောခဲ့တဲ့ မသမာတဲ့ ဈေးသည်တွေလိုဘဲ ကိုယ်လိုသလို တိုးလို့လျှော့လို့ရတဲ့ ဂိုက်တံကို သုံးကြတာ တွေ့ရတယ်။

ဥပမာ ဦးသန်းရွှေဟာ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် အပြင်းအထန် ရှုတ်ချနေပေမယ့် လီကွမ်းယူ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တာကိုကျ ချီးမွမ်းတာကို ကြုံရပြန်တယ်။ (နည်းနည်း လူလည်ပိုကျတဲ့သူကတော့ မသိချင်ယောင် ဆောင်နေလိုက်တာပေါ့)။

ဥပမာ မစုစုနွေးကို၊ ဦးအောင်ဖေကို၊ တကိုယ်တော်ဆန္ဒပြသူ ဦးအုန်းသန်းကို မတရား စီရင်ချက်ချပြီး ထောင်ဒဏ်ပေးလိုက်တာကို မတရားဘူးလို့ ထုတ်ပြောရဲပေမယ့် ဒေါက်တာချီးကို မတရားထောင်ဒဏ်ပေးတဲ့ကိစ္စကိုတော့ မသိသယောင် ဆိတ်ဆိတ်နေတတ်ကြတယ်။

အဲဒါကို “တယောက်နဲ့ တယောက် အမြင်ချင်းမတူနို်င်ဘူး။ သူ့ဘက်ကကြည့်လည်း အမှန်၊ ငါ့ဘက်က ကြည့်လည်းအမှန် ဆိုပြီး ငါ့စကားနွားရ” ဇွတ်ကန်ငြင်းချင်သူတွေလည်း ရှိတတ်တယ်။ တကယ်တမ်းကျတော့ သူ့တို့ဟာ ကိုယ့်ဖာသာ ဂိုက်တံကို ကိုယ်လိုသလို အလျှော့အတင်းလုပ်နေတယ်ဆိုတာကို မေ့လျော့နေတယ်။ ကဲ….ဦးအုန်းသန်းတို့ ကိစ္စမှာ ဘယ်လိုပေတံနဲ့ တိုင်းပြီး မတရားတယ်ပြောသလဲ။ သူတို့ရဲ့ ကျိုးကြောင်းပြချက်ကို နားထောင်မယ်။ ဒေါက်တာချီးတို့မှာ အဲဒီ ကျိုးကြောင်းပြချက်နဲ့ဘဲ ဆက်လက် စိစစ်သလား။ ဒီလိုကျတော့မဟုတ်ပြန်ဘူး။

တကယ်တော့ ဒီလူတွေဟာ Double Standard တွေဘဲ။ ဂိုက်တံကို ကိုယ်လိုသလို လိုတိုးပိုလျှော့ လုပ်နေသူတွေဘဲ။ အရွယ်အစားမတူညီတဲ့ ဂါလံပုံးကို နှစ်ပုံးဆောင်ထားတဲ့ ဓါတ်ဆီမှောင်ခိုရောင်းသမားနဲ့ ဘာမှ မထူးခြားဘူး။ ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်စံနှုန်းကို ဟိုနေရာတမျိုး ဒီနေရာတမျိုး လုပ်တတ်ကြတာဘဲ။ ဆီမှောင်ခိုသမားရဲ့ လုပ်ရပ်က သူ့ဆီမှာ လာရောက် ရောင်းဝယ်ဖောက်ကားသူ လူအနည်းငယ်အပေါ်မှာဘဲ အကျိုးသက်ရောက်မှုရှိတယ်။

ဒါပေမယ့် အင်တာနက်က ဂါလံခိုးသူတွေကတော့ သူတို့ရဲ့ စာတွေကို အင်တာနက်ပေါ်မှာ ရေးသားတာဖြစ်လို့ အကျိုးသက် ရောက်မှု စက်ဝန်းက ပိုကျယ်တယ်။ သိပ်မစဉ်းစားနိုင်သေးတဲ့ စာဖတ်သူတွေရဲ့ စိတ်ကို မှိုင်းတွေသွင်းပေးနေသလိုဘဲ။

အင်ပီရီယယ်စနစ်နဲ့ မက်ထရစ်စနစ် ကွာခြားတာ၊ ကိုယ်ကြိုက်ရာစနစ်ကိုယ်သုံးတာကို လက်ခံနိုင်သလို အယူအဆ သဘောတရားရေးရာမှာလည်း ကိုယ်ကြိုက်တဲ့ အယူအဆ သဘောထား လွတ်လပ်စွာ လက်ကိုင်ထားတာကို နားလည်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စံချိန်စံညွှန်းကိုဘဲ ဟိုနေရာတမျိုး ဒီနေရာတမျိုးလုပ်တာကိုတော့ (အလေးခိုးတာကို သည်းမခံချင်သလို) နည်းနည်းလေးမှ သည်းမခံချင်ဘူး။ အင်တာနက်စာမျက်နှာတွေပေါ်မှာ အဲသည်လို ဂိုက်ခိုးတဲ့သူတွေ နောက်ပိုင်းတွေ့လာရင် သူတို့ ဂိုက်တံကို ရိုက်ချိုးရမယ်။ အလေးခိုးတဲ့လူတွေ့လာရင် သူတို့ရဲ့ ပိဿလေးနဲ့ဘဲ သူတို့ရဲ့ဘေးကို အင့်ကနဲ နေအောင် ပြန်ပစ်ရမယ်။ ဂါလံခိုး တဲ့လူဆိုရင် နာနာပြန်ထိုး ပေးရမယ်..။

လူ့လောကကြီးမှာဖြစ်နေတဲ့ မကောင်းမှုအားလုံးကို ၀တ်ဖြူစင်ကြယ်နဲ့ မြင်းဖြူကြီးစီးပြီး လိုက်လံမခြေမှုန်းနိုင်တာမှန်ပေမယ့် ကိုယ့်လက်လှမ်းမီရာ ပတ်ဝန်းကျင်က သူတော်ကောင်း အရေခြုံတွေတော့ တတ်နိုင်သမျှ သွားရင်းလာရင်း ဆွဲချွတ်ပေးရမယ်။

Anonymous said...

ဘလော့တွေကို ဖတ်ရတာ စိတ်ပျက်လာပိ.
လူတွေက ပြောချင်တဲ့အပိုင်းပဲ မျက်စိမှိတ်ပြောနေကြတော့တာပဲ..
စာရေးသူ ဘာပေးတာလဲ မသိတော့ဘူး..
ခင်ရင် မှန်တယ်.. မခင်ရင် မှားတယ်..

အမှန်က မတန်ခူးပြောတဲ့ ပေတံအတိုင်းပဲ
စံမတူတဲ့ ပတ်ဝန်းကျင်မှာ ငါ့မြင်းငါစိုင်းချင်တိုင်း လူတိုင်းကိုလဲ ငါ့လိုလုပ်ခိုင်းဆိုရင် ဘယ်ရပါ့မလဲ

အခုဆို စာဖတ်သူတယောက်အနေနဲ့ အားလုံးကို စိတ်ကုန်လာခဲ့ပီ..

စိုးထက် - Soe Htet ! said...

ပဋိပက္ခ ကိရိယာ တခု …

ကောင်းကင်ကို said...

ပန်းချီလေးနဲ့ ကဗျာလေး လိုက်ဖက်တယ်ဗျာ။ ပေတံတွေ အကြောင်း အတွေး ပွါးသွားပါတယ်။

pandora said...

ရင်ထဲကို တည့်တည့်ထိတယ်။ ပုဂ္ဂလိက အဆင့်. လူမျိုးအဆင့် နိုင်ငံအဆင့် လက်တွေ့ခံစားနေကြရတယ်။ မတူညီတဲ့ စံညွှန်းတွေနဲ့ တိုင်းတာနေ သတ်မှတ်ခံနေရတာ..။

မောင်မျိုး said...

တရားမျှတတဲ့ ပေတံလေးတစ်လက်လောက်တော့ လိုချင်လိုက်တယ် အခုကြုံနေရတာကတော့ အဆင့်အတန်းတွေ ပကာသန ဆိုတာတွေနဲ့ ကြီးပဲ တိုင်နေတဲ့ ပေတံကြီးပဲ တွေ့ တွေ့ နေရလို့  ။

ခွန်မြလှိုင် said...

ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုး ပေးတဲ့ ကံကြမ္မာ မှာတော့ ကိုယ့်လုပ်ရပ်နဲ့ စေတနာ တွေနဲ့ စံနှုံးတူ တဲ့ ပေတံနဲ့ပဲ တိုင်းတာ ခံရမှာ အသေအချာပါ မတန်ခူးရေ

စပ်မိစပ်ရာ said...

ဟုတ်သားဗျ ကျနော့်မှာလဲ အခြေအနေ အမျိုးမျိုးအတွက် ပေတံအမျိုးမျိုးရှိခဲ့တာ သတိထားမိတယ် :)

တန်ခူး said...

ကိုပေါရေ…ကျွန်မရဲ့ postတော်တော်များများကို တခုတ်တရ လေးနက်တဲ့ comment အရှည်ကြီးတွေ ရေးပေးတာ ကျေးဇူးအရမ်းတင်ပါတယ်…

Anonymous ရေ…သိပ်စိတ်ပင်ပန်းနေကြလို့  ဖြစ်ပါလိမ့်မယ်…အချိန်တန်ရင် ဟိုးတုန်းကလို ပြန်ပြီးပျော်စရာကောင်းလာမှာပါ…

ကိုစိုးထက်ရေ…ကျေးဇူး…

ကောင်းကင်ကိုရေ…သူများဆွဲတဲ့ ပန်းချီကို ငှါးသုံးထားတာပါ…လိုက်ဘက်တယ် ဆိုတော့ ရှာရကျိုးနပ်တာပေါ့…

ဟုတ်တယ်ပန်ရေ…နေရာတိုင်းမှာနော်…

မောင်မျိုးရေ… တရားမျှတတဲ့ ပေတံလေးတစ်လက်လောက်…အင်း…တနေ့ နေ့ တော့…

လှိုင်ရေ…သိပ်မှန်တာပဲ… ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုး ပေးမှာ အသေအချာပါ…

ဖြစ်တတ်ပါတယ်..စပ်မိစပ်ရာရေ…ခုလို လာလည်တာကျေးဇူးပါ…နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

တန်ခူးရေ ပေတံဆိုတာကလည်းကိုယ့်ပေတံနဲ့ကိုယ် ၊ ကိုယ့်စံနဲ့ ကိုယ်ပဲ ကိုဗျ။
ကျနော်တို့လူတော်တော်များများကကိုမြင်တတ်သလိုပဲ ကြည့်ကြတယ်၊
ကိုယ့်စံနဲ့ပဲ သူများကို အကဲဖြတ်တတ်ကြတယ် ။
ဒွိအမြင်ပေါ့လေ ကိုယ့်စံကဒါ၊ ကိုယ်မြင်တာကဒီလို ၊သူပေတံကဘာလည်း သူဘယ်လိုမြင်သလဲ
ဆိုတာကိုတော့ ထည့်စဉ်းစားသူက နည်းကြတယ်။
ကျနော်တော့ အဲလိုပဲထင်တယ်လေ။
ကဲ . . ပေတံကိုပဲ ပြောကြပါအုံးစို့
ကမ္ဘာကြီးက အလုံးဆိုရင် ခုကျနော်တို့ဆွဲနေတဲ့ မျဉ်းတွေက တကယ်တော့ Arc တွေလေ။
အဲဒါကိုတိုင်းတဲ့ ပေတံကတော့ မှားမယ်မဟုတ်ဘူးဆိုရင် ကျနော်တို့ သူ့ကို တလွဲအသုံးချနေတာလည်း
ဖြစ်နိုင်မယ်ထင်ပါရဲ့။

သက်ဝေ said...

ထင်ရာပြောရမယ်ဆိုရင်...
ပေတံတွေက ဘယ်တော့မှ သစ္စာမဖေါက်တတ်ကြပါဘူး။
သူတို့ အတိုင်းအတာနဲ့  သူ့ Scale နဲ့ သူ တသမတ်တည်း တည်တည်ငြိမ်ငြိမ်...
အသုံးချသူတွေ အပေါ်မှာဘဲ ၁၀၀ ရာခိုင်နှုန်း မူတည်နေတာပါ...

ကလိုစေးထူး said...

အင်မတန်ကောင်းတဲ့ ကဗျာကို အခုမှ ဖတ်မိတာ နာတာပဲဗျို့။ တခါတလေကျရင် စာရေးသူက ဒီလိုလေးတွေးပြီး ရေးလိုက်ပေမယ့် စာဖတ်သူကလဲ အဲဒီလိုလေး အပြင် တခြားသော ရှုထောင့်တွေကပါ ထည့်တွက် ခံစားရတာကိုက စာဖတ်ရတဲ့ အရသာပဲကိုး။

တန်ခူး said...

ကိုတာတူးရေ… ဟုတ်တယ်နော်… မျဉ်းဖြောင့်လို့  တသက်လုံး
မျဉ်းဖြောင့်လို့ ယုံကြည်နေခဲ့တာ… တကယ်တမ်းကျတော့…

သိပ်မှန်တာပေါ့ သက်ဝေရယ်…အဲဒီအသုံးချတဲ့သူတွေ ကြောင့်ပဲ ခက်နေတာပေါ့…

ကျေးဇုးပါ ကိုစေးထူးရေ… ဒါက Blogရဲ့ အရသာပေါ့နော်… ဖတ်သူအမြင်ကို ရေးသူက သိခွင့်ရတာ ဘယ်လောက်လှပတဲ့ ဆက်သွယ်မှုလဲနော်….