Monday, June 9, 2008

ရေကြည်၊ မြက်နု



ဟိုးငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရင် တမိသားစုလုံး အဖေနဲ့ အမေဇာတိမြို့ လေးကို ပြန်နေကျ။ ဆွေမျိုးနဲနဲသာရှိတဲ့ ရန်ကုန်မှာထက် ဆွေမျိုးတွေပေါလွန်းတဲ့ အညာမြို့ လေးကို ပိုချစ်မိတယ်။ လေသံခပ်လေးလေးနဲ့  အားရပါးရပြောတတ်တဲ့ အညာလေသံကိုမှ နားထောင်လို့  အားရမြဲ။ စောင်းကားချဉ်၊ ဆူးပုတ်ကြီး၊ မကျည်းရွက်နဲ့ သနတ်ရွက်၊ ပုန်းရည်ကြီးနဲ့ လက်ပန်ခေါက်၊ ပဒတ်ကျော်၊ နွားနို့ ခဲချက် စတဲ့ အညာစာတွေကို မြိန်မြိန်စား၊ စက်ဘီးတစီးနဲ့  နေပူထဲလျှောက်လည်၊ ခပ်လှမ်းလှမ်းက တောမှာ ဆွေမျိုးတွေနဲ့  ၀ါဆွတ်၊ပဲဆွတ်၊ တလုံမကျည်းသီးခူးနဲ့ …နွေရာသီကျောင်းပိတ်ရက်က တိုလွန်းတယ်လို့ ခံစား။ အချိန်တန်အိမ်ပြန်ခါနီး ကြားနေကျက တဦးတည်းသောသမီးအမေက အသက်ရလာတဲ့
သူ့ အဖေနဲ့ အမေကို ရန်ကုန်မှာ လာနေဖို့ ခေါ်၊ ကိုယ့်ဇာတိမှာ ခေါင်းချချင်တဲ့ အဖိုးနဲ့ အဖွားက ခေါင်းခါမြဲ။ အဲဒီတုန်းက အဖိုးနဲ့ အဖွားကို လူငယ်ပီပီ အားမလိုအားမရ ဖြစ်ပြီး နားမလည်တတ်ခဲ့။

**************************************

ထွက်လာခါစကတော့ အလွန်ဆုံး ၅ နှစ်ပေါ့။ ခုထိလည်း အနီရောင်စာအုပ်လေးကို သံယောဇဉ်ကြီးစွာ တွယ်ဖက်ရင်း အချိန်တန်ရင်အိမ်ပြန်မှာလို့  ပြောနေဆဲ။ ဘယ်တော့ အချိန်တန်မှာလဲဆိုတဲ့မေးခွန်းကတော…့။ ငယ်တုန်းက နွေရာသီကျောင်းပိတ်ရင် အညာပြန်သလို ရက်ရှည်ခွင့်ရရင် အိမ်ပြန်။ အဖေအမေ့ရင်ခွင်မှာ ခဏခလေးပြန်လုပ်။ ဘ၀အမောတွေ မေ့ချင်ဟန်ဆောင်လို့ ။ မြေးနဲ့ ပျော်နေတဲ့ အဖေကို့ တွေ့ တော့ ခွင့်ကုန်ခါနီးလေ ငိုချင်လေ။ အဲဒီအခါတိုင်း အဖေတယောက်လို သံယောဇဉ်ကြီးရတဲ့ ဆရာကြီး စကားကို ပြန်ကြားယောင်ပြီး နောင်တတချို့ နဲ့ ။ မိဘတွေကို လုပ်ကျွေူးချင်လို့  ဆရာမ မလုပ်ဖြစ်ပဲ နိုင်ငံခြားသွားမယ့် ကိုယ့်ကို ဆရာကြီးက ပြောခဲ့တယ်။ ပိုက်ဆံရှာပေးတာကပဲ လုပ်ကျွေူးတာမဟုတ် မိဘပျော်ရွှင်အောင်ထားပြီး၊ခြေဆုပ်လက်နယ် ပြုစုခြင်းကလဲ လုပ်ကျွေးရာ ရောက်သည်တဲ့။ ပြန်ခါနီးတိုင်း အဖေသိနေလျှက်နှင့် ကွာဟချက်တချို့ ထောက်ပြပြီး ကိုယ်မပျော်သည့်အရပ်ကို အဖေကိုခေါ်မိပြန်။ ဒီတခါတော့ ကိုယ့်တိုင်းပြည်ကို သံယောဇဉ်ကြီးသည့် အဖေ့ကို အားမလိုအားမရ မဖြစ်မိတော့။ တွန်းအားလဲ မပေးမိတော့။

**************************************

သားလေးကရော ဘယ်အရပ်မှာ ပျော်မှာလဲ။ သူအရမ်းကံကောင်းခဲ့ရင်တော့
တော်ရာနဲ့ ပျော်ရာ တထပ်ထဲကျမပေါ့။ ကိုယ်ကရော သူပျော်သည့် အရပ်မှာ ပျော်မည်လော။ အသက်တွေကြီးလာတာနဲ့ အမျှ ကိုယ့်ရေ၊ ကိုယ့်မြေ မဟုတ်တဲ့ အရပ်မှာ မနေချင်။ တတ်နိုင်ရင်တော့ မိဘတွေရယ်၊ သားရယ်…ပြီးတော့ ကိုယ်ကိုယ်တိုင်ရယ် အားလုံးပျော်တဲ့ အရပ်လေး တော်စေချင်တယ်။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ… ဖြစ်သင့်တာ၊မဖြစ်သင့်တာတွေ…ဖြစ်ချင်တာ၊မဖြစ်ချင်တာတွေနဲ့  လုံးလည်လိုက်ပြီး မပြတ်သားတဲ့ ဝေေ၀၀ါးဝါး ကိုယ့်လို ဘ၀မျိုးတော့ သားလေးကို မရစေချင်။ ဒီလိုနဲ့ ပဲ သဘာဝတရားဆိုတာကြီးကို ပုံချပြီး သတ္တိနဲစွာ ထွက်ပေါက်ယူရမြဲ…….။

တန်ခူး
09-Jun-2008 2:08pm

9 comments:

Ko Paw said...

အဲဒီလို ကိုယ့်ရေကိုယ့်မြေကို ပြန်ချင်တဲ့စိတ်၊ အေးအေးလူလူနေချင်တဲ့ အတွေးက ကျနော့်ခေါင်းထဲလည်း မကြာခဏ ရောက်တယ်တန်ခူးရေ။

ဘယ်လောက်အထိများလဲဆိုရင် မုန်းချောင်းမှာဖြစ်ဖြစ်၊ ဧရာဝတီမြစ်ထဲမှာဖြစ်ဖြစ် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း လှေပို့စားတဲ့ လူတောင်ပြန်လုပ်ချင်တဲ့စိတ် မကြာခဏ ဖြစ်တယ်။ လှေကောင်းကောင်းတစင်းဝယ်ဘို့တော့ ကျနော့်မှာ စုငွေ အလုံအလောက်ရှိပါတယ်။ သင်ထားတဲ့ ပညာတွေမှ အားမနာလို့ ပြောကြမယ်ထင်ပါရဲ့။

မနက်စာစားရင် ထမင်းကြမ်းခဲနဲ့ ငပိဖုတ်။ ကျန်တဲ့ ထမင်းဟင်းကလည်း အသီးအရွက် ပြွမ်းတဲ့ ထမင်းဟင်း။ ငယ်ငယ်ကလည်း ဒီလိုစားလာခဲ့တာဘဲ။

အခုလက်ရှိဘ၀က ၀င်ငွေပုံမှန်နဲ့ အစားအသောက်ကောင်းကောင်းနေ့တိုင်းစားနိုင်ပြီး လူတန်းစေ့ နေနိုင်တဲ့ဘ၀တော့ မှန်ပါရဲ့။ ဒါပေမယ့် လူ့ဘ၀ရဲ့ အနှစ်သာရ (Quality of life) က အပေါ်ကပြောခဲ့တဲ့ လှေသမားရဲ့ ဘ၀လောက် ကောင်းပါ့မလားလို့ တွေးနေမိတယ်။

မနက်ဖြန်တွေကို ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘူး။ လက်ရှိဘ၀မှာဘဲ နေထိုင်တယ်။ လေကောင်းလေသန့်ရမယ်။ အသီးအရွက်တွေ လတ်ဆတ်တယ်။ လှေလှော်နေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်တော့ ကျစ်လစ်သန်မာနေမယ်။

ကျနော့်မိန်းမက လှေဆိပ်မှာ အကြော်ရောင်းမယ်…(မဒမ်ပေါ် အကြော်ဆိုင်ပေါ့)။ သမီးက ကျောင်းပိတ်ရက် လှေပေါ်မှာလိုက်ပြီး လှေစီးခ ကောက်မယ်။ ရေပက်ခွက်ကိုင်ပြီး ရေပက်ပေးမယ်။

ကျနော်ငယ်ငယ်က မုန်းချောင်းမှာ ရေသွားဆော့ရင် အဲသလိုဘဲ လှေသမားကြီးဆီက ခွင့်တောင်းပြီး လူတွေကို ကြိုပို့လုပ်ပေးရာ ပျော်စရာအရမ်းကောင်းတယ်။ လေတိုက်တဲ့အခါဆို ရွက်ကလေးဖွင့်ပြီး ပဲ့ကိုင်လိုက်သွားရုံဘဲ။ လှိုင်းတွေက လှေဦးကို တဗျတ်ဗျတ်လာရိုက်နေသံကို စည်းချက်မှန်မှန်ကြားရတယ်။

ဧရာဝတီမြစ်ပြင်မှာဆို မြစ်ပြင်က ဖြတ်တိုက်လာတဲ့ လေကလေးဟာ အရမ်းကို အေးမြပြီး လတ်ဆတ်တာဘဲ။

နအဖ ပြုတ်တာနဲ့ မြန်မာပြည် ပြန်တော့မယ် စိတ်ကူးတယ်။ လှေသမားမဟုတ်တောင် တခြားတခုခု လုပ်ကိုင်စားသောက်ပြီး မြန်မာပြည်မှာ နေချင်တော့တယ်။

နှင်းပန်း said...

ပျော်အောင်ဘဲနေပါတန်ခူးရယ်...တော်ရာနဲ့ ပျော်ရာ တထပ်ထဲကျနေတယ်လို့ဘဲစိတ်မှာမှတ်ရင်း ချစ်တဲ့သားလေးနဲ့တန်ခူးချစ်တဲ့မောင်..အားလုံးပျော်တဲ့ အရပ်လေး တော်အောင်ကြိုးစားပါ.....

myatnoe said...

This is life, ama.
Life is so tight.
Everyone wants all good things. However, everyone got undesired things.
But, we can find good things and satisfy our life .
This is the best way for life I think.
Please be satisfy our life even bad things we got.

nu-san said...

တန်ခူးရေ.. ရေခြားမြေခြားရောက်နေတဲ့သူတိုင်း အခုလိုအဖြစ်မျိုးကြုံနေရတယ်နော်။ ကိုယ်တိုင်လည်းအဲဒီလိုပဲ ခံစားရတာမို့ အိမ်ပြန်ပြေးချင်စိတ်ခဏခဏဖြစ်မိတယ်။ ကိုယ်ချင်းစာတယ်။

ကောင်းကင်ကို said...

ရေကြည်ရာ မြက်နုရာကလည်း ပျော်စရာမကောင်းဘူးဗျာ။

ကလိုစေးထူး said...

တန်ခူးပို့စ်ကို ဖတ်ပြီး ငိုင်သွားပြီ။

သက်ဝေ said...

ထွက်လာခါစကတော့ အလွန်ဆုံး ၅ နှစ်ပေါ့။
ခုထိလည်း အနီရောင်စာအုပ်လေးကို သံယောဇဉ်ကြီးစွာ တွယ်ဖက်ရင်း အချိန်တန်ရင် အိမ်ပြန်မှာလို့  ပြောနေဆဲ။
ဘယ်တော့ အချိန်တန်မှာလဲ ဆိုတဲ့မေးခွန်းအတွက် ကတော့ အဖြေမရှိသေး...။

မောတယ် တန်ခူးရယ်...
ဒီတစ်သက်တော့ ပြန်ဖြစ်ကြပါတော့မလားဟင်...

pandora said...

ပြန်ချင်တယ်။ အခုအချိန်အထိ မျှော်လင့်ချက် တဲတဲလေးနဲ့ အားတင်းထားရတုန်း။

တန်ခူး said...

ကိုပေါရေ…ကျွန်မရေးခဲ့ဘူးတဲ့ “စိတ်ကူးထဲက အိမ်ကလေး” postလိုပါပဲ…တခါတခါ လောဘနည်းတဲ့ ရိုးစင်းတဲ့ဘ၀လေးဆီ သွားချင်တယ်…ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းတမျိုးပေါ့…အဲဒီအခါကျ မဒမ်ပေါအကြော်လေးနဲ့  ထမင်းကြမ်းလေးစားရင်း ကိုပေါလှေကလေးစီးပြီး မုန်းချောင်းထဲလျှောက်လည်…သမီးလေးကို တန်ခူးရဲ့ မောင်ဖွင့်တဲ့ အခမဲ့ကျုရှင်ကို လာတတ်ခိုင်းနော်..တန်ခူးခြံလေးထဲက ဟင်းသီးဟင်းရွက်လေးတွေလဲ အားပေးဦး…

နှင်းပန်းရေ…တော်တဲ့အရပ်မှာပျော်ဖို့ ကြိုးစားခဲ့တာလဲ ကြာပေါ့…ပျော်တဲ့အရပ်တော်ဖို့  ကြိုးစားခဲ့တာလဲ ကြာပေါ့….

ဟုတ်ပါတယ်မြတ်နိုးရယ်…ဒါဘ၀ဆိုပြီး အမြဲအားတင်းပါတယ်….

နုရေ…ဘ၀တူတွေမို့ စာနာနားလည်ပေးတာ ကျေးဇူးပါ…

ရေကြည်ရာ မြက်နုရာကြီးက တခါတခါ ရူးချင်စရာတောင်ကောင်းသေးတယ် ကောင်းကင်ကိုရေ…

ကိုစေးထူးရေ…အပူတွေမျှဝေပေးသလို ဖြစ်ရင်sorryနော်…

သက်ဝေရေ…အဖြေမရှိတဲ့မေးခွန်းတွေ အတော်များလာတယ်နော်….

ပန်ရေ..မျှော်လင့်ချက် တဲတဲလေးကို ပြတ်ထွက်မသွားအောင် အားထုတ်ရတာ လက်ပန်းတွေလဲကျလို့ ……