Monday, April 21, 2008

မြန်မာတချို့နဲ့ အလုပ်အင်တာဗျူး


ခေါင်းစဉ်ကြီးက နဲနဲတော့ကြီးသွားသည်။ တခြားခေါင်းစဉ် ပေါ့ပေါ့ပါးပါးလေး စဉ်းစားတော့ ခေါင်းထဲကထွက်မလာ။ ကျွန်မပတ်ဝန်းကျင်တွင် ကြုံတွေ့နေရသည့် အကြောင်းအရာရိုးရိုးလေးများကို အလုပ်ရှာလာကြသော လူငယ်လေးများအား ပေါ့ပေါ့ပါးပါး အကြံပေးလိုခြင်းသက်သက်ဖြင့် ဒီpostလေးကို ဖန်တီးမိခြင်းဖြစ်ပါသည်။ ဆရာလုပ်တာမဟုတ်ကြောင်း ကြိုတင်မေတ္တာရပ်ခံပါသည်။ တစုံတရာ အမှားအယွင်းပါရှိပါက သည်းခံခွင့်လွှတ် ပြုပြင်ပေးပါရန် တောင်းပန်ပါသည်။

ခုတလော ဒီနိုင်ငံကို အလုပ်လာရှာသော မြန်မာတွေ အတော်များလာပုံရသည်။ အသိတော်တော်များများ ရောက်လာကြသည်။ သူငယ်ချင်းအချင်းချင်းလဲ အလုပ်ကြားရင် ပြောပါဦး၊ ဘယ်သူတော့အလုပ်ရှာနေလို့ဟု ပြောသံတွေ စိတ်လာသည်။ တချို့က အလုပ်အတွေ့အကြုံရှိပြီးသား၊ တချို့ကျတော့ ခုမှကျောင်းပြီးကာစ ပူပူနွေးနွေး။ ဘာပဲဖြစ်ဖြစ် အလုပ်ရှာခြင်း၏ အခြေခံလုပ်စဉ်ကတော့ အားလုံးတူတူပင်။ ကျွန်မကိုယ်တိုင် အတွေ့အကြုံရော၊ ကျွန်မပတ်ဝန်းကျင်မှ အတွေ့အကြုံများပေါင်း၍ အလုပ်ရှာနေသူ ညီအကိုမောင်နှမများအတွက် အထောက်အပံ့ရလိုရငြား အောက်ပါအချက်အလက်လေးများကို စုစည်းတင်ပြလိုက်ပါသည်။

*ကိုယ်ရေးရာဇဝင်(CV/Resume) နှင့် Cover Letter

အလုပ်လျှောက်လျှင် CVရှိရမည်ဆိုတာ လူတိုင်းသိကြပေမယ့် အင်တာဗျူးရဖို့ အလုပ်ရှင်အား ဆွဲဆောင်နိုင်မည့် CVဖြစ်ဖို့ အရေးကြီးပါသည်။ တချို့အလုပ်ပေါင်းများစွာ လျှောက်လဲ
အင်တာဗျူးမရခြင်း၏ အဓိကအကြောင်းမှာ CVကြောင့်ပင်ဖြစ်သည်။ CVသည် မဖောင်းပွလွန်း၊ မတိုတောင်းလွန်းပဲ ရှင်းရှင်းလင်းလင်းနှင့် ကိုယ့်အရည်အချင်းပေါ်လွင်အောင်ရေးသင့်သည်။ Cover Letterကတော့ လျှောက်မည့်အလုပ်နှင့် ကိုယ့်အတွေ့အကြုံ၊ပညာ ကိုက်ညီအံဝင်ကြောင်း အဓိကပါသင့်သည်။ အကြံပေးလိုသည်မှာ internetမှ CV နှင့် Cover Letter ရေးပုံရေးနည်း၊ နမူနာCV နှင့် Cover Letter များကို လေ့လာပြီး အတုယူရေးသင့်သည်။

*အလုပ်လျှောက်ခြင်း

အလုပ်ရှာရန်နေရာများကတော့ job websiteများ၊ သတင်းစာ နဲ့ တချို့company home page တွေပဲဖြစ်သည်။ များသောအားဖြင့် Employerတွေက job responsibilities နဲ့ requirements တွေကို လောဘတကြီး အများကြီးရေးထားတတ်သည်။ အားလုံးကိုယ်နဲ့ကိုက်ညီရင်တော့ အကောင်းဆုံးဖြစ်ပေမယ့် အားလုံးနဲ့ကိုက်ညီမှ ထိုအလုပ်လျှောက်လို့ရသည်ဟု မဆိုလိုပါ။ ဥပမာ...၅ချက်ရှိတဲ့အထဲက ၃ချက်လောက် ကိုက်ညီလျှင် လျှောက်ကြည့်သင့်သည်။ ခုမှဘွဲ့ရခါစ အတွေ့အကြုံမရှိသေးသူများကတော့ ကိုယ့်ပညာ၊ကိုယ့်project၊ ကိုယ့်Thesisနဲ့ ကိုက်ညီနေလျှင်လျှောက်ကြည့်သင့်သည်။ အင်တာဗျူးခေါ်တာမခေါ်တာ Employerအလုပ် လျှောက်ကြည့်ရမှာ ကိုယ့်အလုပ်ဖြစ်သည်။ ကိုယ်လျှောက်ထားသည့် အလုပ်ကို soft copyနဲ့ဖြစ်ဖြစ်၊ hard copyနဲ့ဖြစ်ဖြစ် စာရင်းပြုထားသင့်သည်။ အလုပ်အကျဉ်းချုပ်ပါစာရင်းထဲ ထည့်သွင်းသင့်သည်။ ဒါမှ အင်တာဗျူးခေါ်ခဲ့လျှင် ကြိုတင်ပြင်ဆင်လို့ရမည်။

*နေခွင့်သက်တမ်း(stay)

ဒီနိုင်ငံမှာ အဓိကပြဿနာက နေခွင့်သက်တမ်း(stay)ပဲဖြစ်သည်။ များသောအားဖြင့် ၂လ မှ ၃လထိ stayပေးလေ့ရှိသည်။ တခါပေးလျှင် ၂ပတ် မှ ၁လ ထိပေးတတ်သည်။ အလုပ်တခု သတင်းစာမှ ကြေငြာတာပဲဖြစ်ဖြစ်၊ job websiteတွေက ကြေငြာတာပဲဖြစ်ဖြစ် အလုပ်လျှောက်ပြီး ၂ပတ် မှ ၁လထိကြာမှ အင်တာဗျူးရမရ သိရသည်။ တချို့က ဒီရောက်မှ အလုပ်ရှာကြသည်။ ပထမstay ၁လက အလုပ်လျှောက်တာနှင့် ကုန်သွားသည်။ အခန့်မသင့်လို့ ပထမတသုတ်လျှောက်တာက အင်တာဗျူးမရခဲ့လျှင် နောက်တသုတ်စောင့်ရင်းstayကုန်ပြီး အလုပ်မရပဲ ပြန်သွားရသူတွေကြုံဖူးသည်။ ကျွန်မ အကြံပေးလိုသည်မှာ ဒီမလာခင် ၁လလောက်အလို job websiteတွေမှ တဆင့် အလုပ်ကြိုရှာထားဖို့ပင်။ ဒီမှာ ဆွေမျိုးအသိမိတ်ဆွေရှိခဲ့ရင်တော့ သတင်းစာမှ ကြေငြာသောအလုပ်များကိုကြိုရှာထားနိုင်လျှင် ပိုအဆင်ပြေသည်။ ဒီရောက်လျှင် အင်တာဗျူးထိုင်စောင့်ချိန် သက်သာသွားပြီး stayလဲ အလဟဿ မဖြစ်တော့။ တချို့ဆို အင်တာဗျူး ၃၊၄ ခုလောက်ရထားကြပြီး ရောက်တာနှင့် တန်းဖြေရုံပင်။

*အင်တာဗျူး

အင်တာဗျူးခေါ်ခံရလျှင် အင်တာဗျူးအချိန်၊နေ့ရက်၊နေရာ တို့ကို အသေအချာမှတ်သင့်သည်။ ဖုန်းဖြင့်အင်တာဗျူးခေါ်လျှင် ဖုန်းခေါ်သူနာမည်နှင့် အင်တာဗျူးမည့်သူနာမည်၊ ဖုန်းနံပါတ်ကို သေချာမှတ်သားထားသင့်သည်။ သူငယ်ချင်းတယောက် အင်တာဗျူးရပြီးမှ ဖုန်းနံပါတ်မမှတ်မိ၊ companyနာမည်မေ့နှင့် လက်လွှတ်ဆုံးရှူံးရဖူးသည်။ အင်တာဗျူးအချိန်သည် ရုံးတက်၊ရုံးဆင်းချိန်(peak hour)များဖြစ်လျှင် အိမ်မှစောစီးစွာ ကြိုထွက်သင့်သည်။

အင်တာဗျူးမတိုင်ခင် မေးတတ်သည့်မေးခွန်းများကို ချရေးပြီး ပါးစပ်မှ အသံထွက်လေ့ကျင့်သင့်သည်။ ဘယ်လောက်ပဲ အင်္ဂလိပ်စာ ကျွမ်းကျင်ပါစေ ကိုယ်ပိုင်ဘာသာစကားမဟုတ်၍ လေ့ကျင့်သင့်သည်။ Employer Company အကြောင်း တစေ့တစောင်းလေ့လာ သွားသင့်သည်။ အဓိက ကတော့ ကိုယ့်အရည်အချင်း၊ ကိုယ့်အကြောင်းကို ယုံကြည်ချက် အပြည့်အဝနှင့် ပြောနိုင်အောင် လေ့ကျင့်သင့်သည်။

အင်တာဗျူးနေ့တွင် အထက်ကပြောသည့်အတိုင်း အချိန်နာရီဝက်၊ တနာရီ ကြိုထွက်သင့်သည်။ ဆံပင်နှင့် အဝတ်အစားကို အထူးသပ်ရပ်အောင် ပြင်ဆင်သင့်သည်။ စိတ်ကို လမ်းဆန်းကြည်လင်အောင်ထား၍ ကိုယ့်အတွက် သက်သက်သာသာသွားနိုင်မည့် ခရီးလမ်း၊ယဉ်ကို ရွေးသင့်သည်။

အင်တာဗျူးအချိန်သည် အရေးကြီးဆုံး အချိန်ဖြစ်သည်။ ကျွန်မတို့လူမျိုးယဉ်ကျေးမှူက ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားရသည်။ ကိုယ့်ထက်အသက်အရွယ်ကြီးသူ၊ ရာထူးကြီးသူတို့ရှေ့ ခေါင်းငုံ့လျှောက်ရသည်။ ယဉ်ကျေးသော၊ လေးစားသော အသုံးအနုန်းကိုသာ သုံးရသည်။ အဲဒီ့ ယဉ်ကျေးမှူလေးတွေကို အင်တာဗျူးအချိန်အတွင်း ခဏဖျောက်ထားသင့်သည်။ မယဉ်ကျေးရဘူးလို့ဆိုလိုခြင်း မဟုတ်ပါ။ ကိုယ့်ကို အင်တာဗျူးသောသူကို ခေါင်းငုံ့အရိုအသေပေးခြင်း၊ မေးသမျှမေးခွန်းတွေကို ချိုသာယဉ်ကျေးစွာ မျက်လွှာလေးချဖြေခြင်းများကို ဒီနိုင်ငံက ကိုယ့်ကိုယ်ကို ယုံကြည်မှူနဲသည်ဟုသတ်မှတ်ကြသည်။ အင်တာဗျူးသူကို နှူတ်ဆက်ပြီး ခပ်မတ်မတ်ထိုင်၍ မေးသမျှမေးခွန်းများကို ထိုသူနှင့်မျက်လုံးချင်းဆုံပြီး ရဲရဲဝင့်ဝင့် ဖြေသင့်သည်။ စိတ်ပိုင်းဆိုင်ရာမေးခွန်းများကို ပြတ်ပြတ်သားသား ဖြေသင့်သည်။ ဒါမှ ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ရဲသည့် စိတ်ဓါတ်ရှိသူဟု ယုံကြည်လိမ့်မည်။ မေးစရာမေးခွန်းရှိလဲ သွက်သွက်လက်လက် မေးချတာကို သူတို့က ကြိုက်သည်။

ကိုယ့်မှာ အားငယ်တတ်၊ ကြောက်တတ်သည့်အကျင့်ရှိလျှင် အင်တာဗျူးအချိန်၌ ခဏမေ့ထားပါ။ အိမ်မှာ အငယ်ဆုံးဖြစ်လဲ ကလေးလိုပြောတတ်သည့်အကျင့်ကို တတ်နိုင်သမျှပြင်ပါ။ မိဘဆွေမျိုးများနှင့်ခွဲ၍ တိုင်းတပါးမှာ ကိုယ့်ဘဝကို ရင်ဆိုင်ဖို့ လမ်းရွေးပြီးမှ တတ်နိုင်သမျှသတ္တိမွေးသင့်သည်။ အဲဒီသတ္တိက ကိုယ့်ကိုယ်ကို ယုံကြည်မှူအသွင်ပြောင်း၍ အတွေ့အကြုံမရှိသူတို့ပင် စိတ်ဓါတ်အင်အားကြိုက်ပြီး အလုပ်ခန့်ထားခံရသည့် ဥပမာများတွေ့ဖူးသည်။

ကျွန်မတို့ မြန်မာလူမျိုးများသည် ထက်မြက်ကြသည်။ မည်သည့်လုပ်ငန်းခွင်ကိုမဆို ခဏလေးနှင့်ကျွမ်းကျင်စွာ လုပ်နိုင်သည်။ ပြဿနာကို ဖြေရှင်းသည့် ဖြတ်ထိုးဥာဏ်ကောင်းသည်။ ရှိသည့်ကုန်ကြမ်းနှင့် အလုပ်ဖြင်အောင်လုပ်နိုင်သည်။ ထို့ကြောင့် ကိုယ့်အရည်အချင်းကို ပေါ်လွင်အောင်ဖော်ပြနိုင်ရန် လေ့ကျင့်ကြိုးစားလျှင် ဤအင်တာဗျူးက ကိုယ့်လက်ထဲက ပြေးမလွတ်တော့ပေ။

အလုပ်ရှာနေသူ မြန်မာအပေါင်း အခက်အခဲအဖုအထစ်မရှိ ကောင်းမွန်သော အလုပ်များရနိုင်ကြပါစေ။

တန်ခူး
2:00pm 21-Apr-2008

7 comments:

ကိုပေါ said...

တန်ခူးရေ………အင်တာဗျူးသွားမယ့်လူတိုင်းအတွက်…အထူးသဖြင့် အလုပ်လာရှာတဲ့ ဗမာလူငယ်တွေအတွက် အထူးအကျိုးရှိတဲ့ သိထားသင့်တဲ့ အချက်တွေပါဘဲ။ ဘလော့ဂ်တွေကို ရန်ကုန်ကလည်း ဖတ်လို့ ရနိုင်တာမို့ ဒီလိုပို့စ်လေးတွေဟာ အကျိုးများပါတယ်။

စိုးထက် - Soe Htet ! said...

တစ်ကယ် အကျိုး ရှိတဲ့ ... ပို့စ် လေးဗျ ... ကျေးဇူး ...

စူး said...

ဟုတ်ပါတယ်။ အကျိုးရှိတဲ့ပို့စ်ပါပဲ။
အထူးသဖြင့် ကိုယ့်ကို ကိုယ်ယုံကြည်မှူ အပြည့်အ၀ ရှိ ဖို့ပါပဲ။
over confident မဖြစ်ဖို့လဲ လိုပါသေးတယ်။
စစချင်း အလုပ်သိပ်မရွေးရင်တော့ ပေါတယ်ဆိုအမရေ.. ပီးမှ ပြောင်းတာ နေထိုင်ရေး ပို အဆင်ပြေမယ် ထင်ပါတယ်။

Anonymous said...

ပညာပေးပို့စ်ကောင်းလေးတခုပါဘဲ။
တကယ်တော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်ချင်ပြီ ဆိုကတည်းကစိတ်ဓါတ်ပိုင်း၊ ခံနိုင်ရည်ပိုင်း အရကြိုတင်ပြင်ဆင်ထားဖို့တော့လိုသည်။ တတ်နိုင်သောမိဘအရိပ်အောက်မှ ထွက်လာသောသူများ မှာ ထိုအချက်ကိုပို၍ပြင်ဆင်လာသင့်သည်။မိမိကိုယ်ကိုအားကိုးစိတ်၊မိမိဘာသာကြိုးစားရပ်တည်လိုစိတ်ရှိရန်လည်း လိုသေးသည်။နီးစပ်ရာလူများ၏ အကူအညီဖြင့် အလုပ်ရှာမည်..အလုပ်ရမှာဘဲ ဟုကနဦးကတည်းက ဖော့၍တွေးမလာသင့်။တကယ် ထင်ထားသလို အဆင်မပြေသည့်အခါ ကိုယ်တိုင်စိတ်ကျရုံမက ကိုယ့်ပတ်ဝန်းကျင်မှသူများအပေါ်ပါ burden ဖြစ်စေတတ်သည်ကိုလည်း သတိပြုမိစေဖို့ ဖြည့်စွက်လိုက်ပါသည်။

သက်ဝေ said...

စိတ်ကူးကောင်း...
အတွေးကောင်း...
အရေးကောင်း...
နိုင်ငံရပ်ခြားမှာ အလုပ်လာရှာသူများ အတွက်
အကျိုးရှိတဲ့ ပညာပေး စာတမ်းလေးတစ်ခုပါဘဲ...။
ကျေးဇူးပါ တန်ခူးရေ...။

ပီကေ said...

သိသင့် သိထိုက်တဲ့ အကြောင်းအချက်တွေ စုစည်းတင်ပြထားတာ စိတ်ဝင်စားဖို့ ကောင်းသလို၊ မှတ်သားထိုက်ပါတယ်။ အဲဒီ စေတနာကိုတော့ လေးစားပါတယ်။ ဖတ်ပြီး တကယ်အသုံးဝင်မယ့် ပို့စ်လေးပါပဲ။

တန်ခူး said...

ကိုပေါရေ...ဖတ်မိသွားသူတွေ အကျိုးများခဲ့ရင် ဖန်တီးရကျိုးနပ်တာပေါ့နော်။

ကိုစိုးထက်ရေ...တတ်နိုင်သလောက် ကူညီကြည့်တာပါ။

မြတ်နိုးရေ...ခုတလောအလုပ်နဲ့လူမမျှသလိုပဲ။

ကျေးဇူးပါThinkရေ။ Thinkဖြည့်စွက်ပေးတာလေးတွေကလဲ တကယ့်တန်ဖိုးရှိတဲ့အချက်တွေပါ။

သက်ဝေရေ...ကျေးဇူးပါ။

ကျေးဇူးပါကိုပီကေ။