Friday, April 18, 2008

ဒီဧပရယ်


ဒီဧပရယ်က အမှတ်တရများစွာကို သယ်ဆောင်လာနေကျဆိုတော့ အားလုံးထဲမှာ ဒီဧပရယ်ကို အတွယ်တာဆုံး...။

ရုပ်ရှင်တွေထဲကလိုပေါ့။ နယ်မြို့လေးတမြို့က ချမ်းသာတဲ့တဦးတည်းသောသမီးချောလေးမေမေနဲ့ ဆင်းရဲထက်မြက်တဲ့ဖေဖေတို့ တဣသိုလ်မြေမှာ တွေ့ခဲ့ကြတယ်။ ဘဝဆိုတာရုန်းကန်ခြင်းဆိုတဲ့ဖေဖေနဲ့ ဘဝဆိုတာလိုတရခြင်းဆိုတဲ့မေမေတို့ဘဝကို ညီမျှခြင်းချပေးလိုက်တာ ချစ်ခြင်းမေတ္တာ။ အဲဒီထူထပ်မြဲမြံတဲ့ ချစ်ခြင်းကို ပကာသနတွေက မဖြိုခွဲနိုင်ခဲ့တော့ ဒီဧပရယ်မှာ ဘဝနှစ်ခုပေါင်းစည်းခြင်း အထိမ်းအမှတ် မင်္ဂလာပွဲလေးကျင်းပခဲ့တယ်။

ဆင်းရဲတာကို အကြောင်းပြလို့ ညိုညင်ခံခဲ့ရတဲ့ မာနကြီးတဲ့ဖေဖေက သုညကစလို့ သူ့အရည်အချင်းနဲ့ မိသားစုဘဝလေးထူထောင်ခဲ့ရာက ဒီဧပရယ်မှာပဲ သူ့ဘဝရဲ့မျှော်လင့်ချက်အလင်းရောင်လေး ကျွန်မကို မေမေကမွေးဖွားခဲ့တယ်။ ဂျစ်ကန်ကန်ခေါင်းမာတဲ့၊ သူ့မျှော်လင့်ချက်တွေမဖြည့်ဆီးနိုင်တဲ့ ကျွန်မကို ဘာပဲဖြစ်ဖြစ် အဖေကအချစ်ဆုံး။

နောင်နှစ်ပေါင်းဆယ်နှစ်ကြာတော့ အလွန်လိမ္မာတဲ့ ချစ်စရာညီမလေးကို ဒီဧပရယ်မှာပဲ မေမေကမွေးဖွားပေးခဲ့ပြန်တယ်။ အဲဒီညီမလေးက အငယ်ဆုံးလေး မပီသစွာ လူကြီးဆန်ရိုးသားပြီး ဘယ်တော့မှဒုက္ခမပေးတတ်သူလေးပေါ့။ ဖေဖေရဲ့ အနှစ်နှစ်အလလက မျှော်လင့်ချက်တွေကို ကျွန်မ မဖြည့်ဆီးနိုင်ခဲ့ပေမယ့် သူဖြည့်ဆီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဝါသနာတင်မက၊ စေတနာတွေနဲ့ လုပ်သူမို့ သူ့အတွက် အမြဲဂုဏ်ယူရတယ်။ ကျွန်မတို့ အကြီးနှစ်ယောက်ထက် အတ္တနဲပြီး မိဘအတွက် ဘဝကို မြှပ်နှံထားသူလေး။

ကျွန်မသူငယ်ချင်း၊ ကျွန်မချစ်သူ မောင့်ကို ကျွန်မရဲ့ခင်ပွန်းအဖြစ် ရာထူးတိုးတဲ့ ကျွန်မတို့မင်္ဂလာပွဲလေးကလဲ ဒီဧပရယ်မှာပဲပေါ့။ ဒီနှစ်ဆို မင်္ဂလာနှစ်ပတ်လည် ခုနှစ်နှစ်တင်းတင်းပြည့်လို့ ချစ်စရာသားကလေးတောင် တီတီတာတာ စကားဆိုတတ်ခဲ့ပေါ့။

အဲဒီ အမှတ်တရတွေနဲ့ဧပရယ်ကို အရူးအမူးတွယ်တာ မိတာဆန်းသလားရှင်။

တန်ခူး
10:30am 18-Apr-2008

6 comments:

Kaung Kin Ko said...

အမှတ်တရများစွာနဲ့ Aprilလ ကစပြီး တစ်နှစ်လုံးပျော်ရွှင်ပါစေဗျာ။

Anonymous said...

ဧပရယ် နဲ့ မတန်ခူး
အမှတ်တရတွေ ထူးတာမို့
အပျော်တွေ ဝတ်မှုန်ကူး
မြူးတူးလို့ ပြန်သွားပါတယ်...

ထနောင်း

ကိုပေါ said...

ဧပရယ်ဆိုတော့ ဗမာလို တန်ခူးလ ကျတာပေါ့နော်။

“တပေါင်း၊ တန်ခူး နှစ်လတို့သည် ၀သန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင်သည် ကြည်လင်၏။ ပေါက်၊ ချရား၊ သရဖီပန်းတို့သည် ပွင့်ကြကုန်၏……”လို့ ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ရေးထားတာကို ငယ်ငယ်က သင်ခဲ့ရဖတ်ခဲ့ရဘူးတယ်။

ရာသီဥတုအရ၊ တောတောင်ဝန်းကျင်အရ သာယာတဲ့ လတွေပေါ့။
အညာဘက်မှာဆိုရင်လည်း ပတ်ဝန်းကျင်က တကယ်ဘဲ လှတယ်။ မြန်မာလို နှစ်သစ်ကို ကူးတဲ့ လရာသီလည်း ဖြစ်တယ်။

နှစ်ဦးမှာ အမှတ်တရများစွာနဲ့ တန်ခူးအတွက် မင်္ဂလာနှစ်သစ်ဖြစ်စေကြောင်း ဆုတောင်းလိုက်ပါတယ်။

စူး said...

အော်.. အမတန်ခူးရဲ့ အမှတ်တရတွေ
ပဏ္ဏပ်ရိုက်ထားတဲ့ ဒီဧပြီလမှသည်...
နောင် နှစ်ပေါင်းများစွာသော ဧပြီလများစွာထိ..
အမှတ်တယ များစွာနဲ့ ပျော်ရွှင်သော အနာဂတ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

သက်ဝေ said...

အခြားအခြားသော လတွေထက် အလှထူးတဲ့ လတန်ခူးရဲ့ အမှတ်တရပေါင်းများစွာကို စာပဒေသာ
ဝေေ၀ဆာဆာနဲ့  ရေးလဲရေးတတ်ပါ့ မတန်ခူးရေ...
တန်ခူးမိသားတစ်စု ရဲ့ အမှတ်တရ နေ့ တွေ နှစ်ပေါင်းတစ်ရာ တိုင်ပါစေ လို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်နော်...

တန်ခူး said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေကောင်းကင်ကို။

ကဗျာတိုလေးကချစ်စရာ ထနောင်းရယ်။

ဟုတ်ပါတယ် ကိုပေါရေ...ကျွန်မအတွက်တော့ April=တန်ခူး က အသာယာဆုံးဖြစ်မလားပဲ။ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

ကျေးဇူးပါညီမလေးမြတ်နိုးရေ။

ပေးတဲ့ဆုနဲ့ပြည့်ပါစေသက်ဝေရယ်။