Wednesday, April 9, 2008

ကျွန်မနဲ့ကောင်မလေး

ကျွန်မနဲ့ကောင်မလေးကြား ထူးခြားဆန်းကျယ်တဲ့ စိတ်ဆက်သွယ်မှူတခု ရှိနေသလို အမြဲခံစားရတယ်။ ကျွန်မ တခုခုကို ခံပြင်းဒေါသထွက်နေချိန် ကောင်မလေးက ဖုန်းဆက်ပေါက်ကွဲပြရင် တိုက်ဆိုင်မှူအတွက် အံ့သြရမြဲ။ ကျွန်မ တခုခုကို အမြင်မတော်ထော်လော်ကန့်လန့်ဖြစ်ပြီး ကောင်မလေးဆီemailပို့ရင် တူညီတဲ့ခံစားမှူအတွက် သူလဲအံ့သြရမြဲ။ ကြာလာတော့ ကျွန်မစိတ်တွေဟိုးအောက်ဆုံးထိ ဗုန်းကနဲကျနေရင် ကောင်မလေးများဖြစ်နေပြီလားလို့ စိုးရိမ်မိတယ်။ ကျွန်မပျော်ရွှင်လန်းဆန်းနေရင် သူလဲပျော်နေမယ်ဆို ကြည်နူးမိတယ်။

ချစ်သူအတွက် အသေးစိတ်ခံစားတာရော၊ လူတွေကို ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတဲ့အတိုင်း ပြောချတတ်တာရော၊ ကိုယ်ကျင့်တရားတန်ဖိုးဖြတ်မှူရော အတော်လေးနီးစပ်တယ်။ ကျွန်မ Heroတွေနဲ့ ကောင်မလေးHeroတွေ တထပ်ထဲပဲ။ ကျွန်မ လေးစားလို့မရတဲ့လူတချို့ကို သူကလဲမလေးစား။ ကျွန်မလက်ခံလို့မရတဲ့အယူအဆတော်တော်များများကို ကောင်မလေးလဲလက်မခံ။ ကောင်မလေးလျှောက်ချင်တဲ့လမ်းကကျွန်မနဲ့လားရာတူ။

ကောင်မလေးက ခံစားချက်တွေမျှဝေခံစားပေးနိုင်မယ့် အဖော်ဖြစ်လာတယ်။ သူရဲ့မွန်းကြပ်မှူတွေကို ကျွန်မဆီမှာပေါက်ကွဲသလို ကျွန်မရဲ့မြိုသိပ်ခြင်းတွေ သူ့ဆီမှာဖွင့်အံချ။ စာတိုပေစလေးတွေ ရေးချတတ်တာတူတော့ တခါတခါကဗျာတစနဲ့ သူနဲ့ဆက်သွယ်။

ကိုယ်ကျင့်တရား တန်ဖိုးဖြတ်မှူတွေကြားကပဋိပက္ခတွေ မြင်ရကြားရတော့ ကောင်မလေးက ကိုယ့်ဆီကဗျာတပုဒ်နဲ့ မချင့်မရဲ ရင်ဖွင့်ခဲ့ဖူးတယ်။

ကောင်မလေး>>
မဟူရာ နဲ့ အနက်
အမှောင် နဲ့ အမဲ
ဘယ်ဟာက ပိုလင်းသလဲ....လို့
ရွေးချယ်နေကြသူတွေကြားထဲ
ငါ့ရဲ့ အဖြူရောင်အလင်းတစ
မှိန်ဖျော့လို့ သွားခဲ့ရဖူးတယ်။ ။

အမှန်တရားဆိုတာ အတ္တနဲ့အရောင်ဆိုးလို့ရတတ်သလား...ကောင်မလေးနဲ့ထပ်တူခံစားပေးခဲ့တဲ့ ကဗျာမပီတဲ့ ကိုယ့်ခံစားချက်။

ကျွန်မ>>
အမှောင်ကလင်းသတဲ့
အလင်းကမှောင်သတဲ့
အဖြူကမဲသတဲ့
အမဲကဖြူသတဲ့
အတ္တဖုန်းလွှမ်းတော့
လောကနိယာမတွေတောင်လွဲမှား
ဘယ်မှာလဲ...အမှန်တရား။

မျှောင်လင့်ခြင်းတွေ မှူန်ဝါးလာတဲ့အခါ၊ အနာဂတ်တွေ မပြတ်သားတဲ့အခါ၊ ယုံကြည်ချက်တွေ ပါးလျလာတဲ့အခါ စိတ်တွေက ဟိုးအောက်ဆုံးထိ ထိုးကျသွားတတ်တယ်။ ကောင်မလေးက သူ့ရဲ့စိတ်ကို ကဗျာတပုဒ်နဲ့copyကူး ကျွန်မဆီပို့လွှတ်ဘူးတယ်။

ကောင်မလေး>>
တခါတရံမှာ အစိုးမရ
တခါတရံမှာတော့ အနက်ဆုံးထိကျ။

တခါတရံမှာ ဦးနှောက်နဲ့စေခိုင်းလို့မရ
တခါတရံမှာတော့ အချစ်တွေနဲ့ကြည်ရွှင်ပျ။

တခါတရံမှာ အတ္တနဲ့အကျဉ်းကျ
တခါတရံမှာတော့ အမှန်တရားနောက်လိုက်ခဲ့ရ။

တခါတရံမှာ ကိုယ့်စိတ်နဲ့ကိုယ် ပဋိပက္ခ
ဒါဟာ..မလွန်ဆန်နိုင်တဲ့ သဘာဝ။...

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က အောက်ပြုတ်ကျနေတဲ့ ကိုယ့်ရဲ့စိတ်တွေ ကဗျာထဲထည့် ကောင်မလေးဆီပို့ဖြစ်တယ်။

ကျွန်မ>>
စိတ်ဆိုတာ
သေတ္တာတခုထဲထည့်
သော့ခတ်ထားလို့လဲမရ

စိတ်ဆိုတာ
တိုင်တခုနဲ့တွဲ
ချည်နှောင်ထားလဲမရ

စိတ်ဆိုတာ
ပင်လယ်ရေထဲနှစ်
မျှောပစ်လို့လဲမရ

အဲဒီစိတ်က
တခါတခါကိုယ်နားကပျောက်
တခါတခါကောင်းကင်ကိုရောက်
တခါတခါမြေပြင်အောက်
မွှေလိုမွှေ နှောက်လိုနှောက်
စိတ်ခြေရာတွေကောက်ရင်း
ငါလဲ...လမ်းတွေပျောက်။

အဲဒီသတင်းကြားတော့ အားငယ်ဝမ်းနည်း ပြိုယိုင်လဲမတတ်ပဲ။ သတင်းအမှားဖြစ်ပါစေလို့ဆုတောင်းရင်း မပြည့်တဲ့အခါ အစားထိုးမရတဲ့ဆုံးရှူံးမှူအတွက် အမေမာ့ကိုတမ်းတရင်း ကောင်မလေးနဲ့ ကျွန်မ ကဗျာတွေနဲ့ငိုကြွေးကြတယ်။

ကောင်မလေး>>
မှောင်မိုက်နေတဲ့ ဘဝတွေရဲ့
မှိန်ဖျော့ဖျော့ မျှော်လင့်ချက်အတွက်
ယုံကြည်ရင်း ရှေ့ဆက်ဖို့
အလင်းအားပေးမယ့်....
ကြယ်တွေ...ကြွေလွန်းတယ်။ ။

ကျွန်မ>>
ဒီတခါကြယ်တစင်း
တပြည်လုံးလင်းစေသူမို့
တတ်နိုင်ရင်...
မကြွေအောင်တား
ကောင်းကင်ပေါ်ပြန်ထားလိုက်ချင်တယ်။

ကျွန်မနဲ့ကောင်မလေးကြား ထူးခြားဆန်းကျယ်တဲ့ စိတ်ဆက်သွယ်မှူတခု ရှိနေ တာသေချာတယ်။

တန်ခူး
6:00pm 09-Apr-2008
(ကောင်မလေးအတွက် အမှတ်တရ)

10 comments:

ကိုပေါ said...

ခံစားချက်တူ ယုံကြည်ချက်တူ စိတ်ထားချင်းဖလှယ်လို့ရတဲ့ ကောင်မလေးတယောက် ကောက်ရထားတာပေါ့လေ။ ကောင်းပါလေ့။

စူး said...

အမ ဖတ်ရတာ နင့်ကနဲပဲ။ ကံကောင်းတာက အမ မှာ အဲလို စိတ်တူ ကိုယ်တူ ဖွင့်ပြောနိုင်တဲ့သူ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့နော်။ မြတ်နိုးမှာတော့...
ကိုယ်ကျင့်တရားတွေကို အသက်မက တန်ဖိုးထားခဲ့မိသူတယောက်။
လိမ်ညာခြင်းကို မုန်းတီးသူတယောက်။
ခေါင်းမာတတ်သူတယောက်
.....တယောက် အတွက် ..
တခါတလေ.. အမှန်တရား ဆိုတာတွေ ဟာ ...
ဖော်ပြခွင့် ရင်ဖွင့်ခွင့် မရတဲ့အခါ.. ဆိုးတူကောင်းဖက်
ရင်ဖွင့်ပြချင်တဲ့အခါ..အတ္တတွေနဲ့ မွန်းကြပ်လာလို့ ရင်ဖွင့်ချင်တဲ့အခါ..
အမလို စိတ်တူ ကိုယ်တူ အဖော်တယောက် ကို ယောင်ရမ်းပီး တမ်းတမိတယ်။ အမက သူငယ်ချင်းရ သိပ်ကံကောင်းတယ်နော်။ အားကျလိုက်တာ။
မြတ်နိုးမှာ ဘာဖြစ်လို့ များ ဒီလိုမျိုး မိန်းကလေး သူငယ်ချင်း မရှိရပါလိမ့်။ ရှိခဲ့တာက ကောင်လေးတွေ ဖြစ်နေတယ်.။ :(
ဘယ်လိုလုပ်မလဲ...။

Anonymous said...

အမှတ်တမဲ့တွေကို အမှတ်တရဖြစ်စေသူ...
ခင်မင်ခြင်းလမ်းမ နဘေး...ကဗျာမိုင်တိုင်လေးတွေကို ပြန်လည်ရေတွက်ခွင့် ရစေသူ....
"ကျေးဇူး"ဆိုတာ တို့နှစ်ယောက်ကြားမှာ မလိုပါဘူးလို့ ဆိုခဲ့ရင်တောင်...ပီတိကြောင့်ဖြစ်တဲ့ အပြုံးတပွင့် ဒီနေရာမှာချန်ထားခွင့်ပြုပါ......


ကောင်မလေး

Kaung Kin Ko said...

ကောင်မလေး အကြောင်းနဲ့ ကဗျာလေးတွေ ခံစားသွားတယ်။ ကဗျာလေးတွေကြိုက်တယ်။
သင်္ကြန်မှာ တန်ခူး ဆိုတဲ့ အစ်မ တစ်ယောက် ပျော်ရွှင်ပါစေ။း-)

စူး said...

အတာ တန်ခူးမှာ
အမ တန်ခူး ကို ရေလာလောင်းတယ်။
ပြန်မလောင်းနဲ့နော်..။ ဟီး.

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဗျ ...
ကျွန်တော့်မှာတော့ ...
ကျွန်တော် နဲ့ ကောင်လေး ရေးဖို့ မရှိဘူး :P

wai lin tun said...

သင်္ကြန်ကျလို့ တန်ခူးဆီ တခုတ်တရ လာလည်တာပါ။ ဘာပဲပြောပြော လေနုအေးကတော့ သိင်္ဂါရ တနော့နော့နဲ့ လာသူတွေကို အပူငြိမ်းစေမြဲ။ စာတွေကို အဲလို ဒေါသကင်းအောင်ရေးနိုင်တာ အားကျတယ်။ အေးချမ်းကြပါစေ။

တန်ခူး said...

ဟုတ်တာပေါ့ကိုပေါရေ...ရှားရှားပါးပါး ညီမလေးတယောက် ကောက်ရထားတာပါ။

မြတ်နိုးရေ...လိုအပ်တဲ့အခါ မြတ်နိုးရဲ့ခံစားချက်တွေ တို့ဆီမျှဝေလို့ရပါတယ်...။

ကောင်မလေးချန်ထားခဲ့တဲ့ အပြုံးတပွင့်က ချိုမြလို့...။

ကဗျာမပီတဲ့ကဗျာလေးတွေကို တကယ့်ကဗျာဆရာက ကြိုက်တယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကောင်းကင်ကို...။

မြတ်နိုးကို ပြန်တောင်လောင်းပြီးတာကြာပေါ့...။

ကိုစိုးထက်ရေ...ကောင်လေးရပါစေလို့ ဆုတောင်းပေးရမလား...။

ကိုဝေလင်းရေ...ခုလို တခုတ်တရလာလည်တာ ကျေးဇူးပါ။ အပူတွေငြိမ်းစေတာသိရတာ အရမ်းဝမ်းသာမိပါတယ်...။

စူး said...

ama yay..

can we make a friend?
i want to be a friend with u.

my mail is same as blog ama.
:P

တန်ခူး said...

မြတ်နိုးရေ...သူငယ်ချင်းတော်ပြီးသားလေ။ emailပို့လိုက်မယ်နော်။