Monday, June 1, 2009

နောင်လာမယ့် အနှစ်နှစ်ဆယ်

“အော် အီးအီး အွတ်”
“ပဲပြုတ်ပူပူလေးရမယ် ပဲပြုတ်”

လင်းကြက်တွန်သံနဲ့ အတူ ၀ိရိယကောင်းတဲ့ ပဲပြုတ်သည်အော်သံက ကပ်ပါလာတယ်။ မကြာခင်ပဲ ဆရာတော်ကျောင်းက အုန်းမောင်းခေါက်သံကို နာပျော်ဘွယ်ကြားရတယ်။ အိပ်ယာကထ မျက်နှာသစ်၊ ကိုယ်လက်သန့် စင်ပြီး ဒီဘက်လမ်း ရောက်လာတဲ့ ပဲပြုတ်သည်ကိုခေါ် ပဲပြုတ် (၁၅) ကျပ်သား ၀ယ်ထားလိုက်တယ်။ ခဏနေ အသက်(၈၀) ကျော်ပေမယ့် ကျန်းမာရေးကောင်း ဒေါင်ဒေါင်မြည်ဆဲ သားဖိုးဖိုးနဲ့ ဖွားဖွား နိုးလာကြတော့မယ်။ ဆွမ်းတော်အတွက်ရယ်၊ လမ်းထိပ်ဆရာတော်ကျောင်းက ဆွမ်းခံအပါး ၅၀ အတွက်ရယ် ဆွမ်းအမြန်ချက်ရပြီ။ သားဖေဖေနိုးလာတော့ ခြံထဲက တတောင်လောက်ရှိတဲ့ ခရမ်းသီးတွေ၊ နုနုထွားထွား ရုံးပတီသီးနဲ့ ဂေါ်ဂခါးသီး၊ဗူးသီး တွေရယ် ခူးပြီး ကိုယ်နဲ့ အတူ ဆွမ်းဟင်းအတွက် လှီးသင်ပေးတယ်။

သားဖွားဖွားကတော့ မျက်နှာသစ်ပြီးတာနဲ့  ပန်းခြင်းလေးကိုင် ခြံထဲဆင်းသွားပြီ။ စံပယ်၊ဇွန် အခူးထွက်တာပေါ့။ ပြီးရင် စိတ်ရှည်လက်ရှည် ကြိုးလေးနဲ့ သီ၊ ဘုရားစင်မယ် ဖွေးဆွတ်လှိုင်ကြိုင်လို့ ။ သားဖွားဖွား ပန်းတွေသီပြီးလောက်ကျ သားလေးလဲနိုး၊ ဆွမ်းဟင်းလဲကျက်။ သားလေးက ခြံထဲက ပိတောက်၊ ခရေ၊ တမာ၊ ကံကော်၊ သရက်၊ မာလကာ ရွက်ခြောက်တွေကို တံမြက်စည်းလှည်း၊ ပန်းခင်းနဲ့  ဟင်းရွက်ခင်းကို သူ့ အဖေနဲ့ အတူ ရေလောင်းပေါင်းသင်။

သားဖိုးဖိုးနဲ့ ဖွားဖွား ဆွမ်းတော်ပန်းတော်ကပ်၊ ကြေးစည်ထု အမျှဝေပြီးတဲ့ အချိန်နဲ့  ဆွမ်းခံကိုယ်တော်တွေ ကြွလာတဲ့ အချိန်နဲ့ က အမြဲလို အချိန်ကိုက်။ မနက်ဝေလီ၊ ဝေလင်းမှာ စီတန်းကြွလာတဲ့ ကိုယ်တော်တွေကို ဆွမ်းလောင်းရတာ ဘာနဲ့ မှမတူအောင် ကြည်နူးစရာပါ။ ပြီးတော့ မိသားစုတွေ စားပွဲဝိုင်းဘေး ၀ိုင်းစုထိုင်ပြီး ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်းကို ပဲပြုတ်ပူပူလေးရယ်… ကမန်းကတန်းကျော်ထားတဲ့ ခြံထွက် ဗူးသီးကျော်လေးရယ် မနက်စာမြိန်လျက်စွာ စားကြတာပေါ့။

သားဖိုးဖိုး၊ ဖွားဖွားနဲ့  သားဖေဖေတို့  လမ်းလျှောက်ထွက်တော့ ကိုယ်က အိမ်သန့် ရှင်းရေးလုပ်၊ သားကလေးက ကျောင်းသွားဖို့  ရေမိုးချိုး။ ဟော… အကျီင်္အဖြူ၊ လုံချည်စိမ်းလေးနဲ့  တပတ်လျိုဆံထိုးလေးကို ယဉ်ယဉ်လေးထုံးပြီး ကံကော်တွေဝေနေအောင်ပန်ထားတဲ့ ချွေးမလောင်းလေးတောင် ရောက်လာပါပကော။ မိန်းမပီသ အချက်အပြုတ်ကောင်းတဲ့ သူကလေးက တနေ့ ကို ဟင်းတမျိုး သားဖိုးဖိုး၊ဖွားဖွားအတွက် ဦးဦးဖျားဖျား ချက်လာကျ။ ဒီနေ့ ကတော့ ပဲစိမ့်လေးထိုး၊ ဆီမွှေးလေးဖြူးလို့  မြင်တာနဲ့ စားချင့်စဖွယ်။ ခဏနေတော့ ရှပ်အဖြူလက်ရှည်ပေါ်၊ ပင်နီတိုက်ပုံလေးဝတ်၊ ပုဆိုးစိမ်းလေးနဲ့  ကိုယ့်ရဲ့သား ကျောင်းဆရာလေးက နေနဲ့ လ၊ ရွှေနဲ့ မြ ချွေးမလောင်းလေးကို စက်ဘီးလေးပေါ်တင်နင်းလို့ ။ သူတို့ လေးတွေက ကိုယ်တို့ အိမ်နဲ့  မနီးမဝေး ခပ်လှမ်းလှမ်း မိဘမဲ့ကျောင်းက ဆရာနဲ့ ဆရာမလေးပေါ့။ ကျောင်းအုပ်ကြီးသားဖေဖေက လမ်းလျှောက်ကပြန်လာ ရေနွေးကြမ်းလေး တငုံ၊နှစ်ငုံလောက် သောက်ပြီး ရေမိုးချိုး ကျောင်းကို သွား။ ဖိုးဖိုး၊ဖွားဖွား တို့ က ဘုရားခန်းလေးထဲဝင် တရားထိုင်။

ကိုယ်ကတော့ နေ့ လည်စာအတွက် မီးဖိုချောင်ထဲ ပြင်ဆင်ချက်ပြုတ်။ ချွေးမလောင်းလေးပေးတဲ့ ပဲဆိမ့်ထိုးလေးနဲ့  လိုက်ဖက်အောင် ငါးရံ့ခြောက်လေး မီးအေးအေးနဲ့ ဖုတ်၊ ခြံထဲက လတ်လတ်ဆတ်ဆတ် ဂေါ်ဂခါးညွန့် လေးကျော်ချက်လေးချက်၊ ပဲတောင့်ရှည်လေးကို ချဉ်ငံစပ်လေးသုတ်။ စက်ဘီးသံလေးတွေ ကလင်ကလင် ကြားရတဲ့ အချိန်ကျတော့ ထမင်းဝိုင်းလေးကလဲ အဆင်သင့်။ မိသားစု ထမင်းဝိုင်းမှာ သားလေးက သူ့ တပည့်လေးတွေ အကြောင်း အားရပါးရ ပြောပြတတ်တော့ စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်။ အချိုပွဲကတော့ ခြံထွက် သင်္ဘောသီးချိုချို။ သားနဲ့ သူ့ အဖေကျောင်းပြန်သွားတော့ ဖိုးဖိုး၊ ဖွားဖွားနဲ့ ကိုယ်က ရေမိုးချိုးပြီး ဆရာတော်ကျောင်းကို တရားထိုင်သွားကြရော။

ညနေ နေချိုချိန်မှာ ကိုယ်က ညစာလေးပြင်ဆင်ဖို့ အတွက် အိမ်ကိုပြန်။ ပြီးတော့ ခြံထဲက ပန်းရနံ့ လေးတွေရတတ်တဲ့ ပိတောက်ပင်အောက်က ကွတ်ပျစ်ပေါ် ထိုင်ပြီး စာလေးရေး။ တခါတခါတော့ ဟိုဘက်အိမ်က ချွေးမလောင်းလေးအမေ ကိုယ့်ငယ်သူငယ်ချင်းနဲ့  ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရင်း ရယ်မောလို့ ပေါ့။ အိမ်မှာ အားလုံးလူစုံတော့ ညစာကို အတူစားရင်း တနေ့ လုံးတွေ့ ရကြုံရသမျှ ပြန်ပြောလို့  ပိုအသက်ဝင်။

ညရောက်ပြီဆို ဖိုးဖိုး၊ဖွားဖွားတို့  ရွယ်တူ တရားဆွေးနွေးဖော်တွေ၊ သားဖေဖေနဲ့ ကိုယ့်သူငယ်ချင်းတွေ… ပြီးတော့ သားသူငယ်ချင်းတွေနဲ့  ပိတောက်ပင်အောက်က ကွတ်ပျစ်ပေါ်မှာ စည်ကားလို့ နေတယ်။ ကိုယ်ကိုယ်တိုင်နှပ်ထားတဲ့ လဘက်ညွန့် လေးနဲ့  အကြော်စုံ ကြွတ်ရွရွလေးရယ်၊ ထန်းလျက်၊ မုန့် သြဇာ စတဲ့ အညာသရေစာလေးတွေရယ်၊ လဘက်ခြောက်မွှေးမွှေးလေးနဲ့  ရေနွေးပူပူလေးရယ်က ကွတ်ပျစ်စကားဝိုင်းနဲ့  အတော်လိုက်ဖက်တယ်။ တခါတခါ အေးမြတဲ့ လရောင်အောက်မှာ သားဖေဖေက သားတို့  သူငယ်ချင်းတွေနဲ့ အတူ ငယ်မူပြန် ဂီတာတီးတတ်သေးတယ်။

မိသားစု ဘုရားဝတ်တတ်ပြီး သားက ဖိုးဖိုး၊ဖွားဖွားကို ခြေဆုပ်လက်နယ် ပြုစုပေးတယ်။ ပြီးတော့ ကြီးသူကို ငယ်သူက အဆင့်ဆင့် ကန်တော့ပြီး ငြိမ်းချမ်းတဲ့ မိသားစုလေးရဲ့ တနေ့ တာ ကုန်ဆုံးတော့တယ်။ ပိတောက်ရွက်လေးတွေကြားထဲက ၀င်းပပလ၀န်းကြီးသာနေပြီဆိုရင်တော့ သားမေမေကိုယ် စာတွေ၊ ကဗျာတွေရေးပြီး အိပ်စက်ဖို့ ကို မေ့လျော့နေတတ်သေးတယ်။

***************************
သူ့ ကို အိမ်ခဏခဏလွမ်းအောင် လုပ်တတ်တဲ့ အမကြီးလို့  ကျွန်မကို နာမည်ပေးထားတဲ့ လူချင်းမရင်းနှီးပေမယ့် မောင်လေး အရင်းလို ခင်မင်ရတဲ့ ရွာသားလေးတက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ်ပါ။ ရွာသားလေးရေ… အိမ်ကို ပိုလွမ်းအောင် လုပ်မိလိုက်ပြန်ပြီလား မသိ။ အမှတ်တရ တက်ဂ်တာ ကျေးဇူးပါ။

တန်ခူးတို့ က တက်ဂ်ဂိမ်းပီသအောင် အမြဲဆက်တက်ဂ်နေကျဆိုတော့… ကံထူးရှင်များကတော့…

၁) စာအရေးကျဲနေတဲ့ သူငယ်ချင်းလေး သက်ဝေ
၂) တမ်းတလွမ်းမောသွားအောင် ရေးတတ်လွန်းတဲ့ ညီမလေး အိမ့်ချမ်းမြေ့
၃) ခုမှ မြန်မာပြည်က လောလောလတ်လတ်ပြန်ရောက်လာတဲ့ ညီမလေးနုစံ
၎) အပြုံးချိုချိုလေးနဲ့  ညီမလေးရီတာ
၅) ဒီတခါ ဘယ်လိုလေးများ ထူးထူးဆန်းဆန်းရေးဦးမလဲလို့  စိတ်ဝင်စားမိတဲ့ ညီမလေးပုံရိပ်
၆) အိမ်အသစ်လေးရောက်သွားတဲ့ ညီမလေးမြတ်နိုး
၇) ဧရာဝတီလင်းပိုင်ဖြစ်ချင်တဲ့ မမသီဂီင်္
၈) နေနဲ့ လ၊ ရွှေနဲ့ မြ ကိုဧရာ+မမသီတာ
၉) ကျွန်တော့်မမ ပုသိမ်သူ မမခင်မင်းဇော်
၁၀) ဘာဟင်းတွေချက်ရင်း ငြိမ်နေသလဲမသိတဲ့ သူငယ်ချင်းကြီး ဆွိ

ရေးပေးကြနော်။ ခုတလော စိတ်တွေပင်ပန်းနေကြတော့ break အနေနဲ့ ပေါ့။ ကျေးဇူးပါ။

တန်ခူး
5:24pm 01-Jun-2009

26 comments:

ခင်မင်းဇော် said...

ဟင့်.. အသစ်လာဖတ်ပါတယ် တက်ဂ်ဂိမ်းနဲ့ တွေ့ပါပေါ့။
ခုမှ နလန်ထခါစကို။ လုပ်ရက်ပ( မရေးချင်သလိုလို လေသံနဲ့ ဖတ်ပါ။)
ဒါပေမယ့် ရေးပေးပါ့မယ်နော်... မကြာမီ လာမည်။

ရွာသားလေးဝိုင်တီယူ said...

အလွမ်းရဲ့ ဟိုဘက်ကမ်းကိုရောက်သွားပြီ
လာခေါ်ပါခင်ဗျာ
ပဲပြုတ်တဲ့ အဟင့် မနက်စောစော အသံကျယ်လွန်းတယ်ဆိုပြီး စိတ်မတိုရတာကြာပြီ။ ဆနွင်းဝါလေးဆွတ်ထားတဲ့ ပဲပြုတ်ထမင်းကြော်လေး လွမ်းလွန်လွန်းလို့။
ဘူးသီးပေါက်ချောင်းကြော်လေးများတလုပ်ကယ်၀၀စားလိုက်ရရင်...

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ဘုရားရေ... ဒေါ်တန်ခူး...
Tag ထားတဲ့သူတွေထဲမှာ ကိုယ်နာမည်ကို ထိပ်ဆုံးက တွေ့လိုက်တော့ အရှေ့မှာ တန်ခူးရေးထားတာကို ဖတ်ရင်း တစိမ့်စိမ့်တွေးရင်း အမေ့အိမ်ကို လွမ်းနေတဲ့ အလွမ်းတွေတောင် နဲနဲ လွင့်ထွက်သွားတယ်... မနဲ လိုက်ဖမ်းဆွဲထားရတယ်...။

တရက် နှစ်ရက်တော့ တန်ခူးရေးထားတာကို ဖတ်ရင်း လွမ်းပါရစေအုံးနော်... ပြီးရင် ရေးပေးပါ့မယ်။
ဒီပိုစ့်က တော်တော်ခက်တယ် တန်ခူးရဲ့... (အထူးသဖြင့်တော့ ဒီနေ့လက်ရှိအကြောင်းတွေကိုသာ စိတ်ဝင်စားပြီး မနက်ဖြန်အကြောင်းကို မသိချင် မစဉ်းစားချင်တတ်တဲ့... ဟိုးခပ်ဝေးဝေးကို မျှော်ကြည့်လေ့မရှိတတ်တဲ့... ဖြစ်သမျှအကြောင်း အကောင်းပဲလို့ တွေးတတ်တဲ့... ကိုယ့်လို လူမျိုးအတွက် ပိုခက်တယ် သိလား...)

ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ရေးကြည့်ပါ့မယ်...
ဒါပေမယ့် တန်ခူးရေးသလိုတော့ ကောင်းမယ်မထင်...

ဂျူနို said...

ပျော်စရာကြီး
ကိုယ့်သားကို ကျောင်းဆရာပေးလုပ်
ချွေးမကလည်း ဆရာမ
အရမ်းကောင်းတယ်။
ဒါပေမဲ့
လူငါးယောက်ကို ပဲပြုတ် ၁၅ကျပ်သား နည်းတယ်။
မအယ်လမ်းကြုံလို့ ဝင်လာရင် တယောက်ထဲတောင်လောက်မှာ မဟုတ်ဘူး။
နည်းနည်း ပိုဝယ်ပေးနော်။
သားနဲ့ ချွေးမကိုလည်း ကျောင်းကို ဆက်ဘီးလေးနဲ့ သွားတာ ကျန်းမာရေး အတွက်ပေါ့နော်။

အော်အီးအီး အွတ် မဟုတ်ဘူးလားလို့ ။ အောက်အီးအီးအွတ်လားလို့ ပါ။

ပျော်စရာပဲ။

ချမ်းမြေ့ပါစေ

အယ်ဇီ

Taungoo said...

ဒီပို့စ်လေးထဲကလို မိသားစုဘဝလေးတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းကတော့ ပိုင်ဆိုင်ခဲ့ကြဖူးသူတွေ တော်တော်များများရှိကြမှာပဲ။ (အတိအကျ မဟုတ်တောင် ခပ်ဆင်ဆင်လေးတွေပေါ့)။ ခုတော့လည်း နောင်လာမဲ့ အနှစ်နှစ်ဆယ်ကို ယာယီ ရွှေ့ထားလိုက်ကြရပြန်ပြီ။ သြော်... ဘဝတွေ

Rita said...

ဟိုက် ထိပြီ။
ဒါပေမယ့် ခုတလော ဇာတ်လမ်းရှည်ကြီး ဆက်ရေးဖို့ လက်ရှောင်ချင်နေတာနဲ့ အတော်ပဲ။ မမတန်ခူး တဂ်လို့ပါလို့ ပြောပြီး လုပ်လက်စကို ရပ်ထားလိုက်လို့ ရတာပေါ့။

မမ ပြောသလိုဆို ဘ၀က အတော်နေပျော်စရာ ကောင်းမှာပဲနော်။ အဲလို နေဖို့ ဘာလို့များ ခက်နေရတာလဲ လို့ တခါတခါ တွေးမိတယ်။ ဘာဖြစ်လို့များလဲ။ ????

Anonymous said...

Haa..

Make yourself crazy..

Better Dream More..

khin oo may said...

nice

mgnge said...

ပျော်စရာ မိသားစုလေး ပဲ
စိတ်ကူးအတိုင်းဖြစ်တည်ပါစေ

ပုံရိပ် said...

အစ်မတန်ခူးက ရေရေလည်လည် စိတ်ကူးယဉ်ပစ် လိုက်သကိုး။ ချွေးမလောင်းလေးက ဘယ်သူများဖြစ်မယ်မသိ။ သမီးရှင်တွေတော့ စဉ်းစားကုန်ကြတော့မယ် :)။
အစ်မ တက်ဂ်တာလည်း ခပ်ကောင်းကောင်းပါ။ ခုတလော ရေးစရာ မရှိဖြစ်နေတယ်။ ကြိုးစားပြီး ရေးမယ်နော်။

nu-san said...

အမရဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် စီမံကိန်းတကယ်ဖြစ်လာပါစေလို့ ဆုတောင်းပေးမယ်နော်.. တကယ်ပဲ သားရယ် ချွေးမလောင်းရယ်နဲ့ ပျော်စရာကြီး.. :)

အမရေ.. အခုတလော စာမရေးဖြစ်ပဲ Blog ကြီး ငြိမ်နေတာသာကြည့်တော့..:P ရေးတော့ ရေးပေးမယ်နော်.. ထုံးစံအတိုင်း ဘိတ်ပဲဖြစ်နေမှာ.. :D

Anonymous said...

(အထူးသဖြင့်တော့ ဒီနေ့လက်ရှိအကြောင်းတွေကိုသာ စိတ်ဝင်စားပြီး မနက်ဖြန်အကြောင်းကို မသိချင် မစဉ်းစားချင်တတ်တဲ့... ဟိုးခပ်ဝေးဝေးကို မျှော်ကြည့်လေ့မရှိတတ်တဲ့... ဖြစ်သမျှအကြောင်း အကောင်းပဲလို့ တွေးတတ်တဲ့... ကိုယ့်လို လူမျိုးအတွက် ပိုခက်တယ် သိလား...)

ဘာပဲဖြစ်ဖြစ် ကြိုးစားပြီး ရေးကြည့်ပါ့မယ်...
ဒါပေမယ့် တန်ခူးရေးသလိုတော့ ကောင်းမယ်မထင်...

copied from ama Thetwai,

same as ama Thetwai....
:((

i ve no idea for future.
When I was young, i ve a lot of dream. after i was an engineer student, i ve no future.

:D

Myatnoe

tg.nwai said...

တန်ခူးရေ... မျောသွားလိုက်တာ.. အဲဒီလို ငြိမ်းအေးတဲ့ ဘ၀လေးထဲမှာ ဘယ်လောက် အေးချမ်းလိုက်မလဲလို့နော်...။

နောင်လာမယ့် အနှစ်နှစ်ဆယ်ကျရင် တို့လည်းလေ တန်ခူးဆီလာပြီး အတူတူ ဘုန်းကြီးကျောင်း သွားကြတာပေါ့...( စိတ်ချမ်းသာစရာကောင်းလို့ အတင်းဝင်ပါလိုက်တာ.. :)

တန်ခူးပို့စ်လေး ဖတ်ပြီးတော့ ဒီလိုလေးပဲ ဖြစ်ချင်နေတယ်..စိတ်ကူးကြည့်လိုက်ဦးမယ်နော်..
ရေးပေးပါ့မယ်နော်..

အိမ်ချမ်း said...

မ...
ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဒီတိုင်းပြည်ကြီးရောက်နေပြီး နောင် အနှစ်နစ်ဆယ်ကို ကန့်လန့်ရေးမလို့၊ မ က ဆွတ်ပျံ့လွမ်းမောစွာရေးတတ်သော... လို့ အစချီထားတာနဲ့ အီလည်လည်ကြီးဖြစ်လို့ ပြန်သွားပါပြီ။ ရေးစရာ ကုန်ကြမ်းကုန်နေတာနဲ့ အတော်ပဲ၊ မကြာခင်ရေးပေးပါမယ်နော်...

sonata-cantata said...

နောင်အနှစ်နှစ်ဆယ်ကို တန်ခူးရေးထားတာ ဖတ်ရင်း အခုကို လေနုအေးတွေ ညှင်းသွဲ့လာသလိုလို...

ရေးပြီးပြီနော် တန်ခူး...တက်ဂ်တဲ့ အတွက် ကျေးဇူး...

TNS said...

မတန်ခူးရေ...
ဖတ်ပြီးအနှစ် ၂၀လောက် မုဒိတာပွားနေနိုင်မယ့် ပို့စ်လေးပါဗျာ...။
အားကျတယ် မတန်ခူးရယ်...။

Moe Cho Thinn said...

ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။

မိုးခါး said...

ငြိမ်းချမ်းလိုက်တာ ...း)

နွေးနေခြည် said...

အဲလိုငြိမ်းငြိမ်းချမ်းချမ်းလေး နေချင်လိုက်... ဖတ်ရင်း အမ ခေါ်ရာနောက်ကို တကယ်ပါသွားပါတယ်။

Rita said...

ရေးပြီးပါပြီ မမရေ
:)

T T Sweet said...

တန်ခူးရဲ့ အနာဂတ် အိမ်မက်လေးက ငြိမ်းချမ်းလိုက်တာ။ ကြီးတော်တန်ခူးက ချွေးမလောင်းတွေ ဘာတွေ တောင်ရလို့။ ဟိ ...

တက်ထားတာတွေ့တယ်တန်ခူးရေ။ လာမယ် ... ကြာမယ် နော်... ဟဲဟဲ ... ဟိုနေ့က ညီမလေးတစ်ယောက် နစ်နိမ်းအကြောင်းတက်ထားတာတောင် မရေးရသေးဘူး။ စာကြွေးတွေများနေပြီတန်ခူးရေ။

လင်းကြယ်ဖြူ said...

ကောင်းတယ်ဗျာ။နောင်လာမည့် အနှစ် ၂၀

အိမ်ချမ်း said...

ရေးပြီးပြီ... မ.. ရေ......း)

တန်ခူး said...

မ ရေ… နေကောင်းမှ အေးအေးဆေးဆေး ရေးပါ မ ရေ… စိတ်ရှည်ရှည်နဲ့ စောင့်နေမှာပါ… ဖတ်ချင်လို့ … ကျေးဇူးပါ မ ရေ…

ဟုတ်ပြီ… ဦးနှောက်သိပ်မစားရတော့ဘူး… အိမ်လာလည်ရင် ဆနွင်းဝါ၀ါနဲ့ ပဲပြုတ်ထမင်းကျော်ရယ်… ဗူးသီးပေါက်ချောင်းကြော်ရယ် ကျွေးမယ်…

သက်ဝေရေ… ကောင်းလိုက်တာနော်…တကယ်ဆို ဒီနေ့ လက်ရှိအကြောင်းပဲ စဉ်းစားသင့်တာပါ… ဒါကြောင့်လဲ တို့ သက်ဝေတို့  နုပျိုနေတာနေမှာ… ဘာပဲဖြစ်ဖြစ် ရေးပေးမယ်ဆိုတော့ ပျော်သွားပြီ…

မအယ်လာမယ်ဆို ပဲပြုတ်(၅၀)သား ၀ယ်ထားလိုက်မယ်… တကယ်လာခဲ့နော်… စိတ်ကူးထဲမှာ ခဏထွက်ပေါက်ပေးကြည့်တာပါ… ခဏငြိမ်းချမ်းသွားတာပေါ့ မအယ်ရယ်… အဲ… အောက်အီးအီးအွတ်လား…

ကိုတောင်ငူပြောမှ ငိုချင်သွားပြီ…

အဲဒီလိုနေဖို့  ဘာလို့ များခက်နေတာလဲ… ဟုတ်ပါရဲ့ညီမရယ်… နောက်ဆက်တွေးမိသွားတာက လက်ရှိအခြေအနေမှာ တကယ်ရော အဲဒီလို နေလို့ ဖြစ်နိုင်မှာလား… အင်း… စိတ်ကူးထဲမှာတော့…

Anonymousရေ… ရူးသွပ်တာလား… ဒါဆို အဲဒီလို ရူးသွပ်ရတာ အတော်ငြိမ်းချမ်းတာပဲ… ကျွန်မကတော့ တခါတခါ အဲဒီလို ရူးသွပ်ချင်မိတယ်…ငြိမ်းချမ်းတဲ့ အိပ်မက်လေးတွေလဲ အမြဲမက်ချင်ပါတယ်…

မမရေ… thanks…

ကျေးဇူးပါမောင်ငယ်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

ဟုတ်တယ်… စိတ်ကူးတွေ အသားကုန်ယဉ်ပစ်လိုက်တာ ပုံရိပ်ရေ… ချွေးမလောင်းလား… ပစ်မှတ်က တခုထဲမဟုတ်ဘူး… အများကြီးပဲ… ဟဲဟဲ… ပုံရိပ်လက်ရာလေးမျှော်နေမယ်နော်…

နုရေ… လွမ်းလို့ တက်ဂ်တာ… အဲလိုကြီး အကြာကြီးမနေနဲ့ လေ…

မြတ်နိုးရေ… အသက်တွေကြီးလာတာနဲ့ အမျှ မျှော်လင့်ချက်တွေက မှုန်ဝါးလာတာပါပဲညီမရယ်… ပါးလျလျ မျှော်လင့်ချက်လေးတွေ အသက်သွင်းပြီး ရေးကြည့်ပါဦး… မျှော်နေမယ်….

မ ရေ… ဘုန်းကြီးကျောင်းအတူတူသွားပြီး ဘလော့ဂ်အကြောင်းလေး ပြောကြရအောင်… အဲ… ဟုတ်ပါဘူး… တရားတူတူထိုင်ရအောင်နော်… ရေးပေးပါ မ ရေ… ဒီမှာမျှော်နေတာ….

အိမ့်ရေ… ဟုတ်တယ်နော်… ဒီအကြောင်းရေးမယ်တွေးရင် စိတ်က နှစ်မျိုး… အမတော့ စိတ်ချမ်းသာရာလမ်းကို လိုက်ပစ်လိုက်တာ…

မ ရေ… လေးနက်တည်ငြိမ်မှတ်သားစရာကောင်းတဲ့ တက်ဂ်ပို့ စ်လေးအတွက် ကျေးဇူးပါ မ ရယ်….

ကိုသစ်နက်ဆူး… အဲဒါက စိတ်ကူးလေ… တကယ်ဟုတ်သေးဘူး…အားမကျနဲ့ ဦးနော်… စောသေးတယ်… တကယ်ဖြစ်လာရင် အတူတူပဲဖြစ်ကြမှာပေါ့…

ခဏလေး စိတ်ချမ်းသာပါစေတော့ရယ်လို့  ချိုသင်းရေ…

ငြိမ်းငြိမ်းချမ်းချမ်းလေး ခံစားရရင် ဖန်တီးရကျိုးနပ်ပါပြီ မိုးခါးရေ… ခုတလော လူတွေက ပူပူလောင်လောင်ကြီးမိုလား…

အမခေါ်ရာနောက်လိုက်ခဲ့တာ ကျေးဇူးပါညီမနွေးရေ… ပျော်တယ်မိုလား….

ဖတ်ပြီးပြီ… ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်နိုင်တဲ့ ညီမလေးရီတာဖြစ်ပါစေလို့ … ကျေးဇူးပါညီမရေ…

ဆွိရေ…မရေးပေးရင် အိမ်ရှေ့ က အကြွေးလာတောင်းမှာနော်… အိမ်လာလည်ချင်တာ အကြောင်းပြကောင်းသွားတယ်…

ကျေးဇူးပါလင်းကြယ်ဖြူရေ… နောင်လဲလာလည်ပါဦးနော်…

အိမ့်ရေ… နိမိတ်ကောင်းတဲ့ တမ်းတဖွယ်ပို့ စ်လေးအတွက် ကျေးဇူးပါညီမရေ…

Anonymous said...

finished ama!
sorry for too late .
My new house has not connect internet yet.


Myatnoe