Monday, June 15, 2009

ခေါင်းရွက်ဗျပ်ထိုးသံယောဇဉ်

ဟိုးငယ်ငယ်ကတည်းက နေ့ စဉ် သံယောဇဉ်တွယ်ခဲ့ရတဲ့ အထဲမှာ ကျွန်မတို့  လမ်းထဲကို နေ့ တိုင်းလာရောင်းတတ်တဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေလဲ ပါပါတယ်။ တခါတလေ ရုံးပိတ်ရက် နေ့ လည်နေ့ ခင်းဆို သူတို့ ကို သိပ်လွမ်းတာ။ ဟိုတလောက အမေလာတော့ အမေရယ် ခုချိန်များ ပြောင်းဖူးပြုတ်ပူပူလေးဆိုတဲ့ အသည်လေး အိမ်ရှေ့ လာလိုက်ရင် သိပ်ပျော်သွားမှာလို့  ပြောမိသေးတယ်။ မြန်မာမုန့် အရမ်းကြိုက်တဲ့ ကျွန်မတို့ မောင်နှမတွေက အိမ်မှာရှိတဲ့နေ့ တွေဆို လမ်းမပေါ်လာသမျှ အသည်တွေ အသံကို နားစွင့်ပြီး တမျိုးပြီးတမျိုးခေါ်စားတတ်ပါတယ်။ ငယ်တုန်းကတော့ မိဘတွေက သွားရည်စာကို ထိန်းချူပ်ထားပေမယ့် ကြီးလာတော့ ကိုယ်ရတဲ့ မုန့် ဖိုးနဲ့  အာသီသရှိရာခေါ်စားမိတာပါပဲ။ ဒါကြောင့် ရပ်ကွက်ထဲလာနေကျ မုန့် သည်တွေနဲ့  လူချင်းတောင် ရင်းနှီးကြတာပါ။ ကျွန်မတို့  ပြန်ရောက်တဲ့အချိန်ဆို တချို့ အသည်တွေက ပြန်တွေ့ ရတာ ၀မ်းသာလွန်းလို့  အလကားအတင်းကျွေးတဲ့အထိပါပဲ။

စားနေကျ ဈေးသည်တွေထဲက ယနေ့ ထက်ထိ မှတ်မှတ်ရရရှိနေတဲ့ ဈေးသည်တွေ အတော်များပါတယ်။ မနက်မိုးလင်းရင် သူများထက် ၀ိရိယကောင်းစွာ အစောကြီးလာတတ်တဲ့ ပဲပြုတ်သည်အမကြီး။ သူ့ ပဲပြုတ်လေးတွေက ဖွေးပြီးသန့် နေတာရယ်၊ သူ့ အပြုံးလေးတွေက ဖော်ရွေချိုမြနေတာရယ်ကြောင့် နေမထွက်ခင် ပဲပြုတ်တတောင်းက အသာလေးကုန်ပါတယ်။ သူက မနက်အမေကို ကူရင်း ပဲပြုတ်ရောင်းပေးတာပါ။ ပဲပြုတ်ကုန်ပြီးရင် အိမ်ပြန်ရေမိုးချိုး ကျစ်ဆံမြီးရှည်ရှည်လေးနဲ့ မြန်မာအကျီင်္လေးဝတ်၊ ကချင်လွယ်အိတ်လေးလွယ်ပြီး MScတက်နေသူပါ။ ငယ်က စာကျက်ပျင်းတဲ့ ကျွန်မတို့ ကို ဖေဖေတို့ မေမေတို့ က အဲဒီအမကြီး ဥပမာပေးပြီး သူ့ လို ကြိုးစားဖို့  ဆုံးမလေ့ရှိပါတယ်။ ခုတော့ သူက တက္ကသိုလ်မှာ ဆရာမဖြစ်နေပြီလို့ ကြားပါတယ်။ သူ့ ကိုရော သူ့ ပဲပြုတ်လေးကိုရော လွမ်းမိတာအမှန်ပါပဲ။

ကျွန်မမောင်လေး ငယ်ငယ်က တနေ့ မစားရ မနေနိုင်တဲ့ မုန့် က မုန့် ပေါက်စီပါ။ စွတ်ကျယ်အဖြူရောင်နဲ့ ပုဆိုးတိုတို အမြဲဝတ်တဲ့ တရုတ်လူမျိုးလို့ ထင်ရတဲ့ အဖိုးကြီးက “မုန့် ပေါက်စီ၊ဘိန်းမုန့် ” လို့  ခပ်ဝဲ၀ဲလေး အော်လိုက်ပလားဆို ကျွန်မမောင်လေးက လွတ်သွားမှာ စိုးလို့  အိမ်ထဲက တန်းပြေးပြီး အသံဗြဲကြီးနဲ့  ခေါ်တော့တာပဲ။ ပဲချိုချိုလေးတွေ အစာသွတ်ထားတဲ့ မုန့် ပေါက်စီဖွေးဖွေးလေးကို ကျွန်မက တခါတလေမှ စားပါတယ်။ နှမ်းဖြူဖြူလေးတွေခဲနေအောင် ဖြူးထားတဲ့ ဘိန်းမုန့်  မွှေးမွှေးလေးကို ကျွန်မက ပိုစားလေ့ရှိပါတယ်။ အဲဒီတုန်းက ခုဖေဖေတို့  အရွယ် မုန့် ပေါက်စီသည်ကြီး မိုးသည်းသည်းရွာတဲ့နေ့ တွေလဲ စိုစိုရွှဲရွှဲနဲ့  ချမ်းချမ်းစီးစီး ရောင်းနေတာကို ကျွန်မတို့  မောင်နှမတွေ သနားလွန်းလို့  မိုးရွာတဲ့နေ့ ဆို ပိုဝယ်စားဖြစ်ပါတယ်။ သူမြန်မြန်ကုန်ပြီး အိမ်ပြန်ရအောင်ပါ။ ကျွန်မမောင်လေး လူပျိုပေါက်ဖြစ်လာတော့ ပဲပေါက်စီသည် အဖိုးကြီးလဲ မတွေ့ တော့ပါဘူး။ သူကျန်းကျန်းမာမာရှိရဲ့လားလို့  တခါတလေတွေးပြီး စိတ်ပူမိပါသေးတယ်။

“ကောက်လှိုင်းတီမုန့် ၊ထန်းသီးမုန့် ” လို့  အသံသာသာလေးနဲ့  အော်တတ်တဲ့ အမကြီးက နေ့ လည် ထမင်းစားပြီး အချိုတည်းမယ့် အချိန်လောက်ဆို ရောက်လာတတ်ပါတယ်။ ခရမ်းရင့်ရောင် ကတော့ပုံ ကောက်လှိုင်းတီမုန့် လေးတွေကို ဖက်ထဲကထုတ်၊ ကတ်ကြေးလေးနဲ့ ကိုက်၊ အုန်းသီးနိုင်နိုင်လေးဖြူး၊ နှမ်းထောင်လေးနဲ့ … ပြောရင်းတောင် စားချင်သွားပါတယ်။ ကျွန်မအကြိုက်ဆုံးမြန်မာမုန့် ထဲက တမျိုးပါပဲ။ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းထားတတ်တဲ့ သန့် သန့် ပြန့် ပြန့်  အမကြီးက သူကိုယ်တိုင်လုပ်၊ သူကိုယ်တိုင်ရောင်းတာပါ။ ယနေ့ ထက်ထိ ကျွန်မတို့ ရပ်ကွက်ထဲမှာ ရောင်းနေတုန်းပါပဲ။ သူများတွေလို ဖောက်သည်ယူရောင်းတာ မဟုတ်တော့ သူ့ မုန့် လေးက ပိုစားလို့ ကောင်းပါတယ်။ ကျွန်မပြန်ရောက်ရင် နေ့ တိုင်းတနေ့ မပြတ် စားတတ်ပါတယ်။ ဈေးသည် အမကြီးက ငယ်ချစ်တွေမို့  အဆစ်တွေ အများကြီး ထည့်ပေးတတ်ပါတယ်။

မုန့် စိမ်းပေါင်းနဲ့ မုန့် ဗိုင်းတောင့်သည်တွေကတော့ ခဏခဏပြောင်းတတ်ပါတယ်။ ကျွန်မက မုန့် စိမ်းပေါင်းကို အဖြူပိုကြိုက်သူမို့  အဖြူတွေအများကြီး ထည့်ပေးတတ်တဲ့သူဆီ အမြဲဝယ်စားဖြစ်ပါတယ်။ ရွှေခြေကျင်းကြီးတွေလောက်ကြီးတဲ့ မုန့် လက်ကောက် ၀ိုင်းဝိုင်းကြီးတွေက ကျွန်မကြီးကြီးရဲ့ အကြိုက်ဆုံးပါ၊ ကိုယ်တိုင်ထန်းလျက်ရည်ကြိုရောင်းတဲ့ အညာသူကြီးက ကျွန်မတို့ အိမ်ရောက်ရင် ကြီးကြီးနဲ့  အညာအကြောင်းတွေ အလွမ်းပြေပြောရင်း ဈေးရောင်းဖို့ တောင်မေ့နေတတ်ပါတယ်။

ပြောင်းဖူးပြုတ်ဆို ခပ်စေးစေးလေးမှ ကြိုက်တဲ့ ကျွန်မက ရပ်ကွက်ထဲက အဒေါ်ကြီးရောင်းတဲ့ အညိုရောင်ရှမ်းပြောင်းစေးစေးဆို ထမင်းလွတ်တောင် စားပစ်တတ်ပါတယ်။ ပဲဆီမွှေးမွှေးလေးသုတ်၊ ဆားလေးသုတ်ပြီး ပြောင်းဖူးပြုတ်လေးစား၊ ရုပ်ရှင်လေးကြည့်တတ်တဲ့ ကျောင်းပိတ်ရက် နေ့ လည်ခင်းတွေကို လွမ်းမိပါတယ်။ အငွေ့ တထောင်းထောင်းတနေတဲ့ အညာထန်လျော်တောင်းထဲက အ၀တ်ဖြူဖြူအောက်က ပြောင်းဖူးမွှေးမွှေးလေးတွေကို ခုသာပြေးဝယ်စားချင်မိတော့တယ်။

နွေနေ့ လည်တွေမှာ အိမ်ရှေ့ ကနေ ခပ်တိုးတိုးလေး အော်သွားတတ်တဲ့ ကူးဖီးလ်ရမယ် ကူးဖီးလ်ဆိုတဲ့ ဘာဘူကြီးအသံကို ကျွန်မက အမြဲနားစွင့်နေတတ်ပါတယ်။ ငယ်ငယ်ကဆို အမေမ၀ယ်ကျွေးမှာစိုးလို့  ဘာဘူကြီးကို အရင်ခေါ်ထားပြီးမှ အမေရေ အိမ်ရှေ့ မှာ ရောက်နေပြီလို့  အပိုင်လုပ်တတ်တာ ကျွန်မပါ။ ခုတော့ ငယ်က ဘာဘူကြီးပဲလား၊ ဘာဘူကြီးသားလားမသိတဲ့ ကူးဖီးလ်သည်ကြီးက တခါတခါမှ လာတတ်ပါတော့တယ်။ ကူးဖီးလ်ကြိုက်တဲ့ ကျွန်မက ရွှေပုဇွန်မှာ ဘာဘူကြီးကူးလ်ဖီးလ် အလွမ်းပြေ ၀ယ်စားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ အခေါက်အိမ်ပြန်တော့ စက်ဘီးလေးနဲ့  ဘာဘူကြီးကို တွေ့ ရတော့ ပျော်လိုက်တာ မပြောပါနဲ့ ။

လှည်းကလေးမှာ မောင်းသေးသေးလေးတွေတပ်ထားတဲ့ အသည်ကို ကျွန်မတို့ က မှောင်မှောင်သည်လို့  ခေါ်ပါတယ်။ ရာသီပေါ် သရက်၊ဇီး၊မာလကာ၊ သစ်တော်၊နာနတ်၊ဂွေးသီးတွေကို လှီး ငရုတ်သီးမှုန့် ၊ မဆလာ၊ ဆား ရောနယ်ထားတဲ့ အမှုန့် လေးဖြူး… အတိုင်းအဆမရှိ စားခဲ့ဘူးတာကြောင့် ငရုတ်သီးကို ရာသက်ပန် ရှောင်ရတဲ့ အဖြစ်ကို ရောက်သွားတဲ့ ကျွန်မပါ။ ခုစားမလားမေးရင် သွားရည်တွေကြိတ်ကျပြီး စားချင်စိတ်ကို မြိုသိပ်ထားရတာပါ။ တို့ ဖူးသုတ်၊ လျှောက်သီးသုတ် မှောင်မှောင်သည်ကတော့ ခံတွင်းများပျက်နေရင် အတော်ခံတွင်းလိုက်တာပါ။ ပုဇွန်ခြောက်ပါလေကာလေးနဲ့  သုတ်တတ်တဲ့ သူတို့ လက်ရာက အတော်ကို အံ့သြစရာကောင်းလောက်အောင် ကောင်းလွန်းပါတယ်။ အိမ်မှာ ဘယ်လောက် ကိုယ့်ဘာသာသုတ်သုတ် သူတို့ လက်ရာမှီဖို့  မလွယ်ပါဘူး။

“မုန့် လက်ဆောင်း ချိုချိုအေးအေးလေး” ဆိုတဲ့ အထမ်းနဲ့ ရောင်းတဲ့ အကိုကြီးက ကျွန်မတို့  ဟိုဘက်လမ်းတုန်းက တလမ်းထဲနေခဲ့တာပေါ့။ အာဝဇွန်းကလဲရွှင်တော့ တနေရာမှာ သူ့ အထမ်းသာချလိုက် ဖောက်သည်တွေကို ၀ိုင်းဝိုင်းလည်လို့ ။ အုန်းနို့ လေးထပ်ထည့်ပေးပါဦး၊ အချိုပေါ့နေလို့  ထန်းလျက်ရည်လေးထည့်ပေးပါဦးဆို သူများတွေလို မတိုတောင်းပဲ ခပ်ပြုံးပြုံးပေးတတ်သူပါ။ ခုထိ စိတ်ပါရင် အထမ်းဆွဲပြီး ပြန်ရောင်းတတ်သေးတယ်လို့  အိမ်ကသူတွေက ပြောပါတယ်။

ငယ်ငယ်က ၀ရန်တာမှာ စာထွက်ကျက်ရင်း ညမှောင်မှောင်မှာ အထမ်းကြီးပိုးရောင်းတတ်တဲ့ မုန့် ဖက်ထုတ်သည် အဖိုးကြီးကို မျှော်တတ်ပါတယ်။ ပူပူနွေးနွေးမုန့် ဖက်ထုတ်လေးတွေကို ဆောင်းညတွေမှာ ပိုစားတတ်ပါတယ်။ တခါတခါကျတော့ ခါချဉ်လျက်ဆားရောင်းတဲ့ အဖိုးကြီးနဲ့ မုန့် ဖက်ထုတ်အဖိုးကြီး ချိန်းထားသလား ထင်ရအောင် အချိန်ချင်းတူနေ တတ်ပြန်ပါတယ်။ ခုတော့ သူတို့ ကို မတွေ့ ရတာတောင် အတော်ကြာပါပြီကော။

ဟိုတခေါက်ပြန်တော့ သားက အဲဒီလို ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေကို တအံ့တသြ ဖြစ်နေတတ်တယ်။ နောက်ပိုင်းလယ်လာပြီး ကျွန်မတို့  ငယ်ငယ်ကလို အမေမမေးပဲ မုန့် သည်ကို ခေါ်လာတတ်လို့  ကျွန်မတို့ မှာ လာသမျှမုန့် သည်မခေါ်ဖို့  တားရပါတယ်။ အမေကတော့ ညည်းဝဋ်လည်တာတဲ့။ ဒါပေမယ့် ကျွန်မလဲ သားနဲ့ မထူးပါဘူးလေ။ အသက်သာကြီးသွားတယ် လမ်းပေါ်က အသံလေးတွေ နားစွင့်ပြီး ခေါ်ချင်နေတုန်းပါပဲ။ သံယောဇဉ်… ငယ်က အချစ် အနှစ်တရာ မမေ့သာတဲ့။ တကယ်တော့ သူတို့ ရောင်းတဲ့မုန့် လေးတွေက ကျွန်မရဲ့ ငယ်ချစ်လေးတွေမိုလား။

(ညီမလေးမီယာရဲ့ စုံစီနဖာရန်ကုန်ဖတ်ရင်း ဒီပို့ စ်လေးအတွက် အတွေးရသွားတာပါ)

တန်ခူး
4:57pm 15-Jun-2009

20 comments:

Moe Cho Thinn said...

ချိုသင်းလဲ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေကို သိပ်ကြိုက်လို့ ငယ်ချစ်ကလေးတွေကို အမနဲ့အတူ လွမ်းသွားပြီ။

ရွာသားလေးဝိုင်တီယူ said...

အမြဲလွမ်းအောင်လုပ်တယ်ဗျာ။ ဒီတပတ် အဲ့မုန့်တွေ အကုန်လုပ်ကျွေးရမယ်။

P.Ti said...

မြန်မာမုန့်တွေကစားလို့လည်းကောင်း လွမ်းစရာလည်းကောင်း။ ငယ်ငယ်ကဆို လမ်းတဲ့လာတဲ့အသည်တွေက ပုံမှန်ပဲလေ။

တခါကဆို မုန့်သည်ကိုခေါ်ပြီးခါမှ အမေလည်း အိမ်မှာမရှိ၊ ပိုက်ဆုံလည်း မရှိလို့ ပုန်းနေရသေးတယ်။

မြန်မာမုန့်တွေ လုပ်တတ်တဲ့လူတွေတောင် ရှားသွားပြီး။ မုန့်လုပ်နည်းတွေကိုတောင် စုစည်းထားရင်ကောင်းမယ်နော်။

PAUK said...

ထန်းသီးမုန့် ကြိုက်တယ်...
မုန့်ကျွဲသဲ ရော မကြိုက်ဘူလား..
မုန့်လက်ကောက်လဲ ထန်းလျက်ရည်ပျစ်ပျစ်လေးနဲ့
စားချင်တယ်..အညိုကိုပိုကြိုက်တယ်
ကျနော်က ဆောင်းတွင်းပြန်နေကျဆိုတော့..
ပဲမြစ်ရောင်းတဲ့ အဒေါ်ကြီး(ဒေါ်သန်းပိုတဲ့)
က အလကားကျွေးနေကျ ..အိမ်ကိုပဲလာလာ..
ဈေးမှာပဲတွေ့တွေ့...
ဒီနှစ်တော့ အဲ့ဒီအဒေါ်ကြီး နေမကောင်းလို့ပဲမြစ်မရောင်းနိုင်တော့ဘူး...
ဒညင်းသီးပြုပ်ဆိုရင်လဲ ကျနော်တို့ တအိမ်လုံး
သူပြုပ်တာပဲ ၀ယ်စားဖြစ်တယ်..
စေးလည်းစေးတယ်..ချိုလဲ ချိုလို့..
ကျနော် အိမ်ပြန်တယ်ကြားတိုင်း
ကျနော့်ကိုလာကြည့်ရင်း ပဲမြစ်တွေ အလကား
ကျွေးတတ်တယ်..

ခင်မင်းဇော် said...

တန်ခူးရေးထားတာတွေ အကုန်ကြိုက်တယ်။
နောက် အမသိပ်ကြိုက်တာ တခုရှိသေးတယ်။
မုန့်ကြာစေ့လို့လဲခေါ်တယ် မုန့်ပိန္နဲစေ့လဲ ခေါ်တဲ့ မုန့်လေ ။ အဲဒီအသည်ကိုတော့ နေ့လည်ဘက်တွေမှာ ခေါ်စားတတ်တယ်။ သူက အဲဒါနဲ့တွဲပြီး ထန်းလျက်နဲ့သာကူလဲ ပါတယ်။ တခါတလေ ၂ မျိုးကိုပေါင်းထည့်ပြီး သောက်တယ်လေ။ ခု ဒီပို့စ်လာဖတ်ရင်း အဲဒီအဖွားကြီးကို သတိရတယ်။
အမတို့ဆီမှာ နေ့လည်ရောင်းတဲ့အထဲ မုန့်ဗိုင်းတောင့်လဲ ပါတယ်။ အဲဒါလဲ ကြိုက်တာပဲ။

Anonymous said...

အစ်မရေးတာဖတ်ပြီး..ဒိန်ချဉ်သည်ကြီးလဲသတိရ..
တို့ဟူးသုပ်ဦးလေးကြီးကိုလည်းလွမ်း..သာကူသည်အစ်မကြီးကို
လည်း မြင်ယောင်.. နို့ထမင်းရောင်းတဲ့ အဘွားကြီးကိုလမ်း
တမ်းတ...သွားတယ်...မိုးအေးအေးမှာ အဲဒါတွေ..စားချင်လိုက်တာ။
mm

tg.nwai said...

ဟုတ်တယ် တန်ခူးရေ..တို့တွေ ငယ်ငယ်တုန်းကလည်း အိမ်ရှေ့မှာ ဈေးသည်တွေတန်းစီလို့ရယ်...တန်ခူးတို့ လမ်းလေးက အစားအသောက်စုံတယ်ထင်ရဲ့။

တို့တွေဆီလာတဲ့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေဆီက သိပ်မစားဖြစ်ဘူး။ မကောင်းတာများလို့..။ ပြောင်းဖူးဆိုလည်း ဆေးသကြားတွေနဲ့..ပဲပြုတ်ဆိုလည်း ဆတ်တောက်တောက်..မုန့်လက်ဆောင်းဆိုလည်း ခါးသက်သက်..ဟဲဟဲ

တကယ်ဆို မြန်မာ့ရိုးရာမုန့်တွေက အာဟာရလည်း ပြည့်..ဗိုက်လည်း ပြည့်နော်.. ထန်းသီးမုန့်၊ မုန့်စိမ်းပေါင်း၊ မုန့်ကျွဲသဲ၊ ကောက်လှိုင်းတီမုန့်လည်း ကြိုက်တယ်..။

မြန်မာမုန့်လေးတွေ အလွမ်းပြေစားချင်ရင်တော့ ပြည်ထောင်စုရိပ်သာလမ်းထဲက feel နဲ့ ocean (north point) မှာ ၀ယ်စားတတ်တယ်။ လမ်းသွားရင်း သပ်သပ်ရပ်ရပ် ဈေးသည်တွေ့ရင်တော့ ၀ယ်စားဖြစ်တယ်...။

အဲ...တန်ခူးရေ..တက်ဂ်ထားတဲ့ အနှစ်နှစ်ဆယ် ရေးဖို့ အကြွေးကျန်သေးတာ တခါတည်း တောင်းပန်ရဦးမယ်..ဟဲဟဲ။ တကယ်ဆို ရေးရခက်နေတာ..ခုတော့ တန်ခူးမုန်းတဲ့ ဧည့်သည်က အိမ်ရောက်နေတာနဲ့ လုံးချာလည်နေလို့...ခဏလေးနော်..:)))

ရွာသားလေးဝိုင်တီယူ said...

ချင်းတွင်းမှာရေးခဲ့ဖူးတာလေးပါအမ

တမ်းတမိသော အသံများ

ဒီနေ့ ရုံးပိတ်ရက်။ အိမ်တံခါးတွေဖွင့်ထားပေမယ့် ဘာသံမှမကြားရ။ ကျနော်မျှော်လေတဲ့ အသံတွေက……

ငယ်တုန်းက မုံရွာမှာပေါ့။ မနက်မိုးလင်းတာနဲ့ အိမ်ရှေ့မှာ မုန့်သည် ဘာသည်အော်သလဲ အော်တဲ့ အသည်မှန်သမျှဆီက ၀ယ်စားချင်နေမိတယ်။ မိုးလင်းတာနဲ့ အိမ်က မနက်စာ ထမင်းကြော် ပြီးတော့ ဈေးဟောင်းနားက မက်ချွဲကြော်ရယ် ကော်ဖီတစ်ခွက်ရယ်က စားပြီးနေပြီ။ တစ်ခါတစ်လေတော့ အသုတ်စားရတတ်ပါတယ်။ အသုတ်ကလည်းနာမည်ကြီး တန်းစီစောင့်ရလေတဲ့ အသုတ်။ ဒါပေမယ့် ကျနော်ကြိုက်တာက ဇရပ်ဝိုင်းနားက ဦးတင်မြင့် အထမ်းမုန့်ဟင်းခါး။ သူကလောဘမကြီးပဲ အထမ်းကုန်ရင်ရပ်သွားတော့ အိပ်ရာထနောက်ကျတဲ့ ကျနော်က အမြဲငတ်နေကျ။ ကြက်သားနဲ့ချက်တာပါဆိုတဲ့ အဲဒီမုန့်ဟင်းခါးကို အီကြာကွေးလေးတွေထည့်ပြီး စားတတ်ပြန်တယ်။ တခါတလေတော့ ဘူတာနားက နံပြား (ဆော်ဒါများတဲ့အခါလည်းများပါတယ်)။ အချိန်ရရင်တော့ နာရီစင်နားက မြီးရှည်ပေါ့။

နေလေးထွက်ပြီဆို နွားနို့စစ်ဆိုပြီးကြားရပြန်ရော။ ပြီးရင်တော့ အုန်းထညက် ဇီးထညက် ထမင်းစားပြီး အချိုတည်းလို့ကောင်းမှကောင်း။ နောက်တစ်ခုကတော့ ရွှီဆိုပြီး ၀ီစီမှုတ်လေတဲ့ ကပ်စီးနဲ။ တခြားအရပ်တွေမှာ အဲလို ကပ်စီးနဲကို အုန်းသီးနဲ့ပတ်စားရကောင်းမယ်မသိဘူးဗျ။ ကျန်နေတာက အုန်းမှန်က္ကူ မုန့်ဗုံးလေးထောင့်တွေရဲ့ မျက်နှာတစ်ဖက်မှာ မှန်တပ်ထားပြီး အစီအရီထပ်နေတဲ့ အုန်းမှန်က္ကူလေးတွေကို မြင်တာနဲ့စားချင်စရာ။

နေ့လည်ကူးရင်တော့ ငှက်ပျော်သီးကြော်အုန်းပေါင်း။ တကယ့်ကိုနှစ်ခြိုက်လွန်းလို့ ကြုံလေတဲ့အခေါက်တိုင်းမှာ စားဖြစ်အောင်စားပါတယ်။ ပြီးတော့လူတကာကြားရင် သူတို့အော်တာ ဘာမှန်းမသိလေတဲ့ (ဂျုံယိုနံသာပုဆိုလားဘာဆိုလား) ဂျုံယိုသည်တွေလည်းရှိပါသေးတယ်။ ဒီအညာမှာပဲဂျုံယိုက ရှိတော့တာလားမသိ။ ဟုတ်တော့ဟုတ်မှာ ဂျုံဦးထုပ်လေးတွေဆောင်းကြတာလဲ အညာမှာပဲကော။ တမောင်မောင်နဲ့ မောင်းထုရောင်းလေတဲ့ မောင်မောင်သည်(ကျနော်တို့အခေါ်) ကလည်းနေ့လည်နေ့ခင်း မအိပ်ငိုက်အောင်ကူညီပေးတတ်ပြန်ပါသေးတယ်။

နောက်တခါ ကျနော်မျှော်ရလေတဲ့ ရေခဲပလုပ်တုပ်သည်။ သူကထူးဆန်းဆန်းအသည်။ ထူးဆန်းတယ်ဆိုတာက ကျနော်တို့လက်ညှိုးထိုးတဲ့ အရုပ်တွေအတိုင်း ရေခဲပလုပ်တုပ်လုပ်ပေးတတ်တယ်။ ပြီတော့ အုန်းသီးနဲ့ ကျောက်ကျောအမဲကို အလည်မှာညှပ်ပေးသေးတယ်။ အချိုရည်နဲ့နို့ဆီကိုတော့ သူမရွှေ့မချင်း ကြိုက်သလောက်ဆမ်း။ သူမပြန်မချင်းဆိုင်ဘေးနားကမခွာတော့။

ညဘက်ဆိုရင်တော့ မြစန္ဒာရုံနားက အကြော်။ ဘူးသီးပေါက်ချောင်းကြော်လေးကို ဆလပ်ရွက်လေးနဲ့ စားလိုက်ရတဲ့ အရသာက ဘယ်အရာနဲ့မှမလဲနိုင်။ တကူးတကန့်ကိုထွက်သွားစားတော့တာ။ အဒေါ်တွေကြိုက်တဲ့လေတဲ့ သဟာရရဲ့ ချစ်ချစ်လက်နှစ်ဖက်နဲ့ အားရပါးရနယ်လေတဲ့ အသုတ်တွေလည်း စားတတ်ပါသေးတယ်။

ဗိုလ်ချုပ်ကြေးရုပ်နားလက်ဖက်ရည်ဆိုင်က နန်းကြီးသုတ်၊ ရာပြည့်တိုက်တန်းက ဆန်ပြား တို့ကိုတော့ တစ်ခါတစ်လေစားတတ်ပါတယ်။ နွေအခါပူတဲ့အချိန်ဆိုရင်တော့ အရင်တုန်းကမ္ဗောဇ နောက်တော့ ရေခဲတောင်ပေါ့။ အခုတော့ ဆိုင်တွေတိုးပြီလားမသိ။

စားစရာတွေဘယ်လောက်ပဲ အမျိုးအစားကောင်းကောင်း။ ဆယ့်နှစ်ရာသီလုံး လိုချင်တာရနိုင်တယ်ပဲဆိုဆို။ ကျနော်မျှော်နေမိတာက ဟောဒီဖွင့်ထားတဲ့ တံခါးပေါက်တွေကြားကနေ တိုးဝှေ့ဝင်လာမယ့် ဈေးသည်တွေရဲ့ အသံတွေပေါ့……

ပုံရိပ် said...

မတန်ခူးရေ အဲဒီမှောင်မှောင်သည်ဆီက မချစ်စု သရက်သီးစိမ်းတွေ၊ ရှောက်ချိုသီးတွေကို မဆလာ ငရုတ်သီးနဲ့ နယ်ပြီး အားပါးတရ ထိုင်စားချင်တယ်။ ပြောင်းဖူးပြုတ်ပူပူလေးနဲ့ မုန့်ဖက်ထုပ်လည်း စားချင်တယ်။

sonata-cantata said...

သံယောဇဉ် ...စကားလေး သုံးခွန်း...
ဟီး..ရှေ့ဆက်မဆိုတတ်တော့ဘူး...

မောင် said...

မုန့် တွေအားလုံး တော့ စားချင်ပါတယ်...
ဒါပေမယ့် တစ်ချို့ က အ၇မ်း ညစ်ပစ်တယ်...

Su said...

မျက်ရေတောက်တောက်ကျမတတ်လွမ်းသွားပါတယ်

Rita said...

မဖြစ်တော့ဘူး။ ထမင်းပြေးစားမှ။
(မစားခင် လာဖတ်နေမိတာ)
:D

khin oo may said...

လွမ်းနေပြီလား။

မွန် said...

ခေါင်းရွက်သည်တွေဆီကစားရင် မသန့်ဘူးပြောတဲ့သူဆို မွန်တော့အားကြီးစိတ်ဆိုးတယ်..ဟီး
အချစ်တွေကိုစော်ကားရပါမလားဆိုပိး
ပူပူနွေးနွေး အဝတ်သန့်သန့်ဇေးဖွေးလေးအောက်က အငွေ့တထောင်းထောင်းနဲ့ လွေးလိုက်ရရင် ဘာပြောကောင်းမလဲ
မြန်မာပြည်ကဈေးသည်တွေ ညစ်ပတ်တယ်လို့ နှာခေါင်းရှုံ့ကျရင် သူတို့အထင်ကြီးတဲ့ ဘိုဘိုသန့်ကြီးများ အင်္ဂလန်မှာ ကလေးပါးစပ်က ချိုလိမ် လမ်းပေါ်ပြုတ်ကျလဲ ဒီတိုင်းပြန်ကောက် ပါးစ်ထဲထည့်ပေး လုပ်နေကြတာတွေ မမြင်ဘူးလားလို့ မေးလိုက်ချင်တယ်

မီယာ said...

မတန်ခူးရေ အခုမှ အပြေးလာဖတ်ရတာ။ မုန့်တွေအားလုံး စုံစိအောင် လွမ်းထားတာပဲ။ အခုတော့ လမ်းထဲ လိုက်ရောင်းတဲ့ မုန့်သည်တွေ သိပ်မရှိတော့ သလိုပဲ။ မုန့်စိမ်းပေါင်း ၁၅ပြားဖိုး ၀ယ်စားလို့ရတဲ့ ခေတ်ကို မီလိုက်သေးတယ် အမရေ။

nu-san said...

အမရေ.. မုန့်နာမည်တွေ ဖတ်ရင်း မုန့်အားလုံး စားချင်လာပြီ။ ဒီတခေါက်ပြန်တော့ သရက်သီးပေါ်ချိန်နဲ့ တိုးလို့ မချစ်စုသရက်သီးကို ငံပြာရည်နဲ့ နယ်ထားတာ ၀ယ်စားခဲ့သေးတယ်.. တစ်ထုပ် ၂၀၀ ပေးရတယ်.. ၅ ချပ်လောက်တော့ ပါမယ် ထင်တယ်.. ပြီးတော့ တိုဖူးသုပ်လည်း စားခဲ့တယ်.. မုန့်စိမ်းပေါင်းတော့ မစားခဲ့ရဘူး.. မုန့်ကြာစေ့လည်း မစားခဲ့ရဘူး.. ကျနော်တို့ ရပ်ကွက်ထဲမှာ လိုက်ရောင်းတဲ့ မုန့်ကြာစေ့အသည်က အရမ်းကောင်းတယ်.. သန့်လည်း သန့်တယ်.. သဘောလည်းကောင်းတယ်.. ဒီတခေါက် သူ့ကို မတွေ့ခဲ့ရဘူး.. မရောင်းတော့တာလား မသိဘူး.. အဲဒီ အန်တီ့ကိုတောင် လွမ်းသွားပြီ..:)

သက်ဝေ said...

တန်ခူးရေ...
အမေ့အိမ်မှာ စားစရာတွေက စုံလိုက်တာနော်...
မြန်မာပီပီ မြန်မာမုန့်တွေကို နှစ်သက်ပါတယ်...
အမှန်က ကိုယ်တိုင်လုပ်တတ်ချင်တာပါ...
ဒါပေမယ့် မြန်မာမုန့်တွေက စားလို့ကောင်းသလောက် လုပ်ရတာလဲ တော်တော်လက်ဝင်တာကလား...
ဒီတော့ မဖြစ်မြောက်မယ့်အတူတူ မကြိုးစားတော့ပါဘူးလေ လို့တွေးပြီး စိတ်ကိုလျှော့လိုက်ရတယ်..
(ကိုရွာသားက တန်ခူးကို လွမ်းအောင်လုပ်တယ်လို့ ပြောပြီး သူကိုယ်တိုင်ကျတော့ ရေးသွားလိုက်တာ စုံလို့..)
ဒါပဲနော်.. နှစ်ယောက်စလုံး အဲဒီ့မုန့်တွေ အားလုံး ရအောင် ရှာပြီး ဝယ်ကျွေးရမယ်...

T T Sweet said...

တန်ခူးရေ ... အလုပ်တွေရှုတ်နေလို့ ... လည်လည်တွေတောင် မရောက်ဖြစ်တာ ... မုန့်သည်တွေဆီက မုန့်တွေ အကုန်လုံး လောဘတကြီး စားသွားပါတယ်။

myatnoe said...

ခေါင်းရွက်ဗျက်ထိုး တဲ့..အမတျွိုများ ကံကောင်းလိုက်တာနော်.. မြတ်နိုးတို့က သိပ်ဝယ်စားခွင့်မရဘူး။ ဟိုဟာမစားရဘူးဒီဟာမစားရဘူးနဲ့ ကြီးလာတော့လဲ အကျင့်ပါသွားတော့ အမတို့ စားသလိုမျိုး သိပ်မစားခဲ့ရပါဘူးအမရာ။

ဒါပေမဲ့ သရက်သီးနောင်နောင်သယ်တော့ ကြိုက်တယ်။ အရမ်းလဲမစားရပါဘူး။ ဗိုက်အောင့်လို့။ အိမ်က limit နဲ့ပဲကျွေးတယ်။