Tuesday, February 10, 2009

နာမည်စီးကြောင်း

ခုခေတ်မှာ နာမည်လှလှဆန်းဆန်းလေးတွေ အတော်ကို ခေတ်စားလာတာတွေ့ ရတယ်။ ပေးတဲ့သူတွေကလဲ ပေးတတ်လိုက်ကြတာ။ ကလေးမွေးရင် ဗေဒင်ဆရာဆီမှာ နာမည်ပေးဖို့  သတ်သတ် ပိုက်ဆံပေးရတယ်ဆိုပဲ။ ကျွန်မပတ်ဝန်းကျင်က ကလေးလေးတွေဆို ရုပ်ကလေးတွေကလဲ တကယ့်ဖူးဖူးချောချောလေးတွေ၊ နာမည်လေးတွေကလဲ ကဗျာဆန်လိုက်တာ… သက်နှင်းခင်ခင်တဲ့… ကြာငုံခင်ခင်တဲ့… ကြည်နူးခင်ခင်တဲ့… ညှင်းလေပြေတဲ့… ဒေါင်းမဒီတဲ့… မင်းယမုံတဲ့။ ကိုယ်မိန်းခလေးမွေးရင်လဲ အဲဒီလို နာမည်လေးတွေ ပေးမယ်လို့ အားခဲခဲ့တာ ယောင်္ကျားလေးဆိုတော့ ဗေဒင်မမေးပဲ ကျွန်မရယ်၊ ကျွန်မအမျိုးသားရယ်၊ မေမေရယ် တညထဲ စဉ်းစားပြီး သားနာမည်လေးကို ကတိုက်ကရိုက် ပေးခဲ့ကြတာပါ။

တကယ်တော့ ကျွန်မတို့  ခေတ်လောက်ကတည်းက နာမည်လေးတွေ အတော်ဆန်းလာခဲ့တာပါ။ နေနွယ်ဇင်မြင့်…လမင်းမိုမိုတို့  ၀တ္ထုထဲက နာမည်မျိုးလေးတွေ။ ငယ်တုန်းက သူများတွေ နာမည်လှလှဆန်းဆန်းလေးတွေ သိရရင် ကိုယ့်နာမည်ရိုးရိုးကြီးကို ပြင်ချင်သလိုလို၊ ကိုယ်လဲ နာမည်လှလှလေး တခုလောက် ပိုင်ချင်သလိုလို ဖြစ်မိခဲ့ပါတယ်။ ကိုယ့်နာမည်ကလဲ ဘယ်လောက်ရိုးသလဲဆို အထက်တန်းကျောင်းမှာလဲ အထက်တန်းကျောင်းမို့ ၊ RITရောက်တော့လဲ RITမို့  အနည်းဆုံး နာမည်တူ တယောက်ကတော့ ရှိပြီးသား။ အဖွားက မြေးဦးဆိုပြီး အမြတ်တနိုးပေးခဲ့တဲ့ နာမည်လေးဆိုတော့လဲ အဲဒီနာမည်ရိုးရိုးလေးကိုပဲ အဖွားပေးတဲ့ အမွေအဖြစ် တဖြေးဖြေးနဲ့ မြတ်နိုးသွားမိပါတယ်။

နာမည်လှလှလေးတွေအကြောင်းတွေးမိတိုင်း နာမည်ဆိုးဆိုး(ဒီနေရာမှာ ဆိုးတယ်ဆိုတာ မလှတာကို ဆိုလိုချင်တာပါ) တွေကို သွားသွားသတိရမိပါတယ်။ ကျွန်မရဲ့ အညာက ဆွေမျိုးတချို့ မှာ ဘယ်တော့မှ မမေ့လွယ်တဲ့ မွေးနာမည်ကြီးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ့်သားသမီးတွေကို ကောင်းပေ့၊ ညွန့် ပေ့ နာမည်တွေ ပေးဖို့ လောက်အောင် မစဉ်းစားမိတဲ့ အထိ ရိုးသားကြသူတွေပါ။ အဲဒီအချိန်မှာ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တခုရှိရင် မှတ်မိလွယ်အောင် ကောက်ပေးတတ်ကြတာမျိုး။ ကျွန်မ ဦးလေးဝမ်းကွဲ နှစ်ယောက်နာမည်ဆို ၀ဲဘို နဲ့  ၀ဲချို တဲ့။ သူများကြားရင် ၀ဲပေါက်တဲ့နေရာမှာ ဗိုလ်ဆွဲလို့ လို့  ထင်စရာ။ ဘာကြောင့် ဒီနာမည်ပေးခဲ့သလဲဆိုတော့ အဖွားက မမှတ်မိတော့။ သူမှတ်မိတာ အငယ်ကို အလွယ်ကာရံညီအောင် ၀ဲချိုလို့ ပေးခဲ့တာပဲတဲ့။ အဲဒီဦးလေးတွေ မြို့ မှာနေတော့ နာမည်ကြားရင် လူတွေက ပြုံးကြပါတယ်။ ခေတ်မှီတဲ့ ကျွန်မအဖိုးက ၀ဲဘို ကနေ လှဝင်းလို့  ပြောင်းပေးခဲ့တာ ခုဆို သူ့ နာမည် ၀ဲဘိုဆိုတာ တောကသူတွေသာ သိတော့ပါတယ်။ အငယ်ဦးလေးကတော့ ဘယ်သူပြောင်းပေးမှ မစောင့်ပဲ ၀ဲချိုကနေ ၀င်းချိုလို့  သူ့ ဘာသာ ပြောင်းယူလိုက်ရော။ ခေတ်မှီတဲ့ ကျွန်မအဖိုးက သူ့ သားအရင်းကျတော့ ကျောက်ခဲလို့  ပေးတာ အံ့သြစရာပါ။ ကျွန်မဦးလေးကတော့ ရန်ကုန်လဲ ကျောင်းလာနေရော ခင်ကို ဆိုတဲ့ မိန်းခလေးတွေ ကျမယ့် နာမည်လှလှလေး သူ့ ဘာသာပြောင်းယူခဲ့တယ်လေ။ ကျွန်မရဲ့ နောက်ဦးလေးတယောက်ကတော့ အဖေပေးထားခဲ့တဲ့ ဘိုသိုးဆိုတဲ့ နာမည်လေးနဲ့ အရိုးထုတ်လာတာ ခုတော့ ရွာမျက်နှာဖုံး ဦးဘိုသိုးပေါ့။ ဦးခွေးသိုးဆိုတဲ့ နောက်ဦးလေးတယောက် ကျတော့ သူငယ်ချင်းတွေ နောက်လွန်းလို့  ဦးဌေးဝင်းလို့  ပြောင်းခဲ့ရပါတယ်။ ကျွန်မဦးလေးတွေက အလျိုအလျိုနာမည်ပြောင်းကြပေမယ့် အဒေါ်တွေကတော့ နာမည်ပြောင်းရကောင်းမှန်းကို မသိအောင်ရိုးကြသူတွေပါ။ မဆိုး၊ ညိုတုတ်၊ မထူ၊ မဗျားတုတ်၊ ရှပ်တေး… တဲ့။ မဆိုးဆိုတဲ့ အဒေါ်က ရုပ်ဆိုးလွန်းလို့ ဆို သူ့ အမေက အဲဒီလိုပေးခဲ့သတဲ့။ ခုဆို သားက ဖွားဆိုး… ဖွားဆိုးနဲ့ ချစ်စနိုးခေါ်ရင် ကျေနပ်နေတတ်တဲ့ စိတ်လေးအတော်လှတဲ့ ကျွန်မအဒေါ်အပျိုကြီးပေါ့။

အဲဒါက ဟိုဘက်ခေတ်က နာမည်တွေပါ။ ဒီဘက်ခေတ်ရောက်လာတော့ အညာက ကျွန်မ၀မ်းကွဲ ညီအကိုမောင်နှမ၊ တူ၊တူမတွေ နာမည်က မြို့ ဆန်ရုံမက မြို့ ထက်တောင်သာနေတာတွေ့ ရတော့ ကျွန်မပြုံးမိပါတယ်။ တက်နေ၀င်းတဲ့…ကျန်စစ်ဝင်းတဲ့… မေစုနိုင်တဲ့… ဟန်နီဇင်တဲ့… ၀င့်အိမ်ခြယ်တဲ့။ ခေတ်ရေစီးကြောင်းအရှိန်က ဟိုးတုန်းကနဲ့ မတူ မြန်ဆန်လာတယ်ဆိုတာ အဲဒီနာမည်လေးတွေက သက်သေခံနေသလိုပါပဲ။

တန်ခူး
12:15pm 09-Feb-2009

21 comments:

ကိုပေါ said...

နာမည်က သုံးလုံးမှည့်တာကောင်းမယ်ထင်တယ်။ ဖောင်ဖြည့်လို့ လွယ်တာပေါ့။ ကျနော့်နံမည်မျိုး၊ တန်ခူးရဲ့ ခင်ပွန်းနံမည်မျိုးဆိုရင်….ဖြည့်ရအလွန်လွယ်တာ။

First name, middle name and last name. အစဉ်လိုက် ချရေးရုံပဲ။ မနိပ်လား။

Anonymous said...

ကျနော့်နာမည်ဆို ရင့်လွန်းလို့ ပြောတောင်မပြောချင် ဒါမဲ့ အသိတွေခေါ်တဲ့ nickname တွေအများကြီးကတော့ မိုက်တယ်း)

သက်ဝေ said...

ဦးလေးတွေ နာမည်ဖတ်ပြီးတော့ ပြုံးသွားပါတယ်...။
ရေးထားတာ ချစ်စရာ...
ခေတ်ရေစီးကြောင်း မြန်လာတဲ့အကြောင်းကတော့
အံ့သြကုန်နိုင်ဖွယ်ပါပဲ တန်ခူးရေ...
လိုက်လို့ကို မမှီနိုင်ပါဘူး...

မီယာ said...

မင်းသား မင်းသမီးတွေရဲ့ ကလေးတွေ နံမည်တွေ ဖတ်ပြီး ပို့စ် တစ်ခု ရေးဖူးတယ်။ သူများ စလို့ နောက်လို့ လွယ်မယ့် နံမည် မဟုတ်ရင်ပြီးတာပါပဲ။ ကျောင်းမှာ အစခံရရင် ငယ်ငယ်ကတည်းက စိတ်ညစ်စရာကြီး ဖြစ်နေမှာ။

nu-san said...

အမရေ.. ကျနော်တို့ နာမည်လည်း ဒီအတိုင်းပါပဲ.. ငယ်ငယ်တုန်းကဆို အဖေနဲ့ အမေကို ပူဆာတာလေ နာမည်ပြောင်းပေးဖို့... အဆော်ခံရတယ်.. :D

အရင်တုန်းက လူကြီးတွေကတော့ နာမည်ကိုလည်း တော်ရုံ စဉ်းစားမနေဘူး.. ဘာဗေဒင်နဲ့မှလည်း တွက်ချက်ထားတာ မဟုတ်ဘူး.. နေ့နံကိုက်ရင် ပေးလိုက်တာမျိုးပဲ နဲ့တူတယ်.... ကျနော်တို့ အဖေကတော့ အဲဒီလိုပဲ ပေးလိုက်တာ..

ဒီမှာတော့ မြန်မာလူမျိုးတွေ နာမည်ပေးတာနဲ့ ပတ်သက်ပြီး ဂျပန်တွေကို သေချာ ရှင်းပြရတယ်.. နာမည်ရဲ့ စာလုံး အစ ကိုကြည့်ပြီး ဘယ်နေ့မွေးတယ်ဆိုတာ ပြောလို့ရတယ်ဆိုတာ.. အခုခေတ် ကလေးတွေတော့ အဲဒီလိုမျိုး နာမည်ပေးကြသေးလား မသိဘူးနော်.... နောက်ပြီး စာလုံး ၄၊ ၅ လုံး နာမည်တွေ များလာတယ်..

ကျနော်တို့ ဂျပန်စကားပြောသင်တန်းမှာ ကိုယ့် ကိုကိုယ် မိတ်ဆက်ပြီး နာမည်ကို မြန်မာလို ရေးပြရတယ်.. ပြီးတော့ နာမည်ရဲ့ အဓိပ္ပာယ်ကို ပြန်ရှင်းပြရတာမျိုးလုပ်ရတယ်.. အဲဒါဆို အတော်ခက်တယ် အမရဲ့.. ကျနော်ကတော့ အဲဒီအချိန်မှာ အဖေတို့ကို ကျေးဇူးတင်ရတယ်.. နု ဆိုတာ ရှင်းလို့ လွယ်တာကိုး.. :P
ဒါပေမယ့် စာလုံး ၂ လုံး ထပ်ဆင့် ပေးထားတာတွေကျ ရှုတ်ပြန်ရော.... “လှလှ” တို့ “မြမြ” တို့လိုပေါ့.. အခုခေတ် ကလေးတွေရဲ့ နာမည်လှလှလေးတွေဆို မြန်မာလို အဓိပ္ပာယ်ကိုတော့ နားလည်တာပေါ့.. ဂျပန်လိုသာ ဘာသာပြန်ရရင်တော့ ဒုက္ခပါပဲ.. :D

helpness said...

တို့သာလေးမွေးတော့ ကတိုက်ကရိုက်ပဲပေးခဲ့တယ်။

ဖခင်နာမည်ကို ရှေ့တစ်လုံးအစားထိုးပြီးပေးလိုက်တယ်။

Sonata Cantata said...

တို့တွေ ကိုးတန်းလောက်က စပြီး အဖေနာမည်အပြည့်ထည့်ထားတဲ့ နာမည် အရှည်ကြီးတွေ ခေတ်စားတယ်။ ဥပမာ သန္တာခင်မောင်မြင့် ဆိုတာမျိုး။ တို့သူငယ်ချင်းတစ်သိုက်လည်း ကျူရှင်တွေအပ်ခါနီး နာမည် ဘယ်လိုပေးကြမလဲ လျှောက်စဉ်းစားကြရင်း...
ဉာဏ်ကောင်းသလောက် သိပ်ရိုးတဲ့ သူငယ်ချင်းကို သူ့မိဘကပေးထားတဲ့ နာမည်က ရှင်းရှင်းလေး... ထားပါတော့ "ခင်ခင်" လို့ပဲ။ သူ့အဖေနာမည်က "ဦးဝင်း" တဲ့ ..ဒီတော့ ပုံသေနည်းအရ "ခင်ခင်ဝင်း"လို့ ထွက်လာရော... ဆန်းချင်ပါတယ်ဆိုမှ...ခင်ခင်ဝင်းဆိုတာကြီးကတော့ မဟုတ်သေးပါဘူးဆိုပြီး...ခဏနေတော့ ထအော်တယ်...သိပြီ..သိပြီ... "ခင်ခင်ဦးဝင်း" တဲ့

Kaung Kin Ko said...

ကျွန်တော့်နာမည်ရင်းလဲ တော်တော်လေး ရိုးတယ်ဗျ။ တုံးတယ်လို့ တောင် ပြောလို့ ရတယ်၊ နာမည်ရင်းက။

tg.nwai said...

မှတ်မိသေးတယ်..လမင်းမိုမိုတို့ ၀တ္ထုတွေထဲမှာ ပေးထားတဲ့ နံမယ်လေးတွေ သိပ်သဘောကျတာပဲ။ လှပဆန်းပြားလွန်းလို့။

ကိုယ့်နံမယ်ကိုတော့ သဘောမကျပေမယ့် ပြောင်းဖို့တော့စိတ်မကူးမိဘူး။ ဘယ်နှယ်.. ညွန့်ဝင်းရဲ့ သိင်္ဂီ သီချင်း အမေကြိုက်တာနဲ့ တို့လည်း အဲဒီနံမယ်ရခဲ့ရတာ။ အဲလိုပြောရင် မေမေက အဲဒီနံမယ်မပေးဖြစ်ရင် အဖွားက သူ့ကို ဖိုးဖိုးပေးထားတဲ့ နံမယ်ကို ပေးမှာ ဆိုတာနဲ့ တိတ်သွားခဲ့ရတာလေ..။ ခင်သန်းမြင့် ထက်စာရင်တော့.:P

တို့ တွေ ကလေးတွေကျတော့လည်း ပေးချင်တာပေါ့..သူများတွေလို လှလှခေတ်ဆန်ဆန်လေး။ ဗေဒင်ဆရာပေးတဲ့ နံမယ်တွေကျတော့လည်း ကိုယ့်စိတ်မတွေ့.ဟိုရွေး သည်ရွေးလုပ်နေတာ..နောက်ဆုံး မွေးစာရင်းထုတ်တာ နောက်တွေကျနေလို့.. ကမန်းကတန်း (နံမယ်ရွေးနေတာ ကို)ရောက်တဲ့နေရာရပ်လိုက်ရတယ်.။

PAUK said...

ကျနော့်နာမည်ရင်းကလည်း
အတော်ရိုးတာ..
စကားမစပ်..
မသီတာရေးတာကြည့်ပြီး ရယ်နေရတယ်..

Moe Cho Thinn said...

မတန်ခူး ဦးလေးနံမည်တွေက ရီလိုက်ရတာ။ သနားပါတယ်။ ဟုတ်တယ်နော်၊ အညာကလူတွေ အဲဒီလို ပေးကြတာများတယ်။ အသိ အဒေါ်ကြီး တယောက် နံမည်ကကျတော့ ခွေးမ တဲ့။ အားလုံး ခေါ်ကြတာ မခွေးမ တဲ့၊ ကြီးတဲ့အထိ တွင်ပါရော။

ကိုပေါပြောသလို နံမည် ၃လုံး ကောင်းတယ် ဆိုပြန်တော့ တို့နံမည်ကျတော့ First Name က Moe၊ Middle Name က C (initial ပဲ သူတို့က ယူတယ်)၊ Last name က Thin လေ။ သူတို့က Last Name ကနေ စ ခေါ်တော့ သင်းမိုးစီ တဲ့။ ဟ ငါ့နံမည်ကြီးက တိုင်းရင်းသား နံမည်လိုလို ဖြစ်နေပါလား ဆိုပြီး မှတ်တောင် မမှတ်မိဘူး အဟီး။

Anonymous said...

ဟားဟားဟား......မချိုသင်း လွှတ်ရီရတယ်။ ပြောင်ပ! :-)

Anonymous said...

နာမည်လေးခမျာ..
တက္ကသိုလ်ဘုန်းနိုင်..စက်ကွင်း မိသွားရှာတယ်။
...

ThuHninSee said...

သားလေးမွေးရင်.. သံဒိုင်လို့ပေးချင်တယ်။ သမီးလေးမွေးရင် မြရာ.. ။
သို့သော်.. ဘယ်တော့ ဘယ်ဆီ.. ဘယ်သောအခါ မှန်းမသိ။

ပုံရိပ် / Pon Yate said...

အစ်မတန်ခူး ရေးပြတဲ့ နာမည်တွေက ဆန်းပ။ ပုံရိပ်တွေးတောင် မတွေးမိဘူး။ ပုံရိပ်လည်း ငယ်ငယ်တုန်းက မလှတဲ့ နာမည် တခု တွင်ဖူးတယ်။ မနည်း ဖျောက်ပစ်ရတာ။

Anonymous said...

I prefer the name with two words. Don't bother to fill the middle name. From my point of view, I like simple and easy to remember names

Anonymous said...

How..About ....Below Names...???

Mg Aye, Than Shwe, Etc...

Cute for Future - Babies..?

Nice day..!!!!

kay said...

ဗမာ အမည်ပေး ကောင်းပုံများနော်-
တောနယ်တွေဆို သာရိုးသေး။။ ရွှေမန်းတင်မောင်ကြိုက်တဲ့သူ..ခင်သန်းနု ကြိုက်သူ..၀င်းဦး - အဲလို မင်းသားမင်းသမီး အလွယ်ပေး ကြတာလဲ တွေ့-
နောက် ကျမတို့ နဲ့ အထက် အရွယ်တန်းတွေမှာ.. အောင်ဆန်း လင်း..အောင်ဆန်းဝင်း.. စသဖြင့်..
မိဘတွေက.. ကိုးကွယ်လေးစားလို့..
နောက်..တူမလေးတွေ အရွယ်ဆို..စု လေးတွေ နေရာ တိုင်းမှာ ပါကြ.. ကျမဆို..ခင်စိန်လှိုင်ဝတ္တု နဲ့ ရုပ်ရှင် ခေတ်စားချိန်..နံမယ်ရခဲ့။ ဒီလိုပဲ..နံမယ်ကို ကြည့်ရင်..ခေတ် နဲ့ အရွယ်ကို မှန်းလို့ရ နေတယ်။

khin oo may said...

အေးနော်။ တို့နာမည်က တုံးတုံးကြီး မှန်းလို့တော့ရနေတော့မှာဘဲ။

said...

ညီမလေးရေ မမ အမည်ကလဲ ရာဇဝင်နဲ့ပဲ။ အဖေက သားဦးသမီး အမည်ပေးဖို့စဉ်းစားတာ ဘယ်လိုမှမစဉ်းစားတတ်ဘူးဆိုပဲ။ ဆေးရုံလမ်းလျှောက်အလာ မွေးစားရင်းမှာ ဖြည့်ဖို့အမည် စဉ်းစားရင်း ရေဒီယိုက သတင်းများကို ဒေါ်ခင်မမ မှဖတ်ကြားပါတော့မယ်ဆိုတာ ကြားမှပဲ ......။

တော်သေးတယ် ဒေါ်ဂွက်ထော် ကဖတ်ကြားတာမဟုတ်လို့ပဲ။
ဒါတာင် ပြောင်းတဲ့မြို့တိုင်းမှာ နာမည်တူရှိနေလို့ ကျောင်းခေါ်ချိန်စာအုပ်ထဲမှာ ကိုယ့်အမည်နောက်မှာ ကွင်းစကွင်းပိတ်နဲ့ (၂) ဆိုတာ အပိုပါသေးတာ.....။

တန်ခူး said...

ကျွန်မနာမည်က ပိုလွယ်လိမ့်မယ်ထင်တယ်နော် ကိုပေါ…

မောင်မျိုးနာမည်ကို မှန်းကြည့်လိုက်တယ်… xxxx မိုလား…

ဦးလေးတွေသာသိရင်တော့ ခေါင်းခေါက်ခံမှာပဲ သက်ဝေရေ…

ဟုတ်တယ်မီယာရေ…. အသည်းလေးလို နာမည်မျိုးပေါ့…

နုရေ… အမနာမည်လဲ နှစ်လုံးဆင့်ပဲ… အမကတော့ ရမ်းသမ်းရှင်းပြလိုက်တယ်… ဒီမှာအလုပ်စ၀င်တော့ နာမည်က ကံကောင်းတဲ့နာမည်ပဲဆို အလုပ်က အဖိုးကြီး၂ယောက်က ထီထိုးခိုင်းတာ…ပေါက်လဲမပေါက်ဘူး….

တချို့ လဲ အဲဒီလို ပေးတတ်ကြတယ်နော်… ကျွန်မအသိကလေးလေးဆို အဖေနဲ့ အမေ နာမည်၂ခုပေါင်းပေးလိုက်တာ…ခုလို လာလည်တာ ကျေးဇူးပါ helpnessရေ… နောင်လဲလာလည်ပါဦးနော်…

ဟုတ်တယ်နော် မ… ကျွန်မသူငယ်ချင်းတော်တော်များများမှာ အဲဒီလို အဖေနာမည်နဲ့ … မ သူငယ်ချင်းက အတော်ရိုးသလို ချစ်စရာလေးနော်… ရယ်ရတယ်…

ကလောင်အမည်ကတော့ အတော်ကို ခေတ်မှီပါတယ် ကောင်းကင်ကိုရေ…

မ ရဲ့ ကလေးလေးတွေ နာမည်လေးတွေက ဆန်းပြီးလှလို့  သဘောကျနေတာ…

ပေါက်နာမည်နဲ့ တို့ နာမည် အရိုးပြိုင်မလား…

သင်းမိုစီဆိုတော့ ချင်းလူမျိုးလိုလို ဘာလိုလိုနဲ့ နော်…

ချိုသင်းက အဲဒီလို ချစ်ဖို့ ကောင်းတယ် အမရာကိုရေ…

Anonymousရေ… နာမည်လေးက တက္ကသိုလ်ဘုန်းနိုင်..စက်ကွင်း မိသွားတာလား … ဒါမှ မဟုတ် တက္ကသိုလ်ဘုန်းနိုင် စက်ကွင်းကို သွားငြိတာလား… အဖွားမှ သိလိမ့်မယ်ထင်တယ်… ကျွန်မက နောက်မှ မွေးတာလေ….

မြရာလေးက လှတယ်… မြန်မာဆန်တယ်… သံဒိုင်ကတော့ မာလွန်းနေလားလို့  မွန်ရေ…

ပုံရိပ်ဆိုတဲ့နာမည်လေးကတော့ ချစ်စရာနော်…

Anonymousရေ… ကျွန်မက ယောင်္ကျားလေးနာမည်ဆို ၂လုံးကြိုက်တယ်… သားတုန်းကလဲ ၂လုံးစဉ်းစားတာ.. သူ့ အဖေကမကြိုက်လို့ လေ…

Anonymousရေ… အင်းးးးးးးးးးးးးးးးးးးးးး

ဟုတ်တယ် ကေရေ… တို့ တူမလေးနာမည်ကို ကြည့်ဦးလေ….

မ နာမည်က မတုံးပါဘူး… လှတောင်လှသေး…

မမ နာမည်ရာဇ၀င်လေးက ပြုံးစရာနော်… မမရေ… ကျွန်မလဲ အဲဒီလို နာမည်တူရှိပေမယ့် တတန်းထဲတော့ မကျဖူးဘူး… မမလာလည်တာ တွေ့ လို့ ဝမ်းသာသွားတယ်… နောင်လဲလာလည်ပါဦးနော်…