Thursday, February 19, 2009

ညို


မျှော်လင့်နေမယ် ကိုယ့်ရင်မှာနားပါကွယ်…
သွားမယ်ဆို နေရစ်မယ် တောင်းဆုအမြဲတမ်းပြုပါတယ်…
တခါက ချစ်တဲ့ အချစ်ကို တန်ဖိုးထားမယ်…
ပြန်ဆုံချိန်ထိ ပင်ယံပေါ်မှာ ပန်းလေးလန်းပါစေ…

“ညိုတကယ်ဆုံးဖြတ်ပြီးပြီလား”

စကားပန်းဖြူဖြူလေး နားကြားမှာ ပန်ထားသည့် မြတ်နိုးစရာညို့မျက်နှာလေးကို ကြည့်ပြီး မမေးချင်ဆုံးမေးခွန်းကို မေးလိုက်မိသည်။ ညို့ ထံမှ သက်ပြင်းချသံတိုးတိုးလေး ကြားရသည်။ တွေဝေလိုက်ပါညိုရယ်။ ပြီးတော့... မောင်မရှိပဲညိုနေနိုင်မလား… ပြန်စဉ်းစားလိုက်နော်။ မောင်ကတော့ ညိုမရှိတဲ့ နေ့ ရက်တွေကို မတွေးဝံ့အောင် ပျော့ညံ့သူပါ။

“ညိုဆုံးဖြတ်ပြီးပြီမောင်… ညိုသွားတော့မယ်… မေမေ့ကို မလွန်ဆန်နိုင်တာလဲ ပါသလို ညိုကိုယ်တိုင်လဲ ဒီတိုင်းထိုင်စောင့်နေရတဲ့ အချိန်တွေကို စိတ်မရှည်တော့ဘူးလေ”

ညို့အသံ တိုးညှင်းညှင်းလေးက နှလုံးသားကို တစစီဖြစ်အောင် နင်းခြေပစ်လိုက်သည်။ ဆုံးဖြတ်ြပီးပြင်လေ့ မရှိသည့် ပြတ်သားသည့် ညို့စိတ်ကို သိထားတော့လည်း…။ လက်ဖမိုးပေါ်ကို မျက်ရည်တစက်ကျလာသည်။ ညို့လက် သွယ်လျလျတွေက မောင့်လက်တွေကို ဖေးမဆုတ်ကိုင်ပေးသည်။ နေရာတကာ စိတ်မာတဲ့မောင်က ညိုနဲ့ ပတ်သက်ရင်တော့ ထိလွယ်ရှလွယ်တယ်ဆိုတာ ညို ပဲ အသိဆုံးဖြစ်မှာပါ။

“ညိုလဲ မောင်နဲ့ ဘယ်ခွဲချင်ပါ့မလဲ မောင်ရယ်… ခဏခွဲနေရတာပဲ… နောင်ညိုတို့  ပြန်ဆုံကြမှာပေါ့… ဒါကလဲ ညိုတို့  မြန်မြန်နီးရဖို့ ပဲ မဟုတ်လား”

မြန်မြန်နီးရဖို့ … ဟုတ်ပါ့မလား ညိုရေ။ မောင်ကတော့ မတည်မြဲတဲ့ ဘ၀တွေအတွက် စိတ်မောတယ်။ မနက်ဖြန်တွေက ခန့် မှန်းရခက်လို့  တတ်နိုင်ရင် ညို့လက်လေးတွေကို မလွှတ်တမ်း ဆုပ်ကိုင်ထားချင်တယ်။

“မောင်… မျက်လုံးတွေတောင် အတော်ရဲနေပြီ… တခုခုပြောဦးလေ… အဲဒီလိုကြီးနေနေရင် ညိုက ဘယ်လိုလုပ် စိတ်ဖြောင့်ပါ့မလဲ… ညိုလဲ မောင့်ကို အရမ်းလွမ်းနေမှာ…”

ပခုံးပေါ်မှီနွဲ့ လာသော ညို့ အတွက် မောင်တခုခုပြောသင့်တယ်နော်။ ညိုပျော်နေရင် မောင်စိတ်ချမ်းသာအောင် ကြိုးစားနေပါ့မယ်။ ဒါဟာ တကယ်ပဲ ညိုလိုချင်တဲ့ ဘ၀ဆိုရင်ပေါ့။

“ညို့ ကို မောင်စောင့်နေမယ်… ညို့ ကိုပဲ မောင်လက်ထပ်မယ်…”

ဒီတခါတော့ ညို ရှိုက်ကြီးတငင်ငင်ငိုတော့သည်။ ညိုငိုတော့လဲ မောင်မနေတတ်ပြန်ဘူး။ ညိုရေ မောင်တို့ ကို ကံကြမ္မာက ဘာကြောင့်ခွဲရက်သလဲလေ။

“ညိုမရှိလဲ ညို့ အတွက် စကားပန်းလေးတွေ တနေ့ တပွင့် မောင်သိမ်းထားမှာပါ… ညိုနဲ့ဆုံရင် ပန်းခြောက်လေးတွေကို မောင်ပြမယ်နော်… ညို့ ကို အရမ်းချစ်တယ်”

တယောက်လက်ကို တယောက် တင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။ ခွဲရမယ့် မနက်ဖြန်တွေကို ဘယ်လို အင်အားတွေနဲ့ တားမြစ်ရမလဲ ညိုရယ်။

***************************
ပန်းဆိုတာလဲ ကြွေတတ်တယ် အချစ်လေးရယ်…
မင်းကိုလေ ရည်စူးထားလဲ မခြွေရက်ပါ…
ထိုက်တန်ရင်တော့ တနေ့ မှာ ပိုင်ဆိုင်မယ်
တကယ်အကြင်နာမှန်ရင် ပြန်လာကွယ်…

ကျောင်းတွေ ပြန်ဖွင့်ပြီညို။ မဖြစ်နိုင်မှန်းသိလျက်နဲ့  ညိုပြန်လာမလားလို့  မျှော်လင့်နေမိတယ်။ ဟိုးအရင် ညို့ ကို စတွေ့ တဲ့နေ့ တုန်းကလို စကားပန်းဖြူဖြူလေး နားကြားမှာပန်ထားတဲ့ အကျီင်္ဖြူဆွတ်ဆွတ်လေးနဲ့  ကောင်မလေးတယောက်ကို မတွေ့ နိုင်မှန်းသိလျက်နဲ့  အီကိုမှာ မောင်သွားရှာနေမိတယ်။ နားကြားထဲကပန်းလေး ပြုတ်ကျသွားတာကို ကောက်ပေးခဲ့တဲ့မောင့်ကို သွားတက်လေးတွေ ပေါ်အောင်ပြုံးပြတဲ့ အပြုံးလေး။ ခုထိရူးသွပ်စွာ စွဲလန်းနေတုန်းပဲ ညိုရယ်။

ခုဆို မောင့်မှာ စကားပန်းခြောက်ဗူးလေးတွေ အများကြီးဖြစ်နေပြီညို။ ညိုမရှိတဲ့ ပတ်ဝန်းကျင်မှာ ညိုရှိဟန်နဲ့  မောင့်အခန်းနံရံတွေမှာလဲ ညိုပုံတွေနဲ့  ပြည့်နေခဲ့ပြီ။

မောင့်ကားထဲမှာတော့ ညိုလက်ရွေးစင်သွင်းပေးထားတဲ့ သီချင်းလေးတွေနဲ့ … ညိုက အမြဲမောင့်နားမှာ။ မောင့်အိတ်လေးထဲမှာလဲ ညိုရှိတယ်… မောင့်ကားထဲမှာလဲ ညိုရှိတယ်… မောင့်အခန်းထဲမှာလဲ ညိုရှိတယ်။ စာသင်ခန်းထဲမှာတောင် စာရွက်တွေပေါ်မှာ ညို…ညို…ညို။

သူစိမ်းတွေကြားမှာ ညိုအတော် နေသားကျသွားခဲ့ပြီနော်။ ဖုန်းဆက်ကြဲလာတဲ့ ညို့ ကို မောင်နားလည်အောင် ကြိုးစားပါတယ်။ ညိုပြောသလို အဲဒီမှာ အချိန်က ရွှေထက် ရှားတယ် မိုလား။ ညို့ ကို ယုံပေမယ့်… မောင် စိုးရိမ်မိတယ် ညိုရယ်။ သိပ်ချစ်စရာကောင်းတဲ့ ညို့ ကို တစုံတယောက်ကများ ချစ်သွားခဲ့ရင်။ ပန်းကလေး တပွင့်လို နူးညံ့လှပတဲ့ ညို့ ကို မတို့ ရက် မထိရက်အောင် မောင်က မြတ်နိုးခဲ့တော့… သူစိမ်းတွေကြားမှာ မောင့်ပန်းလေးကြွေသွားမှာ စိုးမိတယ်။ မောင့်ပန်းလေးက မောင့်အတွက်ပဲဖြစ်ရမယ်လို့  မောင်မျှော်လင့်နေဆဲပါညို။ ပြန်လာတော့ညိုရေ။

***************************

ညတွေမှာ ကြယ်ပွင့်လေးတွေ ကြွေလွင့်နေ…
ဘ၀ဆိုတာ မတည်မြဲဘူးတဲ့ စိတ်မောတယ်…
မင်းလိုချင်သောဘ၀မျိုးမှာ ပျော်နိုင်မလား…
တချိန်ကျရင် ကိုယ့်ရဲ့အချစ်နားလည်…

ညို့စကားအဆုံးမှာ မောင့်ကမ္ဘာမှောင်အတိ ကျသွားခဲ့ပြီ။ ညို့ ရှိုက်သံသဲ့သဲ့ကို ဖုန်းထဲက ကြားရသည်။ မောင့်ခေါင်းအုံးပေါ်က မျက်ရည်စက်တွေတော့ ညိုဘယ်မြင်နိုင်မလဲလေ။ မောင် အရိပ်တကြည့်ကြည့် တန်ဖိုးထားခဲ့တဲ့ ပန်းလေးကို တစုံတယောက်က ခူးခြွေသွားသတဲ့လား။ ကံကြမ္မာကိုပဲ အပြစ်ပုံချပါရစေညိုရယ်။ ညို့ ကို မောင်ဘယ်တော့မှ အပြစ်မတင်ရက်ပါဘူး။

ညို့ ဖြေရှင်းချက်တွေက ရှိုက်သံတွေနဲ့  ပလုံးပထွေး။ ဒီလိုအဖြစ်တွေသာ ကြိုသိခဲ့ရင် မောင်လေ ညို့ ကို အဲဒီအဝေးကြီးကို လွှတ်ဖြစ်မယ်မထင်ဘူး။ ညိုပျော်မယ်ထင်လို့ ပါ။
မနက်က ညို့အတွက် ရည်စူးခူးထားခဲ့သည့် စကားပန်းလေးက စားပွဲပေါ်မှာ လန်းနေတုန်း။

အကြွေပန်းလေးတွေ မပေးရက်လို့  အပင်ပေါ်က ပန်းလေးတွေကို အမြဲခူးပေးခဲ့တာ ညိုမမေ့လောက်သေးဘူးနော်။ ညိုရေ… မောင်ရူးပြီကွယ်။ ဟိုးနံရံပေါ်က ညို့ မွေးနေ့ မှာ ငါးလွှတ်နေတဲ့ ပုံလေး။ မောင်… တိတ်တိတ်ခိုးရိုက်ခဲ့တာ။ စကားပန်းလေးရယ် ဆံပင်ရှည်ရှည်လေးတွေရယ်နဲ့  အနားသတ်ထားတဲ့ ချစ်စရာမျက်နှာလေး။ တန်ဖိုးထားလွန်းလို့  ရင်ထဲကပဲ ခိုးခိုးနမ်းခဲ့ရတဲ့ ညို့ ပါးနုနုလေး။ ခုတော့… ညိုက သူစိမ်းတယောက်ရဲ့ ရင်ခွင်မှာ။

“ဖြစ်လာမှတော့ ဘာတတ်နိုင်တော့မှာလဲညိုရယ်… စိတ်ချမ်းသာအောင်နေနော်…ကျန်းမာရေးကို ဂရုစိုက်… လိုအပ်တာရှိရင် မောင့်ကိုပြောပါ… မောင်ကူညီဖို့  အသင့်ပါ”

စကားသံတို့  တုန်ခါမသွားအောင် သတိထားရင်း ညို့ကိုအားပေးမှ ညိုက ပိုငိုတော့သည်။ တကယ်တော့… မောင်ကိုယ်တိုင်လဲ အားအင်တွေ ကုန်ခမ်းကုန်ပါပြီညို။ ညိုက နှုတ်မဆက်ပဲ တိတ်တိတ်ဖုန်းချသွားတော့ ရင်ထဲမှာ လစ်ဟာကျန်နေခဲ့သည်။ ညိုအဆင်ပြေပါစေလေ။

***************************

တခါက ချစ်တဲ့ အချစ်ကို တန်ဖိုးထားမယ်…
ပြန်ဆုံချိန်ကျ မြေမှာကြွေလဲ ကောက်ယူမယ်…

စကားပွင့်လေး။ တယောက်ယောက်ကျကျန်နေခဲ့တာ ဖြစ်မယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ နှလုံးသားထဲမှာ စကားပွင့်လေးတွေ ရှိနေဆဲပါညို။

“အဲဒါ သမီးပန်းပွင့်လေးပါဦးဦး”

၅နှစ်အရွယ်လောက်ရှိမယ့် ဆံပင်ရှည်ရှည်လေးနဲ့  ချစ်စရာကလေးလေး။ စကားပန်းလေးက သူ့ ပန်းလေးတဲ့ ညိုရယ်။

“သမီးပန်းလေးကို သူများနင်းသွားမှာ စိုးလို့  ဦးက ကောက်ပေးတာပါသမီးရယ်… ရော့… သမီးပန်းလေး… သမီးနာမည် ဘယ်လိုခေါ်လဲ”

“သမီးနာမည်က စကားပွင့် ပါဦး… ဟောမေမေလာပြီ… မေမေ ဒီဦးဦးက သမီးပန်းလေး ကောက်ပေးထားတာ”

သွက်လက်ချက်ချာသော သမီးလေးက စကားပန်းလေးကို နားကြားထဲ ပန်လိုက်တော့ ရင်ထဲမှာ တစုံတခု…။ သမီးမေမေကို နှုတ်ဆက်မလို့ ပြင်လိုက်တော့… ။ ညို။ ရင်ထဲမှာ အမြဲအလွတ်ရနေတဲ့ ပုံရိပ်လေး။ နဲနဲပြည့်လာပြီး မောင်မြတ်နိုးတဲ့ ဆံပင်ရှည်တွေ ပျောက်ဆုံးသွားသည်မှ လွဲပြီး ညိုက ဟိုးအရင် ၁၀နှစ်လောက်က အတိုင်းပါပဲ။

“မောင်”

တိုးညှင်းညှင်းခေါ်သံလေးပေမယ့် မောင်ကြားတယ် ညို။ သြော်… ညို့ မှာ ချစ်စရာ သမီးလေးတယောက်တောင် ရှိခဲ့ပေါ့နော်။
“ညို မြန်မာပြည်ကို အလည်ပြန်လာတာလား… ညို့ အမျိုးသားရော”

ညိုသွားတဲ့ ညို့ မျက်နှာကိုအတွေ့  မဆင်မခြင်မေးမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့တယ်။ ညိုက နှုတ်ခမ်းလေးကို ကိုက်ပြီး သမီးလေးဆံပင်လေးတွေကို ခပ်ဖွဖွသပ်ပေးနေတယ်။

“ညို ဒီမှာပြန်နေတာ ကြာပြီ ကိုxxx… ညိုနဲ့ ညို့ အမျိုးသားက သမီးလေးတနှစ်အရွယ်ထဲက ပြတ်စဲသွားတာပါ”

“အို”

ရင်ထဲမှာ ဆို့ နင့်သွားတယ်။ မောင့်ပန်းလေးမှ ဒီအဖြစ်ဆိုးတွေနဲ့  ကြုံရတယ်လို့ ။ မောင့်နာမည် အရင်းကို သိသိသာသာ ပြောင်းခေါ်လိုက်ပြီး ညိုက စည်းတခုကို တားလိုက်တာလား။

“ကြားရတာ စိတ်မကောင်းလိုက်တာ ညိုရယ်… ဆိုင်တဆိုင်သွားပြီး အေးအေးဆေးဆေး စကားပြောရအောင်လား… သမီးလေးလဲ ဆာနေရောပေါ့”

“ညို အချိန်မရလို့ ပါ… ခွင့်ပြုပါဦး”

ညိုက သမီးလက်ကို ဆွဲပြီး ခပ်သွက်သွက် ခြေလှမ်းပြင်တော့ ရင်ထဲမှာ မကောင်း။
သူစိမ်းတွေမှ မဟုတ်တာညိုရယ်။ ညို့ ရင်ထဲ အနှောက်အယှက်တခုလို သဘောထားရင် မောင်နေရစ်ပါ့မယ်။ ဘယ်တုန်းကများ ညို စိတ်မချမ်းသာအောင် လုပ်ရက်ခဲ့လဲ။ တခုတော့ ရှိတယ်… ညို့ သောကတွေကို ဝေမျှခံစားဖို့  အမြဲအသင့်ရှိနေတယ်ဆိုတာတော့ ညိုမမေ့နဲ့ နော်။

ပြောမထွက်တဲ့ စကားတွေနဲ့  ဝေးဝေးသွားတဲ့ ညို့ အရိပ်လေးကို ငေးနေရင်းမှ သတိဝင်လာတယ်။ ကားရပ်ထားတဲ့ နေရာကို အပြေးသွားပြီး ညို့ ကားနောက်က အသာလေး လိုက်ခဲ့မိတယ်။ ခွင့်လွှတ်ပါညို။

***************************

မြတ်နိုးမှုနဲ့  အနားမှာ လာစောင့်ရှောက်မယ်…
ပြန်ဆုံချိန်ကျ ကြွေကာနေလဲ ကောက်ယူမယ်…

လက်ထဲက ပစ္စည်းတွေ တပွေ့ တပိုက်နဲ့ မို့  ဘဲလ်ကို မနဲတီးရသည်။ ခါတိုင်းလို သမီးလေးရဲ့ အသံချိုချိုလေး မကြားရ။ ဘဲလ်ကို ထပ်ခါထပ်ခါနှိပ်လဲ အိမ်ထဲက ဘာသံမှ တုန့် ပြန်သံ မကြားရ။ သော့ကြီးခတ်လို့ ပါလား။ ညိုတို့ အပြင်ထွက်သွားတယ်တူတယ်။ ဟင်… ဒီမှာလဲ စာတစောင်။ ပစ္စည်းတွေကို အိမ်ရှေ့ က ဒန်းလေးပေါ် အသာချရင်း စာလေးကို ဖွင့်ဖတ်မိသည်။

မောင်…
မောင့်ကို ကြိုအသိမပေးပဲ မောင့်ဆီက ဒုတိယအကြိမ် ထွက်ပြေးသွားမိတာ ခွင့်လွှတ်ပါမောင်…
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာမို့ … ညို့ ဘ၀တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ အချစ်တွေနဲ့  ချစ်တတ်တဲ့ မောင့်ကို ညိုအရမ်းကျေးဇူးတင်ပါတယ်…
ဒါပေမယ့် မောင်ရယ်… ညိုဘ၀ထဲကို မောင့်ကို ဆွဲမခေါ်ရက်ဘူး…
ညိုသိပ်အတ္တကြီးသွားလိမ့်မယ်… မောင့်မိဘ၊ မောင့်အသိုင်းအ၀ိုင်း ကိုစွန့် ပြီးမှ ညိုနဲ့ မောင် ပေါင်းခွင့်ရမှာမို့  ညိုမလုပ်ရက်ဘူး…
သမီးလေးကို ဖခင်ရင်းတယောက်လို ဂရုစိုက်ခဲ့တာတွေ အတွက် ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်…
ဒီတခါတော့ လိုက်မရှာပါနဲ့ တော့မောင်…
ညိုဆိုတဲ့ မိန်းခလေးကို မေ့နိုင်အောင် မေ့လိုက်တော့နော်…
ဒီတခါမောင့်ဆီက ထွက်သွားမိတာ မောင့်အတွက်မို့  မောင်ခွင့်လွှတ်နားလည်နိုင်ကောင်းပါရဲ့…
မောင့်ရဲ့
ညို

စာအဆုံးမှာ လူက ပျော့ခွေယိုင်နဲ့ သွားသည်။ မဖြစ်နိုင်ဘူးညို။ ဒီတခါတော့ ဝေးလို့ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး။ ညိုဘယ်ရောက်ရောက် မောင် လိုက်ရှာမယ်။ မောင့်ဘ၀ရဲ့ လက်တွဲဖော်က ညိုပဲ ဖြစ်ရမယ်။ မောင့်ဆုံးဖြတ်ချက်တွေကို မောင်ဘယ်တော့မှ မပြင်တော့ဘူး။ ညို… ညို ဘယ်မှာလဲ။
အိမ်ရှေ့ က ဒန်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချမိလိုက်သည်။ အနားပတ်ဝန်းကျင်မှာလဲ လူအရိပ်အယောင် မတွေ့ ရ။ တွေ့ ခဲ့ရင် ဒီအိမ်ကလူတွေ ဘယ်ပြောင်းသွားသလဲ…

လမ်းစလေးတော့ ရနိုင်သေးသည်။ ကြည့်ပါဦးညိုရယ်… ညိုမရှိတဲ့ အချိန်မှာ တနေ့ မပျက် မောင်သိမ်းထားခဲ့တဲ့ စကားပန်းလေးတွေ။ ဒီနေ့  ညို့ကို ပြမလို့ ဆို မောင်ယူလာခဲ့တာ။ ခုတော့ ညိုက မောင့်ကို ထားခဲ့ရက်ပြန်ပြီနော်။

ဒန်းပေါ်မှာ စောင့်နေတာ တနာရီလောက်ကြာတဲ့ အထိ လူရိပ်လူယောင် မတွေ့ ရတော့ ဘူတာရုံ၊ လေဆိပ်နဲ့ ကားဂိတ်တွေမှာ ရှာဖို့  သတိရသည်။ ပြန်မလို့ ပြင်တော့…။

“မေမေ… ဦးဦးသနားပါတယ် မေမေရယ်… ဦးဦးနဲ့ မခွဲနိုင်ဘူး… မလုပ်ပါနဲ့ နော်”

ဟင်… သမီးလေး အသံပါ့လား။ ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားမိသည်။ ဒါဆို ညိုတို့  အဝေးကြီးမှာ မဟုတ်သေးဘူးပေါ့။ အသံလာရာကို နားစွင့်မိတော့ တံခါးပိတ်ထားတဲ့ ညိုတို့  အိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်က။

“ညိုတံခါးဖွင့်ပေးပါနော်… အားလုံးစိတ်ဆင်းရဲရမယ့် ညို့ ဆုံးဖြတ်ချက်ကို ပြင်လိုက်ပါ”

“မေမေ… ဦးဦးကို တံခါးဖွင့်ပေးလိုက်ပါ”

ခဏကြာတော့ တံခါးပွင့်လာသည်။ တံခါးပွင့်လာတာနဲ့ သမီးလေးက အပြေးဆီးကြိုသည်။ ညိုက ညက တရေးမှ အိပ်မပျော်ထားသည့်ပုံ။ ပင်ပန်းနွမ်းရိလို့ ။ ပြီးတော့… အရုပ်ကြိုးပြတ် ထိုင်ခုံပေါ်ကို ထိုင်ပြီး ညိုငိုသည်။

“ကျွန်မက ညို့သူငယ်ချင်းပါ… အေးအေးဆေးဆေး ဆွေးနွေးကြပါ… ညိုရယ်… သိပ်ခေါင်းမမာပါနဲ့ ဟာ”

အိမ်ရှင်ဖြစ်ပုံရသည့် ညို့ သူငယ်ချင်းက ခြံထဲဆင်းသွားသည်။ ညို့ လက်လေးတွေကို ဆုပ်ကိုင်ရင်း အားပေးမိသည်။

“မှတ်မိလားညို… ပထမတခေါက် ညိုအဝေးကို ထွက်သွားခါနီး မောင်ပေးတဲ့ ကတိလေ… ညို့ ကို ပဲ မောင်လက်ထပ်မယ်… လက်ထပ်ခွင့်ပြုပါညို…”

ညို့ အတွက် ရည်စူးထားတဲ့ လက်စွပ်လေးကို ညို့ လက်မှာ အသာစွပ်ပေးတော့ ညိုမရုန်းတော့။ ခုနက ငိုနေသည့် သမီးလေး မျက်နှာလဲ ပြုံးလာသည်။

“မောင့်ကို ညိုဘယ်လို အင်အားတွေနဲ့  ငြင်းနိုင်တော့မလဲ”

ညိုက မောင့်ပုခုံးပေါ် မှီနွဲ့ လာသည်။ သမီးလေးက ညို့ မျက်ရည်တွေကို တယုတယ သုတ်ပေးရင်း… ချစ်စရာ စကားတခွန်းဆိုသည်။

“ဖေဖေရယ်… မေမေရယ်… မီးမီးရယ်… ချစ်စရာမိသားစုလေး ခုမှ လူစုံသွားပြီနော် မေမေ… နော်ဖေဖေ”

ဖေဖေတဲ့လားသမီးရယ်။ ရင်ထဲမှာ ကြည်နူးနွေးထွေးခြင်းတွေနဲ့ ။ ဟော… မမြင်ရတာကြာတဲ့ သွားတက်လေးတွေနဲ့  ညို့ အပြုံးလေး။ ရည်ရွယ်ခူးလာတဲ့ စကားပွင့်လေး ၂ပွင့်ကို ညို့  နားကြားမှာ တပွင့် ၊ သမီးလေးနားကြားမှာ တပွင့် ပန်ပေးလိုက်တော့ ချိုလွင်သော ရယ်သံလေးတွေ ညံသွားတော့သည်။

***************************

(စာကြွင်း။ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာသာ အများဆုံးတွေ့ ရတဲ့ စွန့် လွတ်အနစ်နာခံ ပေးဆပ်ချစ်တတ်တဲ့ အချစ်ကို ကျွန်မပတ်ဝန်းကျင်က မိသားစုလေးမှာ တွေ့ လိုက်ရတဲ့အခါ သူတို့ ရဲ့ ကြည်နူးနွေးထွေးမှုတွေက ကိုယ့်ဆီကူးစက်ပြီး ဒီပို့ စ်လေးကို ဖန်တီးမိခြင်းပါ။ ဇာတ်လမ်းကြောရိုးကိုသာ ယူထားခြင်းဖြစ်ပြီး ၀တ္ထုတပုဒ်ဖြစ်အောင် စိတ်ကူးချဲ့ ထွင်ထားခြင်းမို့  အမှားအယွင်းများ ပါခဲ့ရင် ကျွန်မရဲ့ ပေါ့လျော့မှုသာ ဖြစ်ပါကြောင်း။ ဇာတ်လမ်းလေးနဲ့  အရမ်းလိုက်ဖက်တဲ့ Rဇာနည်ရဲ့ မျှော်လင့်နေမယ် သီချင်းလေးကို ဇာတ်ဝင်တေးအနေနဲ့  ယူသုံးထားပါတယ်။)

တန်ခူး
1:30pm 19-Feb-2009

24 comments:

သက်ဝေ said...

ဖတ်ပြီးတော့ သက်ပြင်းအကြီးကြီး ချလိုက်မိတယ်...
ပျော်ရွှင်ကြည်နူးရမယ့် ဇာတ်သိမ်းဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ ၀မ်းနည်းသွားတာ
စာရေးသူရဲ့ ကလောင်စွမ်းကြောင့်ပေါ့နော်...

JuneOne said...

မမသက်ဝေပြောသလိုပဲ။ဓားသွားထက်ကလောင်သွားထက်ဆိုသလို။

တားမြစ် ထားသော... said...

“ညို” လို့ရေးတာထင်တယ်။ ဖတ်ရတာ တစ်မျိုးဖြစ်နေတယ်။

ဖန်တီးမှုတွေ ဆက်လက် ဝေမျှနိုင်ပါစေ။

သုခမိန်(E-Journal)

tg.nwai said...

တန်ခူးရေ...ကောင်းလိုက်တာကွယ်..အစွမ်းထက်တဲ့ ကလောင်တစ်ချောင်း ပိုင်ထားတာပဲ။ ဆရာမရဲ့ လက်ရာတွေ ဆက်ဖတ်ချင်လိုက်တာ...။ true story ကို အခြေခံထားတယ်ဆိုလို့လည်း ပိုကြည်နူးမိပါတယ်..။ ဒါပဲလေ.. အချစ်ဆိုတာ..

Ko Paw said...

တန်ခူးရေ…. ဇာတ်ကောင်နာမည်က ညိုမှန်းသိပေမယ့် ဖတ်တဲ့အချိန်မှာ ညှိ လို့ ဖတ်မိနေတော့…..း-)

nu-san said...

မတန်ခူးရေ.. ဖတ်ရင်းက Happy Ending မဖြစ်မှာ စိုးရိမ်တယ်.. နောက်ဆုံးကျမှ သက်ပြင်းချရတော့တယ်.. ချစ်သူချင်း ပေါင်းစည်းခွင့်ရတာ ပျော်စရာပဲ.. :)

မရေ.. အပေါ်က သူတွေ ပြောထားသလိုပဲ “ညို” လို့ မဖတ်မိပဲ “ညှိ” လို့ ဖတ်မိနေတယ်..

P.Ti said...

စာရေးကောင်းတဲ့ မတန်ခူးရဲ့ လက်ထဲရောက်တော့ ခံစားလို့ကောင်းတဲ့ ၀တ္ထုတစ်ပုဒ်ဖြစ်သွားတာပါပဲ။

Anonymous said...

ကောင်းလိုက်တာ
ဒါပေမဲ့ အမရာ ၁၀၀ မှာ ၁ယောက်ပါပဲ
ရှားပါးဖြစ်စဉ်ပါ

အမရေးတတ်တော့ ..မျောသွားတယ်။ ဘာပဲဖြစ်ဖြစ် ပုထုဇဉ်ဆိုတော့ ညားလေသတည်း ဆိုရင် ပီတိဖြာပါ၏


မြတ်နိုး

PAUK said...

မတန်ခူး(ပုတီးကုန်း)
မျက်ဝန်းထဲမှာ မိုးရွာပြီညို..
အကြွေပန်းပေမယ့်..ရွှေနန်းတော့မထိုက်ချင်ပါဘူး
အဟီးး..
စ တာ..
မတန်ခူး..ရေးထားတာ စွဲဆောင်မှုရှိတယ်နော်..

khin oo may said...

အမုန်းခံပြီး ပြောရမယ် ဆိုရင်တော့ ဇတ်လမ်းကရိုးတယ်။ အရေးအသားကတော့ အတော်လေးကောင်းပါတယ။်
ဇတ်လမ်းကောင်းလေး နဲ့တွေ့ရင်တော့ အကယ်ဒမီဖြစ်သွားမှာပါ။

ရွာသားလေးဝိုင်တီယူ said...

အမရေ ဒီတစ်ခါတော့ဖတ်ဖြစ်သွားပါတယ်

Moe Cho Thinn said...

ဖြစ်ရပ်မှန် ကျောရိုးဆိုတော့ ပိုကြည်နူးရတာပေါ့။ ကလေးအတွက်ရော ချစ်သူတွေ အတွက်ရောပေါ့။
ဒါပေမဲ့ မောင် လိုလူမျိုး ရှားမယ် ထင်မိတယ်။

ပုံရိပ် said...

အရေးအသား ညက်ပါပေတယ် အစ်မရေ။ အစက သီချင်းလေးကို ခံစားပြီးရေးတယ် ထင်လို့။ တကယ့် အဖြစ်အပျက်ကို အခြေခံထားတယ် ဆိုရင် ၀မ်းသာရပါတယ်။

မောင်မျိုး said...

ဖတ်လို့အရမ်းကောင်းတာပဲ အစ်မရယ် အဆုံးသတ်လေးကို ပေါင်းဆုံပေးတဲ့ အတွက်ကျေးဇူးပါ ခိုင်မြဲတဲ့ ချစ်ခြင်းတရားက ကံကြမ္မာကို နောက်ဆုံးတော့ အနိုင်ရသွားတာပဲ စာကြွင်းလေးဖတ်မိပြီး ပိုသဘောကျသွားတယ် ဒါမျိုးလေးတွေ များများရေးပေးပါး)

မုန်းစရာ said...

အရေးအသားအရမ်းကောင်းတာပဲ...
ဇာတ်လမ်းထဲမှာ မျောသွားတယ်....

nu-san said...

မတန်ခူးရေ.. အမ ဆီကို ( cmyayt@gmail.com) မေးလ်ပို့လိုက်တယ်.. :)

Kay said...

နောက်ခံတေး စောင့်နေတာ..ဘာသံမှလဲ ထွက်လာဘူး..

မီယာ said...

happy ending ဆိုတော့ ပျော်သွားတယ်.. စိတ်ညစ်စရာတွေပဲ တွေ့နေရတော့ ဒီလို ဇာတ်လမ်းလေးတွေ ဖတ်ရရင် စိတ်အတော် သက်သာ၇ာ၇တယ်။

ကောင်းကင်ကို said...

ကြည်နူးစရာ ကောင်းလိုက်တာ။

pandora said...

တကယ့်အဖြစ်အပျက်ဆိုတော့လည်း happy ending လေးမို့ ပျော်စရာပေါ့။

sonata-cantata said...

မောင်လို ယောက်ျားရှားတယ်အမိ...

(တန်ခူးရေ မတွေ့တာကြာလို့ သတိရလို့ပါအေ)

GHOSTBELL said...

ဖတ်လို.ကောင်းတယ် အစ်မ။ နောက်တစ်ပုဒ် လုပ်ပါဦး။

တန်ခူး said...

အစကတည်းက ပေါင်းသင့်တဲ့ ချစ်သူနှစ်ဦး ကံကြမ္မာအလှည့်အပြောင်းကြောင့် ပေါင်းကြဖို့ လမ်းကွေ့ ကောက်သွားတာကို ၀မ်းနည်းတာ ဖြစ်လိမ့်မယ် သက်ဝေရေ… အားပေးတာ ကျေးဇူးပါ…

ခုလိုအားပေးတာ ကျေးဇူးပါကျော့ရေ…

ကိုသုခမိန်ရေ… မတွေ့ တာ ကြာပြီနော်… ခုလို ပြောပြတာကျေးဇူးပါ.. ကျွန်မပြင်လိုက်ပါတယ်…

မ ရေ… ကျေးဇူးပါ… ဆရာမလို့ တော့ မခေါ်ပါနဲ့ မ ရယ်… ခုမှ မူကြိုအဆင့်ပါ…

ကိုပေါရေ… ရေးသွားတုန်းက မသိသာပေမယ့် ညိုလေးတွေချည်းလိုက်ပြင်ရတော့ ကိုယ့်ဝတ္ထုမှာ ညိုတွေ အဲလောက်များမှန်းသိတော့တယ်…

နုရေ… ညိုလို့ ပြင်လိုက်ပြီနော်…

ခုလို အားပေးတာ ကျေးဇူးပါ ကိုပီတိရေ…

မြတ်နိုးရေ… ဟုတ်တယ်နော်… ခုခေတ်က အသက်ငယ်မှ ဆရာဝန်မှ ဆိုတဲ့ ခေတ်မှာ ဒါမျိုးက အတော်ရှားတယ်… အပြင်မှာ တကယ်တွေ့ လိုက်ရတော့ အတော် အံ့သြမိတယ်…

ပေါက်ရေ… အင်း… မောင်စိန်ဝင်းအဖတ်များလို့ ထင်ပါရဲ့နော်…

မမရေ… မမုန်းပါဘူး… ဟုတ်တာပြောတာပဲလေ… ပိုတောင်ချစ်သေးတယ်… ဇာတ်လမ်းက ရိုးပါတယ် မမရေ… ဒါပေမယ့် အပြင်မှာ ရှားတဲ့ ဒီလို အချစ်ကို တွေ့ လိုက်ရတော့ သူတို့ ကြည်နူးမှုလေးတွေ ကိုယ့်ဆီကူးစက်သွားလို့ ပါ… မမပေးတဲ့ အကယ်ဒမီနဲ့ လွဲသွားပြီပေါ့…

ရွာသားလေးရေ… တို့ လဲ အကြွေးတွေ ဖြေးဖြေးချင်းလိုက်ချေနေရတာ…

ဟုတ်ပါတယ်ချိုသင်းရယ်… မောင်လို လူမျိုး ဒါပါနဲ့ ဆို ဒီတယောက်ပဲ တွေ့ ဖူးတယ်…

သီချင်းလေးနဲ့ က အတော်လိုက်လို့  ယူသုံးမိတာပါ ပုံရိပ်ရေ… သူတို့ မိသားစုလေးတွေ့ ရင် အဲဒီသီချင်းလေး ပြေးပြေးသတိရလို့ လေ…
မောင်မျိုးရေ… ဒီလို သစ္စာရှိရှိချစ်တတ်သူတွေ တွေ့ ရင် ရေးဖြစ်မှာသေချာတယ်… ကံကြမ္မာကို အနိုင်ရလိုက်တယ်… ဟုတ်တယ်… မောင်မျိုးပြောတာမှန်တယ်…

ကျေးဇူးပါ မုန်းစရာရေ.. နောင်လဲ လာလည်ပါဦးနော်…

နုရေ… ကျေးဇူးနော်ညီမ…

ကေရေ… နောက်ခံတေးဆိုတာ သီချင်းစာသားလေးတွေကို အပိုဒ်လိုက် ခွဲရေးထားတာ ပြောတာ… လုပ်တတ်ရင်တော့ တကယ့် နောက်ခံတေးလေး ထည့်ချင်သား… ဘယ်လိုလုပ်ရမှန်းမသိလို့ …

ကျေးဇူးပါမီယာရေ… စိတ်သက်သာရာရတယ်ဆိုလို့  ၀မ်းသာမိပါတယ်…

ကောင်းကင်ကိုရေ… ကြည်နူးရတယ်ဆိုလို့  ၀မ်းသာမိပါတယ်…

Happy ending လေးဖြစ်လိမ့်မယ်လို့  တကယ်မထင်ခဲ့မိဘူး… တွေ့ လိုက်ရတော့ သူတို့ အချစ်ကို လက်ဖျားခါသွားတယ် ပန်ရေ…

ဟုတ်ပါတယ် မရယ်… မောင်လို ယောင်္ကျား ရှာမှရှားပါ… မတွေ့ တာကြာတာက နေမကောင်းဖြစ်နေလို့ ပါ မရေ… ကွန်ပြူတာကြာကြာမကြည့်နိုင်လို့ ပါ…

ခုလို အားပေးတာ ကျေးဇူးပါ Ghostbellရေ… နောင်လဲ လာလည်ပါဦး… နေကောင်းရင် နောက်တပုဒ်လာပါမယ်…

ကြယ်ပြာ said...

အစ်မတန်ခူးရေ ... မောင် လိုအချစ်မျိုးရှားတယ်နော် ... ဖတ်လို့ကောင်းတယ် ... ချစ်တဲ့သူချင်းပေါင်းသွားတာ ပျော်ဖို့ကောင်းလိုက်တာ ...