Sunday, October 12, 2008

အချစ်ဆိုသည်မှာ



သူငယ်ချင်းလေး သက်ဝေတက်ဂ်ထားတဲ့ အချစ်ဆိုသည်မှာကို မအားတဲ့ကြားထဲက အပြီးရေးပေးလိုက်ပါတယ်… သန်ရာသန်ရာမိုလား… ဒီအကြောင်းဆို ရေးရတာကို စိတ်ဝင်တစားပဲ… ခုထိ အချစ်သီချင်းတွေ နားထောင်တုန်း… အချစ်ရုပ်ရှင်တွေ ကြည့်တုန်း…အချစ်ဝတ္ထုတွေ ဖတ်တုန်းလေ… သက်ဝေရေ… ကျေးဇူးအထူးပါ….

*************
မေမေကတော့ အဆောင်ရှေ့ က တမာပင်အောက်မှာ တိုက်ပုံလေး ပုခုံးချိတ်ပြီး နေ့ စဉ်ရက်ဆက် ငေးမောနေတတ်တဲ့ ကောင်လေးကို သနားရာက အချစ်စတင်ဖြစ်ပေါ်ခဲ့သတဲ့…

ဖေဖေကတော့ ခြေမျက်စိထိရှည်တဲ့ ဆံနွယ်တွေပေါ်မှာ ကလေးလေးတယောက်လို အပြစ်ကင်းစင်တဲ့ ပါးဖောင်းဖောင်းလေးပေါ်မှာ… ပြီးတော့ ဟန်ဆောင်မှုကင်းတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးပေါ်မှာ… သူ့ အချစ်တွေ စတင်ခဲ့သတဲ့…

(သူတို့ က ကလေးတွေကို အဲလောက် အသေးစိတ်မပြောပါဘူး… ကိုယ့်ဟာကိုယ် ဆက်စပ်ပြီး အဲဒီလို ကဗျာဆန်ဆန်လေးတွေး မိသွားတာ…)

ကိုယ်ကရော… ကိုယ့်အတွက် အချစ်ဆိုသည်မှာ…

အချစ်ကို ကြားဖူးနားဝရှိလာတဲ့ အချိန်တုန်းက ကာတွန်းတွေထဲမှာလို ၀တ္ထုတွေထဲမှာလို သီချင်းတွေ ရုပ်ရှင်တွေထဲမှာလို… ခပ်ချောချောအကိုကြီးတယောက်နဲ့  ခပ်ချောချောအမကြီး တယောက် မမြင်ရမနေအောင် တွယ်ငြိသွားခြင်းက အချစ်ပေါ့… အဲဒီတုန်းက အချစ်ဆိုတာ ကိုယ့်အတွက် သစ်ပင်တက်ရတာလောက်တောင် ရင်ခုန်စရာမှ မကောင်းပဲ…

ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အချစ်ဆိုတာ
မမျှော်လင့်ပဲ လက်ဆောင်ရတဲ့ ပန်းနီနီတွေထဲမှာ လိုလို…
ဖုန်းထဲက ကြားရတဲ့ တိုးညှင်းညှင်းလေသံထဲမှာ လိုလို…
ညတိုင်း ပျံ့ လွင့်လာတတ်တဲ့ အိမ်ရှေ့ က ဂီတာသံထဲမှာလိုလို…
ကိုယ်မပြောပဲ ဖုံးပေးထားတဲ့ စာအုပ်အဖုံးလှလှတွေထဲမှာ လိုလို…
အဲဒီလို ဝေေ၀၀ါးဝါးနဲ့ ပဲ…
အမေကတော့ ပြောတယ်… အဲဒါ စိတ်ကစားတာ စိတ်လှုပ်ရှားတာ... အချစ်မဟုတ်တဲ့…
ဟုတ်မှာပါ… အဲဒီတုန်းက အချစ်ဆိုတာ ထုတ်ဆီးတိုးရတာလောက် ရင်မခုန်ခဲ့တာ အမှန်ပဲလေ…

တက္ကသိုလ်ရောက်တော့…
ဝါသနာအရ ကုန်ကြမ်းလေးတွေ ရှာရင်း… ကိုယ်တိုင် တကယ်မကြုံတွေ့ ဘူးတဲ့ အချစ်ကို လူတတ်ကြီးလုပ်ပြီး ကဗျာတွေ စာတွေ ရေးလိုက်သမျှ အချစ်အကြောင်း…
ပတ်ဝန်းကျင်က အချစ်တွေကို အငှားခံစားလား ခံစားရဲ့… ကိုယ့်ဆရာကြီးရဲ့ အချစ်ဇာတ်လမ်းတောင် မချန် အားလုံး ကုန်ကြမ်းအဖြစ်ယူရေးတာ… အချစ်ဆိုတာ ကုန်ကြမ်း.. ကုန်ကြမ်းဆိုတာ အချစ်ပဲ… တယောက်နဲ့ တယောက် သံယောဇဉ်ကြီး ချစ်လျက်နဲ့  ငွေကြေးပြည့်စုံတဲ့ ကောင်မလေးကို ရွေးသွားတဲ့ ကောင်လေးကို ကောင်မလေးအစား ဒေါသထွက်တော့ အချစ်ဆိုတာ ဂုဏ်တွေ ငွေတွေလား… ကဗျာတွေ စာတွေ ပြင်းထန်သွားတယ်… ဟိုလူကို ရွေးမလိုလို ဒီလူကို ရွေူးမလိုလိုနဲ့  ကြိုးရှည်ရှည်လှန်ထားတတ်တဲ့ ကောင်မလေးကြောင့် ရူးမတတ်ခံစားနေရတဲ့ သူငယ်ချင်းရဲ့ ရင်ဖွင်သံ နားထောင်ရပြန်တော့ အချစ်ဆိုတာ ပြိုင်ပွဲတခုလားလို့  မချင့်မရဲစာတွေ ရေးမိပြန်တယ်… အချစ်ဆိုတာ စာသင်ခုံပေါ်က ကဗျာတစလား… ခြေရာထပ်အောင် တကောက်ကောက်လိုက်တတ်တဲ့ ဇွဲကြီးမှုတခုလား… အမည်ဖော်ရခက်တဲ့ စူးရှရှ မျက်ဝန်းတွေလား… စက္ကူမြှားပေါ်က ခံစားမှုတစွန်းတစလား... ဟန်ဆောင်ဖုန်းကွယ်ထားတဲ့ ရီဝေေ၀အကြည့်တွေလား… အဲဒီတုန်းက အချစ်ဆိုတာ ကိုယ့်အတွက် စာမေးပွဲအောင်စာရင်း ထွက်တာလောက် ရင်ခုန်စရာ မကောင်းခဲ့ပြန်ဘူး…

တကယ်တမ်း အချစ်နဲ့ ကြုံတွေ့ ရတော့…
အရင်က ခပ်ရဲရဲကြည့်ခဲ့ဘူးတဲ့ မျက်ဝန်းတွေကို မကြည့်ရဲခဲ့ဘူး….
အရင်က ရင်းနှီးနေခဲ့တဲ့ အသံကလဲ ထူးခြားဆန်းကျယ်စွာ အတော်ရင်ခုန်စရာ ကောင်းနေပြန်တယ်….
အရင်ကထက် စကားတွေ ပိုပြောချင်တယ်…
အရင်ကထက် ပိုဂရုစိုက် ခံချင်တယ်…
အရင်ကထက် သူအကြောင်းပိုစိတ်ဝင်စားသွားတယ်…
အရင်ကထက် သူ့ ကိုပိုစိုးရိမ်မိတယ်…
အရင်ကထက် သူ့ ကိုပိုတွယ်တာမိတယ်…
အရင်ကထက် ပိုလွမ်းတတ်လာတယ်…
စဉ်းစားစရာ မလိုတဲ့ အဖြေတခုက ကိုယ့်ရင်ထဲ အလိုလိုရောက်လာခဲ့တယ်…
ပြီးတော့… သူငယ်ချင်းဆိုတဲ့ နံရံပါးပါးကို သူနဲ့ အတူဖြိုလှဲ ပစ်ခဲ့တယ်…
အချစ်ဆိုတာ… ကိုယ့်အတွက်တော့ နှလုံးသားထဲကို ခြေလှမ်းဖွဖွလေးနဲ့  ကိုယ်မသိအောင် တိတ်တိတ်လေး ၀င်လာပြီး ကိုယ့်နှလုံးသားကို လွှမ်းမိုးစေညွှန်သိမ်းပိုက်လိုက်တာကို ကိုယ်ကကျေနပ်စွာ လက်ပိုက်ကြည့်နေမိတဲ့ ထူးခြားဆန်းကျယ်တဲ့ခံစားမှုတခုပေါ့…

ဆက်တက်ဂ်ချင်သူများကတော့
၁) မမေငြိမ်း
၂) ညီမလေးခွန်မြလှိုင်
၃)ညီမလေး ပုံရိပ်
၎)ညီမလေး ဂျစ်တူး
၅) ကိုစေးထူး
၆) ကောင်းကင်ကို
၇) ရွာသားလေးဝိုင်တီယူ
၈) ကိုပီတိ
၉) ကိုတောင်ငူ
၁၀) ကိုပုလုကွေး

တို့ ပဲ ဖြစ်ပါတယ်… ရေးပေးရင် သိပ်ကျေးဇူးတင်… သိပ်ပျော်မှာပေါ့… ရေးပေးပါနော်...(ညီမလေးအိမ့်ချမ်းမြေ့လေးရေးတဲ့ အချစ်အကြောင်းဖတ်ချင်ပေမယ့် ခရီးထွက်မယ်ဆိုလို့  အလိုက်တသိ မတက်ဂ်ဖြစ်တော့ဘူး)

တန်ခူး
1:35am 12-Oct-2008

29 comments:

khin oo may said...

ဖတ်ပြီူးတော.ဘဲခံစားသွားတော.တယ်။

စူး said...

အချစ်ကို အဟက်ပဲ..

ပြောမပြချင်တော့လို့..

တကယ်တော့ အချစ်ဆိုတာ နောက်ဆုံးပေါင်းစည်းခြင်းဆိုတာကို တွေ့ရသူတွေအဖို့တော့ အချစ်ကို လှတပတလေး ရင်ဖွင့်ကျမှာပေါ့...။

အချစ်ဆိုတာ.. မဆုံဆည်းခဲ့ကြရင် ဘာသာတမျိုးပြန်ကြမှာလေ..

Anonymous said...

အမရေ .. အချစ်ဆိုသည်မှာ စဉ်းစားရင် ထွန်းအိန္ဒြာဗိုလ်ရဲ့ သီချင်းကို သွား၂ သတိရတယ်း)

puluque said...

မမရေ.. အချစ်ကို ခံစားကြည်လိုက်ပါတယ်။ မမရဲ့ အရေးအသားလေးတွေက ညက်ညောလိုက်တာ။ ကျတော်လဲ အချစ်ဆိုသည်မှာကို ခံစားပြီး ရေးပါ့မယ်။ နည်းနည်းတော် ကြာမယ်နော်။ ဒီတစ်ပါတ်အတွင်းပေါ့

Anonymous said...

အမတန်ခူးလက်ရာနဲ့တွေ့မှ အချစ်က ပိုနူးညံ့သွားတယ်။
ပိုဂရုစိုက်ခံချင်တာတွေ အခုတော့ ဆန္ဒပြည့်ခဲ့ပြီပေါ့နော်။

tg.nwai said...

တန်ခူး ပြောလိုက်တော့ အချစ်က ပိုလှပသွားသလိုပဲ..။ သဘောတကျ ခံစားသွားပါတယ်။

JulyDream said...

နောက်ဆုံးတော့လည်း
သစ်ပင်တက်တာထက် ရင်ခုန်သွားတယ်...
ထုပ်ဆီးတိုးတာတက် ရင်ခုန်သွားတယ်...
အောင်စာရင်းကြည့်တာထက် ရင်ခုန်သွားတယ်...

အဟေး ဟေး... :P

khin oo may said...

kom: တန်ခူး ကလေ အချစ်အကြောင်းရေးပြီး စိတိထိခိုက်ပြိး လဲသွားတာ မဇနိရဲ့သိလား။

Moe Cho Thinn said...

သူငယ်ချင်းဆိုတဲ့ နံရံလေးကို ဖြိုလိုက်တာ အချစ် တဲ့။ ချစ်စရာကောင်းလိုက်တာ။

မေငြိမ်း said...

မတန်ခူးရေ.. စိတ်မဆိုးပါ..။ မတန်ခူးလိုပဲ ကျမလည်း အချစ်မှာ အလွန်ပျော်ဝင်သူ.. ခုထိ ကြိုက်သမျှ ၀တ္ထု.. ကဗျာ.. သီချင်း.. ပန်းချီ..အားလုံး အချစ်အကြောင်း နဲ့ ပတ်သက်တာတွေကို ပိုကြိုက်တာပါ..။ နောက်ဆုံး ကျမ ထုတ်ခဲ့တဲ့ လုံးချင်းဝတ္ထုနာမည်ကကို "အချစ်အကြောင်းပြောရအောင်".. တဲ့.. :)

PAUK said...

မတန်ခူးအချစ်က
နှူးညံ့လိုက်တာ..

nu-san said...

တို့မမရဲ့ အချစ်ကမှ တကယ့် romantic ... :) စာရေးကောင်းတဲ့အမ.. အချစ်အကြောင်းရေးထားတာများ လူပါ မျောပါသွားတယ်.. :P

kay said...

သူငယ်ချင်း ဆိုတဲ့ စည်းကြီး ပေါက်သွားတော့..ဘယ်လို နေလည်းး)
အင်း..ဆင်စမ်း နေကြရတဲ့.. အဖြစ်ပါပဲနော်။ ကိုယ်တွေ့တဲ့ အချစ်က.. ကိုယ့်အချစ်ပေါ့။
စကားမစပ် မတန်ခူး ရေးတာ..အနုပညာ တွေ ကြွ တက်နေတယ်။

Anonymous said...

အမရေ ပျော်ရွှင်ပါစေဗျာ....

သစ်နက်ဆူး said...

မတန်ခူ
အချစ်အကြောင်းဖော်ညွှန်းတာ ပီပြင်ပါတယ်ဗျာ....
အချစ်ဆိုတာ
တော်တော်ပြောရခက်ပါတယ်.....။

Kaung Kin Ko said...

အချစ်အကြောင်း အစ်မတန်ခူး ဖွဲ့ သွားတာ လှလိုက်တာ။

Anonymous said...

အစ်မရယ်...ရေးထားတာ လှလိုက်တာ နုဖတ်နေတာပဲ ကျနော်လည်း အဲ့လိုနုနုလေးရေးချင်တာ ဒါပေမယ့် မကြုံဖူးတော့ ရေးရတာ ခက်တယ်ဗျ ခံစားချက်မပါတော့ ကိုယ်ရေးတဲ့ စာကမလှတော့ဘူးလို့ လည်း ခံစားမိတယ်။

( သားသားလေး ဘာတွေလုပ်နေတုန်းဗျ )

Kaung Kin Ko said...

"အချစ်ဈာန်"ရအောင်လို့ ထပ်ပြီး ဖတ်သွားတယ် အစ်မရေ။ Tag ထားတာ သုံးလေးရက် အတွင်း ရေးလိုက်မယ်နော်။

khin oo may said...

ဘယ်လိုရေးရမှန်း မသိလို.ပညာ လာယူသွားတယ။်

Anonymous said...

Oh Oh Oh!!! Very meaningful love for you,,,

စူး said...

သီတင်းကျွတ်လပြည့်နေ့မှစ`၍ ကိုယ်စိတ်နှလုံးကျန်းမာရွှင်လန်းပါစေ..

Anonymous said...

အစ်မကြီး သတင်းကျွတ်လာကန်တော့ပါတယ် သားသားအတွက်လည်း လက်ဆောင် အရုပ်လေးတင်ထားတယ် လာယူအုံးနော့်း)

သက်ဝေ said...

တန်ခူးရေ...
ချက်ချင်းရေးပေးတာ ကျေးဇူးပါ...
ဖတ်ရတာ ချစ်စရာ ကောင်းလွန်းလို့  အခေါက်ခေါက် ပြန်ဖတ်မိပါတယ်...။ ကိုယ်တိုင်က အဲဒီလို တဖွဲ့ တနွဲ့  မရေးတတ်လေတော့ တန်ခူး ရေးထားတာလေးကို တအားနှစ်သက်မိပါတယ်...။
ချစ်တတ်တဲ့ တန်ခူး.. ချစ်သော မောင် ချစ်သော သားသားလေးနဲ့  အတူ ချစ်စရာ မိသားစုဘ၀လေးကို နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် ပျော်ရွှင်စွာဖြင့် လှမ်းလျှောက်နိုင်ပါစေ လို့  ဆုတောင်းလိုက်ပါတယ်...။

သက်ဝေ said...

တန်ခူးရေ...
ချက်ချင်းရေးပေးတာ ကျေးဇူးပါ...
ဖတ်ရတာ ချစ်စရာ ကောင်းလွန်းလို့  အခေါက်ခေါက် ပြန်ဖတ်မိပါတယ်...။ ကိုယ်တိုင်က အဲဒီလို တဖွဲ့ တနွဲ့  မရေးတတ်လေတော့ တန်ခူး ရေးထားတာလေးကို တအားနှစ်သက်မိပါတယ်...။
ချစ်တတ်တဲ့ တန်ခူး.. ချစ်သော မောင် ချစ်သော သားသားလေးနဲ့  အတူ ချစ်စရာ မိသားစုဘ၀လေးကို နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် ပျော်ရွှင်စွာဖြင့် လှမ်းလျှောက်နိုင်ပါစေ လို့  ဆုတောင်းလိုက်ပါတယ်...။

စူး said...

မုန့်ဖိုးဘယ်လောက်လဲ ပြောမသွားဘူး
ယန်းတသောင်းလောက်ပဲ ပေးပါ အမ။

မKOM က ယန်း၅၀၀၀ ပေးတယ်. ဘုရားသွားလိုက်တယ်။
အမက ယန်း တသောင်း ပေးရင် ..
အင်း..ကစားကွင်းသွားမယ်..ဟီး

ဇနိ said...

အမတန်ခူး မုန့်ဖိုးပေးပါဗျို့...
စုံတွဲလေး လာကန်တော့ပါတယ်ဗျို့..
သာလေးဖို့လည်း မုန့်တွေ ထားခဲ့ပြီဗျို့
ကိုဇနိ၊ မဇနိ

ပုံရိပ် / Pon Yate said...

အစ်မ တကယ့်အချစ်နဲ့ တွေ့တဲ့ အကြောင်းကို ရေးထားတာ ကြိုက်တယ်။ သူငယ်ချင်းကနေ ချစ်သူ ဖြစ်လာကြတဲ့ သူတွေက တပမ်းသာတယ်နော်။

Anonymous said...

အမတန်ခူး

မတက်ဂ်ပေမယ့် ဒီမှာလာရေးလိုက်တယ်နော်..

မြင့်ဦးဦးမြင့်ကတော့ပြောတယ်
အချစ်ဆိုတာ လေမှာကြဲပျံ့ သက်တန့်မျက်နှာတဲ့
မာယာကဝေယောင်ဆောင်လို့ ရေကြည်ကိုနှောက်သူပါတဲ့

မလေး အတွက်ကတော့ အချစ်ဆိုတာ
Serotonin, Oxytocin, Dopamine, norepinephrine
စတဲ့ ဦးနှောက်နဲ့ ကိုယ်ထဲသွားလာ လှည့်ပတ်နေတဲ့ ကယ်မီကယ်လ်နဲ့ ဟိုမုန်းတွေပဲ အစ်မရေ..

နှစ်နှစ်ပဲခံတယ်… အများဆုံးတဲ့ သိပံပညာရှင်တွေပြောတာပါ။
၂နှစ်ကျော်ရင်တော့ ဟိုမုန်းတွေ ကယ်မီကယ်တွေ ငြိမ်ကျသွားပြီး အချစ်မဟုတ်တော့ပဲ နားလည်မှု၊ စာနာမှုဖြစ်သွားတယ်လို့ ထင်ပါတယ်ရှင်။

သွားသေးဘူး။ ကြိုတင်ပြင်ဆင်ထားတာ..
အမ ကို အမြဲမျှော်မိနေပြီအစ်မ..

ကလိုစေးထူး said...

မတန်ခူးရေ...
မှတ်မှတ်ရရနဲ့ တက်ဂ်ထားပြီးတော့ ကျနော်က စာမရေးဖြစ်ဘူးဖြစ်နေတယ်။ အမြန်ဆုံး ရေးပါ့မယ်ခင်ဗျာ။ :)