Tuesday, January 14, 2014

တို့ ညီမတွေ ဘာကြောင့်ဝ



ကျွန်မဖေဖေနဲ့  မေမေက အထက်အညာဒေသက မြို့ ကလေးတမြို့ မှာ မွေးဖွားကြီးပြင်းခဲ့သူ…။ အဖေနဲ့ အမေဇာတိမြို့ ကလေးက ကျွန်မနဲ့ ငယ်ငယ်ကတည်းက လက်ပွန်းတတီး…။ ဘယ်လောက်ထိလဲဆို ကျွန်မကိုကျွန်မ အဲဒီမြို့ ကလေးသူလို့ ကို သတ်မှတ်ခံယူထားတဲ့ အထိ…။ အဲဒီမြို့ ကလေးမှာ အမေကြီးခဲ့တယ်…။ အဲဒီမြို့ ကလေးမှာ ကျွန်မအဒေါ်တွေကြီးခဲ့တယ်…။ အဲဒီမြို့ ကလေးမှာ ကျွန်မညီမတွေကြီးခဲ့တယ်…။ ဒီတခေါက် အဲဒီမြို့ လေး ကျွန်မရောက်တော့ အမေတို့ ခေတ်… အဒေါ်တို့ ခေတ်နဲ့ မတူတာ တခုသွားသတိထားမိတယ်…။ ကျွန်မညီမတွေခေတ်မှာ မြို့ ကလေးသူတွေက အရင်ခေတ်ကနဲ့ မတူ ပိုဝနေကြတာကိုပါ…။ တနေ့ တနေ့  တိုးတိုးလာတဲ့ ကျွန်မရဲ့ အလေးချိန်ကို တနေကုန်ထိုင်ရတဲ့ လုပ်ငန်းကြောင့်လို့  ရိုးမယ်ဖွဲ့ နေတတ်တဲ့ကျွန်မ… ကျွန်မစံချိန်ချိုးတဲ့ ညီမတွေ အတွေ့ မှာ ဘာကိုများ ရိုးမယ်ဖွဲ့ ရပါ့လို့  အတော်ကို ခေါင်းပူအောင် စဉ်းစားနေမိတယ်…။



အမေတို့ ခေတ်က မြို့ ကလေးသူတွေရဲ့ဖက်ရှင်က အထက်အညာဒေသရဲ့ အပူဒဏ်ကို ခံနိုင်အောင် မြန်မာအကျီင်္ရင်ဖုန်းလက်ပြတ်ကလေးတွေနဲ့  ပွင့်ရိုက်ချည်ထမီအဆင်စိတ်စိတ်လေးတွေကို ၀တ်ကြတယ်တဲ့။ ပြီးတော့ ခြေမျက်စိအထိရှည်တဲ့ ဆံပင်တပွေ့ တပိုက်ကြီးကို စိတ်ရှည်လက်ရှည် ကျစ်ဆံမြီးတချောင်းထဲ ကျစ်ထားပြီး တခါတလေ အညာကြက်ရုံးတွေ ဝေနေအောင် ပန်ထားတတ်တယ်တဲ့…။ မြန်မာအကျီင်္လေးတွေကို ချစ်တဲ့ကျွန်မက အဲဒီခေတ်က ဖက်ရှင်လေးကို ကျောင်းသူဘ၀ကတောင် ပြန်ဝတ်ကြည့်ခဲ့ဖူးတယ်…။ အဲဒီခေတ်က မြို့ ကလေးသူတွေရဲ့ ဖက်ရှင်တခုက စက်ဘီးလေးတွေပါပဲ…။ သိပ်မကျယ်လှတဲ့ မြို့ ကလေးမှာ စက်ဘီးကိုသာ အဓိကထား အသုံးပြုသွားလာကြတယ်…။ တအိမ်မှာ စက်ဘီးတစီးတော့ ရှိကြတယ်…။ ခေတ်စားတဲ့ စက်ဘီးအမျိုးအစားက ရလေးစက်ဘီးတွေပါ…။ မေမေအပျိုတုန်းက စီးတဲ့စက်ဘီးလေးက ကျွန်မတို့ အသက်ကြီးတဲ့အထိ စီးလို့ ရနေပါသေးတယ်…။ မနက်ဆိုလဲ အဲဒီစက်ဘီးလေးနဲ့ ကျောင်းသွားကြတဲ့မြို့ ကလေးသူလေးတွေ ညနေဆို သနပ်ခါးဖွေးနေအောင် လိမ်းပြီး တယောက်လက်တောင် တယောက်တွဲ စက်ဘီးစီးကြတယ်ဆိုပဲ…။ ပိုးပန်းချင်တဲ့ မြို့ ကလေးသားတွေကလဲ နောက်ကတကောက်ကောက် စက်ဘီးနဲ့ လိုက်… တချို့ က စက်ဘီးနင်းရင်း ချစ်ရေးဆိုသွားတတ်ကြသလို… တချို့ ကတော့ ရောင်စုံစာလှလှလေးကို စက်ဘီးရှေ့ ကခြင်းကလေးထဲ ထည့်ပေးသွားကြတာတဲ့…။ ခပ်ချောချော မြို့ ကလေးသူဆိုရင် စက်ဘီးရှေ့ ကခြင်းလေးက စာတိုက်ပုံးလေးဖြစ်လို့ ပေါ့…။ အဲဒီခေတ်က ခင်သန်းနု၊ တင်တင်ညိုတို့ ခေတ်ဆိုတော့ မြို့ ကလေးသူလေးတွေကလဲ ကိုယ်လုံးကိုယ်ပေါက် လှလှပပနဲ့  ယဉ်တကိုယ်မယ်လေးတွေတဲ့လေ….။



ကျွန်မအဒေါ်တို့ ခေတ်က မြို့ ကလေးသူတွေကတော့ တခါတလေ ရှပ်အကျီံအကွက်ကျဲ ပွပွကြီးတွေ ၀တ်တတ်သလို တခါတလေ အထက်အောက် ပြောင်ဝမ်းဆက်လေးတွေ ၀တ်တတ်ကြတယ်…။ ဆံပင်ရှည်တွေကို ဖါးလျားချပြီး စိတ်ကူးပေါက်ရင် စံပယ်ကုန်းလေးတွေကို သရဖူလေးလိုပန်ထားကြတာ ချစ်စရာပါ…။ အမေတို့ ခေတ်ကလို စက်ဘီးကို ကနွဲ့ ကလျမနင်းတော့ပဲ ခပ်သွက်သွက်နင်းတတ်တဲ့ သူတို့ စတိုင်ကလဲ စွဲမက်စရာ…။ အဲဒီခေတ်က ခေတ်စားတာကတော့ အရောင်စုံတဲ့ ပန်းမြို့ တော်စက်ဘီးလေးတွေပါ…။ နဂိုက အရောင်စုံတဲ့ စက်ဘီးလေးတွေကို ဘီးမှာ ထိုင်ခုံမှာ ခြင်းလေးမှာ အလှဆင်တဲ့ ပစ္စည်းလေးတွေတတ်တာ ခေတ်စားတော့ စက်ဘီးလေးတွေ လိုက်ငေးရတာနဲ့ တင် အပျင်းအတော်ပြေပါတယ်…။ အရောင်စုံစက်ဘီးလေးတွေနဲ့  အရောင်စုံမြို့ ကလေးသူလေးတွေ သိပ်ကို ပနံရလွန်းလှတယ်…။ သူငယ်ချင်းတွေ စက်ဘီးလေးစီး စကားလေးတပြောပြောနဲ့  တခါတလေ လက်တောင် လွှတ်စီးတဲ့အထိ ကျွမ်းကျင်ကြသူပါ…။ စက်ဘီးဘဲလ်နဲ့  အချက်အမျိုးမျိုးပေးတတ်ကြတဲ့ ကာလသားတွေကြောင့် ဘဲလ်သံကြားရင် အိမ်ရှေ့ ထွက်ပြီး မှုန်တေတေနဲ့ ကြည့်တတ်တဲ့ ကျွန်မဦးလေးတွေကြောက်လို့  ထွက်ပြေးတတ်တဲ့ စက်ဘီးတွေကလဲ အများသား…။ အဒေါ်တို့ ခေတ်က ခင်သီတာထွန်း၊ မြကြေးမှုံတို့ ခေတ်မို့  မြို့ ကလေးသူတွေက ပိုပြီးသွယ်လျလာကြတယ်…။



ဒီတခေါက် မြို့ ကလေးရောက်တော့ မြင်ကွင်းတွေက ပိုမှုန်ဝါးလာတယ်…။ စက်ဘီးဘဲလ်သံ ကလင်ကလင်နဲ့  ကြည်နူးစရာကောင်းတဲ့ လမ်းမထက်မှာ ဆိုင်ကယ်သံ တဝေါဝေါတွေက နေရာယူလာတယ်…။ ဆိုင်ကယ်ကထွက်တဲ့ မီးခိုးတွေနဲ့  မြင်ကွင်းတွေက မှုန်ဝါးလာသလို အနံ့ တွေကလဲ မလတ်ဆတ်တော့ဘူး…။ အရင်က တမာနံ့ သင်းသင်းလေးတွေထဲမှာ မီးခိုးနံ့ တွေရောထွေးလာတော့ အသက်ရှုရတောင် သိပ်မ၀သလို…။ မြို့ ကလေးနဲ့ အတူတွဲတွေ့ ရတတ်တဲ့ စက်ဘီးလေးတွေ ဘယ်ရောက်ကုန်ပါလိမ့်…။ တစီး… နှစ်စီး…။ ရေတွက်လို့ ရတဲ့အထိ နည်းပါးလာတယ်…။ အသိသာဆုံးက ကျွန်မညီမ မြို့ ကလေးသူတွေ…။ ချည်ထည်ပေါ်ပန်းတွေဖောက်ထားတဲ့ ခပ်ပွပွအကျီတွေနဲ့  ပါတိတ်လုံချည်တွဲဖက်ပြီး ဆိုင်ကယ်ပေါ်တက်ခွစီးတဲ့ ဖက်ရှင်ကတော့ ကျွန်မမျက်စိထဲ သိပ်မလိုက်ဖက်လှဘူး…။ အသက်ငယ်ငယ်လေးတွေနဲ့ ဝ နေကြတော့ နဂိုရှိတဲ့ အသက်ထက်တောင် ပိုကြီးသွားသလို… ။ သူတို့ တင်လားဆိုတော့ မဟုတ်…။ အရင်က တွေ့ ဖူးခဲ့တဲ့ မြို့ ကလေးသူတွေ အမေတို့  အဒေါ်တို့ ခေတ်က မြို့ ကလေးသူတွေလို မဟုတ်တော့တဲ့ ခန္ဓာကိုယ်မှာ အဆီတွေ ဘာကြောင့်တိုးလာသလဲ…။ မြို့ ကလေးသူတိုင်းကို တော့ မဆိုလိုပါ…။ ကျွန်မပတ်ဝန်းကျင်က တော်တော်များများ အဲလိုတွေ့ တွေ့ ရတော့ စဉ်းစားစရာ…။ ဘယ်သူများ တရားခံလဲပေါ့…။

နောက်ဆုံးမှာတော့ အိမ်တိုင်းအိမ်တိုင်းရှေ့ မှာ ရပ်ထားတဲ့ ခပ်မဲမဲအဲဒီအရာကြီးတွေက တရားခံဆိုတာ ကျွန်မသွားတွေ့ ပါတယ်…။ တခြားတော့ မဟုတ် လိုရာခရီးကို အားသိပ်စိုက်စရာမလို ရောက်အောင်ပို့ နိုင်တဲ့ ဆိုင်ကယ်တွေပါပဲ…။ အမေတို့  အဒေါ်တို့ ခေတ်က အထူးလေ့ကျင့်ခန်းလုပ်စရာမလို နေ့ တိုင်း သွားစရာလာစရာကို စက်ဘီးလေးအားစိုက်နင်းတော့ ခန္ဓာကိုယ်က အဆီတွေ ဘယ်ခံနိုင်လိမ့်မလဲ…။ ကျန်းမာရေးလဲကောင်း… လူလဲလှ... လိုရာခရီးလဲရောက် တချက်ခုတ်သုံးချက်လောက် ပြတ်တာ…။ ကျွန်မအဖိုးဆို အသက်ရှစ်ဆယ်အထိ အဲဒီမြို့ ကလေးထဲမှာ စက်ဘီးတစီးနဲ့ သွားလာ လှုပ်ရှားခဲ့တာ..။ ဆိုင်ကယ်တွေ ခေတ်စားလာတဲ့အခါ လေ့ကျင့်ခန်းမလုပ်ဖြစ်သူတွေအတွက် အဆီထပ်ထပ်တက်စရာ အကြောင်းဖန်လာတာပါပဲ…။ ပတ်ဝန်းကျင်လေကလဲ ပိုလို့ ညစ်ညမ်း… ပြီးတော့ အန္တရာယ်ကလဲ အများသား…။ တကယ်လို့ များ မြို့ ကလေးသူလေးတွေ အရင်ကလို စက်ဘီးလေးတွေ ပြန်စီးကြရင် ၀ခြင်း ဒုက္ခမှ ကင်းဝေနိုင်တဲ့အပြင် တနေ့ တခြားပူနွေးလာတဲ့ ကမ္ဘာကြီးကိုလဲ တဖက်တလမ်းက ကယ်တင်ရာရောက်မလားလို့  တွေးမိနေမိတော့တယ်...။

တန်ခူး

14-Jan-2014 4:53pm

5 comments:

Anonymous said...

အိမ်က ကား ရောင်းတော့မလား အမ :P

စုချစ် said...

နယ်တွေတော်တော်များများ ဆိုင်ကယ်ကိုအားကိုးနေကြပြီလေ... တော်တန်ရုံဝင်ငွေရှိတဲ့အိမ်မှန်သမျှ ဆိုင်ကယ်တစ်စီးတော့ ရှိကြတယ်... သူက ပိုက်ဆံလဲသိပ်မကုန် ခရီးလဲချုံ့နိုင် လူလဲသက်သာတာကိုးနော်...
မန်းလေးမှာဆိုလည်း ဆိုင်ကယ်တွေဆိုတာ တင်းကျမ်းပဲ.. သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ အရဲကိုးမှုကတော့ လန့်စရာ... လက်ဖျားခါချင်စရာ... မင်းကွန်းသွားတဲ့လမ်းမှာ အကွေ့ကြီးတစ်ခုရှိတယ်... ခဏခဏမှောက်လို့ သေလိုက်ကြတာအရမ်းပဲ...တဲ့...

သယ်ရင်းပြောသလို အရင်ခေတ်က စက်ဘီးလေးတွေကို လွမ်းမိပါရဲ့... နော်... အန်တီ့ပုံလေးတောင် မျက်လုံးထဲမြင်ယောင်လာတယ်... ချစ်စရာတအားကောင်းမှာ... :)

မောင်မျိုး said...

သူများတွေ ၀ တဲ့အကြောင်းစိတ်ကုန်စွာရေးကြရရင် ကျနော်ကတော့ ပြုံးစိစိနဲ့ ဘာမှကိုမလုပ်ပဲ ဘယ်လိုမှကို မ၀လာပဲ ဒီတိုင်းကိုဖြစ်နေတော့တာ ။

အစ်မရေးတဲ့စာလေးက ချစ်စရာ ခေတ်ပုံရိပ်ကလေးတွေနဲ့ ။

Kay Thwel said...

မတန်ခူး ပြောမှ..မြကြေးမုံ.. ကို ပြန်သတိရမိ..။ လွမ်းစရာတွေချည်းပါပဲလေ.. ဘ၀ ဆိုတာချည်းကိုက..း)

pandora said...

်စက်ဘီးကလေးစီးခဲ့တဲ့ အချိန်တွေကို သတိရမိ။
စင်ကာပူမှာ fit ဖြစ်အောင် နေမယ်ဆိုပြီး လေ့ကျင့်ခန်းလုပ်တဲ့ မရွေ့နိုင်တဲ့ စက်ဘီးဝယ်သေးတယ်။ နောက်တော့ သိပ်မလုပ်ဖြစ်ပဲ အဝတ်တင်တဲ့တန်းလိုလို ဖြစ်သွားလေတယ်။ :)