Tuesday, August 16, 2011

တို့ ခေတ်နဲ့  သူတို့ ခေတ်



“ဒီနေ့ တော့လေ… မင်းနဲ့ ချိန်းထားတယ်……ချက်တင်ထဲမှာတွေ့ ဖို့ ကွယ်
ည၈နာရီတိတိမှာ ငါလေဆက်ဆက်စောင့်နေမယ်….
ငါမင်းအတွက်ကွယ်….သီချင်းလေးရေးထားတယ်
ချက်တင်ထဲမှာ ပို့ လိုက်မယ်…
ခံစားနားဆင်ရင်းဝေဖန်ပေးကွယ်… တွေးရင်းနဲ့  ရင်ခုန်မိတယ်”
…………………………………………………………………………….
“ချက်တင်ထဲမှာ… တွေ့ ကြမယ်… စကားပြောကောင်းတဲ့ကောင်မလေးရယ်
ကိုယ်အမှားလုပ်ခဲ့မိရင်……ခွင့်လွတ်ပေးပါကွယ်
နေ့ တိုင်းသာပြောရရင်……သူစိတ်ဆိုးမှာကြောက်မိတယ်
ကိုယ်အရမ်းချစ်မိတယ်……ချက်တင်ထဲကကောင်မလေးရယ်”

အပေါ်က သီချင်းလေး နာမည်က “ချက်တင်ထဲကကောင်မလေး” တဲ့..။ ကျွန်မမောင်လေးဝမ်းကွဲ တယောက်က သီချင်းလေးတွေ နားထောင်ဖို့ ဆို အီးမေးလ်ပို့ လိုက်တာ နားထောင်ရင်း ဒီသီချင်းကျတော့ ကျွန်မတယောက်ထဲ ပြုံးမိပါတယ်။ ဒီခေတ်ကလေးတွေဆို အတော်ကို ရင်ခုန်လှုပ်ရှားစေမယ့် သီချင်းလေးပါ။ နားထောင်နေတဲ့ ကောင်မလေးက သူနဲ့ ညတိုင်း ချက်တဲ့ ကောင်လေးကို မှန်းဆတွေးပြီး ရင်တွေတဖျတ်ဖျတ်ခုန်နေမှာ ဖြစ်သလို နားထောင်နေတဲ့ကောင်လေးကလဲ သူနဲ့ ချက်တင်လုပ်ရတာ ဟာမိုနစ်ဖြစ်တဲ့ကောင်မလေးကို သတိရရင်ခုန်နေမှာ အမှန်ပဲ။ ဒီလောက် ရင်ခုန်စရာကောင်းတဲ့ သီချင်းလေးကို ကျွန်မက ဘာလို့ ပြုံးပြုံးကြီး နားထောင်နေမိပါလိမ့်။ နောက်ဆက်တွဲ တွေးမိသွားတာက… အော်.. ငါတော်တော် အဖွားကြီးဖြစ်သွားတာပဲ ဆိုတာပါ။

လွန်ခဲ့တဲ့ ၄နှစ်လောက်က ကျွန်မ ဟိုအရင်အလုပ်က လုပ်ဖော်ကိုင်ဖက် ကောင်မလေးတယောက်ရဲ့ မင်္ဂလာဆောင်သွားတော့ သူတို့ စတွေ့ ပုံလေးကို စလိုက်ရှိုးလေးနဲ့ ပြတဲ့အခါ သူတို့ ဇာတ်လမ်းလေးက ချက်တင်က စတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်မအတွက် အတော်ကို ထူးဆန်းခဲ့တာပါ။ ဘယ်နှယ့် တယောက်နဲ့ တယောက် မမြင်ဘူးကြပဲ သံယောဇဉ်တွေ အရင်တွယ်သွားကြတာလဲပေါ့။ ကံကောင်းလို့  ၂ယောက်လုံးချောချောလေးတွေ ဖြစ်နေကြလို့ …တကယ်လို့  ချက်တင်ထဲတွေ့  သံယောဇဉ်တွယ်မိတဲ့သူက အိမ်ထောင်ရှိနေရင်ဘယ်လိုလုပ်… မရိုးသားတဲ့သူဖြစ်ရင် ဘယ်လိုလုပ်… စသဖြင့်ပေါ့… ။ နောက်ပိုင်းကျတော့ အဲဒီလို မင်္ဂလာဆောင်တွေ သွားရစိတ်လာတော့ ချက်တင်ဇာတ်လမ်း… အွန်လိုင်းဇာတ်လမ်းတွေနဲ့ က နဲနဲယဉ်လာပါတယ်။ အဲဒီတော့မှ တချို့ တွေက ချက်တင်ထဲမှာ စကားပြောဆိုကြည့်… စကားပြောရတာ အဆင်ပြေရင် လူချင်းတွေ့ ဖို့ ချိန်း… သူရောကိုယ်ရော ကြိုက်လို့ ရလောက်ရင် ကြိုက်လိုက်ကြဆိုတာ ကျွန်မ သဘောပေါက်လာပါတယ်။ တခုပါပဲ… ကျွန်မက စာရေးတာ ၀ါသနာပါသူ။ သူများဇာတ်လမ်းတွေကို ပူးဝင်ခံစားတတ်သူ။ တချို့ တကယ့် အဖြစ်အပျက်လေးတွေ ကောင်မလေးနဲ့ ကောင်လေး သိပ်ချစ်ကြတဲ့ အကြောင်းများကြားရရင် ကိုယ်ပါရောရောင် ရင်တွေခုန်ပြီး စာတွေရေးချင်စိတ်တဖွားဖွား ပေါ်လာတတ်ပါတယ်။ ဒါပေမယ့်… ဒီချက်တင်ဇာတ်လမ်းတွေကတော့ ကျွန်မရင်ထဲသိပ်မတိုးလှပါဘူး။ အဲဒါ ခဏခဏကြားဖူးနေတဲ့ generation gapဆိုတာ ဖြစ်မှာပါ။

ဟိုတနေ့ က ရုံးမှာ ကျွန်မရဲ့ ဂျူနီယာကောင်လေးနဲ့  musicအကြောင်းပြောရင်း နင်ဂီတာတီးတတ်သလား မေးတော့ မတီးတတ်ပါတဲ့။ ကျွန်မက တို့ နိုင်ငံမှာ နင်နဲ့ ရွယ်တူကောင်လေးတွေ တော်တော်များများ ဂီတာတီးတတ်ကြတယ်လို့ ။ ကောင်မလေးတွေ အိမ်ရှေ့ က အုတ်ခုံလေးတွေမှာ ညညဂီတာတီးတဲ့ ယဉ်ကျေးမှုလေးက တို့ နိုင်ငံမှာ ရှိတယ်ဆိုတော့… သူက ကျွန်မကို ပြောပါတယ်။ ဘာလို့  အချိန်ကုန် လူပင်ပန်းခံမလဲတဲ့… အိမ်ကနေ smsလေးပို့ လိုက် ဒါမှမဟုတ် အဲကွန်းခန်းထဲမှာ ချက်တင်ထဲက ရင်ဖွင့်လိုက် ရတာပဲတဲ့။ သူ့ အိမ်ရှေ့ သွားလို့  သူ့ တွေ့ ရမတွေ့ ရ မသေချာဘူးတဲ့။ facebookပေါ်သွားရင် သူ့ ပုံလေးတွေ အိမ်ကနေ လှမ်းတွေ့ နေရတာပဲတဲ့။ ကျွန်မ ဘာမှ ပြန်မပြောနိုင်တော့ ပါဘူး။ အော်… သူတို့ ခေတ်က ဟုတ်သားလို့ ပဲ ခေါင်းငြိမ့်မိပါတော့တယ်။

ကျွန်မတို့ ခေတ်က ယောင်္ကျားလေးတွေ ခမျာ မိန်းခလေးတယောက်ကို ရဖို့ အတော်ကို လုံလစိုက်ထုတ် ကြိုးစားခဲ့ရတာပဲ။ ကိုယ်နေတဲ့  မင်္ဂလာဒုံကနေ ကောင်မလေးရှိတဲ့ကျောက်မြောင်းကို လျှောက်ပြန်သံပေးလုပ်ကြရသလို… ညဖက်အတော်မိုးချူပ်တဲ့အထိ မိဘတွေ အဆူခံပြီး ကောင်မလေး အိမ်ရှေ့ မှာ သီချင်းသွားဆိုကြရသေးတာ။ တက္ကသိုလ်ရောက်လာတော့ ပိုးရပန်းရတာ လွယ်သွားပြီဆိုပေမယ့်လဲ အာအိုင်တီကနေ အတန်းတွေလစ် ဘတ်စ်ကားကျပ်ကျပ်တိုးစီးပြီး အာစီတူးထဲ ဒုက္ခခံရတာမျိုးကလဲ အများသားလေ။ ကျောင်းခေါ်ချိန်မပြည့်လို့  တနှစ်အောက်ခံရတဲ့အထိ အချစ်သူရဲကောင်းတွေရှိလို့  တူးတူးရဲ့ ၇၅ရာခိုင်နှုန်းသီချင်းတောင် အတော်ခေတ်စားလိုက်ပါရောလား။

ဟိုးအရင်က ဂီတာမတီးတတ်ပေမယ့် ကောင်မလေးရှိတဲ့ သဇင်ရှေ့ သီချင်းဆိုချင်လွန်းလို့  လက်ဖျားတွေ အသားမာတတ်တဲ့အထိ ဂီတာကို ကြိုးစားပန်းစား သင်တဲ့သူတွေလဲရှိ။ ကျွန်မသူငယ်ချင်းတယောက်ဆို လာဆိုတဲ့သူတွေထဲ သူပါလို့ ကောင်မလေးသိရအောင် အဖွင့်သီချင်းလေးကို သူများနဲ့ မတူအောင် creative thinkingနဲ့  ဆိုတတ်သူပါ။ (နေ့ တိုင်းအဖွင့်သီချင်းလေက ဖိုးချိုရဲ့ ရေလိုအေးလို့  ပန်းလိုချမ်းမြေ့ပါစေတဲ့… ခုအဲဒီစုံတွဲလေးက အကြင်လင်မယားဖြစ်သွားပြီး သူတို့ မှာ ကျွန်မသားလေးနဲ့  ရွယ်တူ သမီးလေးတယောက်ရှိနေပါပြီ)။ ကျွန်မ အမျိုးသား သူငယ်ချင်းတယောက်ဆို စာမေးပွဲတွင်းကြီး စာကျက်နေရင်း ကောင်မလေးကို လွမ်းလွန်းလို့ ပါဆို သူငယ်ချင်းတွေ ဂျီကျ ညဘက်ကြီး အဆောင်ရှေ့ ကို ဆိုက်ကယ်နဲ့ အသွား ဆိုက်ကယ်မှောက်တာ စာမေးပွဲကို တက္ကသိုလ်ဆေးရုံကနေ ဖြေလိုက်ရပါတယ်။ အချစ်ကြီးကြပုံများပြောပါတယ်။

ဒီကြားထဲ ကိုယ်ကြိုက်မိတဲ့သူက အရမ်းနာမည်ကြီးတဲ့ အလှဘုရင်မလို လူမျိုးဆို အပြိုင်အဆိုင်တွေ ကြားထဲ ကိုယ့်ကို ပန်းကုံးစွတ်အောင် လုံ့ လစိုက်ထုတ်ကြိုးစားကြပြီး နောက်ဆုံးဇွဲဆု ရသွားတဲ့သူတွေလဲ ရှိတတ်သေးတာမိုလား။ ဒီဘက်ခေတ်မှာ ချစ်သူများနေ့ ဆို အလှဆင်ပြီး လိုချင်စဖွယ်ဖြစ်အောင် လုပ်ထားတဲ့ ပန်းစည်းလေးတွေကို စီးပွားရေးသမားတွေက လာဘ်မြင်ပြီးရောင်းကြတယ်။ တချို့ ချစ်သူတွေက အွန်လိုင်းပေါ်ကနေ၀ယ်ပြီး ရောင်းတဲ့ဆိုင်ကို deliveryလုပ်ခိုင်းလိုက်တာ။ ပန်းစည်းလေးတွေ့ ရင် ခုန်ပေါက်ပျော်သွားကြတဲ့ ကောင်မလေးတွေတွေ့ တော့ ကျွန်မတို့ ခေတ်က ပိတောက်ပင်ထိပ်ဖျားက ဦးဦးဖျားဖျားပွင့်တဲ့ ပိတောက်ပန်းလေးကို ချစ်သူကို ပေးချင်လို့  ကိုယ်ကိုယ်တိုင် အပင်ပေါ်တက်ခူးတတ်ကြသူတွေကို သတိရမိပါတယ်။

ကျွန်မစာဖတ်ပြီး လူငယ်လေးတွေက မတန်ခူးက တို့ ခေတ်က သူတို့ ခေတ်ထက် ပိုချစ်တတ်ကြတယ်လို့  ဆိုလိုချင်တာလားလို့  တလွဲမတွေးလိုက်ပါနဲ့ နော်။ ဒီဘက်ခေတ်က အချစ်ဇာတ်လမ်းတွေကို တွေ့ ရတော့ အံ့သြမိသလို တို့ ခေတ်က ဘယ်လိုများလဲဆိုတာ ဒီဘက်ကလေးတွေ အပျင်းပြေဖတ်ရအောင် ရေးလိုက်တာပါ။ Technologyတွေ စက္ကန့် မလပ် ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ mediaတွေကလဲ အမျိုးမျိုးပေါ်လာကြတော့ တို့ ခေတ်နဲ့ သူတို့ ခေတ်ကွာဟတာ တကယ်တော့လဲ မဆန်းလှပါဘူး။ Technology သိပ်မတိုးတက်သေးတဲ့ တို့ ခေတ်မှာ အတော်များများက manual တွေဖြစ်နေတော့ အချိန်အားလူအားတွေက ဒီဘက်ခေတ်ထက် ပိုသုံးကြရတာပါ။ ချစ်သူအိမ်ရှေ့ ညတိုင်းသွား ဂီတာတီးနေမယ့် အစား part timeသွားလုပ်လိုက်တာမှ ပိုက်ဆံမြန်မြန်စုနိုင်ပြီး ချစ်သူနဲ့ အမြန် အတူနေနိုင်တယ်ဆိုတဲ့ လက်တွေ့ ကျတဲ့ အတွေးတွေကို သူတို့ ခေတ်မှာ ပိုတွေးတတ်လာကြတာပါ။ အဲဒါမှလဲ တိုးတက်တဲ့ ခေတ်နောက် ကောက်ကောက်ပါအောင် လိုက်နိုင်တော့မှာ မိုလား။ ကျွန်မသားတို့ ခေတ်ကြတော့ ဘယ်လို mediaတွေ ထပ်ပေါ်ပြီး ဘယ်လို ခေတ်ပေါ်ဇာတ်လမ်းမျိုးလေးတွေ တွေ့ ရမလဲဆိုတာ ကြိုတင်မမှန်းဆနိုင်လောက်အောင်ပါပဲ။

တန်ခူး
3:09pm 16-Aug-2011


6 comments:

Anonymous said...

စောင့်ပါမေမေ

မေဓာဝီ said...

အဖွားကြီး မဖြစ်သေးပါဘူး မတန်ခူးက ရှေ့မီ နောက်မီပါ။ ဒါနဲ့ အမက သူများဇာတ်လမ်းတွေချည်း ပြောနေတာပဲ အမချစ်ချစ်က အမအတွက် ဘယ်လို တွေ ကြိုးစား ခဲ့ရတယ်ဆိုတာလဲ ရေးအုံးလေ။ :)

Maung Myo said...

ကျနော် ကော့မန့်ကြီး ပျောက်သွားတယ်ကေား(

T T Sweet said...

ခေတ်တွေကွာသွားပြီ တန်ခူးရေ။ အွန်လိုင်းမှာတွေ့ပြီး ကြိုက်ကြ၊ ကွဲကြတဲ့သူတွေ အများကြီး။တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ပေါင်းသွားကြတဲ့သူတွေလဲ တွေ့ဖူးတယ်။

သမီးတို့ခေတ်ရောက်ရင် ဘာတွေဖြစ်ဦးမယ် မသိဘူး။

ဇွန်မိုးစက် said...

မရေ... ဟက်ပီးဘလော့ဂ်ဒေးပါ။ ဒီပို့စ်မှာ ကော်မန့်လာရေးပေမယ့် ကွန်နက်ရှင်းမကောင်းလို့လား မသိဘူး...တက်မလာဘူး မရေ။ :(

Blog Day မှာ သတိတရနဲ့ လာနှုတ်ဆက်သူး)
ညီမဇွန်

သက်ဝေ said...

တန်ခူးရေ... ဧရာဝတီ အတွက် နှိုးဆော်စာပါ...

Bloggers for Ayeyarwady မှာ Vote ထားတဲ့သူ ၄၇ ယောက် ရပါပြီ။ Blogger အင်အား ၄၇ ယောက် နည်းပေမယ့် ကျွန်တော်တို့ ပထမအကြိမ်အဖြစ် စပါ့မယ်။ လာမယ့် သောကြာနေ့ ၂၃ ရက်မှာ ကျွန်တော်တို့ ပို့စ်ပြိုင်တူ တင်ကြရအောင်ပါ။ Vote ထားတဲ့သူ 47 ယောက်ရဲ့ Profile တွေပေါ်မှာ လိုက်ကြေညာပါ့မယ်။ ရက် သိရှိပြီးသူတွေက မသိသေးသူ များကို အမြန်ဆုံးပြောပြပါ..။ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ ဘလော့ဂါတွေ အားလုံးရဲ့ ဘလော့ဂ် အသီးသီးမှာ.. ဧရာဝတီ အတွက် ပို့စ်တစ်ခုစီ တပြိုင်နက်တင်ပြီး ကန့်ကွက်ကြရအောင်ပါ။ ညီညီညွတ်ညွတ်နဲ့.. ပါဝင်တိုက်ခိုက်ကြပါစို့။

လာမယ့် သောကြာနေ့... ၂၃ ရက် ပါ။

ဧရာဝတီအတွက် ဘလော့ဂါများရဲ့ ပထမအကြိမ် ကလောင်တိုက်ပွဲ စတင်လိုက်ကြရအောင်ပါ။

လာမယ့် သောကြာနေ့.. ၂၃ ရက်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ စတင်လိုက်ကြရအောင်။။

လေးစားလျက်

နတ်ဆိုးလေး