Wednesday, October 29, 2008

လမ်းမှား

စိတ်ထဲမှာ ကသိကအောက်နဲ့  အမြင်မတော်တာတော့ တော်တော်ကြာပြီ။ ပြောမယ်… ပြောမယ်နဲ့  မပြောဖြစ်တာ… ခုတော့ မအောင့်နိုင်လို့  ပြောလိုက်ပါပြီ။ တခြားတော့ မဟုတ်။ တခါတခါ အီးမေးလ်နဲ့ ရောက်ရောက်လာတတ်တဲ့ မြန်မာပြည်က မိန်းခလေး တချို့ ရဲ့ မပေါ်တပေါ်၊ မလုံ့ တလုံ… တချို့ ကျတော့ လုံးလုံးပေါ်၊ လုံးလုံးမလုံ ပုံတွေပါပဲ။ အမြင်မတော်ရင် မကြည့်ပဲနေပေါ့လို့  ပြောလို့ ရပေမယ့် ကျွန်မက ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့  ပတ်သက်ရင် မနေနိုင်သူ၊ လက်ရှိအခြေအနေကို သိချင်သူ၊ အထူးသဖြင့် မိန်းခလေး တယောက်ဖြစ်နေလို့  မြန်မာပြည်က မိန်းခလေးတွေ အကြောင်း ထဲထဲဝင်ဝင် စိတ်ဝင်စားမိသူ… နောက် မိခင်တယောက် အနေနဲ့  လက်ရှိလူငယ်တွေ ဘ၀ကို တစေ့တစောင်း လေ့လာချင်သူဆိုတော့ အရမ်းကို ဆိုးဝါးလွန်းတဲ့ ပုံတချို့ ကလွဲလို့  ကျန်တာတွေကို ကျွန်မ ကြည့်မိပါတယ်။

ကြည့်မိတိုင်း ကျွန်မ ရင်ထဲ ခံစားချက်နှစ်မျိုး ဖြစ်တတ်ပါတယ်။ တမျိုးကတော့ ဒေါသထွက် စိတ်ပျက်မိခြင်းနဲ့  တမျိုးကတော့ ၀မ်းနည်း စိတ်မကောင်း ဖြစ်မိခြင်းပါ။ အဲဒီ ဓာတ်ပုံ (သို့ ) ဗွီဒီယိုထဲက မိန်းခလေးတွေကို အကြမ်းဖျင်းအားဖြင့် ၃ မျိုးခွဲခြားနိုင်ပါတယ်။ ၁) ပိုက်ဆံ အရမ်းရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ ၂) ပိုက်ဆံ အရမ်းမရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ ၃) ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ မော်ဒယ် စတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးများ က များပါတယ်။ အဲဒီ ၃ မျိုးအပြင် တခြား အသိုင်းအ၀ိုင်းကလဲ ပါတတ်ပါတယ်။

အသိုင်းအ၀ိုင်းကို လိုက်ပြီး ဘာကြောင့် အဲဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကလဲ ကွဲပြားသွားမှာပါ။ ပိုက်ဆံ အရမ်းရှိတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေး တယောက်က ငွေလိုချင်လို့  လုပ်တာ လုံးဝမဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ချေရှိတာက ခေတ်မှီချင်လို့  နိုင်ငံခြားဆန်ချင်လို့ … နောက်ပေါ်ပြူလာဖြစ်ချင်လို့ ။ ၀တ်စားဆင်ရင်မှု ခေတ်မှီတယ်ဆိုတာ မပေါ့်တပေါ် ၀တ်မှ ခေတ်မှီတယ်ဆိုပြီး လွဲမှားစွာ ကောက်ချက်ချပြီး အတုခိုး ၀တ်ဆင်ကြတာပါ။ ခေတ်ရေစီးကြောင်း လိုက်လို့ ရပေမယ့် မိန်းခလေးတယောက်ရဲ့ အရှက်သိက္ခာကို ထိခိုက်စေမယ့် အ၀တ်အစားကို မရွေးချယ်သင့်ပါဘူး။ လုံလုံခြုံခြုံနဲ့  အိနြေ္ဒ ရမယ်ဆိုရင် ဘောင်းဘီဝတ်ဝတ်၊ စကပ်ဝတ်ဝတ် ၀တ်လို့ ရပါတယ်။ မနှစ်က သင်္ကြန်ပုံတွေမှာ အတော်အတင့်ရဲလာတဲ့ အ၀တ်အစားတွေ တွေ့ ရတော့ သက်ပြင်းအခါခါ ချမိပါတယ်။ တချို့ က ကိုယ့်ကို လူဝိုင်းကြည့်တာကို ဂုဏ်ယူပြီး တလွဲဆံပင်ကောင်း ဖော်နိုင်သမျှဖော်ကြရော။ အဲဒီနောက် အကျိုးဆက်တွေကတော့ ရင်လေးစရာတွေ ချည်းပါပဲ။ ကိုယ်က ကျပ်တည်းနေတဲ့ ခေတ်ကြီးမှာ သူများတွေထက် ကံထူးစွာ ငွေကြေးပြည့်စုံစွာ မတောင့်မတ မကြောင့်မကြနေနိုင်ပါလျက် ကိုယ့်တန်ဖိုးကိုယ်မြှင့်နိုင်ပါလျက်နဲ့  ကိုယ့်အန္ကရာယ် ကိုယ်ဖိတ်ခေါ်တဲ့ ၀တ်စားဆင်ရင်မှုမျိုးကို သတိထားသင့်ပါတယ်။ မိဘတွေကလဲ လမ်းမှန်ရောက်အောင် ဆွဲတင်ပြီး ဆုံးမသွန်သင်သင့်ပါတယ်။ အင်း… မိဘတွေ ကိုယ်တိုင်က လမ်းမှားပေါ်မှာ ဆိုရင်တော့….။

ပိုက်ဆံအရမ်းမရှိတဲ့ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းက မိန်းခလေးတွေအတွက် အတော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကလွဲလို့  ရွေးစရာလမ်းမရှိတော့ဘူးလို့  တိမ်တိမ်လေးတွေးမိနေအောင် သူတို့ အခြေအနေ သူတို့ ပတ်ဝန်းကျင်ကလဲ ဖန်တီးတာကို။ ငွေကြောင့်အဓိက မှားကြတာပါပဲ။ သူများဝတ်သလို ၀တ်ချင်မယ် သူများသုံးသလို သုံးချင်မယ်… တချို့ ကျတော့ စားဝတ်နေရေးကြောင့်တဲ့။ ဘယ်လောက်များ ရင်နာစရာကောင်းလိုက် သလဲနော်။ တကယ့်တော့… သူတို့ မှာ ရွေးစရာလမ်းရှိပါတယ်။ အဲဒီလမ်းကို မြင်နိုင်ဖို့  မြင်တတ်ဖို့ ကိုယ်ကိုယ်တိုင် လေ့လာတွေးခေါ်ဖို့ ရယ်… နောက် တယောက်ယောက်က လမ်းညွှန်ပေးဖို့ လိုပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် လေ့လာတွေးခေါ်နိုင်ဖို့  ပညာသင်ဖို့  အခွင့်အလန်းမရခဲ့တောင် စာကောင်းပေကောင်းတွေ များများ ဖတ်ဖို့ လိုပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနီးနားမှာ အဲဒီိလို အတွေးမှားပြီး ဖြတ်လမ်းနည်းလိုက်မယ့် မိန်းခလေးတွေများရှိရင် မဆိုင်သလို နေမယ့်အစား သွန်သင်ဆုံးမသင့်ပါတယ်… နာခံမယ့် အခြေအနေရှိရင်ပေါ့။ ဖြတ်လမ်းက ငွေအရလွယ်ပေမယ့်… အန္ကရာယ်တွေ ၀ိုင်းဝိုင်းလည်နေတာပါ။ ရိုးသားစွာ လုပ်ကိုင်စားသောက်ရင် ပင်တော့ပင်ပန်းမှာပေါ့… ဒါပေမယ့် လုံခြုံစိတ်ချရပါတယ်။

တတိယ အသိုင်းအ၀ိုင်းက သူတွေကတော့ မိန်းခလေးတွေ အဲဒီလို အရှက်တရားကင်းပြီး လမ်းမှားလိုက်ကြခြင်းမှာ တာဝန်မကင်းသူတွေပါ။ ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ မော်ဒယ် ဆိုရင် လှလှလေးဆိုတော့ သူတို့ ကို အားကျတတ်ပါတယ်။ တချို့ ဆို ရုပ်ရှင်မင်းသမီးတယောက်ကို ကြိုက်မိပြီဆို အရူးအမူးဖြစ်ပြီး သူလွှမ်းမိုးမှုကို ခံရပါတယ်။ သူဝတ်သလိုလေးဝတ်မှ သူနေသလိုလေးနေမှဆိုပြီး အတုခိုးကြရော။ ကြိုက်မိတဲ့ မင်းသမီးက လျှပ်ပေါ်လော်လီဆို သွားပြီ။ ကိုယ်နေတဲ့နေရာကို မမေ့သင့်သလို ကိုယ့်ယဉ်ကျေးမှုကိုလဲ မမေ့သင့်ပါဘူး။ ပြီးတော့… ကိုယ့်နောက်မှာ ကိုယ့်ကို ထမင်းကျွေးထားတဲ့ ပရိသတ်ရှိတယ်။ အဲဒီ ပရိသတ်ကို အဆိပ်အတောက်ဖြစ်စေမယ့်  အနေအထိုင် အပြောအဆိုတွေ တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ဒီခေတ်ကြီးမှာ မမြင်ကွယ်ရာဆိုတာ အတော်ရှားသွားပါပြီ။ လက်ကိုင်ဖုန်းလေး တချက်နှိပ်လိုက်ရုံနဲ့  ကိုယ့်ဇာတ်ရှုပ်တွေက ဗူးပေါ်သလို ပေါ်တာပါ။ ဒီတော့ လူရှေ့ ရော လူ့ ကွယ်ရာမှာ အနေအထိုင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါမယ်။ အဲဒီလိုတွေ လုပ်မှ နာမည်ပိုကြီးတယ် ပိုအောင်မြင်တယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုလဲ လွှင့်ပစ်သင့်ပါပြီ။ ရုပ်ပြ ကိုယ်ပြပြီး အလွယ်လိုက်ရင် ခဏပဲပေါ့။ အနုပညာဝမ်းစာပြည့်အောင် ကြိုးစားအားထုတ်တာမှ ရေရှည်ခံမှာပါ။ အနုပညာက အဓိက မဟုတ်ပဲ တခြား မသမာတဲ့ ရည်ရွယ်ချက်ရှိရင်တော့ တမျိုးပေါ့။
မြန်မာ မိန်းခလေးဆိုတာ အရှက်နဲ့ လူလုပ်တယ်။ ၀တ်စားဆင်ယင်မှု ယဉ်ကျေးသိမ့်မွေ့ တယ်။ အနေအထိုင် အသွားအလာက အစ ဗိုင်းကောင်းကျောက်ဖိ။ ဘယ်လောက် လှတဲ့ ဂုဏ်ပုဒ်လေးတွေလဲ။ ခေတ်ကြီးက ပြောင်းနေပြီ ဓာတ်ပြားဟောင်းတွေ လာမဖွင့်နဲ့ လို့ ဆိုချင်ဆို ကောင်းတဲ့ ဓာတ်ပြားဟောင်းတွေကို ပစ်ပယ်လို့ မှ မရပဲ။ ကိုယ်ဘာသာ ကိုယ်လုပ်ချင်သလို လုပ်မယ်… ကိုယ်နေချင်သလို နေမယ် ကိုယ့်ကိစ္စလို့  လွယ်လွယ်ပြောလို့ ရပေမယ့် ကိုယ့်လုပ်နေတဲ့ လုပ်ရပ်က ကိုယ့်အမျိုးဂုဏ်သိက္ခာကို ဖျက်နေသလိုမျိုးဆိုရင်တော့ တော်တော်တာဝန်ကြီးနေပြီဆိုတာ သတိထားသင့်ပါတယ်။ မြန်မာမိန်းခလေးတွေ အားလုံး ထက်မြက်ရဲရင့်ပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူရင်း အမျိုးဂုဏ်တင့်အောင် မြှင့်နိုင်တဲ့ မိန်းခလေးတွေ ဖြစ်အောင် ကြိုးစားကြပါစို့ လို့  ချစ်ခင်စွာ တိုက်တွန်းလိုက်ပါတယ်။

(စာကြွင်း - တန်ခူးက ပြောသွားတာများ လွယ်လိုက်တာ။ တကယ်တော့ ဒီကိစ္စက ဒီထက်နက်နဲ ကျယ်ပြန့် တယ်… အထူးသဖြင့် အသိုင်းအ၀ိုင်း နံပါတ် ၂ နဲ့  ပတ်သက်လို့ ပေါ့။ ဟုတ်ကဲ့… အဲဒီလိုများ ပြောခဲ့ရင် ပြုံးပြုံးလေး ခံဖို့ အသင့်ပါ။ ဖြေရှင်းရသလောက် ဖြေရှင်းကြည့်တာပါ။ စောင့်နေရင် ပိုများဆိုးသွားမလားလို့ ။ ပြောတော့ လွယ်တယ်နော်။ အသိုင်းအ၀ိုင်း နံပါတ် ၂ က ဒီဘလော့ဂ်ကို ဘယ်လို လာဖတ်မလဲ။ သူမဖတ်လဲ သူအိမ်နီးနားချင်းတွေ ဖတ်တော့ သူ့ ကို ပြောပြလို့ ရတာပေါ့နော်။ သူ့ အိမ်နီးနားချင်းတွေ မဖတ်လဲ သူ့ တနိုင်ငံထဲသားချင်းတွေ ဖတ်ပြီး အဆင့်ဆင့် ပြန်ပြောလို့ ရတာပေါ့နော်။ မျှော်လင့်ချက်သေးသေးလေးနဲ့  ရေးကြည့်တာပါ။ အမှားပါရင် ခွင့်လွှတ်ပါ)

တန်ခူး
1:20pm 29-Oct-2008

19 comments:

ကိုပေါ said...

တန်ခူးရေ…

Article 19 မှာ ပါတဲ့ freedom of expression ကို လွတ်လွတ်လပ်လပ်ကြီး အသုံးချနေတာ ဖြစ်မှာပေါ့…..(အဟီး…..နောက်တာပါ။)

တချို့ကလည်း တကယ်ကို Freedom of speech and expression ကို ကိုင်ပြီး လုပ်စားနေတဲ့လူတွေလည်း ရှိတယ်။ အဲသည်အထဲမှာ Hustler မဂ္ဂဇင်းပိုင်ရှင် Larry Flynt ရဲ့ အမှုတွေဟာ ထင်ရှားတယ်။ Larry Flynt အကြောင်း နာမည်ကြီး ရုပ်ရှင်တကားတောင် ရှိပါသေးတယ်။ ဒါပေမယ့် Flynt ကို ဝေဖန်သူတွေအများစုမှာ Feminist တွေက အဓိကပေါ့။

မြန်မာ့ယဉ်ကျေးမှုရှုထောင့်က ကြည့်ရင်တော့ လားလားမှ လက်ခံနိုင်စရာမရှိဘူးပေါ့လေ။ နောက်ပြီး လုပ်တဲ့နေရာမှာလည်း အနုပညာမပါတဲ့အတွက် အပေါစား၊ အညံ့စား၊ အလျှော်စားဖြစ်သွားတော့တာဘဲပေါ့။ ခေတ်ကြီးကလည်းမကောင်း၊ ကောင်းရောင်းကောင်းဝယ် လုပ်စားရတာကလည်းကြပ်၊ လူငယ်ပီပီ ၀တ်ချင်စားချင်၊ သုံးချင်ဖြုန်းချင်တဲ့စိတ်ကလေးက သွေးဆောင်တဲ့အခါ မခံနိုင်တော့ဘဲ လုပ်မိလုပ်ရာ လုပ်ကြတယ်ထင်ပါ့။

သို့သော်လည်း ယဉ်ကျေးမှုတွေကူးလူးရောယှက်လာရင် တချို့သောကိစ္စတွေက တားလို့ရတော့မယ်မထင်ဘူး။ ခေတ်ရေစီးကြောင်းရဲ့ အလျဉ်ကို သောင်ပြင်ထက်ကနေ စောင်ဖျဉ်တဘက်ကလေးနဲ့ တားရသလို ဖြစ်ချေတော့မယ်။

Anonymous said...

ဟုတ်တယ် အမရေ . . . မြင်ရတာ ရင်တောင်တုန်မိပါတယ်. . . ကမ္ဘာကြီးကပဲ ဆုတ်ကပ်ထဲရောက်လာတာလား . . .
# အသိုင်းအ၀ိုင်း နံပါတ် ၂ နဲ့  ပတ်သက်ရင်တော့ ကျယ်ပြန့် တဲ့ အကြောင်းအမျိုးမျိုးတွေ ရှိမှာပါ၊

Anonymous said...

ဟုတ်တယ် အစ်မရေ့ တစ်ခါခါ မြင်ရတွေ့ ရတာ ကျနော်တို့ ခေတ်လူငယ်ယောက်ျားလေးတွေ အတွက်တောင်မှ စိတ်မချမ်းမြေ့စရာ ။ ခေတ်နဲ့ အမှီလိုက်နိုင်တာ ခေတ်ဆန်တာကို အပြစ်မပြောလိုပေမယ့် ခေတ်ဆန်လွန်းပြီးမရှက်မကြောက် ၀တ်စားတာကိုတော့ စိတ်ပျက်မိတယ် သင်္ကြန်တုန်းက ပုံတွေကြည့်ပြီး အံ့သြတာကတော့ မပြောချင်လောက်အောင်ပဲ ။

khin oo may said...

အင်းပြောရခက်တယ်။

PAUK said...

သင်္ကြန် ဗွီဒီင်္ယိုပုံကြည့်ပြီးလန့်သွားတယ်..

သစ်နက်ဆူး said...

မတန်ခူးရေ....
ဗုဒ္ဓ၀င်တွေထဲမှာတော့ ကောသလမင်းကြီးရဲ့ အိမ်မက် ၁၆ချက်ဆိုတာရှိပါတယ်...
ဘုရား၊ရဟန္တာ မဟုတ်ဘဲ...ကြိုတင်မြင်ပြီး...ပြောခဲ့တာ
ကောသလမင်းကြီး....
နောက်တစ်ဦးက ကြိုမြင်သမျှကို ရဲရဲတောက်ပြောခဲ့ တယ်...
ဗိုလ်ချုပ်အောင်ဆန်း...ပေါ့..။
ကျုပ်တို့ နိုင်ငံကြီး ဖာနိုင်ငံ ဖြစ်မယ်...တဲ့..။
တိုင်းပြည်ပျက်နေပြီ မတန်ခူးရေ....
ကျနော်တို့ ဇာတ်သဘင်တွေကို ပေါင်လယ်စကတ်
မ၀တ်ရလို့  အမိန့် တွေ ထုတ်တဲ့ သူတွေက...
မော်ဒယ်တွေရဲ့ ခုနှစ်လွှာ ကခန်းထဲက မထွက်နိုင်ကြဘူး...။
စနစ်တစ်ကျနဲ့ အဖတ်ဆယ်လို့ မရအောင် တိုင်းပြည်ကို ဖျက်နေကြတာ....။
မြင်တွေ့ ရသမျှ စိတ်နာတယ်ဗျာ..။

Anonymous said...

ဟုတ်ပဗျာ တချို့ပုံများနဲ့ movie clips များကတော့ဆိုးဝါးလွန်းပါတယ် ကျွန်တော်ဆိုရှက်လွန်းလို့ မနဲအံကြိတ်ကြည့်ရပါတယ်၊နောင်ဆိုတွေ့တာနဲ့ ချက်ချင်းdelete ပဲခင်ဗျ ရှက်လွန်းလို့ပါ့။

Moe Cho Thinn said...

စေတနာပါတဲ့ ပို့စ်ပါပဲ မတန်ခူးရေ။
ပြောရရင်တော့ ဒီလိုဖြစ်ရခြင်းကို အကြောင်းအချက်တော်တော်များများ ရှိပေမဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ကိုပဲ ရောက်သွားမှာပါပဲ။

အသိုင်းအ၀ိုင်း နံပါတ် ၂ နဲ့ပတ်သက်ပြီးတော့ အခုဆိုရင် ပိုလို့တောင် များလာပြီ။ ဒီအရွယ်လေးတွေက စာသင်ခန်းမှာ ရှိနေရမဲ့ အရွယ်လေးတွေပါ။ စာကလဲ ကိုယ့်ပြည်မှာတောင် အေးအေးချမ်းချမ်း လောက်လောက်ငင သင်ရတာ မဟုတ်၊ စာမဖတ်တော့ ပညာလဲ လုံလောက်အောင် မရှိ။ ဒီကြားထဲ ဆင်းရဲတွင်းက နက်လေတော့ စနစ်ဆိုးရဲ့ ဓားစာခံ ဖြစ်ရတာပါပဲ။ အဲဒီဒဏ်ကို ကြံ့ကြံ့ခံဖို့ ပညာလိုပါတယ်။ သတ္တိလိုပါတယ်။ ကိုယ်ကျင့်တရား လိုပါတယ်။

နံပါတ် ၁ နဲ့ ၃ ကတော့ ကျော်ကြားမှုကို အရူးအမူး လိုတာထက် ပိုပြီး လိုချင်နေကြတာမို့ စိတ်ပျက်ရုံကလွဲပြီး..ကိုပေါပြောသလို တဘက်နဲ့ ကာမိနေသလို ဖြစ်နေတော့မယ်။ ဒီလိုလူတန်းစားဆိုတာကလဲ ခေတ်တိုင်း၊ တိုင်းပြည်တိုင်းမှာ ရှိသေးတာကိုးနော်။ မှားရင်လဲ ခွင့်လွှတ်ပါအုံး။

Anonymous said...

ပြောထားကြတာတွေ ပြည့်စုံလွန်းတော့ ဟို ... ဗမာစကား မတတ်တဲ့ အင်္ဂလန်က ဘလော့ခ်ဂါလို့ ဖြစ်သွားတယ် ...... ဟုန်တယ်ပေါ့၊ အကျိုးရှိပါ၏။

Kaung Kin Ko said...

ကျွန်တော်တော့ သူများ အတွင်းရေးကို ခိုးပြီး အင်တာနက်က ဖြန့် တဲ့သူတွေ၊့ ကိုယ့်မြန်မာ အမျိုးသမီး အချင်းချင်း မစာမနာ အဲဒီလို ပုံတွေနဲ့ ဝက်ဆိုဒ်ကို လူကြိုက်များပြီး ကြော်ငြာခ ရအောင် လုပ်နေတဲ့ ဘလော့ပိုင်ရှင် ဝက်ဆိုဒ်ပိုင်ရှင် တွေကို ပဲ မုန်းတီးမိတယ်ဗျာ။ ကျွန်တော်တို့ ကျောင်းက မြန်မာကျောင်းသားတွေထဲမှာ တောင် အဲလို ဝက်ဆိုဒ်တွေ လုပ်နေတဲ့သူတွေ ကျွန်တော် သိတာ ရှိတယ်။

Kaung Kin Ko said...

ကိုပေါ ကွန်မန့် က မိုက်သဗျာ။

Anonymous said...

အမရေ တခါတလေအဖြေမသိတာကောင်းတယ် ဟုတ်တယ်ဗျာ။ အရှေ့ဘက်ကမ်းခြေမှာမဟုတ်ဘူးအမ Kusu ကျွန်းမှာပါ အမ...

စူး said...

အမရေ.. နေကောင်းလား

အမ အသိုင်းအ၀ိုင်း နံပါတ်၂ နဲ့ပက်သက်ရင်
၂မျိုးထပ်ခွဲနိုင်ပါသေးတယ်။
၁မျိုးက မိသားစု စားဝတ်နေရေး ကြောင့်မှာ .. ဘယ်လိုမှ ကျားကန်မထားနိုင်လို့ ဖြစ်သွားရတာပါ ။အစက မြတ်နိုးလည်းသေချာမသိတော့ အဲဒါကို မစာနာနိုင်ခဲ့ဘူး။ နောက်တော့ သေသေချာချာသိတော့မှပဲ စာနာနိုင်ပါတော့တယ်။ အမ.. အဲဒီအသိုင်းအ၀ိုင်းမှာလဲ ဘွဲ့ရပီးသူတွေပါပါတယ်။ ပညာတတ်ခြင်းမတတ်ခြင်းဆိုတာထက် စီပွါးရေးကြောင့် မလုပ်ချင်ပဲ လုပ်နေရသူတွေ..
မိသားစုမှာ ယောင်္ကျားလုပ်သူရဲ့ ၀င်ငွေ မလောက်မငကြောင့် ကလေးကလဲနေမကောင်း.. နောက်ဆုံးးးးးးးး မလွှဲသာလို့ .. အဲလိုလုပ်နေရသူတွေ...အမ..သူတို့လိုလူမျိုးတွေက အသိရှိပေမဲ့ အခြေအနေကြောင့် ဖြစ်သွားရတယ်ဆိုတာ သိတဲ့နောက်မှာ.. မြတ်နိုးတို့က စာနာ နားလည်ပေးယုံကလွဲလို့ ဘာတတ်နိုင်မှာလဲ နော်..။


နောက်၁မျိုးက တော့
ကိုယ့်အခြေအနေနဲ့ မအပ်စပ် ပဲ အရမ်းကို ၀တ်ချင်စားချင်စိတ်လွန်ကဲသူများ ပေါ့ အမ။ အဲဒီလိုလူမျိုးတွေကိုတော့ ပြင်းထန်စွာ ရှုတ်ချသင့်ပါတယ်။ လူဆိုတာ ကိုယ့်မှာရှိတာလေးနဲ့ လှအောင်နေတတ်ရတယ်လေ။ အဲဒီလိုမနေနိုင်ပဲ သူများတွေလို မော်ကြွားချင်တဲ့စိတ်နဲ့ မဟုတ်တာတွေ လုပ်နေတဲ့ သူတွေထဲမှာ တက္ကသိုလ်ကျောင်းသူတွေ ရှိနေပါတယ်.. အမ။
လချုပ်နဲ့ဆိုလား နှစ်ချုပ်ဆိုလားပဲ..။ကဲ ..သူတို့ကျတော့ အပြစ်တင်သင့်တာပေါ့။ ဝတ်ချင်စားချင်ယုံလေးနဲ့ ဒီလိုတော့ မလုပ်သင့်ဘူးလေ..။
ကျန်တဲ့ အသိုင်းအဝိုင်းကိုတော့ မပြောလိုပါ။ ပြောစရာစကားလုံးမရှီလို့ပါ။

စကားမစပ်
အမ.. အမရေးပေးတဲ့ ကဗျာလေးအတွက်ကျေးဇူးပါပဲနော်..။
အမ ..ဒီနိုင်ငံက သက်ကြီးရွယ်အိုအကြောင်းလဲ ရေးထားတယ်လေ. အမက ဖတ်ဘူးလားးး

pandora said...

မှတ်ချက်ရေးမလို့ လာလာကြည့်ပြီး မရေးဖြစ်ဘူး။

အကြောင်းကြောင်းတွေထဲမှာ ထင်မိတာလေး တစ်ခုပါ။

တတ်နိုင်လွန်းသူတွေမို့ ဒီလို ဖြစ်သွားကြတာဖြစ်ဖြစ်.. မတတ်နိုင်လွန်းသူတွေမို့ ဒီလိုဖြစ်သွားကြတာဖြစ်ဖြစ်.. လူငယ်တချို့မှာ အနာဂတ် ဆိုတာရယ် ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ် ဆိုတာရယ် ပျောက်ဆုံးနေလို့ လို့ထင်မိတယ်။ မနက်ဖြန် သဘက်ခါ ဘာဖြစ်လာမှန်းမသိဘူး။ နောက်တစ်နှစ် ဆယ်နှစ် ဘာဖြစ်လာမလဲ မရေရာဘူး။ ပုံမှန်လမ်းကြောင်းမှာ လေ့ကျင့်သင်ကြားမှုတွေကလည်း ဘ၀မှာ ထိုက်ထိုက်တန်တန် ပြန်အသုံးချနိုင်မလား အသုံးချခွင့်ရမလား ဆိုတာ မသေချာဘူး။ ကိုယ့်ရှေ့မှာ လက်တလော လှမ်းမြင်နိုင်တဲ့ နမူနာကောင်းတွေကလည်း နည်းနည်းလာတယ။်

တခြားနိုင်ငံတွေမှာ ယဉ်ကျေးမှုအလျှောက် ခေတ်ဆန် ခေတ်မီကြတာ ရှိကြပေမယ့် အများစုအဖို့တော့ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်ရလောက်အောင် ပတ်ဝန်းကျင်ကို ဂရုမစိုက်တာမျိုးတော့ ဒီလောက်များများ ရှိမယ်မထင်ဘူး။ ငယ်စဉ်အချိန်မှာ ဖြတ်သန်းစရာတွေကို ဖြတ်သန်းခဲ့ကြလည်း အချိန်တန်တော့ somebody ဖြစ်ချင်သူအဖို့ ဖြစ်လာဖို့ အခွင့်အရေးတွေကိုလည်း မြင်နေရသူအဖို့ ကိုယ့်ကိုယ်ကို ဒီလောက် အထိခိုက်ခံမယ် မထင်ဘူး။ အခုလိုဗွီဒီယိုတွေနဲ့ လူတကာ သိအောင် ဖြစ်ပျက်ခဲ့သူဟာ အနာဂတ်မှာ လူကြီးဖြစ်လာရင် လူရိုသေရှင်ရိုသေ နေရာတခုကို ရောက်နိုင်ပါဦးမလား။

အသိုင်းအ၀ိုင်း ၁ အတွက် နောက်ဆန့်ကျင်ဘက် ရှုထောင့်တခုကတော့ ဘယ်လိုနေနေ ထိုင်ထိုင် အချိန်တန်တော့ သူတို့အတွက် အားလုံးအဆင်သင့်ပဲ။ အားထုတ်စရာလည်း မလိုဘူး။ ဘာကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ ထင်တိုင်းကျဲတာလည်း ဖြစ်နိုင်တယ်။

ဆောင်း said...

ဟုတ်တယ် မတန်ခူးရေ ကျမတော့ မိဘတွေကိုသာ အံ့သြ မိတယ် သမီးတွေကို မနိုင်တော့တာလား။ မျက်စိ မှိတ်ထားရတာလား လို့။ ကျမတော့ ၂၀၀၆က ခနပြန်တော့ လမ်း၂၇လမ်းထိပ် မြို့လယ်ခေါင်မှာ မီနီစကပ် ကျောဗလာ ရင်ညွှန့်အုပ်ရုံ အတွင်းခံမရှိနဲ့ တွေ့လိုက်ရတာ အောင်မယ်လေး တ မိပါရဲ့။ ကိုယ့်ညီမ သာဖြစ်ရင် ဒီနေရာ မှာ ပွဲပြီးလောက်ပြီ

တန်ခူး said...

ကိုပေါရေ… ကျွန်မရဲ့ စောင်ဖျဉ်တဘက်လေးက နဲနဲတော့ အကျိုးရှိလောက်ပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ပါ…

ရွှေခိုင်ရေ… ကမ္ဘာကြီးကပဲ ဆုတ်ကပ်ထဲရောက်လာတာလဲ ပါတာပေါ့နော်… ဟုတ်ပါတယ် အသိုင်းအ၀ိုင်း နံပါတ်၂ ကအတော်ကျယ်ပြန့် ပါတယ်… ခုလို လာလည်တာ ကျေးဇူးပါနော်… နောင်လဲ လာလည်ပါဦး…

မောင်မျိုးရေ… အမှန်ပဲ… စိတ်ပျက်စရာကောင်းနေတာကို သတိမထားမိကြဘူးလေ…

ပြောရတာ တကယ်ခက်တယ် မမရေ…

တို့ ဆို ဒါမြန်မာပြည်မှာတဲ့လားလို့  အံ့သြလို့ မဆုံးဘူး ပေါက်ရေ…

ကိုသစ်နက်ဆူးရေ… ကြားရတာ မြင်ရတာတွေအတွက် အတော်ကို စိတ်ထိခိုက်ရပါတယ်…

ဟုတ်ပါတယ် strike ရေ… မမြင်ရတာမှ စိတ်ချမ်းသာမိသေးဆိုတောမျိုးပေါ့နော်… ခုလိုလာလည်တာ ကျေးဇူးပါ… နောင်လဲ လာလည်ပါဦးနော်…

ချိုသင်းရေ… ပညာ၊သတ္တိ၊ကိုယ်ကျင့်တရားတွေနဲ့  လုံအောင်ဖုန်းနိုင်ကြပါစေလို့  ဆုတောင်းပေးမိပါတယ်…

ကျေးဇူးပါ ဒူကဘာ…

ကောင်းကင်ကိုရေ… အဲဒီလိုနည်းနဲ့  အသက်မွေးဝမ်းကြောင်းပြုနိုင်ကြတာ အံ့သြပါတယ်… ကိုယ်ချင်းစရာ ကင်းကြလို့ ပေါ့လေ…

အဲဒီကျွန်းကို မရောက်ဖူးဘူး ရွာသားလေးရေ… သာယာတယ်လို့ ပြောကြတယ်…

မြတ်နိုးရေ… ခုလို ထပ်ပြီးသေချာခွဲကြည့်လိုက်တော့ ပိုမြင်သာတာပေါ့နော်… စာနာစရာ၊ ယူကျူံးမရစရာ…ရင်လေးစရာ…မချင့်မရဲခံစားချက်တွေ စုံလို့ ပေါ့ညီမရေ…ကျေးဇူးပါညီမရေ…

ပန်ထောက်ပြသွားတာလေးက ကောင်းလိုက်တာ… အနာဂတ်တွေ ပျောက်ဆုံးနေတဲ့ ဘ၀တဲ့လားပန်ရယ်… ရင်ထဲမှာ မကောင်းဘူး…
ဆောင်းရေ… မိဘတွေလဲ တာဝန်မကင်းဘူးနော်… ဆောင်းတွေ့ သလိုသာ တို့ တွေ့ ရရင်… အင်း… ဟုတ်ပါ့… ကိုယ့်ညီမဆိုရင်… တကယ်ပွဲပြီးပဲ….

တားမြစ် ထားသော... said...

စိတ်ဝင်စားတဲ့ အကြောင်းအရာပါ။ ပိုစ့်ကိုရော ကွန်မန့်တွေကိုရော အသေအချာ ဖတ်သွားပါတယ်။ အမှတ်(၁) အသိုင်းအဝိုင်းအတွက် ကျွန်တော်ကတော့ မိဘ(သို့)အုပ်ထိန်းသူကို တာဝန်မကင်းဘူး ပြောပါမယ်။ အမှန်(၃) အသိုင်းအဝိုင်းအတွက်က သက်ဆိုင်သူ ကိုယ်တိုင်ရဲ့ အတ္တနဲ့ မိဘ(သို့)မဟုတ် အုပ်ထိန်းသူတို့ရဲ့ ရင့်ကျက်မှုပါပဲ။ ကိုပေါပြောသလို ယဉ်ကျေးမှုများ ပေါင်းစည်း တိုးတိုက်မှုခြင်းကလည်း ဒီအသိုင်းအဝိုင်း နှစ်ခုစလုံးကို သက်ရောက်မှုရှိနေမယ်လို့ ထင်ပါတယ်။

အမှတ်(၂) အသိုင်းအဝိုင်းမှာကတော့ အပေါ်မှာ ညွှန်းခဲ့တာတွေအပြင် လူမှုဘဝ ကျပ်တည်းတာလည်း ပါနေပါလိမ့်မယ်။ ပြောရမှာ ကျယ်ပြန့်တယ်ဆိုတဲ့သဘောကိုက အားလုံးနဲ့လည်း သက်ဆိုင်နေတယ်လို့ သဘောသက်ရောက်သလိုပါပဲ။

အနှစ်ချုပ်အနေနဲ့ကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေ လမ်းစဖြတ် အသတ်ခံထားရတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ ပညာတတ်(Educated) ဖြစ်တိုင်းလည်း အတွေးအခေါ်(Way Of Thinking) ပိုင်းမှာ အားနည်းနေတတ်ပါတယ်။ ပညာပါ မတတ်ဘူးဆိုရင်တော့ ပိုလို့ရင်လေးစရာပါ။ ဟုတ်ကဲ့ အမရေ... ပြောချင်တာတွေများတယ်။ ခုကို ဟိုပြောဒီပြောနဲ့ အတော်များသွားတယ်။

ကောင်းတဲ့ ပိုစ့်လေးပါပဲ။

“”သားလေးရဲ့ ပန်းချီဆိုတာတွေနဲ့ သားလေးအပေါ် ဖြစ်စေချင်တယ်ဆိုတာတွေကိုလည်း ခံစားသွားပါတယ်။

ပျော်ရွှင်အဆင်ပြေပါစေခင်ဗျား။

သုခမိန်(E-Journal)

တန်ခူး said...

ကိုသုခမိန်ရေ… မတွေ့ တာကြာပြီနော်… သူများကိုသာ ပြောတာ ကျွန်မလဲ ပျောက်နေတာပါပဲ… ဟုတ်ပါတယ်… အသိုင်းအ၀ိုင်း ၂က အားလုံးနဲ့ ပိုသက်ဆိုင်နေပါတယ်… ကိုသုခမိန် မီးမှောင်းထိုးပြသွားတာလေးတွေက အတော်မြင်သာပါတယ်… သားလေး အကြောင်းလဲ ခံစားသွားတာ ကျေးဇူးပါနော်…

Anonymous said...

A ma pyaw tae no: 2 a myo a sar lo myo ko ta khar essay yay pho a chat a lat shar yin twae mi tar a tu ka.. ae ka lay ma har a pyo win sa ka tae ka 'a may' phit tu ka yaung sar kae tar bar.. yin nar sa yar bar bal. sar wit nay yay a twat ko tar ta mee yae ba wa ko yaung sar kae tar bar...