Monday, June 16, 2008

သားနှင့် ထူးဆန်းသော မြန်မာဝေါဟာရများ


မနေ့ က ကျွန်မတို့ လူကြီးတွေအားလုံး ရုပ်ရှင်ကို အာရုံစိုက်နေတော့ သားက
သူ့ ကိုဂရုမစိုက်၍့ TVကို လက်ညှိးထိုးပြီး ထအော်ပါတယ်။ “ဒါပြီးပြီမယ်”တဲ့။
ကျွန်မတို့ အားလုံး သားရဲ့ ထူးဆန်းသော ဝေါဟာရကြောင့်ပြုံးမိကြတယ်။ တကယ်တော့ သားပြောချင်တာ “တော်ပြီ၊ ဒါရပ်လိုက်တော့” ဆိုတာမျိုးပါ။ သားက အဲဒီလို သူပြောချင်သလို
ပြောချတတ်တာမို့  တခါတခါ ငိုအားထက် ရယ်အားသန်ဖြစ်ရပါတယ်။

နဲနဲ အရွယ်လေးရလာတော့ သားက ကျွန်မလို ခေါင်းမာတတ်လာတယ်။ သူ့ အသက်လေး ပုစိနဲ့ ခေါင်းမာပြီး မပြောတတ်ပြောတတ်နဲ့  ဆန့် ကျင်လာတဲ့ အခါ ကြောက်အောင် မျက်နှာထားတင်းနေရပေမယ့် ရင်ထဲမှာတော့ ရယ်ချင်စိတ်က ကလိကလိ။
ကျွန်မက မငိုနဲ့ တိတ်လို့ ဆူရင် မျက်ရည်တွေကျရင်း “ငိုမယ်၊ငိုမယ်” လို့ ထပ်ခါထပ်ခါပြော။ သူ့ အဖေက နှပ်ချေးတွေသုတ်ပေးရင် “နှပ်ချေးပြန်ထည့်မယ်” လို့ ရစ်။ အလိုလိုက်တဲ့ 
သူ့ အဖေက နှပ်ချေးကို ပြန်ထည့်ချင်ဟန်ဆောင်ပေးမှ ကျေနပ်တယ်။

“အိပ်မယ်” ကို “အိပ်ယာဝင်မယ်” လို့ ရှည်ရှည်ဝေးဝေး ပြောတတ်သလို “ရေဗူးသေးသေးလေးနဲ့ ရေသောက်မယ်” ကို “ရေသေးသေးလေးသောက်မယ်”
လို့ ပြောတတ်တယ်။ “ဖေဖေချီ” လို့ ဘယ်တော့မှ မပြောပဲ “ဖေဖေချီမှာပေါ့”
လို့ ပြောလေ့ရှိပါတယ်။ တခါတလေ လူတွေမှာ သုံးရမယ့် အသုံးအနှုန်းတွေကို သူချစ်တဲ့ တိရိစ္ဆာန်တွေမှာ သုံးလေ့ရှိတယ်။ စိတ်တိုနေတဲ့ဆင်ကြီးကို မိုမိုဆင်angry၊ ဂါဝန်လေးနဲ့  ဖားမလေးကို frogညီမလေးလို့  ချစ်စနိုး ခေါ်တတ်သလို pigဖေဖေ၊ pigမေမေ၊ pigသားသားလို့ ဆွေမျိုးတွေ စပ်လို့ စပ်။ အိမ်လာလည်တဲ့ ဧည့်သည်တွေဆို သူ့ စကားတွေ မျက်စိလည်ရော။

သူ့ အဒေါ်က “ပြောစကားနားမထောင်ရင် ဘီးလူးကြီးကိုက်လိမ့်မယ်” လို့ ခြောက်လျှင် “ဘီးလူးကြီးပြောစကားနားထောင်မှာ” လို့ တလွဲပြန်ပြောတတ်သေးတယ်။ “ဖေဖေ့စကားနားထောင်မယ်၊ မေမေ့စကားနားထောင်မယ်” လို့ လွယ်လွယ်မပြောပဲ ဖတ်စာထဲကအတိုင်း “ဖေဖေ့စကားအလေးထား၊ မေမေ့စကားသားလေးစား” လို့  ရှည်ရှည်ဝေးဝေး ပြောရင် သူ့ အဖေက သူ့ ကို “စာအုပ်ကြီး” လို့ နောက်လေ့ရှိတယ်။

သူ့ စကားလုံးတွေ မှန်အောင် အတော်လေး စိတ်ရှည်ရှည် သင်ရပါတယ်။ “မေမေပုံပြောပါ”
လို့ မပြောပဲ “မေမေ စကားပြောမယ်” လို့ ပြောတော့ အဲဒီလိုပြောရင် ပုံမပြောပြဘူးဆိုမှ အမှန်ထွက်ပါတယ်။ တခုခုပေကျံသွားရင် “အခြောက်နဲ့ သုတ်မယ်” တဲ့။ wet tissue စိုစိုဖတ်ဖတ်ကို ငယ်ကတည်းက အတော်မုန်းပါတယ်။ ဘုန်းကြီးကျောင်း ခေါ်သွားရင်လဲ ထူးဆန်းတာတွေ ကြားရတတ်ပါတယ်။ မတ်ရပ်ဗုဒ္ဓဆင်းတုကို “ဗုဒ္ဓမတ်တတ်ရပ်”၊ လျောင်းတော်မူဗုဒ္ဓဆင်းတုကို “ဗုဒ္ဓအိပ်ယာဝင်” လို့ သူနားလည်သလိုခေါ်တတ်တယ်။

အဲဒီလို ဂွတီးဂွကျ မြန်မာဝေါဟာရတွေ သုံးတတ်တဲ့သားက တခါတလေ အံ့သြစရာ ကောင်းလောက်အောင် အချိန်အခါ နေရာဒေသအလိုက် အသုံးအနှုန်းတွေ မှန်နေတတ်ပြန်ရော။ ကျွန်မနဲ့ ကျွန်မခင်ပွန်း အကြောင်းအရာတခုကို အခြေအတင်ငြင်းနေတုန်း computer အာရုံစိုက်နေတဲ့သားက ထအော်ပါတယ်။
“နားငြီးလို့ ” တဲ့။ တခါ သူတို့ ကျောင်းက ကျောင်းသားတွေ group photo ရိုက်တာ ဓာတ်ပုံရလာတော့ ဓာတ်ပုံကြည့်ပြီး “ချစ်စရာလေး၊ချစ်စရာလေး” လို့ ပြုံးပြူံးကြီး ပြောနေတော့ သူ့ အဖေက မင်္သကာတာနဲ့  ချစ်စရာလေးကဘယ်သူလဲလို့ မေးတော့
ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်မလေးကို လက်ညှိးထိုးပြတော့ ကျွန်မတို့ မပြုံးပဲ ၀ါးလုးံကွဲရယ်မိပါတော့တယ်။

တန်ခူး
5:45pm 16-Jun-2008

11 comments:

ကိုပေါ said...

နှပ်ချေးပြန်ထည့်မယ်….ကို အကြိုက်ဆုံးဘဲ။ ထုံးစံအတိုင်း ကိုပေါလိုရာ ဆွဲတွေးရရင် ဒါတော်လှန်ရေးဗီဇပါတာဘဲ။

စူး said...

အမ သားလေးက တမင်ပြောတာနေမှာပါ.. သူ့ကို ချစ်စေချင်လို့လေ..
သားလေးက ချစ်စရာလေး နေမှာပဲနော်..။

nu-san said...

တန်ခူးရေ.. သားလေးက ချစ်စရာလေးနော်။ စကားပြောတတ်ခါစ ကလေးတွေ မပီကလာ ပီကလာ စကားပြောရင် အရမ်းအသည်းယားဖို့ကောင်းတယ်။ သူတို့လည်း စကားကို ၀ါကျမှန်မှန် အသုံးမှန်မှန် ဘယ်လို သုံးမရလဲဆိုတာ မသိသေးတော့ သူသိသလောက်လေး သုံးတာကပဲ ချစ်ဖို့ကောင်းနေပြီ။ အဖေရော အမေရော စိတ်ရှည်ရှည်သင်ပြပေးနေတော့ သိပ်မကြာခင် ကောင်းကောင်းပြောတတ်သွားမှာပါ။

pandora said...

ဒါမျိုးလေးတွေ များများလုပ်ပါ မတန်ခူးရဲ့
ချစ်စရာကောင်းလိုက်တာ

Kaung Kin Ko said...

ကလေးလေးက ချစ်စရာလေး နေမှာနော်း-)

Anonymous said...

ခလေးက ချစ်စရာကောင်းလိုက်မယ့် ဖြစ်ချင်း အပြင်မှာတွေ့ ရင်း ပါးလေးကို ချိုက်ဝင်သွားအောင် နမ်းပစ်မိမယ်ထင်တယ် ဟားဟား ကျနော်က ခလေးချစ်တက်တယ်ဗျ ။ သားလေးက စကားပြောတာလေးက တယ်ထူးဆန်းပါလားး
“ရေသေးသေးလေးသောက်မယ်” တဲ့ အခုမှပဲကြားဖူးတော့တယ် ။ ဟီးး ကောင်မလေးက ချစ်စရာကောင်းမှန်းတော့ သူသိသားး လူလည်ကလေးး :P ။

သက်ဝေ said...

“ဖေဖေ့စကား အလေးထား၊ မေမေ့စကား သားလေးစား” တဲ့လား...။
တန်ခူး သားလေးက လူတတ်ကလေးဘဲ...။
ကျန်းမာပြီး လိမ္မာရေးခြားရှိတဲ့ အသိဥာဏ်ပညာ ထူးချွန် ထက်မြက်တဲ့ သားကလေးတစ်ယောက် ဖြစ်ပါစေလို့  ဆုတောင်းပေးတယ်နော်...။

တန်ခူး said...

အင်း…ကိုပေါပြောသလိုများ ဖြစ်နေသလားပဲ…

ကိုယ့်သားမိုလို့ လားတော့မသိဘူးမြတ်နိုးရေ…ကိုယ့်မျက်စိထဲမှာ သားလေးက
အမြဲချစ်ဖို့ ကောင်းနေတာ…

နုရေ…အဲလိုမျှော်လင့်ရတာပဲ…ခုထိတော့တလွဲတွေပဲ…

ပန်ရေ…သားလေးအကြောင်းက ရေးစရာတွေအများကြီး…
ဒါပေမယ့် ရိုးအီသွားမှာကြောက်လို့ …ခုလိုအားပေးရင် နောက်ရေးမှာပေါ့….

ချစ်စရာ အရွယ်လေးမို့ ထင်ပါရဲ့  ကောင်းကင်ကိုရေ….

ဟုတ်တယ်မောင်မျိုးရေ…တခြားဟာတွေသင်ရတယ်..ဒါကျတော့ သင်စရာမလိုဘူး….

ပေးတတ်ဆုနဲ့ ပြည့်ပါစေ သက်ဝေရေ….

Anonymous said...

သားလေးက ချစ်စရာလေးနော်…

တန်ခူး said...

သားလေးက တို့ အတွက်တော့ ဒီလောကမှာ ချစ်စရာ အကောင်းဆုံးလူသားလေးပေါ့ အိမ့်ရယ်…..

Anonymous said...

အမသားလေးအကြောင်းတွေဆက်ပါဦး ..
အခုမှဖတ်ဖြစ်ပေမဲ့အရမ်း သဘောကျတယ်
အမတို့မိသားစုလေးက ပျော်စရာလေးနော် ..