Monday, January 21, 2008

ငယ်ဘဝ


အဲဒီတုန်းက ငါဟာ အပြူံးတုတွေ ပေးတတ်တဲ့ လူတွေနဲ့ ကံကောင်းစွာ မတွေ့ခဲ့ တာလား...ဒါမှမဟုတ် ငါကိုယ်တိုင်ကပဲ အပြူံးစစ်တွေလို့ နုံအစွာ ယုံကြည်နေခဲ့တာလား...။

အဲဒီတုန်းက ငါက လူတွေကို မျက်စိ မှိတ်ပြီး ယုံကြည် ခဲ့တာလား...ဒါမှမဟုတ် အံ့သြစရာ ကောင်းစွာ ယုံကြည်ရတဲ့ လူတွေနဲ့ တကယ်ဆုံခဲ့တာလား...။

အဲဒီတုန်းက ငါဟာ ကတိစကားမှန်လျှင် တည်ရမြဲလို့ ရူးသွပ်စွာ ကောက်ချက်ချခဲ့ တာလား...ဒါမှမဟုတ် ထူးဆန်းစွာ ကတိတည်တတ်တဲ့ လူတွေနဲ့သာ တွေ့ခဲ့တာလား...။

အဲဒီတုန်းက ငါချစ်တဲ့သူတွေက ငါ့အနားမှာ အမြဲရှိနေခဲ့တာလား...ဒါမှမဟုတ် ငါက ငါချစ်တဲ့သူတွေဆီက ဘယ်တော့မှဝေးဝေး မသွားခဲ့တာလား...။

အဲဒီတုန်းက ငါဟာ ပျော်ရွှင်စရာ တွေကိုသာ အမြဲရှာဖွေ နေခဲ့ တာလား...ဒါမှမဟုတ် ပျော်ရွှင်စရာတွေက သဘောကောင်းစွာ ငါ့ဆီ ရောက်လာတတ်တာလား...။

အဲဒီတုန်းက ငါဟာ အိပ်မက်ချိုချိုတွေကို ရွေးမက်ခဲ့ တာလား...ဒါမှမဟုတ် ငါ့အိပ်မက်တွေရဲ့ အရသာကိုက ချိုမြနေတာလား...။

အဲဒီတုန်းက ငါ့ရဲ့ညတွေမှာ လအမြဲသာ နေခဲ့တာလား...ဒါမှမဟုတ် လသာတဲ့ညတွေမှပဲ ငါနိုးထခဲ့တာလား...။

အဲဒီတုန်းက ငါလျှောက်တဲ့ လမ်းတိုင်းက ဖြောင့်ဖြူး နေခဲ့တာလား...ဒါမှမဟုတ် လမ်းဖြောင့်ဖြောင့်တွေကို ငါရွေးလျှောက်ခဲ့တာလား...။

အဲဒီတုန်းက ငါကိုယ်တိုင်က အဖြူရောင်လား...ဒါမှမဟုတ် အဖြူရောင်တွေကြားထဲက ငါလား...။

အဲဒီတုန်းက ငါ့ကဗျာတွေက ပျိုမျစ်နေခဲ့တာလား...ဒါမှမဟုတ် ပျိုမျစ်နေတဲ့ ငါ့နှလုံးသားက ရေးခဲ့လို့လား...။

တန်ခူး

5:30PM 21-Jan-2008

6 comments:

Ko Paw said...

တကယ်ကောင်းတဲ့ အတွေးစုပါဘဲ။

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာ
အရွယ်တော် တဆိတ်ဟိုင်းတာနဲ့
စိတ်ရိုင်းတွေဝင်လာပြီး
ဖြူပါပေ့ဆိုတဲ့နှလုံးသား
ပန်းချီကားတချပ်လို ဖြစ်လာတယ်.......ဆိုတဲ့ လူမျိုးနော်ရဲ့ ကဗျာလေးကို သတိရမိတယ်။

တန်ခူးတခါက ရေးခဲ့ဘူးတဲ့ “ဒါကို ကိုယ်က ဘ၀လို့ ကြီးကြီးကျယ်ကျယ် အော်ဟစ်ပြီး လက်ပစ်ကူးပြရမှာလား...” ဆိုတာလေးကိုလည်း ကြားယောင်မိတယ်။

ထနောင်း said...

တန်ခူးရေ...လာလည်သွားတယ်။"ငယ်ဘဝ"ရဲ့မေးခွန်းတွေ အရိုးသားဆုံး ဖြေကြည့်သွားပါတယ်။ အမှန်တရားကတော့ သူ့ထုံးစံ အတိုင်းခါးသက်သက်နဲ့။

ကလိုစေးထူး said...

စာတွေ လာဖတ်သွားပါတယ် မတန်ခူးခင်ဗျာ။ အတွေးလေးတွေ အနုပညာဆန်ပါတယ်။

တန်ခူး said...

ကိုပေါရေ...အတိတ်ချိုချိုတွေက ဖိတ်ခေါ်စရာမလို ရောက်ရောက်လာတတ်တော့ အဖြူရောင်ပန်းချီကားတချပ်ကို ပြန်တမ်းတမိတယ်...။ အဲဒီဘဝဆိုတာကြီးထဲ လက်ပစ်ကူးရတာ လက်ပန်းကျမတတ်ပါပဲ။

ထနောင်းရေ...ခါးသက်သက်အမှန်တရားတွေက ဘဝလား။ ဒါမှမဟုတ်...ခါးသက်သက်ဘဝက အမှန်တရားလား။ မဆုံးနိုင်တဲ့မေးခွန်းတွေ....။

ကိုစေးထူး...တကူးတက လာလည်တာ ကျေးဇူးကမ္ဘာပါ။ commentလေး အတွက်က (ကျေးဇူးကမ္ဘာ)နှစ်ထပ်ပါ။ မကြာမကြာလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

pandora said...

ငယ်ငယ်ကနဲ့တော့ တကယ့်ကို မတူတော့တာ အမှန်ပဲ
သည်တောက ခက်လိုက်တာ...

တန်ခူး said...

ပြန်မရနိုင်တဲ့ ငယ်ဘဝတွေက တမ်းတစရာပေါ့ ပန်ရယ်။