Monday, January 7, 2008

ပီတိသက်သက်စားသုံးသူ

သူ့ကို ကျောင်းသူ၊ကျောင်းသားတော်တော်များများနဲ့ သူတို့ရဲ့မိဘတွေက လေးစားရိုသေကြတယ်။ သူမို့လမ်းလျှောက်ထွက်ရင် ကလေး၊လူငယ်၊လူလတ်၊လူကြီး အကုန်ဝိုင်းပြီး ရိုရိုသေသေ နှုတ်ဆက်ကြတယ်။ အဲဒီအခါ သူ့နှုတ်ခမ်းတွေ၊သူ့မျက်လုံးတွေမှာ ပီတိတွေ ဖုန်းလို့။ သူ့အရပ်က အတော်မြင့်ပြီး၊သူ့အသားက မြန်မာပီသစွာ ညိုတယ်။ သူ့အသံက နူးညံ့သိမ်မွေ့တယ်။ သူက နာမည်ကြီး ရဲဝန်ထောက်ဟောင်းတဦး။ ဗိုလ်ချူပ်နဲ့အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့အမှုရဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှာ သူပါဝင်ခဲ့တယ်လို့ ကြားဘူးတယ်။ တခါတခါ စိတ်လိုလက်ရရှိရင် သူငယ်ငယ်က ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်လေ့ရှိတဲ့ စောင်းကြီးကို တမြတ်တနိုးတီးခတ်တဲ့အခါ အိမ်နီးချင်းတွေက ငြိမ်သက်စွာ နားထောင်ခံစားကြတယ်။ မြန်မာ့လက်ရွေးစင် တင်းနစ်ချံပီယံတယောက်ဖြစ်ခဲ့ဘူးတဲ့သူက အသက်အရွယ်ရတဲ့အထိ လူငယ်လေးတယောက်လို ကစားတုန်း။ သူရဲ့အလုပ်ကြောင့်၊ သူရဲ့ အားကစားထူးချွန်မှုကြောင့်၊ သူ့ရဲ့စောင်းတီးပညာကြောင့် နိုင်ငံခြားကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ဘူးတယ်။

သူ့မှာအရင်က ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုကလေးတစု ပိုင်ဆိုင်ခဲ့ဘူးတယ်။ သူ့အမျိုးသမီးက သူနဲ့လိုက်ဖက်တဲ့ ပညာတတ်မိန်းမတဦး။ ထက်မြက်တဲ့ မိဘနှစ်ဦးကပေါက်ဖွားလာတဲ့ သားနဲ့သမီးက ပညာအလွန်တော်တယ်။ ဝမ်းနည်းစရာကောင်းစွာ သူ့အမျိုးသမီး၊သူ့သား၊သူ့သမီးတို့ အလွန်စောစီးစွာ တနှစ်ပြီးတနှစ် လောကကြီးထဲက စွန့်ခွါပြီး သူ့ကိုတယောက်ထဲ ထားပစ်ခဲ့တယ်။ ဆရာဝန်တောင်ဖြစ်ခွင့်မရဘဲ ဆေးကျောင်းတက်နေရင်း ဘဝတပါးကို ကူးပြောင်းသွားတဲ့ သမီးလေးအဖြစ်ကို သူအလွန်ယူကျုံးမရဖြစ်ခဲ့တယ်။ အရင်ဘဝက ပညာဒါနနဲခဲ့လို့ ဒီဘဝမှာ ဒီလိုအဖြစ်ဆိုးတွေ ကြုံရတယ်ဆိုပြီး အဲဒီကစလို့ သူ့ရဲ့ပညာဒါန မျိုးစေ့ချဖို့ နိဒါန်းစခဲ့တယ်။

အိမ်ရှေ့မျက်နှာစာမှာ သံဇကာကွက်တွေ အပြည့်ကာထားတဲ့ သူနေတဲ့ တထပ်ပျဉ်ထောင်အိမ်ကြီးကြီးကို 'ဘဘကြီးကျုရှင်' လို့အများကသိကြတယ်။ သူ့ကို ကျောင်းသူ၊ ကျောင်းသားတွေအပြင် မိဘတွေကပါ 'ဘဘကြီး'လို့ နှုတ်ကျိုးနေကြတယ်။ သူက အင်္ဂလိပ်စာဘာသာတခုထဲကို အသက်အရွယ်မရွေး အဖိုးအခမယူပဲ ပညာဒါနပေးလှူတယ်။ 'ဘဘကြီးကျူရှင်'ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုက ကျူရှင်ပြန်ချိန်ဆို ဘဘကြီးကိုကန်တော့ပြီးမှ ပြန်လေ့ရှိတယ်။ 'ဘဘကြီးကျူရှင်'က တခြားကျူရှင်တွေလို ခုံတန်းလျားတွေနဲ့ တတန်းပြီးတတန်း မသင်ဘူး။ ကိုယ်အဆင်ပြေတဲ့အချိန် လာသင်ပြီး ကြိုက်သလောက်နေလို့ရတယ်။ ကြမ်းပေါ်မှာထိုင်လို့ရတဲ့ စားပွဲဝိုင်းလေးတွေ အများကြီးထောင်ထားရာ ကိုယ်အဆင်ပြေတဲ့နေရာမှာ ကိုယ့်ဘာသာ ခုံဝိုင်းလေးချပြီး စာလုပ်ရတယ်။ စာအုပ်စင်တွေမှာ သူ့လက်ရေးနဲ့ အစီအစဉ်တကျ ပြင်ဆင်ပေးထားတဲ့ အတန်းလိုက်သင်ခန်းစာတွေက စနစ်တကျ။ Grammer သင်ခန်းစာတွေကလဲ စီစီညီညီ။ သူက အတန်းတူရာတူရာ နာမည်တွေခေါ်တဲ့အခါ သူ့ဘေးမှာ ဝိုင်းထိုင်ပြီး သူသင်ကြားတာနာယူကြတယ်။ မူကြိုအရွယ်ကလေးကနေ ဘွဲ့ရအလည် လုပ်ငန်းခွင်ကလူတွေအဆုံး အသက်အရွယ်မျိုးစုံ လာကြတယ်။ သူမွေးထုတ်ပေးခဲ့တဲ့ အင်္ဂလိပ်စာဂုဏ်ထူးရှင်ပေါင်းက မရေမတွက်နိုင်။

ကျွန်မတို့ငယ်ငယ်ကတော့ အင်္ဂလိပ်စာအခြေခံကောင်းအောင် မိဘတွေက နွေကျောင်းပိတ်ရင် ဘဘကြီးဆီ တနေကုန်ပို့ထားတတ်တယ်။ အပျင်းကြီးတဲ့ မောင်လေးက တခါတလေ နေ့ခင်းဘက်အိပ်ပျော်သွားရင် ဘဘကြီးကပြုံးပြုံးနဲ့ ခေါင်းအုံးလေးလာပေးတတ်တယ်။ မောင်လေး ကျောင်းပျော်အောင် တင်းနစ်ဘောလုံးဝါဝါလေးတွေပေးပြီး စိတ်ရှည်ရှည်နဲ့ စာသင်ပေးတတ်တဲ့ ဘဘကြီးပါ။ သူ့အိမ်မှာနေ့တိုင်းကျောင်းသားတွေနဲ့ စည်ကားနေမြဲ။ အထီးကျန်လွန်းတဲ့ သူ့ဘဝ၊ သူ့အချိန်တွေကို စာသင်ခြင်းအလုပ်နဲ့သာ ကုန်ဆုံးစေတယ်။

ကျွန်မ ဘဘကြီးကျုရှင်စတက်တော့ ငါးတန်း၊၊ ဘဘကြီးအသက်ခြောက်ဆယ်ကျော်။ ကျွန်မ တဣသိုလ်ရောက်တော့ ကျန်းမာရေးကောင်းသေးတဲ့ ဘဘကြီးက သေဖို့အတွက်ကြိုတင် ပြင်ဆင်တဲ့အခါ ကျွန်မငယ်သေးတော့ တော်တော်စိတ်မကောင်း ဖြစ်မိပါတယ်။ သူခန္ဓာကိုယ်ကို ကြိုတင်လှူဒါန်းခြင်း၊ သူ့ပိုင်ဆိုင်မှူတွေအားလုံးကြိုတင်လှူဒါန်းခြင်းတွေကို စတင်ပြင်ဆင်ပါတယ်။ အားကစားသမားတဦးဖြစ်လို့ ဘဘကြီးအသက်တွေ အရှည်ကြီး နေရဦးမယ်လို့ ယုံကြည်နေမိခဲ့တယ်။ ဘဘကြီးနေမကောင်းဖြစ်ရင် ပြုစုမယ်လို့စိတ်ကူးထားတဲ့ကျွန်မ ဘဘကြီးတကယ်ဆေးရုံတက်ရတော့ စာမေးပွဲကြီးနဲ့မို့ ဆေးရုံကိုခဏပဲ ရောက်ဖြစ်ခဲ့ပါတယ်။ ဘဘကြီးရဲ့ကြည်လင်နေတဲ့ မျက်နှာကြောင့် ဘဘကြီးဘာမှမဖြစ်နိုင်သေးဘူးလို့ ယုံကြည်နေခဲ့မိတယ်။ စာမေးပွဲပြီးရင် ဘဘကြီးဆီ အကြာကြီးသွားပြီး ပြုစုမယ်လို့ အားခဲခဲ့ပေမယ့် ဘဘကြီးကလောကကြီးကစွန့်ခွါ သွားခဲ့ပါတယ်။

အသက်ရှင်တုန်းက ကျေးဇူးဆပ်ခွင့် နဲနဲလေးတောင်မရလိုက်တဲ့အတွက် ကျွန်မ အတော်ယူကျုံးမရဖြစ်ခဲ့ပါတယ်။ သူ့ကျေးဇူးတွေကြောင့် အင်္ဂလိပ်စာဘာသာရပ်မှာ အခက်အခဲမရှိ ယနေ့ထိ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီကျေးဇူးတွေကိုပြန်သတိရမိတိုင်း သက်ရှိထင်ရှားရှိနေတဲ့ ဆရာ၊ဆရာမတွေကို တတ်နိင်သလောက် ကျေးဇူးဆပ်နေမိတဲ့ ကျွန်မကို ဘဘကြီး ကောင်းရာဘုံဘဝမှ သာဓုခေါ်နေလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
(ကျေးဇူးရှင်ဘဘကြီးအား ဒီpostလေးဖြင့် ရိုသေစွာ ဦးညွှတ်ကန်တော့ပါ၏။)
တန်ခူး 11:45PM 08-Jan-2008

6 comments:

Maydarwii said...

မခိုင်ရေ .. ဘဘကြီးက ကြည်ကြည်လင်လင်နဲ့ ဘ၀တပါးကို ကူးပြောင်း သွားခဲ့တာမို့ ကောင်းရာ မွန်ရာ ရောက်မှာပါ ... ။ ဘဘကြီး တယောက် မခိုင် ပြုနေတဲ့ ကုသိုလ်တွေကို မြင့်မြတ်ရာ ဘ၀ကနေ သာဓုခေါ်နေမယ် လို့ မေ ကတော့ ယုံကြည်ပါတယ် မခိုင်။

Ko Paw said...

တန်ခူးရဲ့ ဒီပို့စ်ကို ဖတ်လိုက်ရတာ ငယ်ငယ်က ကျနော့်ဆရာတချို့ကို ပြန်ပြောင်းသတိရမိတယ်။ ကျနော်လည်း သူတို့အကြောင်းကို ဒီလထဲမှာ ပို့စ်တခုလောက် ရေးဦးမယ်။

ထနောင်း said...

တန်ခူးရဲ့ ဒီပို့စ်လေးအတွက် တမလွန်ကဘဘကြီးရဲ့ပီတိအပြုံးတွေကို မြင်ယောင်နေမိပါတယ်။

တန်ခူး said...

မေနဲ့ကိုပေါရေ...commentလေးတွေအတွက် ကျေးဇူးပါပဲနော်။ ညတုန်းက သိပ်နေမကောင်းတော့ခေါင်းမူးမူးနဲ့ ဒီpostလေးတင်လိုက်တာ မျက်လုံးတွေဝါးပြီး အမှားတွေ မမြင်ဘူး။ မနက်ရုံးရောက်မှ cosmeticအမှားတွေတွေ့တော့ မေနဲ့ကိုပေါက လာလည်သွားပြီ။ မေ၊ကိုပေါနဲ့ လာလည်သွားတဲ့သူတွေ အားလုံးကို အမှားတွေအတွက် တောင်းပန်ပါတယ်။ ခုတော့ပြင်လိုက်ပါပြီ။နောင်ကို ဂရုစိုက်ပါမယ်။

ထနောင်းရဲ့commentလေးတွေ့တော့ ဘဘကြီးရဲ့ ပီတိအပြုံးလေးပြန်မြင်ယောင်လာမိတယ်။

Anonymous said...

နင့်ရဲ့ post လေးဖတ်ပြီးဟိုးအရင်ကတကယ်စေတနာကောင်းတဲ့ဆရာ/ဆရာမတ္ဓေကိုသတိရမိတယ်..ခုခောတ်ကလေးတွေရဲ့ ဆရာ/ဆရာမတွေအကြောင်းသိရသလောက်တော့ဝမ်းနဲစရာဘဲ.....

လေးစားပါတယ်တန်ခူးရယ်..သက်ရှိထင်ရှားရှိနေတဲ့ ဆရာ၊ဆရာမတွေကို တတ်နိင်သလောက် ကျေးဇူးဆပ်နေတဲ့ နင့်ရဲ့ စိတ်ထားလေးကို....

တန်ခူး said...

မ/ကို Anonymous ရေ...comment လေးထား သွားတာ ကျေးဇူးနော်။ ခုခောတ် ဆရာ၊ ဆရာမတွေ အကြောင်းပြောရင် 'ဖား၊ ဖား ဘာလို့အော်၊ မြွေကိုက်လို့အော်' ဆိုသလိုမျိုးမို့...။