Thursday, January 24, 2008

ဒီပြူတင်းနံဘေးမှာ


ကိုယ့်နေ့တနေ့ရဲ့ အချိန် တော်တော်များများဟာ ဒီပြူတင်းနံဘေးမှာ။ ဒီပြူတင်းမှာ စိတ်ကူးထဲကလို ခန်းစီးစ ဖြူလွလွလေးတွေ ရှိမနေဘူး။ ပြီးတော့ ကိုယ်မြတ်နိုးတဲ့ လေနုအေး လာရာလမ်းကို မှန်တချပ်နဲ့ ရက်ရက်စက်စက် ကာထားသေးရဲ့။ ဘာပဲဖြစ်ဖြစ် ကုဣိရွက်လေးတွေ ယိမ်းနွဲ့ကခုန်တာ မြင်ရတိုင်း၊ ငှက်ကလေးတွေ စီးမျောပျံသန်းတာ တွေ့ရတိုင်း ကိုယ်ဟာ သဘာဝတရားရဲ့ ဖျားယောင်းမှူတွေအောက်မှာ တဒင်္ဂဘ၀ကို မေ့မျောလို့။ ဒီပြူတင်း ပေါ်မှာ ကောင်းကင်ကြီးက ပြာတလှည့်၊ ညိုတခါ မာယာတွေ များလိုက်ပါဘိ။ ကောင်းကင်ပြာမှာ တိမ်ပန်းချီတွေ ရေးတဲ့နေ့ဆို ဘာရယ်ကြောင့်မှန်းမသိ ကိုယ့်စိတ်တွေ ပန်းနုရောင် ကုဣိပန်းလေးတွေလို ပေါ့ပါး လန်းဆန်းလို့။ နုပျိုလတ်ဆတ်လို့။ မကြာခဏ ဝဲပျံသွားတဲ့ လေယာဉ်နဲ့ အတူ ကိုယ့်စိတ်တွေက တွဲခိုလွင့်မျော သွားတတ်သေး။ တခါတခါ အမေ့အိမ်ဆီိ၊ တခါတခါ စွယ်တော်တွေဆီ။ ခပ်လှမ်းလှမ်းက လေးထောင့်စပ်စပ် လမ်းလေးတွေမှာ L plateတွေနဲ့ သင်မောင်း ကားဖြူဖြူလေးတွေက နှေးနှေးကွေးကွေး။ ဆိုယ်ကယ်လေးတွေက ပုရွက်ဆိတ်တန်းလို စီစီညီညီ။ ပျင်းရိငြီးငွေ့ဖွယ် နေ့လည်တချို့ဆို ဇရက်ကလေးတွေက ဒီပြူတင်းမှာ ခိုနားပြီး ကိုယ့်ကို အဖော်လုပ်ပေးကြတယ်။ ငယ်ကလို ဇရက်လေးတွေ ရေတွက်ပြီး အတိတ် မကောက်တတ်တာတောင် အတော်ကြာခဲ့ပြီ။ အငြိုးကြီးကြီးနဲ့ မိုးသည်းထန်တဲ့နေ့တွေဆို စိုရွှဲချမ်းတုန်ပြီး ကိုယ်ရှိရာကို အားကိုးတကြီး လှမ်းငေးတတ်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ တွေ့ရင် ငိုချင်တယ်။ ခွင့်လွတ်ပါ ဇရက်ကလေးတွေရယ်။ ကိုယ်ဟာ ပိတ်ထားတဲ့ ပြူတင်းနံဘေးမှာမို့။ ပြူတင်းရဲ့ ဒီဘက်ခြမ်းမှာတော့ သဘာဝတရားကို မေ့လျော့နေတဲ့လူတချို့။ ဘဝ အဓိပ္ပါယ်ဆိုတာ ပိုက်ဆံရှာခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ စားသောက်ခြင်း လို့သူတို့က ဆိုကြတယ်။ သူတို့အတွက် ပန်းဆိုတာ ဆိုင်ကပွင့်တာ၊ အသီးဆိုတာ ဆိုင်ကသီးတာ။ ဘာသာစကားကွဲတဲ့ ရယ်မောသံတွေကြားမှာ နွေးထွေးမှူတွေက ပျောက်ဆုံးဆဲ။ ဒီတော့ လူတွေအများကြီးကြားမှာ ပိတ်ထားတဲ့ ပြူတင်းနံဘေးက အထီးကျန် ကိုယ့်ဘဝ။ ဘဝဆိုတာ ကိုယ်ရေးနေတဲ့ program တပုဒ်လို အဖြေထုတ်ရလွယ်ရင် ဒီပြူတင်းနံဘေးက အမြန်ဆုံးပြေးထွက်ချင်ရဲ့။ ရေနောက်တွေ သောက်ချင်သောက်ရ မြက်ခြောက်တွေ ဝါးချင်ဝါးရ။ မရည်ရွယ်ဘဲ ဒီပြူတင်းနံဘေးမှာ ရွက်ခြောက်တွေ အခါခါကြွေလို့ ရွက်သစ်တွေ အလီလီဝေခဲ့ပေါ့။ ဆန္ဒနဲ့ဘဝ၊ ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ၊ ပျော်ရာနဲ့တော်ရာ ညီမျှခြင်းတွေ ဆွဲရင်း လွဲပြီးရင်း လွဲနေတော့။ အချိန်တန်ရင် ဒီပြူတင်းနံဘေးမှာပဲ...။
တန်ခူး
5:22pm 24-Jan-2008

9 comments:

pandora said...

ဒီပြုတင်းနံဘေးမှာ....

တချို့ကတော့ ပိန်းပိတ်အောင် မှောင်လို့ ပိတ်ထားတဲ့ ပြူတင်းနံဘေးမှာ အပြင်လောကကိုတောင် မမြင်ဖူးကြရရှာဘူးတဲ့

hninpann said...

ဒို့လဲအဲဒီ့မှန်ကိုခွဲပြီးထွက်ပြေးချင်တယ်.....

ထနောင်း said...

တို့အပါအဝင်ဒီလိုခံစားချက်တူနေသူတွေအများကြီးပေါ့တန်ခူးရေ..အဲဒီခံစားချက်တွေကို ပိုပြီးပီပြင်အောင်ရေးဖွဲ့ပေးတဲ့အတွက်ကျေးဇူး။

သက်ဝေ said...

နေ့ စဉ်နေ့ တိုင်း
မြင်တွေ့ နေရတာကတော့ Monitor . . .။
အပြင်လောကတို့ အဲဒီမှန်ပြူတင်းတို့ ဆိုတာ
မတွေ့ ဖူးတာ ကြာလှပေါ့။

Ko Paw said...

ညဘက်မှာ ကြယ်တွေကို မော့မကြည့်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
တိမ်တွေ တောက်နေတဲ့ နေ၀င်ဆည်းဆာကိုရော တမေ့တမော ထိုင်ကြည့်ဖြစ်သေးရဲ့လား။ ဒီက Life Style ကတော့ အဲသည်လို အခြေအနေတွေ၊ အခွင့်အရေးတွေ မပေးစွမ်းနိုင်ဘူး။
ကျနော်တို့အားလုံး ခံစားချက်တွေ တူညီကြတယ် ထင်ပါရဲ့။ တန်ခူးပို့စ်ကိုဖတ်ရင်း အထက်တန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာကလေးကို မှတ်မိသေးတော့။
What is this life if, full of care,
We have no time to stand and stare.
No time to stand beneath the boughs
And stare as long as sheep or cows.
No time to see, when woods we pass,
Where squirrels hide their nuts in grass.
No time to see, in broad daylight,
Streams full of stars, like skies at night.
No time to turn at Beauty's glance,
And watch her feet, how they can dance.
No time to wait till her mouth can
Enrich that smile her eyes began.
A poor life this if, full of care,
We have no time to stand and stare.

pandora said...

လင့်ခ် ထားတယ် ဆိုတာ ဒီနေရာကပဲ လာပြောသွားတယ်နော်။

တန်ခူး said...

ပန်ရေ...ဟုတ်တယ်။ သူတို့အတွက် အလင်းတစ...ကြိုးစားတုန်းလေ...။

နှင်းပန်းရေ...စိတ်သွားတိုင်း ကိုယ်ပါဖို့ဆိုတာ...။

ထနောင်းရေ...ခံစားချက်တွေတူလာတဲ့အခါ...။

ကိုယ်ချင်းစာတယ်သက်ဝေ...။တို့လဲ အဲဒီလို အဖြစ်မျိုး ကြုံခဲ့ဖူးတယ်။

ကိုပေါရေ...ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းလား?ရွေးဖို့ အကြောင်းရယ်က ဖန်လာတာလား။ ကဗျာလေးနဲ့ထပ်တူပေါ့။

ပန်ရေ။ linkပေးတာ ကျေးဇူးကမ္ဘာပါ။ တို့ကို ကျန်တဲ့ ရပ်ကွက်ထဲကလူတွေလို ရင်းရင်းနှီးနှီး ပေါ့ပေါ့ပါးပါး ခင်ပါနော်။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မ…
တနင့်တပိုး ခံစားသွားရတယ်..

တန်ခူး said...

မျှဝေခံစားပေးတဲ့အတွက် ကျေးဇူးပါအိမ့်ရယ်...။