Saturday, January 12, 2008

ကျွန်မရေးတဲ့ ပန်းချီ


ကျွန်မက ပန်းချီ အတော်ညံ့သူ။ ငယ်ငယ်က မြန်မာပြည်မြေပုံ တောင် အချိုးကျအောင် မဆွဲတတ်။ ကျွန်မ မြန်မာပြည်မြေပုံက တခါတခါ ဗိုက်ပူနေပြီး တခါတခါ ခေါင်းရွဲ့ နေတတ်သည်။ သိပ္ပံ ဘာသာက လက်ပုံ ပါသော ပုံတွေဆို အတော် ဒုက္ခ ရောက်သည်။ ကျွန်မ ဆွဲသည့် လက်တွေက လက်နဲ့ မတူ။ ကျွန်မလက်ရာတွေက အသက်ပင် ကြီးလာသော်လည်း မူလတန်း အဆင့်ကမတက်။ အဲဒီလောက် ညံ့သော ကျွန်မ ပန်းချီ တွေကို ကြိုက်နှစ်သက်သည့် ပရိသတ် နှစ်ယောက်တော့ ရှိသည်။ တခြားတော့ မဟုတ်ပါ။ ကျွန်မရဲ့ ညီမလေး နှင့် ကျွန်မရဲ့ သားလေးတို့ပင်။

ကျွန်မညီမလေးက အငယ်ဆုံးမို့ မိဘတွေက နောက်ဆက်ခံမည့်သူ မရှိ၍ အဝတ်အစား၊ ကစားစရာ သိပ်မဆင်ဖြစ်ခဲ့။ ညီမလေးကို သနား၍ အဖြူရောင် ကတ်ထူ ပေါ်တွင် ကောင်မလေးရုပ်ကလေးများ ဆွဲပေးပြီး ရောင်စုံ စက္ကူအင်္ကျီလေးတွေ ချူပ်ပေးသည်။ အဲဒီ ခြေကားကား လက်ကားကားနဲ့ သိပ်အချိုးမကျလှသည့် ကျွန်မလက်ရာ အရုပ်လေးများကို မိဘတွေ တခါတလေ ဝယ်ပေးသည့် အရုပ်လေးများထက် ညီမလေးက ပိုနှစ်သက်တတ်သည်။ ကတ်ထူဗူးကလေးများနှင့် တယုတယ သိမ်းထားတတ်သည်။ ဘယ်လောက်များ နှစ်သက်လဲ ဆိုရင် ဘွဲ့ရတဲ့ထိ အဲဒီ အရုပ်လေးများ၏ နာမည်လေးများ မမေ့။

ကျွန်မသားလေးကတော့ ပန်းချီဆရာ ဖြစ်မလား မသိ။ ဟိုးငယ်ငယ်လေးထဲက ကစားစရာများထက် အဲဒီပေါ်က ရုပ်ပုံလေးများကို ပိုစိတ်ဝင်စား တတ်သည်။ ဓာတ်ပုံများထက် ပန်းချီပုံလေးများကို ပိုနှစ်သက်တတ်သည်။ အမြဲလို တက်ကြွနေသောသူ ငြိမ်နေပြီဆို ပန်းချီစာအုပ် တအုပ်အုပ် ကြည့်နေတာ သေချာသည်။ သူအနှစ်သက်ဆုံး ကတော့ ကျွန်မ ကိုယ်တိုင် ဆွဲပေးသည့် ပန်းချီမမည်သော ပုံလေး များပင်။ သူ့ကို လုပ်စေချင်တာ တခုခု ရှိလျှင် ပုံကလေးပေါ် လုပ်ပြ လိုက်ရင် ချက်ချင်း လိုက်လုပ်တတ်သည်။ ကျောင်းမထားခင်က ကျောင်းဆိုတာ နားလည်အောင် ပုံလေးတွေဆွဲပြီး ရှင်းပြရသည်။ အောက်က ပုံလေးကတော့ သားကျောင်းသွားချင်အောင် ဆွဲဆောင်နိုင်ခဲ့သည့် ကျွန်မရဲ့ ခပ်ညံ့ညံ့ပုံလေးပါ။


လမ်းလျှောက်ပျင်းသည့် သားလေးကို မိသားစု လမ်းလျှောက်သည့်ပုံနှင့် လမ်းလျှောက်စေသည်။ ပထမဆုံး သားကို မြန်မာပြည် အလည်ခေါ်စဉ်က လေယာဉ် မကြောက်အောင် ကျွန်မဆွဲသည့် လေယာဉ်ကို အရင်စီးခိုင်း ရသည်။


တခါတလေ စိတ်အလိုမကျလို့ ငိုယိုစိတ်ကောက်နေလျှင် သူအကြိုက်ဆုံး ABC ရထားပုံဆွဲ၍ ချော့မော့ ရသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မရေးသော ခပ်ညံ့ညံ့ ပန်းချီလေးများက ကျွန်မနဲ့သားကြားက ပေါင်ကူးတံတားလေးများ ဖြစ်နေခြင်းကို ကျွန်မ ကျေနပ်မိပါသည်။


တန်ခူး
2:07AM 13-Jan-2007







5 comments:

ကိုပေါ said...

ကျနော် ဒီပို့စ်ကို သိပ်သဘောကျပါတယ်။ တန်ခူးက ခပ်ညံ့ညံ့ပန်းချီဆရာဆိုရင် သေချာတာက ကျနော်က ခပ်ညံ့ညံ့ဖအေ တယောက်ဖြစ်နေပြီဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်ရတယ်။

Anonymous said...

ဒီပို့စ်ဖတ်ပြီး တန်ခူးရဲ့ သမီးလေးတောင်ဖြစ်ချင်တယ်..မွေးချားမလားဟင်..ဟီး

pandora said...

ခပ်ညံ့ညံ့စေတနာနဲ့ ခပ်ညံ့ညံ့စိတ်ကူးတွေ မဟုတ်ဘူးဆိုတာတော့ သေချာတယ်

တန်ခူး said...

ကိုပေါရေ...Approachချင်း ကွာကြလို့ ဖြစ်ပါလိမ့်မယ်။ ဘယ်မိဘ မဆို ကိုယ့်သားသမီးကို တုန်နေအောင် ချစ်ကြတာပဲ။ ကိုပေါက ခပ်ညံ့ညံ့ဖခင် မဟုတ်ဘူးဆိုတာ အမြဲပျော်ရွှင်နေတဲ့ သမီးလေးကို ကြည့်တာနဲ့ သိနိုင်ပါတယ်။ ကိုပေါတို့ မိသားစုလေး ငြိမ်းချမ်း ပျော်ရွှင်ပါစေ...။

ထနောင်းရေ...သမီးလေး လိုချင်နေတာနဲ့ အတော်ပဲ။ ဒါပေမယ့် ထနောင်းရဲ့ပိုင်ရှင်က ပေးမှာမို့လား....။

ပန်ရေ...လူကြီးတွေ ပြောပြောနေတဲ့ "မိဘမေတ္တာ ဆိုတာ မိဘဖြစ်မှ ပိုနားလည်မယ်" ဆိုတာ ကိုယ်ကိုယ်တိုင် မိဘဖြစ်မှ တကယ်ကိုမှန်မှန်း ခံစားနားလည်တော့တယ်။ commentလေး အတွက် ကျေးဇူးနော်။

နောင်ဂျိန် said...

အမ........

တော်လိုက်တာ...
အမလိုတော့ မလုပ်ဖြစ်ပေမဲ့ ကျနော်က လုပ်စေချင်တာကို သီချင်းလေးတွေ ဖွင့်ပီး လုပ်ခိုင်းရင် သမီးက လုပ်ရော..