Wednesday, January 9, 2008

Blog Flu

သူများတွေ BLogကိုက်တယ်၊ BLogနာကျတယ်...စတဲ့ BLogနဲ့ ပတ်သက်တဲ့ ရောဂါ တော်တော်များများကို ဖတ်ခဲ့ဘူးတယ်။ အဲဒီအချိန်က ကိုယ်ကိုယ်တိုင် Blogger မဟုတ်တော့ ဒီလောက် နားမလည်တတ်သေးဘူး။ ခုတော့ ခံစားနေရပြီ။ သူများတွေက Blog ထဲက မထွက်နိုင်လို့ ရတဲ့ ရောဂါ။ ကိုယ်က Blogထဲ မဝင်နိုင်လို့ ရတဲ့ရောဂါ။ အခုမှ Blog သက်တမ်း (၁)လ တောင် မပြည့်သေးတော့ post လေးတွေ ပုံမှန် တင်ချင်တယ်။ ဒါပေမယ့် အခြေအနေက မပေးတော့ Blog ဆံတင်းပြီး ဘာမှ လုပ်ရကိုင်ရတာ မဖြောင့်။ နှာစေး ချင်သလိုလို၊ ချောင်းဆိုး ချင်သလိုလိုနဲ့။ ဒီနိုင်ငံမှာ အဖြစ်များတဲ့ Flu နဲ့ ခပ်ဆင်ဆင်။

ရုံးမှာကလဲ ခုတလော အလုပ်ကများ။ Project အသစ်က Deadline ရောက်နေပြီး Bug တွေက ဖမ်းလို့ မပြီးနိုင်။ ဒီ program စရေးတော့ Blog တလုံး၊ program တလုံး ရေးခဲ့တော့ Bug တွေ သောင်းကျန်း တာလဲ မဆန်း။ ဒီတော့ ရုံးမှာလဲ Blog လို့မရ။ အိမ်ရောက်တော့ ခုမှ mouse နဲ့ keyboard ကို နားလည်လာတဲ့ ၃နှစ်ကျော် သားလေးက game ကိုစွဲပြီး computer ရှေ့ကမထ။ သားအိပ်တဲ့ အချိန်စောင့်တော့ ညဉ့်အတော် နက်နေပြီ။ Blog ထဲဝင်၊ စာရွက်ပေါ် ချရေး ထားတာတွေ ရိုက်ရင်း ခေါင်းတွေကကိုက်။ post တန်းလန်းကြီးနဲ့ အိပ်ရာဝင်။ မနက်စောစော ထတော့ လူက နေမကောင်းချင် သလိုလို။ MC ယူဖို့ စဉ်းစားတော့ ဆရာဝန် မေးရင် ဘာဖြေ ရပါ့မလဲ။ Flu တော့ FLu။ ဒါပေမယ့် Blog Flu။ ဒီရောဂါ MC မပေးမှာ သေချာတော့ အချိန်တန် အိတ်လေးဆွဲပြီး ရုံးပြေးရတာပဲ။

စနေ၊ တနင်္ဂနွေ ရောက်ပြန်တော့ အိမ်မှူကိစ္စတွေ၊ လူမှူရေးကိစ္စ တွေနဲ့ Blog နားမကပ်နိုင်။ သူများ Blog လှလှလေးတွေ အားကျ မိပေမယ့် ကိုယ့်အဖြစ်က ကလေးကငို၊ သေးကစို။ ဘာပဲဖြစ်ဖြစ် ဆန့်ငင် ဆန့်ငင်နဲ့ ကိုယ့် post လေးတွေ blog ပေါ်မြင်ရတော့ ရုန်းရင်း၊ ကန်ရင်းနဲ့ post အသစ်ရေးဖို့ အင်အားတွေ ဖြစ်ထွန်း ပြန်ရော။ အဲဒီလို blogစင် မမှီသေးတဲ့ ကျွန်မ Blog ကို လာလည်ကြတဲ့၊ comment လေးတွေ ရေးပေးကြတဲ့ ဧည့်သည်အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ comment လေးတွေဟာ ကျွန်မရဲ့ Blog Flu ရောဂါ ပျောက်စေမယ့် ဆေးလုံးလေးတွေ ပါပဲ။

တန်ခူး
11:30PM 09-Jan-2008

4 comments:

ကိုပေါ said...

ကဲ…ကဲ….ပျောက်စေသတည်း။ ပျောက်စေသတည်း။……..Blog Flu ပျောက်စေသတည်း။….. (ကျနော်လည်း ပို့စ်မတင်နိုင်တာ ကြာပါပေါ့လား။)

Anonymous said...

တန်ခူးရေ...ကိုပေါ ဆုတောင်းပေးသလို copy ပွားလိုက်မယ်..ကဲ...ပျောက်စေသတည်း။ :-)

Anonymous said...

A Ma Yaw_Gar Ka Ma Thay Buu.. :P

တန်ခူး said...

ဆေးတွေတိုက်ကျွေးပြီး ပျောက်စေ လို့ဆုတောင်းပေးတဲ့ ကိုပေါနဲ့ထနောင်း တို့ကြောင့် ရောဂါဎျောက်ကင်းသွားပါပြီ။
လာလည်သူများ ကျေးဇူးပါ။