Friday, June 8, 2018

ဝါဆိုအလွမ်း

ဝါဆိုရေ...

မိုးစက်တွေဟာ အတိတ်ကလို သစ္စာရှိတုန်းပဲ...
တို့ ခြံထောင့်က စပယ်ရုံလေးကလဲ မွှေးပျံ့ နေတုန်းပဲ...
စာသင်ကျောင်းက ခေါင်းလောင်းသံတွေကလဲ အချိန်မှန်နေတုန်းပဲ...
အဖြူနဲ့ အစိမ်းရောင်လေးတွေ မျက်စိရှေ့ က ဖြတ်ပြေးတိုင်း ပန်းသီးတလုံးလို လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေကို သတိရတယ်...
ဘဝဆိုတာ ကျောင်းသင်ခန်းစာဆိုတဲ့ ပုံစံခွက်တခုထဲကနေ ခုန်ထွက်ခဲ့ဖူးတဲ့အချိန်တွေဟာ ခုပြန်တွေးတော့ ဆွတ်ပျံ့ ဖွယ်...
သစ်ပင်တက်နေဆဲငါက သစ်ရွက်လှုပ်ရုံနဲ့ တော်ရုံရင်မခုန်တတ်တဲ့ ခပ်ရွတ်ရွတ်ဆယ်ကျော်သက်...
ဓာတုဗေဒစာအုပ်အောက်မှာ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေဝှက်ပြီး အဖေမသိအောင် ခိုးဖတ်ရတာတော့ ရင်အခုန်မြန်တယ်...
ခုချိန်ပြန်တွေ့ ရင်မေးကြည့်ချင်တာက နင်နဲ့ ငါ အဲဒီတုန်းက ဆံပင်ပုံလေးတွေ ဘာလို့ တူနေခဲ့တာလဲ... ငါကြိုက်တဲ့ကောင်မလေးတွေနဲ့  နင်ကြိုက်တဲ့ကောင်မလေးတွေရော ဘာလို့ လာလာတူနေခဲ့တာလဲ... ရီချင်စရာနော်ဝါဆို...
သူများတွေစာအော်ကျက်တော့ ငါက ပျင်းစရာကောင်းလွန်းတဲ့သမိုင်းစာတွေကို တူးတူးသီချင်းတွေဖွင့်ရင်း မှတ်တယ်... ကက်ဆက်ခွေ အငှားဆိုင်က အင်ဂျင်နီယာဦးလေးကြီးက တူးတူးခွေဆို ငါ့အတွက် အမြဲချန်ထားပေးပြီး သမီးဆရာဝန်မလုပ်နဲ့  အင်ဂျင်နီယာပဲလုပ်လို့  အမြဲပြောတတ်တယ်... တကယ်က နင်ကငါ့ထက် အင်ဂျင်နီယာရူးသွပ်သူ...
အားမနာတမ်းပြောရရင် သင်္ချာတွေတွက်ရင်း နင်ဆိုညည်းတတ်တဲ့ အမုန်းမျက်လုံးသီချင်းကတော့ အတော်ချာတာပဲ...
နင်တော်တာဆိုလို့  ငါ့ဆီက ငှားသွားတဲစာအုပ်လေးတွေကို အဖုံးလှလှလေးတွေ ဖုံးပေးတာပဲရှိတယ်... အဲဒီတုန်းက ကျောင်းရှေ့ လာရောင်းတဲ့ Time Magazine ထဲက ဆုတ်ထားတဲ့ ကာလာနဲ့ စာမျက်နှာလေးတွေကို ၁ဝပြားပေးပြီး ဖုံးခဲ့ရတာ... ပါတိတ်လေးတွေဝတ်ထားတဲ့ စင်္ကာပူလေကြောင်းလိုင်းက လေယဉ်မယ်လေးတွေပုံများတွေ့ ရင် အလုအယက်ဝယ်ရတာ...
နင်ငါ့ကိုဖုံးပေးတဲ့စာအုပ်ဖုံးလေးတွေက ကျောက်မျက်ပြက္ခဒိန်ကကောင်မလေးချောချောလေးတွေ... လှမှလှ... အဲဒါငါစာရှင်းပြခပေါ့ဝါဆိုရေ... တကယ်က နင်ကဉာဏ်ကောင်းသူ... ဒါပေမယ့်စာမကြိုးစားချင်တဲ့ငဆိုး... ကောင်မလေးတွေ ပိုးဖို့ ပဲစဉ်းစားနေတတ်သူ...
မှတ်မိနေသေးတယ်ဝါဆို... မနက်အစောကြီး ငါတက်တဲ့ အင်္ဂလိပ်စာကျူရှင်အခန်းထဲမှာ ပြုံးဖြီးဖြီးနဲ့ နင့်မျက်နှာကြီးကို... စာလိုချင်တဲ့မျက်နှာတစက်မှမပေါက်တဲ့ရုပ်ပေါ့...
သတိရစရာတွေဟာ ပြန်စဉ်းစားကြည့်ရင် တို့ ခေတ်က ကင်မရာတွေထဲ ထည့်ရတဲ့ဖလင်လိပ်တွေလို အစဆွဲလိုက်ရင် တခွေလုံးပါတတ်တာမျိုးနော်...
သော်ကပန်းနီနီလေးတွေရယ်, ဂျာကင်အနက်ရောင်နွေးနွေးလေးရယ်, writing pad လှလှလေးတွေရယ်, ဆီလွန်လွယ်အိတ်ကလေးပေါ်က စတီးကြယ်စိလေးတွေနဲ့ ထိုးခဲ့တဲ့နာမည်လေးတွေရယ်, သရဲကြောက်တဲ့ညတွေရယ်, ဖုန်းထဲက စကားသံတွေရယ်...
ငါလေစာတွေ အများကြီးရေးခဲ့တယ်...
ဘဝမှာ ကြံဖူးတွေ့ ဖူးခဲ့တဲ့သူတွေအကြောင်း...
အဖြစ်အပျက်တွေအကြောင်း...
နင့်အကြောင်းရေးမလို့ ကြံတိုင်းငါ့လက်တွေ တွန့် ဆုတ်နေခဲ့တယ်... ဘာလို့ လဲ ငါလဲမသိဘူး... ဒီနေ့ တော့ ချရေးဖြစ်တယ်... မရေးဖြစ်ခဲ့တဲ့နင့်အကြောင်းကို အရိုးသားဆုံး, အဖြူစင်ဆုံးသတိရခြင်းသက်သက်နဲ့ ပါ...
မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်...

တန်ခူး
1:41pm
7 Jun 2018

No comments: