Sunday, June 10, 2018

ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ် (အပိုင်း -၂)

ဘွဲ့ ရရင် ဘာလုပ်ကြမယ်

"ကျွန်တော်ဒီနှစ် နောက်ဆုံးနှစ်မို့  ကျောင်းပြီးတာနဲ့  နိုင်ငံခြားတန်းသွားချင်ပါတယ်၊ အကြံပေးပါဦးအန်တီ"

"ကျောင်းပြီးရင် ဂျပန်မှာ သွားအလုပ်လုပ် သင့်သလား၊ စင်္ကာပူလာသင့်သလားရှင့်"

"စလုံးကိုလာဖို့  အေဂျင်စီက သိန်း၄၀လောက်တောင်း နေလို့ လုပ်သင့်သလားအန်တီ"

"ကျောင်းပြီးရင် ဘယ်သင်တန်းတွေ တက်ရမလဲရှင့်"

ကျွန်မဆီ messenger ထဲကနေ မေးကြတဲ့ မေးခွန်းလေး တချို့ ပါ။ တယောက်ချင်းစီကို ဖြေထားတဲ့အဖြေလေးတွေကို စုစုစည်းစည်းဖြစ်အောင် ပြန်ရေးပြပါ့မယ်။

ကျွန်မ အာအိုင်တီနောက်ဆုံးနှစ်မှာ အတော်စဉ်းစားခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ကျောင်းဆက်တက်မလား၊အလုပ်ဝင်မလား၊ အစိုးရအလုပ်လား၊ အပြင်အလုပ်လား၊ ကျောင်းမှာ ဆရာမ ပြန်လုပ်မလား၊ နိုင်ငံခြားထွက်မလား၊ ဘယ်နိုင်ငံသွားမလဲ... စသဖြင့် မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ရတဲ့ အချိန်တွေ ဖြစ်သလို နီးစပ်ရာ ဆရာ၊ ဆရာမ၊ မိဘဆွေမျိုး၊ ကျောင်းမှ နှစ်ကြီးအကိုအမတွေဆီလဲ မေးခဲ့ပါတယ်။

ဘွဲ့ ရရင် ဘာလုပ်မယ်ဆိုတာ လူတဦးချင်းစီရဲ့ ရည်မှန်းချက်ပန်းတိုင်အပြင် မိသားစုအခြေအနေပေါ်လဲ မူတည်တာမို့  ဘွဲ့ အတူတူရကြဦးတောင် တယောက်နဲ့ တယောက် ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုနည်းနဲ့ မှ တူဖို့မလွယ်ပါဘူး။ တခါတလေကျတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ အကြောင်းအရာ၊ အခွင့်အရေးပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်ရတာမျိုးလဲ ရှိပါတယ်။

အဲဒီအချိန်ဟာ ကိုယ့်ဘဝရပ်တည်မှုအတွက် အတော်လေးအရေးကြီးတဲ့အချိန်မို့  သေချာအချိန်ယူ စဉ်းစားသင့်ပါတယ်။ ဟိုစမ်းစမ်း၊ ဒီစမ်းစမ်း လုပ်ကြည့်ဦးမယ်ဆိုတာမျိုးကိုတော့ ကျွန်မ အားမပေးပါဘူး။ ဘဝထဲစဝင်ကြရတော့မယ့်အခါ အချိန်ဟာ သိပ်အရေးကြီးပါတယ်။ ဘာလုပ်ရမှန်းမသိသေးလို့  သင်တန်းတွေတက်ရင်း စောင့်ကြည့်နေတယ်ဆိုတဲ့ အချိန်ကာလဟာ ၃လထက် ပိုမကြာသင့်ပါဘူး။ လုပ်သက်နဲ့  လုပ်ငန်းအတွေ့ အကြုံဟာ ဘဝအတွက် အရမ်းအရေးပါတာမို့  လမ်းတခုရွေးခြယ်ပြီးမှ မကြိုက်ဖူး၊ နောက်တမျိုးပြောင်းမှဆိုရင် တခါ တစ်က ပြန်စရပါမယ်။ တကယ်လို့ သာ အစကတည်းက သေချာစဉ်းစား ဆုံးဖြတ်ခဲ့ရင် အတော်အသင့်ရှိတဲ့ လုပ်သက်အတွေ့ အကြုံတခု ရနေလောက်ပြီ။ ဒါကြောင့် မရွေးခြယ်ခင် သေချာစဉ်းစားသင့်ပါတယ်။

ဒီနေရာမှာအဖော်ကောင်းလို့  ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သူများတွေနဲ့ ကိုယ်နဲ့  ရည်ရွယ်ချက်၊ ဝါသနာ၊ မိသားစုအခြေအနေ၊ ကိုယ်ပိုင် အရည်အချင်း ထပ်တူမကျနိုင်ပါဘူး။ ကျွန်မပတ်ဝန်းကျင်မှာ မြင်တွေ့ နေကျ ကိစ္စမို့ သတိပေးတာပါ။ ဥပမာပေးရရင် သူများတွေ ရေထဲဆင်းလို့  လိုက်ဆင်းပြီး သင်္ဘောအရာရှိ၊ သင်္ဘောသား စသဖြင့် လုပ်လိုက်မိပြီးမှ အဲဒီဘဝကို လက်မခံနိုင်ပဲ မပျော်ရွှင်စွာ ဆက်လုပ်နေရတယ်ဆိုတဲ့ မိတ်ဆွေတွေ အများကြီးကြုံဖူးသလို၊ သူများတွေ တပ်ထဲဝင်လို့  လိုက်ဝင်လိုက်တာ ဘယ်လိုမှ မပျော်နိုင်လို့  အရပ်ဝတ်လဲချင်တာ ခုထိလဲလို့ မရလို့  စိတ်ညစ်နေတယ်ဆိုတဲ့ မိတ်ဆွေတွေလဲ အများကြီးကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မချခင် အရင်သေချာ အပြန်ပြန်အလှန်လှန် စဉ်းစားသင့်ပါတယ်။

ဘွဲ့ ရပြီးတဲ့သူတွေ အများစု စဉ်းစားကြတဲ့၊ သိချင်ကြတဲ့ မေးခွန်းလေးတချို့ ကို ဖြေပေးပါရစေ။ ကျွန်မရဲ့ အတွေ့ အကြုံကို အခြေခံဖြေတာမို့  အမှားအယွင်းနဲ့  လိုအပ်ချက်များရှိရင် နားလည်ပေးပါနော်။

ဘယ်သင်တန်းတွေ တက်သင့်သလဲ

ဆယ်တန်းအောင်ပြီးကာစအချိန်နဲ့  ဘွဲ့ ရပြီးကာစအချိန်တွေမှာ အများစုတက်ကြတဲ့ သင်တန်းတွေက အင်္ဂလိပ်စကားပြောနဲ့  ကွန်ပြူတာသင်တန်းတွေပါ။ ဖော်မြူလာကြီးလိုကို ဖြစ်နေတာပါ။ ဒီနေရာမှာ ကျွန်မတို့ တိုင်းပြည်က ကလေးတွေကို ပြောပြချင်တာက အတတ်ပညာ၊ အသိပညာတခုဟာ စာသင်ခန်းထဲမှာမှ၊ သင်တန်းထဲမှာမှ သင်ယူတတ်မြောက်နိုင်တာ မဟုတ်ဖူးဆိုတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သတင်းအချက်အလက်၊ စာအုပ်စာတမ်းတွေကို အသုံးပြုပြီး ကိုယ်ကိုယ်တိုင်လေ့လာရင် ပိုထိရောက်တယ်ဆိုတာ သိစေချင်ပါတယ်။

အထူးသဖြင့် အင်္ဂလိပ်စကားပြောပါ။ ဘာသာစကားတခုဟာ စာသင်ခန်းထဲမှာ ၁လတန်သည်၊ ၃လတန်သည် လေ့လာလိုက်ရုံနဲ့  မတတ်မြောက်နိုင်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမှာပါ။ အရမ်းကျယ်ပြန့် တဲ့အရာမို့  စုဗူးစုသလို နေ့စဉ်စုဆောင်းနေရမယ့်အရာပါ။

ဘာသာစကားတခုကို အမြန်ဆုံးနဲ့  အထိရောက်ဆုံး သင်ယူနိုင်တဲ့နေရာက media တွေက တဆင့်ပါ။ ရုပ်ရှင်ကြည့်ပါ၊ သီချင်းနားထောင်ပါ၊ သတင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ။ ရုပ်ရှင်ကြည့်တဲ့အခါ စာတမ်းထိုးပါခဲ့ရင်တောင် မဖတ်မိအောင် ကြိုးစားပြီး အားစိုက်နားထောင်ပါ။ တဖြေးဖြေးနားလည်လာ ပါလိမ့်မယ်။ သီချင်းနားထောင်တဲ့အခါလဲ စာသားကို အာရုံစိုက်ပါ။ လိုက်ဆိုကြည့်ပါ။ စာအုပ်ဖတ်တဲ့အခါ အဘိဓာန်ကို မဖြစ်မနေလှန်ရမယ့် အခါမျိုးမှ လှန်ပါ။ အဘိဓာန်ချည်းလှန်နေရင် ဖတ်ရှိန်ပျက်ပြီး အဆုံးထိမဖတ်ဖြစ်တော့ကြလို့ ပါ။ ရုပ်ရှင်၊ သီချင်း၊ သတင်း၊ စာအုပ် အားလုံးမှာ ကြည့်ဖြစ်ဖို့ ၊ ဖတ်ဖြစ်ဖို့ ၊ နားထောင်ဖြစ်ဖို့  အဓိကက နားယဉ်ဖို့ အဓိကမို့  မငြီးငွေ့ စေအောင် ကိုယ်စိတ်ဝင်စားမယ့် ဇာတ်လမ်းမျိုးကို ရွေးခြယ်လုပ်ပါ။ ဇွဲရှိရှိလုပ်ပါ။ စိတ်ပါဝင်စားရင် သူ့ အလိုလိုကို နှလုံးသားထဲ ဝင်သွားတာပါ။ အကောင်းဆုံး ဥပမာပေးရရင် ကျွန်မတို့ နိုင်ငံက ကိုရီးယားပရိသတ် ကိုရီးယားဘာသာစကားကို ရုပ်ရှင်တွေက တဆင့် အတော်ရနေကြတာပါ။ ထမင်းစားရေသောက်၊ နေ့ စဉ်အခေါ်အဝေါ်တွေ သိနေကြတာဟာ ကိုရီးယားကားတွေ အမြဲကြည့်နေကြလို့ ပါ။ အဲဒီလိုပဲ အင်္ဂလိပ်ကားလေးတွေ ကြည့်စေချင်တယ်။ ကြည့်ချင်စရာကောင်းတဲ့ အင်္ဂလိပ်ဇာတ်ကားလေးတွေ အများကြီးပါ။ ဒီလောက်ခက်ခဲတဲ့ ကိုရီးယား ဘာသာစကားတောင် နားဝင်လာရင် ကမ္ဘာပေါ်မှာ သင်ကြားရအလွယ်ဆုံး အင်္ဂလိပ်ဘာသာစကားဆို ပိုလို့ လွယ်မယ်ဆိုတာ ယုံကြည်ပေးပါ။

စကားပြောအတွက် အရေးကြီးဆုံးက ပြောရဲဖို့ ပါ။ ပထမဆုံးပြောရဲဖို့  လိုပါတယ်။ အမှားအယွင်းကြောက်နေရင် နှုတ်မရဲတာမို့  မှားမှာ မကြောက်ပါနဲ့ ။ နှုတ်ရဲမှ အမှားကို ဖြေးဖြေးချင်းပြင်ယူပါ။ နေ့ စဉ်ပြောနိုင်မယ့် သူတယောက်ရှာပါ။ နေ့ စဉ်ပြောဖြစ်ပါစေ။ ပြောမယ့်သူမရှိရင် အခန်းတံခါးပိတ်ပြီး ကိုယ်နဲ့ ကိုယ်ပြောပါ။ သင်တန်းတက်စရာမလိုပဲ တလအတွင်း သိသိသာသာ ပြောတတ်လာပါလိမ့်မယ်။

ကွန်ပြူတာသင်တန်းတွေ တက်ကြတာ အခြေခံတက်ကြတာများပါတယ်။ အခြေခံဆိုတာ သင်တန်းမလိုပဲ ကိုယ့်ဘာသာလေ့လာ တတ်မြောက်လို့ ရတဲ့အရာပါ။ ခုဆို ကျွန်မတို့ နိုင်ငံမှာ အင်တာနက်က နေရာအနှံ့ အပြားရနေပြီမို့  ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေက ဖုန်းလေးသုံးပြီးရှာလိုက်ရင်ကို အတော်အဆင်ပြေနေပါပြီ။ တချိန်လုံး Facebook ပေါ်မှာ အချိန်ကုန်နေမယ့်အစား google ပါ၊ YouTube ပါ။ bill အကုန်ခံပြီး သီချင်းဆိုပြိုင်ပွဲတွေတောင် ကြည့်ကြသေးတာပဲ။ သင်တန်းသွားတက်ရင် သင်တန်းစရိတ်အပြင် ခရီးသွားစရိတ်ကကုန်သေးတာ။ ကွန်ပြူတာအခြေခံကို အင်တာနက်က တဆင့် သင်ယူရင် ၃ရက်အတွင်း တတ်ပါတယ်။ Facebook ပေါ်မှာလဲ ပညာရေးဆိုင်ရာ page တွေအများကြီးမို့  ဆယ်လီတွေ page ကို နေ့ တိုင်းမရောက်မဖြစ်ရောက်သလို ကိုယ့်ပညာရေးဝမ်းစာဖြည့်ဖို့ က ပိုလိုလေ့လာသင့်တယ် မဟုတ်လား။

အဓိက ပြောပြချင်တာကတော့ သင်တန်းတက်ခြင်း၊ မတက်ခြင်းထက် ကိုယ်ကိုယ်တိုင် သင်ယူလေ့လာခြင်းက ပိုပြီး ထိရောက်တယ်ဆိုတာပါ။

နိုင်ငံခြားမှာ အလုပ်လုပ်သင့်သလား

တိုးတက်တဲ့ နိုင်ငံခြားတိုင်းပြည်တွေဟာ အဘက်ဘက်က နောက်ကျကျန်ခဲ့တဲ့ ကျွန်မတို့ နိုင်ငံထက် အလုပ်အခွင့်အရေး ပိုပေါများနိုင်တာရယ်၊ ပိုမို့ ခေတ်မှီတဲ့ နည်းပညာတွေ လေ့လာနိုင်တာရယ်၊ အတွေ့ အကြုံတွေ ရနိုင်တာရယ်ကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ဒါပေမယ့် နိုင်ငံခြားသွားမှလားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမသွားပဲနဲ့  ကျွန်မတို့ နိုင်ငံအတွင်းမှာကို အလုပ်အခွင့်အလမ်းတွေ အများကြီးပါ။ လုပ်ငန်းရှင်တွေ အရာရှိ၊ ဝန်ထမ်းရှားပါးမှု ပြဿနာနဲ့  ရင်ဆိုင်နေုကရပါတယ်။ ကျွန်မကိုယ်တိုင်အပါအဝင်ပါ။

အလုပ်လက်မဲ့တွေ ဒီလောက်ပေါနေပါလျက် ဘာလို့  ဝန်ထမ်းတွေ ရှားပါးနေရသလဲဆိုတော့ စိတ်ဓါတ်တွေကြောင့်ပါ။ အဓိကက သင်ယူတတ်မြောက်လိုတဲ့ လိုချင်စိတ် တကယ်မရှိကြဘူး၊ သစ္စာမရှိကြဘူး၊ အလေးအနက်မထားကြဘူး၊ ငွေအတွက်သက်သက် စဉ်းစားကြတယ်၊ အလုပ်ပေါ် စေတနာမထားကြဘူး။ အဲဒီစိတ်ဓာတ်လေးတွေသာ ပြင်လိုက်ကြရင် အလုပ်ရှားပါးမှုပြဿနာက ချက်ချင်းဖြေရှင်းနိုင်မှာပါ။

ပြည်တွင်းမှာ လုပ်လို့ ဘယ်လောက်ရမှာလဲဆိုသူတွေကို လက်တို့ ပြောပြချင်တာကတော့ တကယ်စေတနာကောင်းကောင်းနဲ့ လုပ်ရင် နိုင်ငံခြားမှာရတဲ့ ဝင်ငွေထက်ပိုရနိုင်တယ် ဆိုတာပါပဲ။

ဘွဲ့ရပြီးပြီးချင်း နိုင်ငံခြားထွက် အလုပ်လုပ်တာ ကျွန်မအားမပေးပါဘူး။ အလုပ်ဆိုတာ လုပ်ဖူးမှ တကယ်သိတာမို့  ဘွဲ့ ရပြီးပြီးချင်း အဆင်ပြေတဲ့အလုပ်တခုမှာ အနည်းဆုံး တနှစ်လောက်လုပ်ပြီးမှ ထွက်စေချင်ပါတယ်။ ကိုယ်သွားမယ့် နိုင်ငံပေါ်မူတည်ပြီး ဘာသာစကားကို ကျွမ်းကျင်အောင်လေ့လာစေချင်ပါတယ်။ မထွက်ခင် အဲဒီနိုင်ငံရဲ့  လက်ရှိအခြေအနေကို သေချာလေ့လာစုံစမ်းပါ။ အလုပ်အခွင့်အလမ်းတွေ လေ့လာပါ။ ကိုယ်ရေးရာဇဝင် သေချာပြင်ဆင်ပြီး တလလောက်ကြိုပြီး အလုပ်တွေ အင်တာနက်ကတဆင့် အရင်လှမ်းလျှောက်ထားပြီး အင်တာဗျူးတွေ ၃,၄ခုလောက် စုချိန်းပြီးမှ ထွက်သင့်ပါတယ်။ ကြိုတင်ပြင်ဆင်မှုက အသက်ပါပဲ။

Agent ပွဲစားနဲ့ လာသင့်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေက သေချာလေ့လာပြီးမှ ငွေပေးစေချင်ပါတယ်။ ငွေအရင်မပေးမိပါစေနဲ့ ။ အဲဒီပွဲစားနဲ့  အလုပ်ရသွားတဲ့သူရှိလား ၊ သူတို့ ရောအဆင်ပြေကြသလား သေချာစုံစမ်းပြီးမှ လုပ်သင့်ပါတယ်။ တကယ်ရိုးသားတဲ့ပွဲစားက သိသင့်သိထိုက်တာ မှန်သမျှ မခြွင်းမချန် အကုန်ပြောမှာပါ။ မပြောဘူး၊ ဝေ့လယ်ချောင်ပတ်ဆိုရင်တော့ သတိသာထားပါတော့။ မြန်မာအချင်းချင်းကို လိမ်နေကြတာ ကျွန်မကိုယ်တွေ့ပါ။ နိုင်ငံခြားလာလိုဇောနဲ့  ကျွန်မကို အသိမပေးပဲ လုပ်လိုက်ကြတဲ့ ကျွန်မဆွေမျိုးတချို့  အလိမ်ခံကြရတာ မျက်မြင်ပါ။ Permit အတုပြတယ်။ ငွေတောင်းတယ်။ ဒီက immigration မှာ စုံစမ်းလိုက်တော့ အတုဖြစ်နေတယ်။ ငွေကကျွံပြီးနေပြီ။ ကျွန်မအသိကောင်မလေး တယောက်ဆို လေယဉ်လက်မှတ်အတုပါ အရောင်းခံလိုက်ရတယ်။ သတိထားကြပါနော်။

နောက်တခုက အလုပ်တော့ ရပါရဲ့ ပြောတုန်းကတခြား လုပ်ရတော့တခြား။ အီကိုနဲ့ ပြီးထားတဲ့ ကောင်မလေး စာရင်းကိုင် အလုပ်ရမယ်ဆိုလို့  ပွဲစားနဲ့ လာလိုက်တာ သူများအိမ်မှာ အိမ်အကူအလုပ်ဖြစ်နေပါတယ်။ သူ့ ခမျာ ပွဲစားခကျေအောင် မနဲလုပ်ပြီးမှ ပြန်ရရှာပါတယ်။ ကျွန်မအိမ်မှာ part time လာလုပ်ပေးတဲ့ ကောင်မလေးပါ။ တခါ အသိ အာအိုင်တီကျောင်းဆင်း ကောင်လေးတယောက် အင်ဂျင်နီယာအလုပ်ဆို ပွဲစားနဲ့ လာလိုက်တာ တကယ့်အလုပ်ကြမ်းအလုပ်ဖြစ်နေခဲ့ပါတယ်။ သူ့ ခမျာ အလေးအပင်တွေ နေ့ တိုင်း မ ရနဲ့  ကျန်းမာရေးပါ ထိခိုက်ရပါတယ်။

ဒီတော့ ခြုံငုံပြောရရင် နိုင်ငံခြားလာမယ်ဆိုရင် သေချာပြင်ဆင်လေ့လာစူးစမ်းပြီး အားလုံးအဆင်သင့်ဖြစ်မှလာကြပါ။ မလောပါနဲ့ လို့ အကြံပေး ပါရစေ။

ကျွန်မတို့ နိုင်ငံက မျိုးဆက်သစ်လေးတွေ ဘဝအတွက် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး၊ ပျော်ရွင်စရာအကောင်းဆုံးလမ်းလေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ကြပါစေ။

တန်ခူး
9:34am
10 Jun 2018

No comments: