Wednesday, December 25, 2013

ပုဇွန်ဆားဘဲဥကျော်

ခရစ်စမတ်နေ့ မှာ ဘယ်မှမသွားပဲ အိမ်မှာနေ တီဗွီလေးကြည့် အပန်းဖြေနေသူတွေအတွက် ညနေစာကောင်းကောင်းလေး အချိန်သိပ်မကုန်ပဲချက်နိုင်မယ့် နည်းလေးကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးပါရစေ…။

သားကျောင်းပိတ်ရက်မို့  ဟိုတပတ်က သူငယ်ချင်းတွေနဲ့ အတူ အင်ဒိုနီးရှားbatamကျွန်းကို သွားလည်ပတ်ခဲ့ပါတယ်…။ ခရီးတိုလေးရဲ့ အကျေနပ်ဆုံးက Golden Prawn Seafood ဆိုင်က အစားအသောက်တွေပါပဲ…။ အကြိုက်ဆုံးကတော့ ဂဏာန်းဆားဘဲဥကျော်ပါ…။ ပုဇွန်၊ ဂဏာန်းကို ဆားဘဲဥအနှစ်နဲ့ ချက်တာ ဒီနိုင်ငံနဲ့  သိပ်မတူပဲ ကြွပ်ကြွပ်လေးနဲ့  သိပ်မအီတာကို သဘောကျမိတာပါ…။ ဒီမှာက အနှစ်နဲနဲများပြီး အီပါတယ်…။

ဂဏာန်းမစားတဲ့ သားဖေဖေနဲ့  ဂဏာန်းကို အမေ အရိုးနွှံပေးမှ စားရတဲ့ သားအတွက် ပုဇွန်ဆားဘဲဥကျော်လေးကို အင်ဒိုနီးရှားဆိုင်က ပုံစံလိုလေးလုပ်စားဖြစ်ပါတယ်…။ သားရော သူ့ အဖေပါ အားရပါးရစားကြတာမို့  ချက်ရတဲ့ကျွန်မ ပျော်ရွှင်ကြည်နူးမိပါတယ်…။

လိုအပ်တဲ့ပစ္စည်းတွေကတော့

၁) ပုဇွန် ကီလိုဝက်

၂) ကော်မှုန့် ( ပလောပီနံဖြစ်ဖြစ် အာလူးဖြစ်ဖြစ်ပါ)

၃) ကြက်ဥအကာ တလုံး

၎) ဆေးဘဲဥ ၃ လုံး

၅) ထောပတ် ဟင်းခတ်ဇွန်း ၅ ဇွန်း

၆) ပျဉ်းတော်သိမ် ၁၅ရွက်

ရ) ငရုပ်သီးမှည့် သို့  စိမ်း ၃ တောင့် (အစပ်ကြိုက်ရင် ပိုထည့်ပါ)

၈) chicken stock ဟင်းခတ်ဇွန်း ၅ ဇွန်း

ပထမဆုံး ပုဇွန်ကို သေချာဆေးပြီး ကြက်ဥအကာနဲ့ စိမ်ပြီး ကော်မှုန့် လေးနဲ့ နှစ် ဆီပူလေးထဲ ကြွတ်နေအောင်ကျော်ပါ…။ ကြွတ်နေတဲ့ ပုဇွန်လေးတွေကို ဆီစုတ်တဲ့စက္ကူလေးပေါ် ဆယ်ထားပါ။ ဟိုဘက်မီးဖိုနဲ့  ဆားဘဲဥ၃လုံးပြုတ်ထားပါ…။









ပြုတ်ထားတဲ့ ဆားဘဲဥကို အနှစ်ထုတ်ပြီး သေးသေးလေးတွေဖြစ်အောင် ချေထားပါ…။ ပျဉ်းတော်သိမ် ၁၅ရွက်ရယ် ငရုတ်သီးစိမ်းပါးပါးလှီးပြီး အသင့်ပြင်ထားပါ…။



ပူနေတဲ့ဒယ်အိုးထဲ ထောပတ်ထည့်ပြီး ချေထားတဲ့ဆားဘဲဥကို ထည့်ပါ…။ မီးအေးအေးနဲ့  ဆားဘဲဥလေးတွေ ကျေပြီးညက်နေအောင် ထပ်ချေပါ…။ ဆားဘဲဥလေးတွေ ကျေသွားရင် chicken stockရယ် ပျဉ်းတော်သိမ်နဲ့ ငရုတ်သီးစိမ်းကို ထည့်မွှေပါ…။ ငါးမိနစ်လောက်အကြာမှာ ကျော်ထားတဲ့ ပုဇွန်လေးတွေက ထည့်ပြီး ဆားဘဲဥအနှစ်နဲ့  နှံ့ နေအောင်မွှေပေးပါ…။ ဆားဘဲဥအနှစ်လေးတွေ ပုဖွန်ထဲစိမ့်ဝင်သွားအောင် မွှေပေးရပါမယ်…။ ပုဇွန်နဲ့ ဆားဘဲဥအသားကျသွားရင် အရသာထူးတဲ့ ထမင်းမြိန်တဲ့ ပုဇွန်ဆားဘဲဥကျော်လေး စားလို့ ရပါပြီ…။ ကျွန်မတို့ အိမ်မှာတော့ ဒီနေ့ ကျောက်ဖရုံသီးဟင်းချိုလေးနဲ့ တွဲဖက်စားပါတယ်…။









ခရစ်စမတ်မှာ မိသားစုနဲ့ အတူ ပုဇွန်ဆားဘဲဥကျော်လေးနဲ့ ထမင်းလက်ဆုံစားကြပါစို့ လား…။

တန်ခူး

2:14pm 25-Dec-2013

6 comments:

ပုံရိပ် said...

အစ်မရေ ပိတ်ရက်မှာ ပျော်ရွှင်ပါစေ။ ဆားဘဲဥကျော် လာစားသွားပါတယ်။

သက်ဝေ said...

စားချင်၏... :D :D :D

Anonymous said...

ဆားဘဲဥ တစ်ခါမှ မစားဖူးသေးဘူး... တအားငန်တယ်လို့ သူများပြောတာနဲ့ မဝယ်ဖြစ်တာ..ဒီလိုလေး ရောစာရရင်တော့ စားကောင်းမှာပဲ..
ဗိုက်တွေ ဆာလိုက်တာ ... ည သန်းခေါင်ကြီး :D


sinsin

စံပယ်ချို said...

ချက်နည်းတမျိုးတိုးလို့ဝမ်းသာလျှက်ပါရှင်

Lorem Ipsum said...

ခရစ်စမတ်လက်ဆောင်ကို နယူးယီးယားညမှာလက်စွမ်းပြမယ် မတန်ခူးး) :D

ချစ်ခင်လျက်
ဆုမြတ်

စုချစ် said...

မိုက်တာ... စားချင်တယ်...