Sunday, April 3, 2011

အချစ်အကြောင်းပြောရအောင်

စာမရေးတာအတော်ကြာနေတဲ့ ဘလော့ဂါငပျင်းကျွန်မကို ချစ်သူငယ်ချင်းသက်ဝေက အချစ်အကြောင်းပြောခိုင်းရင်း သံယောဇဉ်ရပ်ဝန်းဆီ တခေါက်ပြန်လာဖို့  ခေါ်ခဲ့တယ်…။ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆိုတော့ ချစ်သောသူတွေပြောတဲ့ အချစ်အကြောင်းလိုက်နားထောင်ရင်း စာရေးချင်တဲ့စိတ်တွေ ပြန်ဝင်လာရင်း သက်ဝေကိုကျေးဇူးတင်မိတော့တယ်…။

တကယ်တမ်းရေးမလို့  အချစ်အကြောင်းပြန်တွေး… အချစ်စာမျက်နှာတွေပြန်လှန်… ပြန်ချစ်ကြည့်တော့… သိပ်မအောင်မြင်…။ သြော်… ငါနဲ့ မနှစ်ကမှ ချစ်တတ်သေး… ဒီနှစ်သိပ်မချစ်တတ်တော့အောင် အသက်တွေ အတော်ကြီးလာပါလားလို့ တရားကျမိတယ်။ ဒီတော့… ချစ်တတ်တုန်းက (ဘယ်လောက်များချစ်တတ်သလဲဆို သူများဇာတ်လမ်းတွေ ပူးဝင်ခံစား စာထဲမှာချစ်… ကဗျာထဲမှာချစ်) ရေးထားခဲ့တဲ့ ၁၉၉၄ခုနှစ်က လုံမလေးမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုတိုလေး တပုဒ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်…။

ဒီဝတ္ထုတိုထဲက အကြောင်းအရာတွေက ကျွန်မရဲ့အဖေအရင်းတယောက်လိုချစ်ရတဲ့ ဆရာကြီး နဲ့  အမြဲငြိမ်းချမ်းပြီးချစ်စရာကောင်းတဲ့ကျွန်မဆရာမတို့ ရဲ့ သူများတွေပြောကြတဲ့ ပါးစပ်ရာဇ၀င်ကို ပူးဝင်ခံစားပြီးရေးခဲ့တာပါ။ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားသူတယောက်… အချစ်ကြောင့်ကိုယ့်ချစ်သူ အပူတွေမခံစားစေချင်သူတယောက်မှ ချစ်မိတဲ့ မိန်းခလေးတယောက်ပြောပြတဲ့ အချစ်အကြောင်းပေါ့။ အဲဒီအရွယ်က ချစ်ကြသူတိုင်းပေါင်းစေချင်တဲ့ ကျွန်မရဲ့ကလေးဆန်တဲ့အတ္တလေးနဲ့ ရေးခဲ့တာပါ။ တကယ်တော့… ကျွန်မချစ်တဲ့ဆရာကြီးက သူ့ ချစ်သူတင်မက တလောကလုံးကို ပေးဆပ်ခြင်းနဲ့  ငြိမ်းချမ်းအေးမြတဲ့မေတ္တာတရားတွေ ဖောဖောသီသီပေးသွားခဲ့တာပါ။ ဒီစာလေးကို ပြန်တင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မဆရာကြီးကို လွမ်းဆွတ်မျက်ရည်ဝဲမိပါတယ်။

**********************
နှလုံးသားနှင့် ရင်းနှီး၍…





ဆုံးဖြတ်ချက်တို့  ပီပြင်ခိုင်မာလာချိန်မှာ ကျွန်မနှလုံးသာဟာ မြင်မကောင်းလောက်အောင် ကွဲအက်ကြေမွနေခဲ့ပြီ။ အနည်းငယ် ယိုယွင်းနေခဲ့တဲ့ မာနတရားတို့ ကို ပြန်လည်ပြုပြင်ရင်း အကိုကြီးရှေ့ မှာ အချိုသာဆုံးပြုံးနိုင်ဖို့  အကြိမ်ကြိမ် လေ့ကျင့်နေမိသေးတယ်။ နောက်ဆုံးအဖြစ် အကိုကြီးကို ကျွန်မအနိုင်ယူပါရစေ။ နောင်တတရားတွေရဲ့  ဖိနှိပ်မှုအောက်က မျက်နှာတခုကို ကျေနပ်စွာ ကြည့်ပါရစေ။ ရွေးချယ်ခွင့်နည်းပါးတဲ့ မိန်းမတယောက်ရဲ့ အရှုံးကိုတော့ အကိုကြီးမမြင်စေရ။ အရှက်သိက္ခာ၊ မာနတရား၊ နှလုံးသားစတဲ့ ကြီးမားတဲ့ အရင်းအနှီးတွေနဲ့  လှလှပပ ရှုံးနိမ့်ခဲ့သူက ကျွန်မပါအကိုကြီး။ ဒါပေမယ့် ကျွန်မတဦးတည်းသာနေတဲ့ အခန်းကျဉ်းလေးထဲက စိုရွှဲနေတဲ့ ခေါင်းအုံးတလုံးကို အကိုကြီး ဘယ်တွေ့ နိုင်မလဲ။ အိပ်မပျော်တဲ့ညများစွာမှာ ကျွန်မရင်ဖွင့်ချက်တွေကို မညည်းမညူ နားထောင်ပေးတတ်တဲ့ ဒိုင်ယာရီလေးကလဲ သိပ်သိစ္စာရှိပါတယ်။ ဒီတော့ ကျွန်မရဲ့အရှုံးကို အကိုကြီးဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူးလေ။

ဟန်ဆောင်မှုတွေကို လွှမ်းခြုံပြီး ခပ်ထေ့ထေ့အပြုံးနဲ့  အကိုကြီးကို နှုတ်ဆက်ချင်ပါတယ်။ မွှေးကြိုင်ဖွေးဆွတ်တဲ့ ဖိတ်စာတစောင်ကို ပကတိငြိမ်သက်စွာ အကိုကြီးလက်ထဲကို ပေးချင်ပါတယ်။တဆိတ် အကိုကြီးရယ်… အဲဒီအချိန်ကျမှ အဓိပါယ် မရှိစွာ အသံတုန်တုန်တွေနဲ့  ကျွန်မအတောင့်တ အမျှော်လင့်ဆုံး စကားတခွန်းကိုတော့ မပြောနဲ့ တော့နော်။ အဲဒီအခါ ကျွန်မ မျက်ရည်တွေနဲ့  အော်ရယ်မိမှာ သေချာပါတယ်လေ။ အရာရာကို ထိန်းချူပ်နိုင်စွမ်းကြီးတဲ့ အကိုကြီးနှုတ်ကလဲ မထူးတော့တဲ့ အခြေအနေတခုမှာ ဒီစကားကို ပြောဖို့  အစွမ်းကုန် ထိန်းချူပ်နေဦးမယ်ဆိုတာ။ အတူရှိခဲ့စဉ် အချိန်လေးတွေက ကြည်နူးမှုလေးတွေကို တသသ တမ်းတရင်း ဆုံးရှုံးမှုတခုကို ရင်မှာပိုက်လို့  အခံရခက်တဲ့ ဝေဒနာဆိုးတခုကို အကိုကြီးခံစားနေရင်ပဲ ကျွန်မကျေနပ်ပါပြီ။

ဖိတ်စာပေါ်က သတို့ သားနာမည်ကို ဖတ်ပြီးတိုင်း လူတွေက တအံ့တသြ ဖြစ်နေကြပါတယ်။ ဒါဟာ မျက်လှည့်ပြကွက်တခုလားတဲ့။ အကိုကြီးနဲ့ ကျွန်မ ဘာဆိုင်လို့ လဲလို့  နာကျင်စွာ အဖြေ ပြန်ပေးမိသေးတယ်။ ဟုတ်ပါတယ်နော်။ အရာရှိတယောက်နဲ့  သာမာန်ရုံးစာရေးမတယောက်တို့ ရဲ့ခင်မင်မှု။ သိပ်ကို သူစိမ်းဆန်လွန်းတဲ့ ပတ်သက်မှု။ ဒါပဲလေ။ ဒီ့အပြင် ဘာများ ထူးခြားဦးမှာလဲ။

အကိုကြီးရဲ့ ဂရုစိုက်မှု၊ နွေးထွေးလှိုက်လှဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ပေါပေါသီသီရနေတဲ့ ကျွန်မကို သူတို့ အမြင်မှာ တချိန်မှာ အကိုကြီးရဲ့ ဇနီးလောင်းအဖြစ် ပုံသေမှတ်ယူထားကြတာ တကယ်တော့လည်း မဆန်းပါဘူးလေ။ ကျွန်မကိုယ်တိုင်တောင် ဒီဘ၀ကို မျှော်လင့်ရင်ခုန်ခဲ့ဖူးသူပဲ။ အကိုကြီးနဲ့ ကျွန်မ ထမင်းလက်ဆုံ အတူတူစားတာ၊ ရုံးဆင်းချိန်မှာ အတူပြန်တတ်ကြတာ၊ အလှူမင်္ဂလာဆောင်မှာ ယှဉ်တွဲသွားတတ်တာ၊ အကိုကြီး အိမ်နဲ့  ကျွန်မအိမ် နှစ်အိမ်တအိမ်လို ခင်မင်ရင်းနှီးလာကြတာတွေက စပြီး ကျွန်မမျှော်လင့်ချက်တွေ အခြေခိုင် လာခဲ့တာ။ အကိုကြီးအတွက် အ၀တ်အစားကအစ ရွေးခြယ် ၀ယ်ပေးခွင့်တွေရလာတဲ့အခါမှာတော့ ကျွန်မအိပ်မက်တွေဟာ ချိုမြလာခဲ့တယ်။ တခါတခါ အရေးကြီးကိစ္စကြောင့် အကိုကြီးရုံးမတတ်နိုင်ရင် နေမထိထိုင်မထိနဲ့  အပေါင်းအသင်းတွေကြားမှာ ရယ်မောဖို့ တောင် မေ့ လျော့မိခဲ့တယ်။ ကြင်နာနူးညံ့စွာ ငေးစိုက်ကြည့်တတ်တဲ့ အကိုကြီးမျက်ဝန်းအကြည့်တွေဟာ ကျွန်မရင်ခုန်သံတွေ ဖြစ်ခဲ့ရတယ်။ တခါတလေ အကိုကြီးကို ကလေးဆန်ဆန် စိတ်ကောက်ပြရင်း မချော့တတ်၊ ချော့တတ်နဲ့  အကိုကြီး ပျာပျာသလဲချော့ရင် ပီတတွေဖြာပြီး ကျေနပ်နေမိတယ်။ ကျွန်မဘ၀ရဲ့ လိုအပ်ချက်ဟာ အကိုကြီးပဲလို့  လေးလေးနက်နက် ယုံကြည်လာမိတဲ့အခါ အကိုကြီးဘ၀မှာလဲ ကျွန်မရှိမှ ပြည့်စုံနိုင်အောင် အရာရာကို အလိုက်တသိနဲ့  ဂရုစိုက်မိခဲ့တယ်။

ရှေ့ ဆက်မယ့်ခရီးအတွက် အတွေးတွေဟာ ပန်းချီကားတချပ်လို လှပနေခဲ့တယ်။ အကိုကြီးနဲ့ ကျွန်မ အလွန်လှပတဲ့ ပျဉ်ထောင်အိမ် သေးသေးလေးထဲမှာ အတူနေကြမယ်။ ခြံဝန်းလေးထဲမှာ စံပယ်နံ့ လေးတွေနဲ့  သင်းထုံနေအောင် စံပယ်ရုံလေးတွေကို စိတ်ရှည်လက်ရှည် စိုက်ထားမယ်။ အိမ်ပြတင်းလေးတွေမှာတော့ အကိုကြီးကြိုက်တဲ့ အဖြူရောက် ခန်းဆီးစလေးတွေ တပ်ထားမယ်။ အကိုကြီးနှစ်သက်တဲ့  အုန်းနို့ ခေါက်ဆွဲကို ခဏခဏ ချက်ကျွေးမယ်။ အကိုကြီးအတွက် အနာဂတ် မျှော်လင့်ချက်လေးတွေဖြစ်တဲ့ သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် မွေးပေးချင်သေးတယ်လေ။ သားလေးကိုတော့ ငယ်ငယ်လေးထဲက ပညာထူးချွန်အောင် ထိန်းသိမ်းပေးရမယ်။ သမီးလေး ဆိုရင်တော့ ကျွန်မလို အိမ်ထောင်မှု အထိန်းအသိမ်း နိုင်နင်းအောင် ငယ်ငယ်လေးကတည်းက ပြုပြင်ပေးရမယ်။ သိပ်လှပမက်မောစရာ မိသားစုဘ၀လေးကို အကိုကြီးလဲ တောင့်တနေမှာပါ။

အကိုကြီးနဲ့  ကျွန်မကြားထဲက မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ အထပ်ထပ် ချည်နှောင်မိလာတဲ့အခါ အကိုကြီးဆီက ရင်ဖွင့်စကားတခွန်းကို ကျွန်မတရှိုက်မက်မက် တောင့်တလာမိတယ်။ ဘယ်အချိန်မှာများ ဖွင့်ပြောလေမလဲဆိုတဲ့ မျှောင်လင့်ချက်တခုနဲ့  ရူးသွပ်ရင်ခုန်နေမိခဲ့တယ်။ အကိုကြီးရဲ့ ရင်ဖွင့်စကားဟာ ကလေးဆန်ဆန် သိပ်ချစ်တယ်လို့ များ ပြောလေမလား။ ဒါမှမဟုတ် ဆွေ့ ကို ကိုယ်မြတ်နိုးနေပြီကွာလို့  နူးညံ့တဲ့ အသံတွေနဲ့  ဖွင့်အံနေမှာလား။ ကိုယ်တို့ လက်ထပ်ကြရအောင်ကွာလို့  ရှင်းရှင်းကြီးပြောရင်တော့ ကျွန်မ နည်းနည်းပြုံးမိမှာ။ အကိုကြီးရှက်သွားမှာစိုးလို့  ကျွန်မချက်ချင်း ခေါင်းညိတ်အဖြေပေးမိချင် ပေးမိမှာ။ အဲဒီအခါ အကိုကြီးမျက်နှာဟာ သိပ်ကိုဝင်းပပျော်ရွှင်သွားမှာပဲနော်။

ကိုယ်တို့ က ဖွင့်ပြောဖို့  မလိုတဲ့ နှလုံးသားချင်း နားလည်နေကြတဲ့ချစ်သူတွေလေလို့  အကိုကြီးသူငယ်ချင်းကို ခပ်တိုးတိုးပြောပြနေတာကို ကျွန်မကြားရတော့ ရင်မှာ သိမ့်ခနဲ နေအောင် ခံစားရတယ်။ ဒါပေမယ့်…. နားလည်မှု…အဲဒီနားလည်မှုဆိုတာကြီးကို ကြာလာတော့ ကျွန်မခါးသက်လာတယ်။ အကိုကြီးနဲ့  ကျွန်မရဲ့ တရားမ၀င်ချစ်သူဘ၀လေးကို ခုံခုံမင်မင် တွယ်တာ နေရာကနေ အချိန်တွေကြာညောင်းလာတဲ့အခါ တိုးတက်မှုမရှိတဲ့ အခြေအနေကို မချင့်မရဲဖြစ်လာတယ်။ ဘယ်အရာကများ အဟန့် အတားဖြစ်နေလို့  အကိုကြီးဖွင့်မပြောတာလဲလို့  အကြိမ်ကြိမ် စဉ်းစားနေမိတယ်။ မပြတ်သားတာလား။ တွေဝေတာလား။ အကိုကြီးကို နားမလည်နိုင်စွာနဲ့ ပဲ မျှော်လင့်ချက်တွေက တစတစ ပါးလျားလာတယ်။

အကိုကြီး ဖွင့်ပြောရမှာများ ရှက်နေလို့ လားဆိုတဲ့ အတွေးနဲ့ ကျွန်မကစလို့  လမ်းဖွင့်စကားဆိုခဲ့ပေါင်းလဲများပြီ။ အကိုကြီးကတော့ ဘာမှမရိပ်မိသလို မှင်သေသေနဲ့  ဆက်နေနိုင်သေးတယ်။ စဉ်းစားကြည့် အကိုကြီး… အကိုကြီးဆီက ရင်ဖွင့်စကား တစုံတရာကို လက်ခံမရရှိပဲ ကျွန်မတို့  ဘယ်လိုများ ချစ်သူဘ၀ကို အတိအလင်း ရောက်နိုင်မလဲ။ အဲဒီဘ၀လေးကို အကိုကြီး တကယ်ပဲ မမက်မောတာလားဆိုတဲ့ သံသယတွေတောင် ဖြစ်ထွန်းလာခဲ့တယ်။ ကျွန်မနဲ့ အဆင့်တူ ရုံးဝန်ထမ်းတယောက်နဲ့  တွဲပြလည်း အကိုကြီးက မပေါက်ကွဲတဲ့အပြင် လူကြီးဆန်ဆန် ဟန်မပျက် နေခဲ့သေးတယ်။ ဘာတွေကို ဘယ်လို နားလည်ရမလဲ။

အပေါင်းအသင်းတွေက ဘယ်တော့လက်ထပ်ကြမလဲလို့ မေးရင် ရှက်ရွံ့ စွာနဲ့  အပြုံးလျော့လျော့ တခုသာ တုံ့ ပြန်နိုင်တဲ့  ကျွန်မအဖြစ်ကို အကိုကြီး နည်းနည်းလေးတောင် မရိပ်မိတော့ဘူးလား။ အကိုကြီးကို ဒီလိုမေးခွန်းမျိုးများ မေးရင် ဘယ်လိုများဖြေမလဲ။ အကိုကြီးရဲ့ဆက်ဆံမှုတွေဟာ အမှန်တကယ်ပဲ ရိုးသားနေလို့ လားလို့  ဆန်းစစ်ကြည့်ပေါင်းလဲများပြီ။ ဖွင့်မပြောတာကလွဲရင် အရာရာ လိုက်လျော ဆက်ဆံနေတဲ့ အကိုကြီးဆီမှာ ကျွန်မနဲ့ ပတ်သက်ရင် ရိုးသားသန့် စင်တဲ့ ခံစားမှုထက် ပိုတယ်ဆိုတာတော့ ကျွန်မလောင်းရဲတယ်။

ကျွန်မအသက်သုံးဆယ့်ငါးနှစ်ဟာ အိမ်ထောင်ပြုသင့်တဲ့အရွယ် ရောက်ပြီလို့  အမေက သတိပေးသလိုလို ပြောတဲ့အခါ ကျွန်မအနည်းငယ်တော့ တုန်လှုပ်မိခဲ့တယ်။ မောင်ကျော်တင့်နဲ့ ဆို ဘာမှ သဘောမတူစရာ အကြောင်း မရှိပါဘူးလို့  အမေကပြောတော့ ကျွန်မ အနေရသိပ်ကျပ်သွားမိတယ်။ ကြည့်စမ်း… အမေတို့ တောင် ကျွန်မနဲ့  အကိုကြီးကို ချစ်သူတွေလို့  အလွယ်တကူ သတ်မှတ်ထားကြတာ။ ကျွန်မ အိမ်ထောင်ဖက်ဟာ အကိုကြီးမဖြစ်နိုင်မှန်း သေချာသထက် သေချာလာချိန်မှာ ကျွန်မအသက်ရှုင်နေမှုဟာ အဓိပါယ် မရှိတော့သလိုပဲ။ အချိန်တော်တော်ကြာ ငုပ်လျိုးနေခဲ့တဲ့ မာနတွေက ပြန်လည်နေရာယူလာပြီး ဆုံးဖြတ်ချက်တခုကို ပီပီပြင်ပြင် ချလိုက်တယ်။ အရင်းအနှီးက ကျွန်မနှလုံးသား၊ အကိုကြီးနှလုံးသားတစိတ်တဒေသတော့ ပါနိုင်တာပေါ့လေ။

ကျွန်မစေ့စပ်တော့မယ်လို့  အကိုကြီးကို ကြိုအသိပေးခဲ့ခြင်းဟာ ကျွန်မအတွက် နောက်ဆုံးကောက်ရိုးတမျှင် အဖြစ်ပါပဲ။ ကြွင်းကျန်နေသေးတဲ့ မျှော်လင့်ချက် အသေးစားလေးတွေရဲ့ လှုံ့ ဆော်မှုကြောင့် ယိုင်နဲ့ နဲ့ ခြေလှမ်းတွေနဲ့  အကိုကြီးဆီ ကျွန်မအရောက်လာခဲ့ပါတယ်။ နာရီဝက်လောက် စကားမပြောပဲ ခေါင်းငုံ့ ငြိမ်သက်နေခဲ့ပြီးမှ မင်္ဂလာဆောင်အတွက် လိုတဲ့အကူအညီရှိရင် ပြောလေဆိုတဲ့  အကိုကြီးရဲ့လေသံပျော့ပျော့ကို ကြားလိုက်ရတယ်။ ဒီတင်ပဲ ကျွန်မရင်ခုန်သံတွေရပ်ပြီး မျှော်လင့်ချက်တွေ သေဆုံးသွားခဲ့တယ်။ ကျွန်မခုံမင်စွာ ငေးစိုက်ကြည့်ဖူးတဲ့ အကိုကြီးရဲ့မျက်နှာကိုတော့ ရင်ထဲက ဆက်ခါဆက်ခါ ရိုက်နေမိတယ်။

မျှော်လင့်ချက်တွေကို ဘာလို့ ယူဆောင်လာခဲ့လဲ အကိုကြီး။ ကြင်နာမှု၊ ဂရုစိုက်မှုတွေနဲ့  ဘာလို့  အရူးလုပ်ခဲ့သလဲ။ တွေဝေလွန်းတဲ့ သတ္တိနည်းတဲ့ ယောင်္ကျားတယောက်လို့  တကမ္ဘာလုံးကြားအောင် အော်ဟစ်နေလဲ အကိုကြီးကတော့ ကိုယ်နဲ့ မဆိုင်သလို အေးစက်ပြနေဦးမယ်မိုလား။

နင့်စေ့စပ်ပွဲအပြီး တပတ်လောက်အထိ ရုံးမတက်ဘူး။ ရုံးပြန်တက်တော့လဲ ပိန်ချုံးနေတာပဲဟာ လို့ သိပ်မရင်းနှီးတဲ့ သူငယ်ချင်းမက ကျွန်မကိုပဲ ရက်စက်လွန်းတဲ့ မိန်းမတယောက်လို ပြောပြနေတော့ ခြောက်ကပ်စွာ ရယ်မောမိခဲ့တယ်။ ပတ်ဝန်းကျင်က ကျွန်မကို လူကြမ်းကြီးတယောက်လို ကြည့်ကြတယ်… သစ္စာမဲ့တဲ့မိန်းမလို့  စွတ်စွဲကြတယ်။ လှည့်စားရက်တဲ့မိန်းမလို့  လက်ညှိုးထိုးကြတယ်… ငွေသိပ်မက်တာပဲလို့  တီးတိုးအတင်းချကြတယ်။ ကျွန်မကတော့ ခံနိုင်ရည်ရှိတယ်… ပြတ်သားတယ်… ဒီလုပ်ရပ်မှာ ကျွန်မဟာ အပြစ်ရှိသူ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ဘယ်လိုလဲ အကိုကြီး… ငြင်းဦးမှာလား။

မင်္ဂလာကိစ္စအတွက် အပူတပြင်း တက်တက်ကြွကြွ စီစဉ်နေတဲ့ သတို့ သားလောင်းမျက်နှာကို ကျွန်မသေသေချာချာတောင် မကြည့်မိဘူး။ မကြာခင်ကျရောက်လာမယ့် လက်ထပ်မင်္ဂလာနေ့ အတွက်လည်း နည်းနည်းလေးမှ ရင်မခုန်ဘူး…။ ရှေ့ ဆက်ရမယ့် ဘ၀ခရီး… ရတယ်လေ… ကြုံသလိုပဲ။ ကျွန်မမျှော်လင့်ရမယ့်အလုပ်ကို စက်ဆုပ်သွားပြီ။ ကျွန်မမင်္ဂလာပွဲကို အကိုကြီးလာဖြစ်အောင်လာမယ်ဆိုတာ သိနေတယ်။ ဒီအချိန်မှာ ကျွန်မ သေသေချာချာ မကြည့်ဖူးတဲ့ သတို့ သားမျက်နှာကို တမြတ်တနိုး ငေးစိုက်ကြည့်ပြီး အကိုကြီးကို လေးလေးစားစား မိတ်ဆက်ပေးလိုက်မယ်။ အကိုကြီးမျက်နှာ တချက်ပျက်သွားခဲ့ရင် ကျွန်မမင်္ဂလာပွဲက သိပ်အဓိပါယ်ရှိသွားမှာ။ အကိုကြီးမျက်ရည်များဝဲနေခဲ့ဦးမယ် ဆိုရင် ကျွန်မအမှန်တကယ်နိုင်ပြီပေါ့။


တန်ခူး
10:49PM April 3 2011

10 comments:

မောင်မျိုး said...

အစ်ကိုကြီး က ချစ်လျှက် နဲ့ ဘာကြောင့်များ ချစ်တယ်ဆိုတာ မပြောပါလိမ့် .....ဒီပို့စ်လေးမှာ ကျနော် စိတ်အ၀င်စားဆုံးအချက်က အဲ့တာပဲ ။


အစ်မ....စာပြန်ရေးလို့ ၀မ်းသာပါတယ်း)

သက်ဝေ said...

ဘာလို့များ မပွင့်လင်းဖြစ်ကြတာလဲလို့ တွေးနေမိတယ်...
၁၉၉၄ ခုနှစ်က အရေးအဖွဲ့လေးဆိုပေမယ့် တကယ်ကို ဝါရင့် ကလောင်တလက်လို အလွန်လှပပြီး ချစ်စရာကောင်းတယ်... ပြန်ဖတ်ခွင့်ရတာ ကျေးဇူးတင်တယ်နော်...

စာတွေ ဆက်ရေးပါ တန်ခူးရေ...
အခု လောလောဆယ်တော့ ပိုစ့်တခု တက်ဂ်ထားပါတယ်... ရေးပေးပါအုံး...း))

http://thet-wai-blog.blogspot.com/2011/04/daily-likes.html

ခွန်မြလှိုင် said...

ချစ်နေရရုံ ပေးဆပ်နေရရုံ ငြိမ်းချမ်းအေးမြ နေရရုံနဲ့ ဘ၀ကို ကျေနပ်နေသူတွေကို တချို့တချို့တွေက နားလည် နိုင်တာတော့ မဟုတ်ပါဘူးလေ။ အမ တန်ခူး ရေးတဲ့ ဆရာကြီး ဟုတ်မဟုတ်တော့ မသိ ဘူး။ ဒါပေမယ့် ညီမတို့ နှစ်မှာ သင်တဲ့ ဆရာ တယောက် မှာလဲ ဒါမျိုးအတွေး ဇာတ်လမ်း ရှိတာ ကြားရ ဖူးတယ်... ကိုယ်နဲ့ပတ်သက်ပြီး ကိုယ့် အပူ တွေ ဟပ်မှာ စိုးရိမ်မိလောက်တဲ့ အထိ ချစ်တဲ့ အချစ်ကျတော့ မချစ်ရက်လောက်အောင် ဖြစ်တတ် ကြပါတယ် အမရေ... ဘ၀ဇာတ်ခုံတွေက ဒီလိုပါပဲ ဒီလိုပါပဲလေ...

Anonymous said...

မခူးရက်အောင် မြတ်နိုးမိတဲ့ ပန်းတစ်ပွင့်မို့ ဖြစ်မှာပေါ.။

T T Sweet said...

တန်ခူးရေးထားတာ အန်တီသက်ဝေပြောသလိုပဲ တကယ့်ဝါရင့် ကလောင်တစ်ချောင်းရဲ့ လက်ရာအတိုင်းပဲ။ အဲဒီအရွယ်ကတည်းက အဲလိုတွေ ရေးတတ်နေပြီနော်။

တန်ခူးအစပိုင်းမှာ ပြောသလို ဆရာကြီးက ပေးဆပ်ခြင်းနဲ့ ချစ်တာပေါ့နော်။ အဲလို အဖြစ်မျိုးတွေလဲ ရှိတတ်ပါတယ်။

sonata-cantata said...

တန်ခူးရေ ဆရာကြီးလို အဲလေ.. အစ်ကိုကြီးလို ချစ်တတ်တဲ့သူတွေက ရှိတော့ရှိတယ် ရှား ဆိုသလိုပါ။
ပြောမယုံ ကြုံဖူးမှ သိကြမှာပါလေ...

Anonymous said...

မသီတာ့ကွန်မန့်ကို အူကြောင်ကြောင်နဲ့
ဖတ်ပြီး ခေါင်းကုတ်သွားပါတယ်။

ပေါက်ထုံ

ပန်ဒိုရာ said...

စာရေးသူ ကလောင်နာမည်လေးတော့ သိခွင့်မရဘူးပေါ့နော်. :)
လက်ရာလေးကို နှစ်သက်စွာ ဖတ်သွားတယ်။
အတူ နေခဲ့စဉ် အရင်းနှီးဆုံး အချိန်များမှာ နှလုံးသားချင်း နားလည်ပါသော်လည်း ...

ဇွန်မိုးစက် said...

အစ်မတန်ခူးဝေမျှတဲ့ အချစ်အကြောင်းကို...ရင်နင့်စွာနဲ့ ဖတ်သွားပါတယ်။ သူငယ်ချင်းတစ်ယောက်အဖြစ်နဲ့ ခပ်ဆင်ဆင်တူနေလို့လေ။

အိမ့်ချမ်းမြေ့ said...

မလေး ကလောင်ရှင်ကို (ဖွက်ထားသော ကလောင်ကို) မွှေနှောက် ရှာလိုက်ရမလား..

သတိရတယ်..မ..
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေရှင်..

ချစ်ခင်လျှက်...
မလေး